မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ပုံတောင်ပုံညာ ကန္တာရခရီး

၂၀၂၄၊ ဧပြီ  ၂

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ပုလဲမြို့နယ်၊ ဝါးသုံးရုံသစ်တော စခန်းမှာ ၇၂ ရက်မျှသာ သီတင်းသုံးတော်မူခဲ့ပါတယ်။ တပည့်ရင်း၊ ဒကာရင်းများရဲ့ စည်းကမ်းဖောက် အနှောင့်အယှက်ပေးမှုကြောင့် နှစ်လကျော်မျှသာ သီတင်းသုံးပြီး ပုံတောင်ပုံညာ တောတောင်များကြားက ဂန့်ဂေါနယ် လယ်ဓမ္မကျေးရွာအနီးက သဘာဝလိုဏ်ဂူကြီးဆီ ၁၃၆၁ ခု ဝါဆိုလပြည့်ညဦးမှာ ကြွ ချီရောက်ရှိခဲ့ပါတယ်။ ပရိသတ်အနှောင့်အယှက်ဝေးရာ လူသူမနီးတဲ့ တောကြီးမြိုင်လယ်ကို ကြွလာကာမှ လယ်ဓမ္မတစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် စောင့်ကြိုနေတာနဲ့ ကြုံရပါရောလား။ တကယ်တော့ ဝါးသုံးရုံမှာ ရှိစဉ်ကတည်းက ဆရာတော်ဘုရားရဲ့ သတင်းစကားက တောကြိုအုံကြားမကျန် ပျံ့နှံ့နေခဲ့တာဆိုတော့ လယ်ဓမ္မပရိသတ်ကလည်း မြေညွတ်အောင် စောင့်ကြိုဖူးမြော်ကြတာပလေ...။ ကားလမ်း မပေါက်၊ လျှပ်စစ်မီးမရှိတဲ့ ဒီလိုတောကြီးမျက်မည်းထဲမှာ ဒီလောက်များပြားတဲ့ ပရိသတ်တွေ အသင့်စောင့်ကြိုဖူး မြော်ကြတာလည်း အလွန်အံ့သြစရာဖြစ်ပါတော့တယ်။ ဆရာတော်ဘုရားကြီးမှာ နေရာဟောင်း၊ ပရိသတ်ဟောင်းကို စွန့်ခွာ၍ နေရာသစ်ကို ပြောင်းလေလေ ပရိ သတ်အသစ်တွေ တိုးပွားများပြားလာလေ ဖြစ်နေပါတော့တယ်။
    ဆရာတော်ကြီးဟာ ရောက်မဆိုက်ဆိုသလိုပဲ အနားတောင်မယူတော့ဘဲ လယ်ဓမ္မ ပရိသတ်ကြီးကို တရားချီးမြှင့်တော်မူပါတယ်။ လယ်ဓမ္မအတွက် သံသရာမလည်ကြတော့နဲ့။ တရားအား ထုတ်ရာမှာ ဓမ္မမျက်စိမလည်ကြစေနဲ့လို့ အစချီပြီး နှုတ်ခွန်းဆက်တရား ဟောကြားတော်မူပါတယ်။ ဒေသခံပရိသတ်ဟာ သဒ္ဓါတရား အားကောင်းလှပါတယ်။ ဂူကြီးရဲ့အနီးမှာ ဆရာတော်ဘုရား သီတင်းသုံးဖို့ ငါးတောင်ပတ်လည် သစ်သားကျောင်းကလေး ဆောက်ပေးထားကြပါတယ်။
    တစ်ဖက်ရပ် မဏ္ဍပ်ကြီးနဲ့တူတဲ့ ဒီဂူကြီးကို ဆရာတော်ဘုရားက 'မဇ္ဈိမဓမ္မမောနိဂူ'လို့ အမည်ပေးလိုက်ပါတယ်။ ဆရာတော်ဘုရားကြီးက ပရိသတ်ဝေနေယျတွေကို ဆက်လက်ချီးမြှောက်တဲ့အနေနဲ့ နောက်တစ်နေ့ ဝါဆိုလပြည့်ကျော်တစ်ရက်မှာ ဆွမ်းခံကြွပေးတော်မူပါတယ်။ လယ်ဓမ္မရွာမှာ တစ်နေ့လျှင် ခုနစ်အိမ်ကျ ဆွမ်းလောင်းခွင့် ကုသိုလ်ယူခွင့် ရကြပါတယ်။
    'ဤဒေသကား သံဃာချင်း ညီညွတ်တော်မူကြသော ဒေသလည်းဖြစ်၏။ ဒကာဒကာမများ ရိုသေလိုက်နာသော ဒေသလည်းဖြစ်၏။ ဆရာတော်ကဖြစ်စေ၊ ခေါင်းဆောင်ကဖြစ်စေ မသွားရဆိုလျှင် မည်သူတစ်ဦး တစ်ယောက်မျှ အနားမသီကြ၊ မလုပ်ရဆိုလျှင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ခြေလက်မထုတ်ကြ၊ သို့ကြောင့် အားထုတ်ရန် အလွန်ကောင်းသည်။ အားထားရန်လည်း အလွန် ကောင်းသည်။ လေးစားရန်လည်း အလွန်ကောင်းသည်။ သို့နှင့် သည်နေရာ သုံးနှစ်တိတိ တစ်ပါးတည်း ကျိတ်အားထုတ်မည်၊ သုံးနှစ်စေ့ပြည့်သော အခါ ဒေသကိုလည်း ကျေးဇူးဆပ်မည်၊ နောက်လိုက်များ ကိုလည်း အတွေ့ခံမည်။' (၂၀၀၄၊ မတ်လထုတ်၊ သံဝေဂလမ်း၊ စာ-၁၆၄)
    အဲဒီလို ဆုံဖြတ်ပြီးနောက် လယ်ဓမ္မအုပ်စုရဲ့ ဥက္ကဋ္ဌဆရာတော် ဖုန်းဆိုးကြယ်ဆရာတော်ထံမှာ အကူအညီတောင်းခံခဲ့ပါတယ်။ ဖုန်းဆိုးကြယ်ဆရာတော်ဟာ  မဟာစည်ယောဂီဟောင်းတစ်ဦးဖြစ်လို့ တွေ့လျှင်တွေ့ချင်း ရင်းနှီးသွားရုံမက ဆရာတော်ကြီးရဲ့ ဓမ္မကျင့်စဉ်ကို နားလည်သူလည်း ဖြစ်ပါတယ်။
    'ထိုဆရာတော်ကပင် ငါတို့အကူအညီတောင်းသော 'တားမြစ်မိန့်'ကို ထုတ်ပြန်ပေး၏။ ၁၃၆၁ ခု ဝါဆို လပြည့်နေ့မှ ၁၃၆၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့အထိ ဤအတောအတွင်း မည်သူမျှ မလာရ။ လာခဲ့သော် တစ်ယောက်တည်းလာလည်း အားလုံးရော လာသူပါ ဖူးခွင့် တစ်ဝါ နောက်အဆုတ်ခံ ကြရမည်။ တစ်ဖန်တစ်ယောက် လာလာ၊ အဖွဲ့လိုက်လာလာ တစ်ခါလာ တစ်နေရာ ပြောင်းရွှေ့မည်၊ အမိန့်။'
    ဤအမိန့်ကို ကျနစွာ ရိုက်နှိပ်၍ ရပ်/ကျေး သံဃာ့နာယကတံဆိပ် ရိုက်နှိပ်၏။ ပြီးသော် ဆရာတော်၏ ကိုယ်ပိုင်လက်မှတ်ရေးထိုးပေးတော်မူ၏။ ထိုအမိန့်ကို မုံရွာသစ်ထုတ်ရေးဌာနရှိ ဒကာကြီး ဦးအောင်ထူးထံသို့ ပို့ပေး၏။
    ဦးအောင်ထူးကပင် တစ်ပြည်လုံးရှိ ငါတို့နှင့် သက်ဆိုင်ရာ ဒကာဒကာမများထံ ဖြန့်ပို့၏။ ရန်ကုန်၊ ပျဉ်းမနား၊ သာစည် စသည်များသို့၊ သို့ဖြင့် တစ်ဝါတွင်းလုံး ငြိမ်ဆိတ်၏။ အနီးရှိများကား နွားကျောင်းသားပင် လာမကျောင်းကြပါ။} (၂၀၁၂၊ စက်တင်ဘာထုတ်၊ ဘ၀ ကန္တာရသင်္ကေတကထာ၊ စာ-၃၇၆)
    ဆရာတော်ဘုရား အားထုတ်နေတဲ့နေရာဟာ ပုံတောင်ပုံညာ တောင်တန်းနှစ်သွယ်ကြား ယောသူ ယောသား(ယောနကတိုင်းသားများ) မှီတင်းနေထိုင်ရာ ဒေသဖြစ်ပါတယ်။ ယောသူယောသားတို့ဟာ ရိုးသားပြီး အေးဆေးကြတယ်၊ အမိန့်နာခံကြတယ်။ ဒါကြောင့် တစ်ဝါတွင်းလုံး အေးချမ်း၍ ငြိမ်သက်သော စိတ်ဖြင့် အားထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆရာတော်ဘုရားကလည်း သူတို့ကို ချီးမြှောက်သောအားဖြင့် တစ်ဝါတွင်းလုံး ဆွမ်းခံကြွတော်မူပါတယ်။ ရွာထဲအထိ မကြွတော့ဘဲ တောတွင်းမှာ ဆွမ်းလောင်းဓမ္မာရုံကလေး ဆောက်ထားစေပါတယ်။ အဲဒီဆွမ်းလောင်း ဓမ္မာရုံလေး ထဲမှာ တစ်နေ့လျှင် ခုနစ်ဦးသာ လာရောက်ဆွမ်းလောင်းခွင့်ရကြပါတယ်။
    ဝါတွင်းအစမှာ လယ်ဓမ္မရွာက အချိန်မှန်၊ ရက်မှန်လောင်းလှူကြပြီး ဝါတွင်းအလယ်မှာတော့ အနောက် ပုံညာအနီးနေ ကျော၊ ဂွေးပင်၊ ရွာငယ်၊ ပဲမစာ၊ ညောင်ကိုင်းစတဲ့ ရွာများနဲ့ ပုံတောင်အနီးနေ ကြက်ရိုး၊ ဈာန်မွှေး၊ ဖုန်းဆိုးကြယ် စတဲ့ရွာများမှလည်း လာရောက် ပြီး ဆွမ်းလောင်းကြပါတယ်။ အဲဒီလို အခြားရွာတွေက ရောက်လာပြီဆိုရင် ဒေသခံ လယ်ဓမ္မရွာကလူတွေက ခုနစ်ဦး သတ်မှတ်ချက်စည်း ကမ်း မပျက်အောင် စီစဉ်လုပ်ဆောင်ကြရပါတယ်။ အဝေးရွာက တစ်ယောက်လာရင် အနီးရွာက 'တစ်ယောက်လျှော့ပေး၊ အဝေးရွာက ခုနစ်ဦး ဆွမ်းလောင်းဖို့လာရင် ဒီက ခုနစ်ဦးလုံးပင် နောက်ဆုတ် ပေးကြပါတယ်။ ဒါကြောင့် ဒီဆွမ်းလောင်း ဓမ္မာရုံဟာ လူသိများ လူပြောများလာတော့ရာ ဝါတွင်း ကာလ ကုန်ဆုံးခါနီးအချိန်မှာတော့ ဘယ်လိုမှ တားမနိုင်ဆီးမရ ဖြစ်ကုန်ကြလေပြီ။
    'ပုံတောင်ပုံညာအတွင်းနေ ရွာအားလုံးက လာရောက်လောင်းလှူကြတော့၍ 'တစ်နေ့ခုနစ်ဦး' စည်းရိုးကျိုးကျသွားတော့ခြင်းပင်၊ သီတင်းကျွတ်ပြီ။ ဆွမ်းလောင်းရန်၊ ဖူးမြော်ရန်၊ အခြားပစ္စည်းများ လှူဒါန်းရန် တန်းစီစောင့်ဆိုင်းနေကြသော ပရိသတ်ကြီးကား တသီတတန်းကြီးပင်၊ ဤသီတန်းကြီး ထဲ၌ ဘုန်းကြီးလည်းပါ၏။ ဖွားသီလလည်းပါ၏။ ကျားစုံ၊ မစုံလည်း ပါကြ၏။ တစ်ဖန် ပုံညာတောင် နှစ်ဆောင်ကြားမှလည်းပါ၏။ ရန်ကုန်၊ သာစည် စသည်များလည်း ပါကြ၏။ သုံးနှစ်အတွင်း မလာရသံဃာ့အမိန့်လည်း လိမ့်ကျသွားချေပြီ။ ငါ တို့ရှိ ကျင့်ဆဲအကျင့်များလည်း လွင့်စဉ်သွားချေပြီ။'
    'ဒကာရင်းအတွင်း လူဆိုကာ လာကြသော ထိုရန်ကုန်၊ ဤသာစည်တို့ကို ဌာနေတာဝန်ခံများက ဆွမ်းလောင်းရုံအထိ ဝင်ခွင့်ပြုကြ၏။ ငါတို့နေရာ ဂူအထိ လိုက်ကြရန် ကြိုးစားသည်များကိုကား အဓမ္မတံခါး ဖြင့် ပိတ်တား တားပေးကြ၍ ငါတို့နေရာအထိ လိုက်ခွင့်မရကြ။ သို့တစေလည်း မလာရ စည်းကမ်းငြမ်းလုပ်တက်မှုဖြင့် စွဲချက်တင်ကာ ထိုနေ့ညနေ သီတင်းကျွတ်လပြည့်နေ့ ညနေ ၃ နာရီတွင် မဇ္ဈိမဓမ္မမောနိဂူကို စွန့်ခွာ၍ ထိုတောင်နှစ်တောင်၏ အကြားနေ တောမြိုင်(မဟာမြိုင်)ကြီးဆီသို့ မျက်နှာမူကာ ထွက်ခဲ့ရချေပြီ။ ထွက်သာထွက်ခဲ့ရ ဘယ်ကနေသွားရမည်က မသိ။' (ဘဝကန္တရ၊ စာ-၃၇၇)
    ဒကာဒကာမများအတွက် စည်းကမ်း၊ ဆရာတော်ကြီးအတွက် အဓိဋ္ဌာန်၊ ဘယ်လိုမှ အပျက်မခံနိုင်ပါ။ စည်းကမ်းလိုက်နာရင် ဒီနေရာမှာ သုံးနှစ်နေပေးပါ မည်ဆိုတဲ့ ဆုလာဘ်ကြီးနှင့်လည်း ကံ မကောင်းစွာ လွဲချော်ခဲ့ရပေပြီ။ ဆရာတော်ဘုရားကြီးဟာ ဆိုင်းမဆင့်ဗုံမပါ ပတ်စာခွာ ဖျာသိမ်းခဲ့လေပြီ။ ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ စည်းကမ်းပျက် တပည့်ဒကာများကို ဆုံးမသောအားဖြင့် ကသုတ်ကယက် ထွက်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ တောရိပ်တောင်ရိပ် ညနေဆည်းဆာရဲ့ မှောင်ရိပ်များကြား တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့ရာ အိမ်ပြန်ရွာပြန် နွားအုပ်ကြီးတွေ အသံကြားတိုင်း သစ်ပင်ကြီးကွယ် ပြီး ရပ်ပေးခဲ့ရ။ သစ်ခုတ်သမားတို့ရဲ့ အိမ်အပြန် ခပ်ကြမ်းကြမ်း အော်ဟစ်သံတွေကြားတိုင်းလည်း ပုန်းကွယ် ပေးခဲ့ရနဲ့ ...လမ်းညွှန်မြေပုံမရှိဘဲ ရှေ့တိုးရင်း တစ်မိုး ချုပ်ခဲ့ပါပကောလား။
    လပြည့်ညမို့သာ တော်ပါသေးရဲ့၊ တောင်နှစ်လုံးကြား ဖြာကျလာတဲ့ လရောင်အားကိုးနဲ့ ဆက်လျှောက်ခဲ့ရာ စမ်းချောင်းတစ်ခုဆီ ဆိုက်ရောက်ခဲ့ပေပြီ။ စမ်းချောင်းရဲ့အလယ်မှာ ကြီးမားလှတဲ့ ကျောက်တုံးကြီးတစ်ခုက ရဲတိုက်ကြီးတစ်ခုသဖွယ် ဆီးကြိုနေခဲ့ပါတယ်။ ဆရာတော်ဘုရားမှာ မနေမနား ခရီးပြင်းနှင်ခဲ့လေရာ မောလည်း အတော်မောနေပေပြီ။ ဒါ့ကြောင့် ဒီကျောက် တုံးကြီးပေါ်မှာပဲ တစ်ညတာ နားခိုလိုက်ပါတယ်။
    'ထိုညတွင် ပုံတောင်ထိပ်မှ တစ်လှမ်းချင်းဆင်းလာနေသော မိပုန်းကို အထင်းသားမြင်နေရ၏။ (မိပုန်းမှာ ငါတို့ချစ်စနိုးခေါ်သော အမည်ဖြစ်၏။) ပုံတောင်ပုံ ညာအမည်သူ သူမ ပုန်းခိုရာမှတွင်လာသော အမည်ဆို၏။ သူမသည် စိတ်တန်ခိုးရှင် မိန်းကလေးဖြစ်ပြီး စိတ်တန်ခိုးသတ္တိကြီးမားကြောင်း ပုဂံဘုရင်သတင်းကြား သွားသောကြောင့် တိမ်းရှောင်နေရသော ယောသူမိန်းက လေးတစ်ဦးဟုဆိုသည်။ ထိုမိပုန်း အနီးသို့ ရောက်သောအခါ အနီးမြင်တို့ထုံးစံအတိုင်း ပို၍ပင် ပီပြင်လာ၏။'
    'အသက်အရွယ်က (၄၀) ကျော်ဝန်းကျင် လောက်၊ ရုပ်ပုံက ယောတို့၏ အသွေးအရောင်အတိုင်း ညိုပြာညက်နှင့် ကိုယ်လုံးကိုယ်ထည်က မပိန်လွန်း၊ မ၀ လွန်းရှိ၏။ အဝတ်အစားက အဝါ၊ ဝါညို အလုံးကလေးများ ရိုက်ထားသည့် လုံချည်အင်္ကျီဆင်များ၊ ထိုမိပုန်း ဣန္ဒြေကြီး၏။ အသွားအလာလှုပ်ရှားပုံက အစ ကလက်ခြင်းမရှိ၊ ငါတို့ရှေ့ရောက်လာသောအခါရပ်၍ လက်အုပ်ချီလျက်က ...'
    'အရှင်ဘုရား ရည်မှန်းထားတဲ့ တောကြီးတွင်းကြွပါ၊ တောဝင်စ စစ်သားများ အကျိုးအကြောင်း ပြောဝင်သွားပါ၊ ဘာအန္တရာယ်မှမရှိပါ"သည်သို့ ပြောအပြီး ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။' (ဘဝကန္တာရ၊ စာ-၃၇၈)
    မိပုန်းဟာ စိတ်တန်ခိုးရှင်ပီပီ ဆရာတော်ကြီးကို ဆရာတော်ကြီးမှန်းသိနေပြီး ဆရာတော်ဘုရား ရဲ့ ခရီးလမ်းဦးတည်ရာ မဟာမြိုင်ဆိုတာကိုလည်း ဆရာတော်ကြီးက တစ်လုံးတစ်ပါဒမှ မမိန့်ကြားဘဲ သူ့အလိုလို သိနေတာ တကယ့်အံ့ဖွယ်ဖြစ်ပါတော့တယ်။ မိပုန်းအကြောင်းကို ၂၀၁၂ အောက်တိုဘာ လထုတ် အိပ်မက်ဖြင့် ဖွင့်ပြောသောစကားများ' ကျမ်းစာအုပ်မှာလည်း    'ပုဂံဘုရင် လိုက်လံဖမ်းဆီး သဖြင့် ပုန်းရှောင်ပြေးနေရသူ ဆို၏။ နောင်တွင်အမေရေယာဉ်၏ အကူအညီဖြင့် ဝိဇ္ဇာလမ်းဘက် ထွက်သွားသူဆို၏'လို့ စာမျက်နှာ ၈၀ မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ မိပုန်းဟာ နတ်ဝိဇ္ဇာ လောကတွင် သြဇာတိက္ကမကြီးမားလှသော 'အမေရေယာဉ်'နှင့် ဆက်စပ်နေတာလည်း မှတ်သားစရာ ဖြစ်ပါ တယ်။
    'မိပုန်းပြန်ထွက်သွားလေမှ ငါတို့လည်း အသက်ဝင်လာလေတော့၏။ အသက်ပြန်ဝင်လာချိန်တွင် စဉ်းစားမိလာ၏။ မိပုန်းစကားသည်ငါ၏ သွားခရီးအတွက် အာမခံလက်မှတ်ဟူ၍ ...။ ဤ အတွေးနှင့်အတူ သွားရမည့် ခရီးအပေါ် အားတက်လာမိခဲ့၏။ အားတက် နှင့်အတူ အရောက်သွား ရန်လည်း ဆုံးဖြတ်လိုက်ပြီ။ သို့နှင့် နံနက်ထင်သာမြင်သာရှိလာချိန် တွေ့သောလမ်းအတိုင်း မတွေ့ ဘူးသေးသော နေရာဆီသို့ မှန်းကာ ခရီးဆက်ခဲ့၏။ ထိုစဉ်လူရှောင်ရ၏။ သွားလိုသည့်နေရာ မျှော်ရ၏။ လမ်းရှာရ၏။ သည်အထဲ ကံဆိုးကြီးသွားရာ မိုးက လိုက်ပါရွာချပေးနေသေး။ တစ်နေကုန် မိုးထဲရေ ထဲ အားလုံးကုန် စိုစိုရွှဲရွှဲတို့ဖြင့်ပင် 'ပဲမစားရွာ'သို့ ဆိုက်ရောက်ခဲ့ပြီ။'
    'အချိန်ကား ညနေ ၅ နာရီခန့်၊ ပဲမစားရွာ လယ်ရောက်သည်နှင့် စကားရွာသွားလမ်း လှမ်းမေးမိ ရာမှ ငါတို့မှန်းသိသွားကြပြီး ခိုးထုပ်ခိုးထည်နှင့်အတူ အမိခံလိုက်ရပြီ။ ပုံတောင်ပုံညာ အကြားရှိ ရွာပေါင်း ၂၂ ရွာအားလုံး ငါတို့အကြောင်း၊ ငါတို့ပုံပန်းသိထားကြ ပြီးဖြစ်၍ပင်။ ထိုစဉ်မှာပင် တစ်ရွာလုံး ကလေးလူကြီးမကျန် ဝိုင်းအုံလာ၏။ ငါတို့ကား ချောင်းဘေးရေဆိပ်မှာပင် ရေမကျသေး၍ စောင့်ရင်းနားနေ၏။ အားလုံး အတွက် ကြည့်ချင်ပွဲ ဖြစ်သွားစေ၏။ အားလုံးကပင် ပါလာသော ဝန်စည်စလယ်များကို ဝိုင်းအုံသယ်ပေးကြ၏။ ရေကျစအချိန် အရေးပါသော လူကြီးများက စကားရွာဘက်သို့ သွားရာလမ်းဘေးက ဦးတောကျော်ဆိုသူ၏ လယ်တဲသို့ လိုက်ပို့ကြ၏။' (၂၀၁၂ ထုတ် အိပ်မက်ဖြင့် ဖွင့်ပြောသော စကားများ၊ စာ-၈၁)
    'ထိုလယ်တောနှင့် ခြေတံရှည်လယ်တဲသည် ပဲမစားရွာ မြောက်ဘက်တွင်ရှိ၏။ သစ်ဆွဲဆင်များထားရာ ဆင်ဝိုင်း၏ မြောက်ဘက်အထိ သွားရ၏။ ထိုည ထိုမှာပင် ရေစိုများဖြင့် နားရပြီး (ဆရာ တော်ကြီးများမှာ လဲလှယ်ရန် သင်္ကန်းအပိုမပါရှိပါ။ သင်္ကန်းအပို ဆောင်ထားလေ့လည်း မရှိပါ)။ နောက်နေ့ သီတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့ နံနက်တွင် ပဲမစားရွာမှလည်းကောင်း၊ ဆင်ဝိုင်းမှလည်း ကောင်း အရုဏ်ဆွမ်းလာရောက် ကပ်လှူကြ၏။ လိုက်ပါပို့ဆောင်ရာတွင်ကား 'ရွာငယ်'နေ ကျောင်း ဆရာ ဦးအောင်ပွားက ခေါင်းဆောင်အဖြစ် လိုက်ပါလာ၏။ ပဲမစားရွာမှလည်းပါ၏။ အခြားရွာများ မှလည်းပါ၏။ တဲရှင်သားလည်း ပါသေး၏။' (အိပ်မက်၊ စာ-၈၂)
    ဒီခရီးလမ်းဟာ 'ဗွက်ကြီးလှ၏။ ဆင်ခြေရာ နင်းမိက ပေါင်ရင်းအထိ ဗွက်မိ၏။ သို့ကြောင့် ငါတို့အား လယ်တဲရှင် ဦးတောကျော်၏သားက တာဝန်ယူတွဲခေါ် လာရ၏'လို့ ဘဝကန္တာရကထာမှာ ဖော်ပြထားပါတယ်။
    'စကားရွာရောက်သောအခါ မြောက်ဘက်ရှိ လူလွတ်တောကျောင်းတွင် နေရာပေး၏။ ရွာခေါင်း ဆောင်(တစ်ခါက ဥက္ကဋ္ဌ)၏ နှိုးဆော်ချက်အရ တစ်ရွာ လုံးလာကြ၏။ ဆွမ်းလှူကြ၏။ လယ်ဓမ္မကျောင်း ဆရာသည် ယခင်က စကားကျောင်းဆရာဆို၏။ ဥက္ကဋ္ဌအပေါ် သြဇာညောင်းလှဆို၏။ ဆွမ်းပို့ ဘုန်းကြီး ဖူးပရိသတ်များ ပြန်ချိန်တွင် ထိုရွာ ခေါင်းဆောင်က စကားရွာမှာပင် သီတင်းသုံးရန် ပင့်တော့သည်။ ငါတို့ကား လက်မခံ၊ ယခင်ထားသည့် စိတ်ထားအတိုင်း မဟာမြိုင်သို့သာ၊ ကံဆိုး သည်ကား ထိုစဉ် မိုးသည်းထန်စွာရွာနေ၏။ တစ်ရက်နှင့် မရပ်၊ နှစ်ရက်လည်းမရပ်၊ သုံး၊ လေးရက်မြောက်ရောက် လေသောအခါ ရှေ့ဆက်ရမည့်ခရီး စိတ်ကုန်လာတော့သည်။ ဗွက်ဆိုးနှင့် ခြေကျိုး ဘယ်လိုများ ပွဲတိုးရမှာပါလိမ့်။ ငါးရက်မြောက်လောက်တွင် သုံးဝါလောက်နေပေးပြီးမှ ခရီးဆက်အံ့ဖြင့် စကားရွာကို လက်ခံလိုက်၏။' (ဘဝကန္တာရ၊ စာ-၃၇၉)
    'ထိုအခါ အိမ်ခြေ ၂၁၀ ရှိသော စကားရွာသည် သူနိုင်ရာ ကိုယ်နိုင်ရာ တာဝန်ယူ၍ သုံးခန်းပတ် လည် ကျွန်းပျဉ်ခင်း၊ ပျဉ်ထောင်ကျောင်းတစ်ဆောင် ဆောက်ကြ၏။ မီးတင်းကုပ်(မီးဖိုခန်း)လည်း ပါ၏။ ကုဋီနှင့် ကုဋီသွားရန် စင်္ကြံပါပါ၏။ သည်မျှမကသေး၊ ကြီးမားသော သစ်လုံးကြီးကို ဆင်ဖြင့်ဆွဲယူလာ ခဲ့ကြရာ သစ်တစ်လုံးတည်းဖြင့် ချောင်းကူးတံတား ဆောက်ပေးကြ၏။ သို့နှင့် ကျောင်းကား ဆောက်လုပ်ပြီးစီးသွားပြီ။ မိုးကား စွေပြတုန်း၊ ထိုမိုး သီတင်းကျွတ်လကုန်လောက်မှ (စိတ်ချမှ) တိတ်သွား၏။' (အိပ်မက်၊ စာ-၈၄)
    မဟာမြိုင်ခရီးစဉ်ကို မိုးက တားလိုက်တာဖြစ် နိုင်ပါတယ်။ ယခု စကားရွာမှာ သီတင်းသုံး တော့မည်လို့ အတည်ပြုကာ ကျောင်းဆောက်ပြီးမှ မိုးကြီးသည်းထန် စွာရွာနေတာ တိတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ရဲ့ အဖိတ်နေ့မှာ ကျောင်းရေစက်ချပေးခဲ့ပြီး လပြည့်နေ့မှာ ကျောင်းသစ်ပေါ်မှာ စတင် သီတင်းသုံးတော်မူခဲ့ပါတယ်။
    'ကျောင်းအမည်က မောနေယျတော၊ မောလွန်းလှ၍ ခေတ္တနားပေးရသော ကျောင်းဖြစ်နေ၍ ထို မှာနေစဉ် ဆွမ်းခံစရာနေရာကား ထိုရွာနှင့် ဤကျောင်း အကြားရှိ မြေပြန့်ကွက်လပ်ပေါ်တွင် ဆောက်ပေးထားရာ ကျောင်းမှဆင်း၊ နောက်ချောင်းတံတားဖြတ် တောပြင်းခတ်ကာ ဆွမ်းခံသွားရ၏။ (အိပ်မက်ဖြင့်ဖွင့်ပြော သောစကားများ၊ စာ-၈၄)
    'ရွာခေါင်းဆောင်(ဥက္ကဋ္ဌဟောင်း)၏ အာဏာကလည်း ထက်မြက်လှပါ၏။ ယခုလက်ရှိ ဥက္ကဋ္ဌနှင့် အားလုံးကပင် လိုက်နာကြရ၏။ ရာဇဝင်ရှိသူဆို၏။ ခေတ်ပေါ်ဥက္ကဋ္ဌလည်းမဟုတ်၊ အလံနီသခင်စိုးတို့ လက်ထက်ကတည်းက ဥက္ကဋ္ဌဆို၏။ ထိုဥက္ကဋ္ဌဟောင်းက နေရာတိုင်း အစောင့်များစောင့်စေ၏။ ဘယ်ကနေ ဘယ်သူလာလာ ဝင်မနှောင့်ယှက်နိုင်ရန် အဝေးအနီး အစောင့်စုံလှ၏။ စောင့်ရှောက်ရေး အဖွဲ့ကိုလည်း သူဦးစီး၍ ဖွဲ့စည်းထား၏။ (က) အဖွဲ့စည်းမျဉ်းက တစ်ဦးဦးကြောင့် ဆရာတော်ထွက်ကြွ လျှင် ထိုတစ်ဦးရွာမှာ မနေရ။ (ခ) စကားသူစကားသားပင်ဖြစ်ပါစေ၊ တခြားတစ်ရွာမှာနေက တောတွင်းက ဆွမ်းလောင်းဓမ္မာရုံသို့ လာခွင့်မပေးရ။ စည်းကမ်းကြီးလှ၏။ အားလုံးကလည်း တိတိကျကျ လိုက်နာကြ၏။ ဆွမ်းလောင်းအသင်းက နှစ်ရာကျော် အိမ်ခြေရှိသော ရွာဖြစ်နေ၍ တစ်နေ့လျှင် ဆယ်ဦး ကျ ဖွဲ့စည်းပေးထား၏။ တစ်အိမ်လျှင် သုံးပတ် (၂၁ ရက်) တစ်ကြိမ်သာ လောင်းခွင့်ရကြ၏။ ထိုနေရာ ဆိတ်ငြိမ် စွာ အားထုတ်ခွင့်ရ၏။' (ဘဝကန္တာရ၊ စာ-၃၈၀)
    သို့ပါသော်လည်း ကျေးဇူးတော်ရှင် မဟာဗော ဓိမြိုင်ဆရာတော်ဘုရားကြီးအတွက်ကား အနှောင့်အယှက်များ ရောက်လာတတ်ရာ ဒီတစ်ခါရောက်လာတာကတော့ ဖိလစ်ပိုင်နေ ဇနီးမောင်နှံ ဆီက ဖြစ်တယ်လို့ဆို ပါတယ်။        ။ ( မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 341

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42963

© 2022 - 2025 News. All Rights Reserved.