မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဖြည့်ကျင့်ဆောက်တည် သီလပါရမီ

၂၀၂၄ စက်တင်ဘာ ၂၃

    နေပြည်တော် လက်လုပ်တောင် 'ဉေယျမဏ္ဍိုင်စာပေ'က ၂၀၁၂ ဖေဖော်ဝါရီလမှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ 'ပါရမီပရိ စယကထာ (နားခိုရာပါရမီရိပ်သာ)စာအုပ်ကို ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီကျမ်းစာအုပ်မှာ ဒါန၊ သီလ၊ နိက္ခမ၊ ဝိရိယ၊ သစ္စာအဓိဋ္ဌာန်စတဲ့ ပါရမီ ၁၀ ပါး တို့ရဲ့ သဘောသရုပ်ကို ဖော်ထုတ်ရှင်းလင်းထားတာ တွေ့ရပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံက ကမ္ဘာ့နံပါတ်တစ်အဖြစ် အလှူဒါန ပရဟိတပြုနေပေမယ့် သီလခေါ် ကိုယ်ကျင့်တရားဘက်မှာ အားနည်းနေပုံတွေကို ဒီစာအုပ်ရဲ့ သီလပါရမီအခန်းမှာ ထောက်ပြထားပါ တယ်။
    'ဒါနနှင့် သီလတစ်စုံသည် ကံကုသိုလ်တို့၏ အကျိုးပွင့်ပေါ်ရာ လက်နက်ဖြစ်ချေ၏။ ကံကောင်းတည်ဆောက် ကံဆိုးမှောက်သွန်ရာ အစုံလည်းဖြစ်ချေ၏။ ထိုအစုံအဟုန်ကောင်းပါမှ ကံကောင်းထောက်မသော လူ့ဘဝ၊ နတ်ဘဝမျိုးသို့ ရောက်ရာ၏။ ထိုလူဘဝ၊ နတ်ဘဝတို့၌လည်း အမျိုး အနွယ်အားဖြင့် ဖြူစင်မြင့်မြတ်သော အမျိုးဇာတ်အတွင်းသို့သာ ချဉ်းနင်းမိရာ၏။ အမျိုးအားဖြင့်လည်း ဖြူစင်မည်။ ဘဝကံ စည်းစိမ်ကံကလည်း အကျိုးပေး မြင့်မည်ဆိုပါက စိတ်ချမ်းသာမှုကိုရစေပြီး ခန္ဓာ ကိုယ်ပါ ချမ်းသာစေမည်။ ကိုယ်စိတ်နှစ်ခန်း ချမ်းသာပါမှ ဈာန်မဂ်ဖိုလ်တို့သို့ သွားရောက်ရာ ဈာန်ကု သိုလ် ဉာဏ်ကုသိုလ်ပါရမီများ ဖြည့်ခွင့်သာချေမည်။' (စာ-၅၀)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ကံကောင်းရုံလောက်သာ ညွှန်ပြနေတာ မဟုတ်ပါ။ ကံကုသိုလ်မှသည် ဈာန်ကုသိုလ်၊ ဉာဏ်ကုသိုလ်အထိ ပါရမီမြောက်အောင် အထောက်အကူပေးနေခြင်း ဖြစ်ပါတယ်။
    'သင်သည် ကံကောင်းထောက်မသဖြင့် ဘ၀ကောင်းကိုလည်း ခိုနားလိုသေးသည်။ ထိုဘ ဝကောင်းဖြင့်ပင် ဈာန်ကောင်း၊ ဉာဏ်ကောင်းကိုလည်း တက်လို သေးသည်ဆိုလျှင် ...ငါ၊ ဝတ္ထု၊ ပုဂ္ဂိုလ်သို့ အစွဲဝင်မည့် လောဘကို သတ်ချထားခဲ့ပါ။ မလွှဲသာ အလှူ၊ ဝတ်ကျေ တန်းကျေ အလှူမျိုးကို မလှူပါနှင့်၊ မိမိပိုင် စေတနာမှန်ပေါ်တွင် သတိယှဉ်သော အလှူမျိုးကိုသာ ကြိုးစားပါလေ။ ကိုယ်ဖြင့် ဒါနကိုစွန့်၍ စိတ်ဖြင့် သီလကိုဆောက်တည်ကာ အစွဲမှန်သမျှ လွှတ်ချခဲ့ပါလေ။ (စာ-၅၁)
    ဒါနဲ့တွဲဖက်ရမယ့် သီလရဲ့ အဓိကတာဝန်က မိမိရဲ့အတွင်းစိတ်ကို အပြင်အာရုံတွေနောက် ပါမသွားအောင်၊ အပြင်အာရုံတွေမှာ ကပ်ပါလာတဲ့ ကိလေသာတွေ အတွင်းစိတ်ထဲမဝင်ရောက်အောင် စောင့်စည်းပေးခြင်းပဲ ဖြစ်ပါတယ်။ သီလမှာ (၁) မိရိုးဖလာသီလနှင့် (၂) ပါရမီမြောက်တဲ့ သီလရယ်လို့ နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။ မိရိုးဖလာသီလက သံဃာတော်များကို သြကာသဖြင့် ကန်တော့ပြီးနောက် သီလယူစဉ် 'အာမဘန္တေပါ ဘုရား'လို့ သရဏဂုံပွားများပါလို့ အမိန့်ရှိတာကိုလည်း 'အာမဘန္တေပါဘုရား'လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ အာမဘန္တေနှစ်ခုလုံးကို အလွယ် တကူ ချိုးဖောက်နေကြ တယ်။ သီလစောင့်ထိန်းပါမည်လို့ ကတိပေးထားပေမယ့် လိမ်ညာ၊ သောက်စား၊ ကာမဂုဏ်မှောက်မှား၊ ခြင်၊ ယင်၊ ကြမ်းပိုးတွေသတ်နဲ့ သီလတွေကျိုးပေါက်နေတယ်။ သရဏဂုံပွားပါမည်လို့ အာမဘန္တေခံခဲ့ပါသော် လည်း ဘာသရဏဂုံမှမပွား၊ ဘုရားမေ့၊ တရားမေ့၊ သံဃာမေ့နဲ့ မေ့မေ့မောမော သံသရာကြော မျောနေကြတယ်။
    'သင်အာမဘန္တေခံထားသော သိက္ခာပုဒ် (ကျင့်ရမည့် အခြေခံအကြောင်းအရာများ) ဘာ့ကြောင့် ကျိုးခြင်း၊ ပေါက်ခြင်း၊ ပျောက်ကြားခြင်းနှင့် ညှိုးခြောက် ခြင်းများ ဖြစ်ကြရသနည်း။ အဖြေကား အာရုံ နောက် စိတ်ပါမိရာမှ ကြိုက်စိတ် မကြိုက်စိတ် မထိန်းနိုင်တော့၍ တည်း။ ထိုကြိုက်၊ မကြိုက်တို့သည် မျက်စိစသော တံခါးများ (အစောင့်မရှိ ပွင့်နေသည့် နေရာများ)မှ အာရုံများနှင့် ရောနှောကာ ဝင်ရောက်လာခြင်းဖြစ်ချေ၏။ အာရုံကား မြင်ပြီးပျောက်၊ ကြားပြီးပျောက် စနစ်ဖြင့် ပွဲသိမ်း သွားသော်လည်း ထို 'ကြိုက်၊ မကြိုက်'တို့ကားပွဲပြီးလေ နေရာရလေဖြင့် စိတ်ကိုနှိုး၍ ကြီးစိုးနေခဲ့ပါချေ၏။ သင်၏ ကိုယ်ကျင့်သိက္ခာများ ကျိုးပေါက်ခဲ့ရမှု မှန်သမျှသင့် စိတ်အာရုံနောက်လိုက်မိရာမှ ကပ်ပါလာသော 'ကြိုက်၊ မကြိုက်' ဝင်ရောက် အမွှေခံရခြင်းကြောင့် ဖြစ်ချေ၏။} (စာ-၅၈)
    မိမိရဲ့ သီလအင်အားကို ဘယ်လို စမ်းသပ်ရ မလဲဆိုတာကိုလည်း ဆရာတော်ကြီးက ညွှန်ပြ ထားပါတယ်။
    'အကယ်တိတိ သင့်စိတ်ထင် ကြိုက်စရာဝတ္ထု အာရုံများကို တွေးယူ၍တိုးကြည့်၊ သို့တည်းမဟုတ် မုန်းစရာ၊ ကြောက်စရာ တစ်ခုခုသော အာရုံပုံရိပ်များကို တွေးယူခံစားကြည့်၊ ဆတ်ဆတ်လူး လှုပ်၍ ဖျပ်ဖျပ်လူး ခုန်နေသေးလျှင် 'အော် ငါရယူခဲ့ပြီးသော သီလမျိုးတို့ ကား အဟုတ်ရ သီလမဟုတ်၊ သရုပ်ပြသီလသာဖြစ်ချေသေးသည်' ဤသို့ ကိုယ့်ကိုယ်ကိုယ်သိပါလေ။ သိသော် ကိုယ့်သီလကိုယ် ဖြည့်ဖို့ ကြိုးစားပါလေ။
    'သီလယူပြီးသော် ဖြည့်၊ ပြည့်သော်ကား ပြည့်မှန်းလည်း သိနိုင်၏။ ပက်ပင်းတိုးလောကဓံ၏ ကြိုက်အာရုံ မကြိုက်အာရုံတို့၏ အတို့အထိ ကလိမှုကို အရေးမယူ ဂရုမစိုက် အဆန်ပြည့်စပါးနှံ၏ အောက်ငိုက်ကျဘိ အလား၊ ရေပြည့်အိုးကား ဘောင်မဘင်မခတ် ဖျပ်ဖျပ် မခုန်သောပုံအလား စိတ်တန်ခိုး၊ စိတ်သတ္တိ၏ ဂုဏ်များ တက်လာလျှင် ...'အော် ငါယူခဲ့သော သီလတို့သည်ကား သရုပ်ပြသီလမဟုတ်၊ အဟုတ်ရသီလမျိုးသို့ တက် ခဲ့လေပြီတကား'ဟု သိလျက် ဝမ်းမြောက်ပါလေ။' (စာ-၅၉)
    'သီလကို စောင့်ထိန်းရာ၌ ကိုယ်ကသာရှောင်၍ စိတ်ကိုကား ရှောင်ရန်ဆောင်ရန်အားဖြင့် စောင့်စည်းခြင်း၊ ပိတ်ဆို့ခြင်းဟူသော ထိန်းသိမ်းခြင်းမပြုခဲ့သော် သို့မဟုတ် တံခါးပေါက်ပိတ်သော သော့ ချောင်းကဲ့သို့ သရဏဂုံပွားမှု မပြုကျင့်ခဲ့သော် ကြိုက်အာရုံ၊ ကြိုက်ဝတ္ထုတို့ကို တွေ့မိရုံမျှဖြင့်လည်း အောင့်အည်းရရာ၏။ ပက်ပင်းထိပ်တိုက် အကြိုက်ကလေးနှင့် တွေ့မိလျှင်လည်း ချုပ်တည်းရရာ၏။ တစ်ဖန် မကြိုက်မုန်းတီး၊ ခါးသီးစက် ဆုပ်ဖွယ်ရာ ဝတ္ထုအာရုံများတို့နှင့် ပက်ပင်းစွေ့စွေ့ရင် ဆိုင်တွေ့ မိသော်လည်းကောင်း ဟိုသည် ဖွေစမ်းစိတ်သရမ်းမိရာမှ မကျေမချမ်း အဟောင်းအာရုံ ကျွမ်းပြန် ဖမ်းမိသော် လည်းကောင်း အောင့်အည်းခြင်း ချုပ်တည်းခြင်း အမှုတစ်ခုခုပြုမိရာ၏။'
    'ထိုချုပ်တီးရမှု မှန်သမျှတို့သည် သင့်သီလ မကျိုးသော်မှ ညှိုးခြောက်တတ်လှချေ၏။ ဝါရိတ္တသီလခေါ် တားမြစ်ထား၍သာ ငြိမ်ခံလိုက်ရသော သီလမျိုး ရသော်မှ ပါရမီသီလမျိုးကား မဖြစ် နိုင်။ ရဲတရားခံအဖမ်းမှားသို့ ကိုယ်သာဖမ်း၍ စိတ်ကိုထမ်းပိုး လွှတ်ထားမိလေ သောကြောင့်တည်း' (စာ-၆၀)
    ချုပ်ပေပြီး စောင့်ထိန်းတဲ့သီလ (ဥပုသ်စောင့် ခြင်းမျိုး)ရဲ့ အကျိုးရလဒ်ကိုလည်း ဖော်ပြထားပါတယ်။
    'သရဏဂုံဖြင့် စိတ်ကိုလုံခြုံစွာ စောင့်ထိန်းခြင်း ကင်းသော သီလရှင်၏ စိတ်သည် အာရုံသစ်ကို ခံစားခွင့်မပြုလျှင် အာရုံဟောင်းတို့ကို လှန်လှော၍လည်း ခိုးဝှက်စားသုံးရာ၏။ ပက်ပင်းတွေ့ အာရုံသစ်များနောက် သို့လိုက်ပါလျက်ကလည်း ခိုးယူစားသုံးရာ၏။ ထိုစိတ်ဖြင့် လိုက်စားမိရာမှ ထိတွေ့ ခွင့်မရ၍ အားမရသော် ... 'ဥပုသ်ထွက်လျှင်တော့လားကွာ'ဟူ၍လည်း တွေးလျက်သက်ပြင်းချရာ၏။ ပြောဆိုမြည်တမ်းသော်လည်း မြည်တမ်းရာ၏။ အကယ်တိ ဥပုသ်ထွက်အထိပင်မစောင့် နိုင်၊ မအောင့် နိုင်သည်အထိ ဖြစ်လာသောအခါမျိုးတို့တွင် ကား 'ဟင်း ...ဥပုသ်ကြီးနဲ့မို့သာ'ဟူ၍ ရေရွတ်လျက်က တောက်ခေါက်၍ပင် အောင့်အည်းရရာ၏။ အတွေးဖြင့် တံတွေးမျိုချရသည်ကလည်း အဖုံဖုံပင်။ ထိုသီလမျိုး သည်ကား 'အထုံပါရမီမဖြစ်' 'အမြုံပါရမီ'မျှသာဖြစ်ချေ၏။ ငါတို့ ဗုဒ္ဓဝါဒီတို့၏ စိတ်ထဲမှာ ဆုံမြုံထားရခြင်း၊ စိတ်တွင်းကပေါက် ကောက်နေခြင်းများသည် ထိုအချုပ်သီလ၏ အကျိုးပေးများချည်း ဖြစ်ကြချေ၏။' (စာ-၆၁)
    သီလဆိုတာ စိတ်ရဲ့ အလေ့အကျင့်လို့သဘော ပေါက်ထားရမယ်လို့ ဆိုပါတယ်။ နွားကျောင်းသား နွားကျောင်းသလို စိတ်ကိုထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။
    'သင်သည် ယနေ့တစ်ရက်လုံးလုံး စစ်မြေပြင်ရှိ စစ်သားတစ်ယောက်ကဲ့သို့ သတိလက်နက်ကို ချမထားရာ၊ သရဏဂုံကျည်တောင့် အဖြောင့်ထိုးထားကာ မည်သည့် အာရုံလာလာ၊ သင့်သတိက လက်ချက်ဦးပြီးသား ဖြစ်စေရမည်။ အမြင်သည် အမြင်သာ ဖြစ်စေရမည်။ ငါ သူမပါစေရ၊ အကြားသည် အကြားဖြင့်သာ ရပ်တန့်ရမည်၊ ဘာညာမပါစေရ၊ အနံ့သည် အနံ့ဖြင့် ကုန်ဆုံးရမည်၊ အာရုံလိုက်၍ ကြိုက်ကွက်မဖော်စေရ၊ အစာ၌ အချိုသည် အချိုဖြင့်ပြီးရမည်၊ အာရုံခံ၍ ကြိုက်ဟန်မပြရ၊ ချဉ်၊ ငန်၊ စပ်၊ ခါး ရသာများတို့၌ အာရုံဖက်၍ ကြိုက်ကွက်မထွင်ရ။
    သင့်စိတ်က ဆိုင်ရာတံးခါးဝမှ ကြိုဆိုကာ အာရုံနှင့် ကိလေသာတို့ကို အထဲဖိတ်ခေါ်ထားခြင်းမျိုးလည်း မရှိစေရ။ ယနေ့သည် သင့်စိတ်အာရုံမှ ဆိတ်သုဉ်း နေစေရ၏။ ထိုသို့ သင့်စိတ်ကို အာရုံတို့က မည်သည့် တံခါးပေါက်မှ လာရောက်တိုက်တိုက်၊ သတိမမေ့ တွေ့သမျှအမှတ်ဖြင့်သာ ဆက်ဆံတွေ့ မည်ဆိုပါက သင်သည် လည်းကောင်း၊ သင့်စိတ်သည်လည်းကောင်း ပူပန်ခြင်း ကင်း၊ အနှိပ်စက်ခံရခြင်း လည်း အလျဉ်းမရှိတော့သဖြင့် ထိုသီလသည် ဦးစွာကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကို ဖြစ်စေမည်။ ယနေ့ကား ကြွေးမတင်နေ့၊ ယနေ့ကား အဟောင်းကြွေးဆပ်သောနေ့တည်း။ မစောင့်စည်းသော် ကြွေး သစ်ပေါ်လိမ့်မည်လို့ သတိပေးထားပါတယ်။
    စိတ်နဲ့အာရုံ ပြတ်စဲသွားချိန် ကိုယ်စိတ်နှစ်ပါး လုံး ငြိမ်းချမ်းသွားတာကို ]သီလသိက္ခာ}အဆင့်လို့ ဆိုပါတယ်။ အဲဒီ သီလမျိုးသာလျှင် ကာယကံ၊ ဝစီကံ၊ မနော ကံ သောင်းကျန်းမှုများမှ ကင်းစင်ပြီး အကျင့်စင်ကြယ် သူဖြစ်လာနိုင်ပါတယ်။ အဲဒီလို သီလစင်ကြယ်သူကိုသာ သာသနာတော်စောင့်တို့က အရိုအသေပြု အလေးအ နက် စောင့်ရှောက်ကြတယ် ဆိုပါတယ်။
    'မျက်စိရှိ မြင်၏၊ ဘာလဲဟူ၍ လိုက်မစုံစမ်း။ နားရှိကြားမည်သာ၊ ဘာလဲဟူ၍ နားမစွင့်။ သည့်အတူ အခြားအာရုံများ၌လည်း သူ့တံခါးနှင့် သူ့အသွား ကူး လားခတ်လားမှလွဲ၍ ပညတ်အရာမဝင် ကိလေသာ အဆာမဝင်သောအဖြစ်သို့ ရောက်ချေရကား စိတ်တွင်းဖြစ် အဟောင်းတွေးလည်း မကြွ သာ၊ အာရုံတိုက် အသစ်ကြွေးလည်း ပပြီးသား ဖြစ်လာပြီ။ ကြားပွဲစားမဝင်သဖြင့် ဘာမဆို အရင်းအ တိုင်းရလာပြီ။ နောက်ယောင်ခံ အတောင်းလိုက်သော်မှ ဂရုစိုက်စရာမရှိပြီ။ ထိုသို့ တစ်ရက်လုံးလုံး အကြွေးကင်းသဖြင့် ကိလေသာပညတ် အပင်းမပါ အဆာမဝင် အမြင်အမြင်သာဖြစ်တော့လျှင် သင်ကား သင့်စိတ်ကို သင့်ခန္ဓာကြား ထိုးသွင်းလျက်က သင့်အရှိကို သင့်အသိဖြင့် လှန်လှောကြည့် သာပြီ ဖြစ် ချေရကား ...ထိ၊ သိ၌ ငါရှိမရှိ ဦးစွာကြည့်၊ ငါမရှိလေ မှန်းသိလျှင် သူရှိမရှိ စဉ်းစားဖို့ပင် မလိုပြီ။'
    'တစ်ဖန် ထိုခန္ဓာကြားရှိ ထိ၊ သိကိုချည်းကြည့်ရာမှ အထိနှင့် အသိ၊ အသိနှင့်အထိ ထိုနှစ်မျိုးတည်းသာ အလှည့်ကျဖြင့် အပေးအယူလုပ်၍ ဖြစ်စဉ်အမျှင်မပြတ် ဆက်စပ်ပေးနေပါသည်ကို အပိုင်သိလျှင် အခြားပြင်ပတို့နှင့် ဆက်ဆံရသော အမြင်၊ အကြား စသည်များ၌လည်း သတိလက်နက်ဖြင့် ချိန်ကြည့်၊ ၎င်းတို့၌လည်း မြင်သိ၊ သိမြင်တစ်ဖန် ကြားသိ၊ သိကြား စသည်အားဖြင့် ရုပ်သဘာဝ၊ နာမ်သဘာဝတို့၏ တို့ထိကစားနေကြ သည်ကိုသာ တွေ့ရချေတော့မည်။ ဤသို့ သီလ၌တည်၍ သီလကိုမှီ၍ သင့်ထံ သင့်ဉာဏ် ကိုယ်တွေ့ပေါ်လာလျှင် သီလမှ ပါရမီလမ်း၀ စခန်းစသို့ ခြေချလာပြီ ဟူ၍ သင့်ကိုယ်သင် ယုံပါလေ'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိ မြိုင်ဆရာတော်ဘုရား ကြီးက အတိအလင်း မိန့်ဆိုထားပါတယ်။
    အခြေခံ မိရိုးဖလာ သီလမှသည် ပါရမီမြောက်သော သီလအထိ ဆွဲခေါ်သွားကာ ဝိပဿနာဆိုသော စကားတစ်လုံးမျှ မပြောကြားဘဲ ဝိပဿနာဆိုက်အောင် အလင်းရောင်ပေးခဲ့တဲ့ ဆရာတော်ဘုရားကြီးရဲ့ ဓမ္မဗျူဟာမှာ အံ့သြဖွယ် ရှိပေစွတကားလို့ ဆိုသင့်လှပါတယ်။
မောင်သွေးချွန်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 270

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.