မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ မဟာစည်ကရခဲ့တဲ့ တရားရွှေပြား တစ်မတ်သား

၂၀၂၃ ဒီဇင်ဘာ ၁၆
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ လူဝတ်ကြောင်(ယောဂီ)ဘဝဖြင့် ရန်ကုန်မြို့ မဟာစည်ရိပ်သာကြီးမှာ ဝိပဿနာတရားများ ကြိုး စားအားထုတ်ခဲ့လေရာ မဟာစည်ရိပ်သာဖွင့်သော အနှစ် ၃၀ အတွင်း (၁၃၁၁-၁၃၄၁ ခုနှစ်အတွင်း) တရားအတွေ့မြန်သော ယောဂီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မဟာဗောဓိမြိုင် လောင်းလျာရဲ့ တရားအတွေ့ ဆိုတာ ဘယ်လိုပါလိမ့်လို့ စူးစမ်းမေးမြန်းတာတွေ ရှိလာပါတယ်။ ဆရာတော်လောင်းလျာဟာ ဓမ္မအဆုံးအမဖြင့် ပိုလို့ပင် နှိမ့်ချတဲ့ အသွင်ဆောင်လာခဲ့ပါတယ်။ မဟာစည်မှာ တရားအားထုတ်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့သူ မိမိရဲ့ဆရာအရင်း၊ မိဘအရင်းသဖွယ်လည်းဖြစ်သော ကျေးဇူးတော်ရှင် အဘဝိမလကိုယ်တိုင်က ဓမ္မအရေးစစ် မေးတော်မူစဉ်အခါ 'အကောင်းဒဏ်နှင့်အဆိုးဒဏ် ခံနိုင်ရုံလောက်တော့ ရောက်ခဲ့တယ်ထင်တာပဲ အဘရဲ့'လို့ အလွန်နှိမ့်ချစွာ လျှောက်ထားခဲ့ပါတယ်။
    အကောင်းဒဏ်နှင့် အဆိုးဒဏ်ကို ခံနိုင်သော ဓမ္မအဆင့်ကိုကား ပညတ်အခေါ်အဝေါ်အားဖြင့် လုံး၀ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါပေ။ နောင်နှစ်ပေါင်း ၃၅ နှစ်အကြာ ၁၃၇၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၁ ရက်၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော် (၇၃) နှစ်ပြည့်တဲ့နေ့မှာ ရေးသားပြီးစီးတော်မူခဲ့တဲ့ တစ်ပါးနေ အကျင့်}ကျမ်းစာအုပ်မှာသာ မဟာစည်မှာ တရားတွေ့ခဲ့ပုံကို ဝင်္ကဝုတ္တိအလင်္ကာစကားဖြင့် ရေးသားတော် မူခဲ့ပါတယ်။
    'ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၊ တစ်ဖန်ဆရာတော်ဘုရားကြီး၏ အရိပ်၌ခိုဝင်၍ ယောဂီတို့အား ဟောပြောပြုပြင် သွန်သင်ပေးနေသည့် ကျေးဇူးရှင် ပဏ္ဍိတာရာမ(ဆရာတော်ဦးပဏ္ဍိတာဘိဝံသ)ဆရာ တော်ဘုရားကြီး ထိုနှစ်ပါးတို့ ချီးမြှင့်ပေးသနားတော်မူ လိုက်သော 'တရားရွှေပြား တစ်မတ်သားလေး' ဝတ်ဆင်လျက်က လူကြားတိုး လူခိုးခံရမည်ကို စိုးသောကြောင့် တောထွက်နေရန် ဆုံးဖြတ်ခဲ့၏။' (၂၀၂၁၊ ဒီဇင်ဘာလ ထုတ်၊ တစ်ပါးနေအကျင့်၊ စာ-၆)
    'တရားရွှေပြား တစ်မတ်သား'မှသည် 'တရားရွှေပြား တစ်ကျပ်သား' တင်းပြည့်ကျပ်ပြည့် ရရှိအောင် မြန်မာပြည်အရပ်ရပ် တောတောင် အသီးသီးမှာ တစ်ပါး နေအကျင့်ဖြင့် ဓူတင်ဆောင် အားထုတ်တော်မူခဲ့တာ ဖြစ်ပါတယ်။ မဟာစည်မှာ တရားရွှေပြားတစ်မတ်သား ဘယ်ပုံရရှိခဲ့တယ်ဆိုတာ ၂၀၁၂ စက်တင်ဘာလထုတ် ဘဝကန္တာရသင်္ကေတကထာ (ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ) မှာ ရေးသားမှတ်တမ်းတင်ခဲ့တာတွေထဲက ကောက်နုတ် ဖော်ပြလိုပါတယ်။ မဟာဗောဓိမြိုင်လောင်းလျာ ယောဂီ ဦးညိမ်းမောင်ဟာ ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို တရားပြဆရာတော် ဦးပဏ္ဍိတထံမှာ တရားအစစ်ခံ လျှောက်ထားတဲ့အခါ ဆရာတော်က 'ယောဂီသိပ်တော်တာပဲ'လို့ ချီးကျူးတော်မူပါတယ်။ ဒီလို ချီးကျူးလိုက်ပါမှ ဓမ္မာစရိယတန်းအထိ ထောင်း ထောင်းညက်ညက်ကျေအောင် လေ့ကျက်ခဲ့တဲ့ စာပေတွေက တစ်စခန်းထçလာ ပါတော့တယ်။
    'သည်လောက် ချီးကျူးလျှင် ဒါနာမရူပ ပရိ စ္ဆေဒဉာဏ်ထင်ရဲ့'
    ပညတ်အမြင်တွင် ပရမတ်တင်မိခဲ့ချေပြီ။

    'ပစ္စယ ပရိဂ္ဂဟဆိုတာ နာမ်ရုပ်နှစ်ပါး သိမ်းဆည်းတာ'တွေး၏။ ထိုင်မှတ်လေသောအခါ ထိုအတွေး အတိုင်း အရေးပေါ်လာ၏။ နောက်ရက် ဆရာ့ထံသွား ရောက် အစစ်ခံရာ 'ဒါအတွေးပဲ ယောဂီရဲ့' အသာတ ကြည် မိန့်လိုက်၏။ ငါတို့ကား အတွေးမရပ်၊ ရပ်၍လည်း မရတော့။ 'သမ္မာသနဆိုတာ အမှန်အတိုင်း သုံးသပ်တာကပဲ'တွေးယူ၏။ နောက်ရက် ဆရာ့ထံ အစစ်ခံ၏။ သည်တစ်ခါ နည်းနည်းထန်လာ၏။ သို့တစေလည်း အတွေး ကားမရပ်၊ ရပ်၍လည်း မရတော့။ ထို့နောက်တွင်ကား ဆရာသည် ထန်ရုံမျှမက မာန်လာ၏။ ငါတို့ကလည်း မရပ်၊ မရပ်သဖြင့် မာန်ရာက မဲလာတော့၏' (စာ-၂၄၂)
    အတွေးထဲမှာတော့ (စာအုပ်ထဲကအတိုင်းဆို ရင်) ဝိပဿနာဉာဏ်လမ်းဆုံးနေချေပြီ။ တကယ့်လက်တွေ့မှာ ဝိပဿနာဉာဏ် လမ်းဆုံးသော် မဂ်ကျရမှာဖြစ်ပေမယ့် မဂ်မကျသေးကြောင်း သိလာရပါတယ်။
    'ကဲ ...မဂ်ကျပြစမ်း၊ မင်းအတွေးနဲ့ မင်းကျ ပြစမ်းကွာ' အတွေးကား ခေါင်းခါလာ၏။ လက်မြှောက် စပြုလာ၏။ 'အေး ...မင်းအစွမ်းအစမရှိ ဆရာခိုင်းသမျှ လိုက်နာပေါ့' ဤသို့လည်း နားချပေးရသေး၏။ ဆရာကား ကိုယ်တွေ ဆတ်ဆတ် ပရမတ်ကိုသာ ကြည့်စေလို၏။ တပည့်ဖြစ်သူကား စာတွေ့ ဆတ်ဆတ် စကားရပ်၌သာ ခိုကပ်မေးတင်နေသည်။'
    အဲဒီလို ရှုမြင်သုံးသပ်ဆင်ခြင်ပြီ ဆက်လက် အားထုတ်ခဲ့လေရာ ...
    'ရှုကွက်အတွင်းမှ ရုပ်ဖြစ်စဉ်၊ နာမ်ဖြစ်စဉ်များ တို့သည် ဣန္ဒြေရလာချေတော့၏။ ရုပ်ဖြစ်စဉ် အမျှင်တန်းကြီးကား တန်းတန်းမတ်မတ် တက်ချည်သက်ချည် ငြိမ်သက်စွာ သွားလာပြနေ၏။ နာမ်ဖြစ်စဉ် အသိကပ်မှုကလည်း ရေလွှာနှင့်စင်ရော်ပမာ မကွေမကွာလိုက်ပါ နေသည်သာဖြစ်၏။ မကြာမီရုပ်ကား သူ့လမ်းအတိုင်းသွား၍ နာမ်ကား လက်ဝဲရင်အုံအကြား ခိုနားလျက်က ကျန်ရစ်ခဲ့၏။ ရုပ်တခြား၊ နာမ်တခြားကား ဟိုးယခင်က ထက် ပိုမိုထင်ရှားလာချေပြီ။ ရှုမှတ်မှုသတိသည်ကား ငယ်ထိပ်ထက်မိုးကြီးစိုးလျက်က မှတ်ချက်ပေးကာနေရာ ရွေးချယ်နေပါ၏။ ခဏမျှကြာသော် ရုပ်ဖြစ်စဉ်ကား ဆယ်ဆမျှ ကြီးထွားလာကာ တိုင်လုံးကြီးပမာဖြစ်၍လာ၏။ နာမ်အသိကလည်း အထူးသွက်လက်လာခဲ့ပြီး နားမလို၊ လားမလို ဖြစ်ပေါ်လာချေတော့၏။ ထိုတက်ချည် သက်ချည်ရုပ်ဖြစ်စဉ်လည်း သွက်လက်လှုပ်ရှားပြကာ အရှိန်ပြလာချေတော့၏။' (စာ-၂၄၃)
    'ထိုအချိန် လက်ဝဲရင်ညွန့်ဆီ၌ ခိုနားနေသော အသိစိတ်ကလေးသည် လှေအဆင်း မကျွမ်းကျင်သူ၏ စိတ်နေစိတ်ထားပမာ ရုပ်ဖြစ်စဉ်၏ ဆင်းသွားရာနောက် ဆီသို့ ဆင်းသက်၍ လိုက်ရကောင်းနိုး၊ မကောင်းနိုး နှစ် ကြိမ်မှ သုံးကြိမ်တိုင် ချီတုံချတုံ ဖြစ်နေရစ်ခဲ့သေး၏။ သုံး ကြိမ်မြောက်လောက် ရောက်လတ်သောအခါတွင်မူကား သည်ခရီးကား မသွားလျှင်မဖြစ်တော့သော ခရီးလည်း ဟုတ်၏။ လှေဆင်းမကျွမ်းကျင်သေးသော ခရီးလည်း မှန်၏။ ကြားထဲမှ အရဲစွန့်၍ ခုန်ဆင်းလိုက်ပါသွားသူပမာ ရုပ်ဖြစ်စဉ်၏ ကျပ်သွားရာနောက်သို့ ကောက်ကောက်ပါ လိုက်ပါသွားချေတော့သတည်း။'


    'ထိုသို့ ပူးကပ်စီးနင်းပါသွားခဲ့ပြီးနောက် ထိုရုပ်ဖြစ်စဉ်တန်းကြီးအား ငှက်ပျောသီးမှည့် အခွံနွှာပြီး တစ်လုံးကို ဇွန်းထက်ထက်ဖြင့်ခေါက် မွှေနှောက်လေ သည့်ပမာ အတွင်းလှည့်၍ တစ်ဟုန်ထိုးကြီး မွှေနှောက် ပစ်လိုက်လေရာ ရုပ်ဖြစ်စဉ်၏ အကျလမ်း၊ လမ်းဆုံးသည်နှင့် ရုတ်တရက် ပြတ်တောက်သွားချေတော့၏။ ရင်၌ ခံစားလိုက်ရသော ဝေဒနာကား 'လှပ်ခနဲ' တစ်ချက်တည်းမျှသာ။ ထိုအချိန်၌ ဖြစ်ပေါ်နေသော စိတ်ထားကား သစ်ပင်အထက်ဆီမှ လိမ့်ကျလေရာ လက်ကလည်း သစ်ကိုင်းမှအလွတ်၊ ခြေတို့ကလည်း နင်းကိုင်းမှ အလွတ်၊ ထိုအလွတ် နှစ်ခုကြောင့် ကိုယ်ကောင်ကြီးချည်း လေဟာပြင်ထဲ ရောက်လေသူ၏(မြေပြင်ထက်မသက် သေးသူ၏) စိတ် ထားပမာ 'ဟာခနဲ' ဖြစ်သွားချေ၏။ ထိုအချိန်၌ ဖြစ်ပေါ်နေသော မြင်ကွင်းကား ရုပ်ရှင်ပြရာတို့၌ ဖလင်ကွက် တစ်ကွက်နှင့်တစ်ကွက် ကားကူးကား ဆက်တို့အကြား ရုပ်ပုံလွှာဗလာကင်း ဆလိုက်မီးလင်း လင်းနှင့် ပိတ်ကားပြင် ထင်းထင်းကြီးမျှသာ ကျန်ရစ်ဘိသို့ မြင်တွေ့ရချေတော့၏။'
    'ထိုမှ နောက်လျှပ်တစ်ပြက် ခံစားလိုက်ရသော ဝေဒနာကား ခါးဆစ်ရိုးကြောမှတစ်ဆင့် ကျော်ပြင်တစ် ပြင်လုံး၊ ထိုမှ ခန္ဓာခွင်တစ်ပြင်လုံးကြီး အအေးဓာတ်ကြီး လွှမ်းမိုးလာခြင်းပင်တည်း။ ထိုသို့ ခံစားခွင့်ရရာ၌ ပမာအားဖြင့် နေပူကြဲကြဲ ခရီးလမ်းခဲ သဲသောင်ပြင်ကြားမှ မောကြီးပန်းကြီး ပြေးချလာရသူ ဒုက္ခသည် ခရီးသွား တစ်ဦးသည် တောအုပ်ပျက်တွေး စမ်းရေပြင်အေးအေးလေးအနီး ဘွားခနဲရောက်သွားလေသောအခါ စိတ်ရှိ လက်ရှိ စမ်းရေကမ်းစပ် ရွှံ့နွံထဲ တင်ပါးလွှဲထိုင်ချလိုက်ရာ တင်ပါးမှတစ်ဆင့် ထိုစမ်းရေနွံဓာတ်၏ အအေးခိုးရှိန်များ ခန္ဓာခွင်တစ်ပြင်လုံးကြီးသို့ ပျံ့နှံ့တက်သွားသည့်ပမာသာ ရှိချေ၏။ ထိုအတွေ့အကြုံကား သုံးစက္ကန့်၊ လေးစက္ကန့်ထက် မပိုလေ။'
    'ထို့နောက် ဖြစ်ပျက်ရှိရာ စိတ်ရောက်လာ၏။ ထိုအဖြစ်၊ ထိုအပျက် ဆက်ကြည့်လိုစိတ်မရှိ၊ တစ်ဖန်ထို ဖြစ်ပျက်ကြားမှ ခွာခဲ့၍ စိတ်သစ်ကလေးသည် တစ်ဦးထီးတည်း အိမ်တွင်းပစ္စည်းများ လုံးဝထားရှိခြင်း၊ ပြင်ဆင်ခြင်း၊ ချိတ်ဆွဲခြင်း အလျဉ်းမရှိသေးသော တိုက်သစ်ကလေးတစ်လုံး၏ ငြိမ်သက်ခြင်း၊ အေးချမ်းခြင်း၊ ဆိတ်ငြိမ်ခြင်းအထိပြီးသော တိုက်ခန်းကလေးတစ်ခန်းထဲဝယ် အနားယူနေရသည့်ပမာ ငြိမ်းချမ်းသာယာလွတ်လပ်စွာသာ ခံစားနေရတော့၏။ ထိုအတွေ့ကား ဣရိယာပုတ် ပြောင်းလဲချိန်ဖြစ်သော နံနက် ၇ နာရီတိုင်အောင်ပင် တည်ရှိ၏' (စာ-၂၄၄)
    ဆရာ့ထံ သွားရောက်၍ တရားအစစ်ခံရာမှာတော့ ဆရာကိုယ်တိုင် အံ့သြလွန်းလို့ ရုတ်တရက် ဘာမှမပြောနိုင်ဘဲ ...'အေး ...အင်း ...အင်း'လို့သာ  ပြောနိုင်ပြီး 'ရှေ့ဆက်အားထုတ်'လို့သာ မယုတ်မလွန် မိန့်တော်မူပါတယ်။ ယခင်ကကဲ့သို့ ပြုပြင်ပေးခြင်း၊ မာန်ငေါက်ခြင်းတွေ မရှိတော့။ အဲဒီနောက် 'ဖောင်းပိန်'ဆိုတဲ့ ကာယာနုပဿနာ တစ်ခုတည်းကိုသာ ဖိဖိစီးစီး ဇွဲနပဲ ကြီးကြီး ရှုမှတ်လိုက်တဲ့အခါ ခန္ဓာရဲ့ အတွင်းသားကို ရှင်းရှင်းလင်းလင်း တွေ့မြင်လာရပါတယ်။ အနုပဿနာလေးချက် မှတ်နည်းဟာ ကလေးအသွားသင်နည်း။ အားသန်ရာတစ်ခုတည်း မှတ်ခြင်းကတော့ လူကြီးခရီးနှင်နည်းလို့ မှတ်ချက်ပေးထားပါတယ်။ ဝါခေါင်လပြည့်နေ့ကစပြီး သိသိသာသာ တိုးတက်လာခဲ့ရာ လပြည့်ကျော် ၅ ရက် နေ့ရောက်တဲ့အခါ ...'ကိုယ့်စိတ်ကိုယ် အစိုးကရ ပိုင်ဆိုင်မှုသည် ရှေးကထက် အဆသာ၏။ လပြည့်မှ လေးရက်တိုင်အောင် အတွင်းကပင် စိတ်သန့်ကြည်မှုသည် လည်းကောင်း၊ စိုးပိုင်မှုသည်လည်းကောင်း သမားရိုးကျ မှ ပိုလွန်လျက်ရှိလာခဲ့၏'လို့ ဖော်ပြထားပါတယ်။
    'ကားသံကိုကြားရာ၌ တစ်သံပြီးမှ တစ်သံအပြတ်လိုက် အပိုင်းလိုက် တစ်သန့်စီ တစ်ကန့်စီ၊ ရေဒီယိုမှ အသံကိုကြားရာ၌လည်း တစ်သံမှတစ်သံတို့အကြား လစ်လပ်မှုက တစ်ရှည်တစ်ဝေး၊ လျှာပြင်မှ အရသာကို စားရာ၌လည်း တစ်ဆင့်မှတစ်ဆင့် အရသာဓာတ်၏ ရွေ့မှုက အခြားအခြား..အပြတ်အပြတ်..၊ ရှုကွက် တွင်းမှ ပြချက်နိမိတ်ကလည်း မူရင်းသတ္တိမရှိ၊ ရောင်ပြန် သတ္တိ၏ ပိပိရိရိ ပကတိ၊ ဤသို့လျှင် ခံလင့်တိုင်းသော အာရုံတို့၏ ကန့်သတ်နယ်ခြား ထူးခြားခြင်း၊ ရုပ်လှုပ်ထက် စိတ်သိက ကြိုဆိုငင့်လင့်နေရခြင်း၊ လက္ခဏာသတ္တိ များ ထင်ရှားခြင်း၊ ရောင်ပြန်ပေါ်ခြင်းစသော မကလက် စိတ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်ခြင်း၏ သင်္ကေတတို့ကို ပြသနေပါချေ၏။'
    'ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့ရောက်သော အခါတွင်မူကား ထို့ထက်ကျော် ကိုယ့်စိတ်ကိုယ် အစိုးတ ရပိုင်ဆိုင်မှုက ပေါ်ပေါက်နေပါ၏။ နံနက် ၄ နာရီထိုးချိန်၊ ထိုင်ပဟေ့ဆိုသည်နှင့် သဲသဲမဲမဲ မမှတ်လိုက်ရ၊ တစ်ချက်မှတ်၊ နှစ်ချက်မှတ် စပေးလိုက်ရုံဖြင့် အေးချမ်းငြိမ် သက်မှုနှင့်အတူ မကလက်စိတ်က ကြီးစိုးထားပြီးဖြစ်၏။ ၁၅ မိနစ်ခန့်မျှကြာသည်ထင်၏။ မျက်တောင်ခတ်မျှ (မျက်ခုံးလှုပ်မျှသော)ဖြစ်စဉ် လှုပ်ရှားမှု စိတ်ပေါ့ပါးမှုဦး စွာ ပေါ်ပေါက်လာ၏။ တစ်ဆက်တည်း ရုတ်တရက်ဖြစ် စဉ်များ ပျက်ကျသွားတော့၏။ ထို့နောက်၏ အအေး ဓာတ်ကလည်း စိမ့်ခနဲ သိမ့်ခနဲသော စက္ကန့်ပိုင်းတို့မျှ ဖြစ်ခဲ၏။ ထိုမှ နောက်ရှိ စိတ်ကြည်သန့်မှု၊ အေးငြိမ်းမှု တို့ကို တောင်းသည်ထက်ပို လိုသည်ထက်အဆများသေး၏။'
    'ဤဖြစ်ပျက်မှု အရေးအခင်းကား ဝါဆိုလပြည့် ကျော် ၁၄ ရက်နေ့နှင့် မတူညီလေ။ ယခင်စိတ်သွက်မှု ကား လှေဆင်းမကျွမ်းကျင်လေသေးသူ၏ လှေဆင်းခါနီး ချီတုံချတုံပမာ နှစ်ကြိမ်၊ သုံးကြိမ်မျှ သွက်လက်လှုပ်ရှား ပေးခဲ့ရချေသေး၏။ ယခု၏ စိတ်သွက်မှုကား လှေဆင်း ကျွမ်းကျင်နေပြီး၏ လှေကို ဆင်းသည့်ပမာ ရွှင်သွက်မှု နှင့် လိုက်ပါမှု မရှေးမနှောင်းသာ ရှိချေဘိ၏။ ယခင်၏ ချုပ်ပြတ်မှုကား ပီပြင်ထင်ရှား အလင်းအားကြီးနှင့်အတူ ရှိပြီး ရုပ်ရှင်ရိုက်ပြရာတို့၌ အနှေးရိုက်နည်းဖြင့် ရိုက်ကူး ပြသည့် မြင်ကွင်းပမာသာ ရှိချေတတ်၏။ ယခု ချုပ်ပြတ်မှုကား မြန်ဆန်ထင်ရှားခြင်းသာ အဓိကရှိပြီး ရုပ်ရှင် ရိုက်ကူးပြသရာတို့၌ အမြန်ရိုက်နည်းဖြင့် ရိုက်ကူးပြသည့် မြင်ကွင်းပမာသာ ရှိချေတတ်၏။
    'ယခင်၏ အေးငြိမ်းမှုကား သုံးစက္ကန့်မှ လေးစက္ကန့်မျှအထိ ကြာညောင်းသွားသည်ထင်ရ၏။ ယခု၏ အအေးဓာတ် မှာမူကား ရေခဲအစက်ကလေးများ သုံး၊ လေးစက်ကျရုံ ပမာဏသာရှိချေတော့၏။ ယခင်၏ စိတ်သန့်ကြည်မှုကား တစ်ထိုင်အတွင်းမှာသာခံပြီး ပြီး သော် အလိုလိုပျောက်ဆုံး သွားချေတော့၏။ ယခု၏ စိတ်သန့်ကြည်မှုမှာမူကား တစ်ထိုင်အတွင်းလည်း မရပ်၊ တစ်နာရီ၊ နှစ်နာရီအတွင်းလည်း မရပ်။'
    'ထို သန့်ကြည်မှုနှင့်အတူ အေးသောအအေး သည်လည်း ယခင်ကထက် အဆသာ၏။ တစ်ကိုယ်လုံး မရဏပီတိခေါ် ဂွမ်းဆီထိပမာသော နှစ်သက်လန်းရွှင်မှု ၏ အအေးကဲ့သို့ အေးချမ်းသာယာလှပါချေ၏။ ထိုနေ့မှစ၍ ငါတို့၏ စိတ်ထားများသည် ပြောင်းပြန် လန်သွားကြတော့၏။' (စာ-၂၅၈)
    သိမ်မွေ့လွန်းတဲ့ ဓမ္မအတွေ့ကို ရေးပြတာဖြစ် တဲ့အတွက် မူရင်းအတိုင်းသာ ကောက်နုတ်တင်ပြပေး လိုက်ပါတယ်။
    'ငါတို့၏ စိတ်ထားများသည် ပြောင်းပြန်လန် သွားကြတော့၏'ဆိုတာက ပုထုဇဉ်တို့ရဲ့ အကန်းစိတ်၊ အမိုက်စိတ်နေရာမှာ သူတော်ကောင်းစိတ် လုံးလုံးဝင် ရောက်လာခြင်းလို့ နားလည်ရပါတယ်။ မဟာစည်မှာ 'တရားရွှေပြား တစ်မတ်သား' ဘယ်ပုံရခဲ့သည်ဆိုတာကို ခြေရာကောက်ကြည့်ခြင်းလည်း ဖြစ်ပါတယ်။ သူတော် ကောင်းတစ်ယောက်ရဲ့ ရှုမြင်ပုံတွေကအစ ပြောင်းလဲ သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
    'မျက်စိလည်သူတစ်ဦး၏ ဘွားခနဲသော မျက်စိအလည်ပြေပုံမျိုးနှင့်တူ၏။ ဘုရားအပေါ်၌ ရှင် တော်ဂေါတမကိုကား မမြင်၊ သဗ္ဗညုတÓဏ်တော်၏ အံ့မခန်းလှစွာသော စွမ်းပကားသက်သက်ကိုသာ မြင်ရ ၏။ တရားတော်အပေါ်၌ ဓမ္မဓာတ်အား၏ အံ့မခန်းလှစွာသော သတ္တိသက်သက်မျှကိုသာ မြင်တွေ့နေရတော့၏။ သံဃာ၏ အပေါ်၌လည်း ဓမ္မဓာတ်သက်၏ အံ့မခန်းလှစွာသော သတ္တိသက်သက်မျှကိုသာ မြင်တွေ့ရ တော့၏။ လယ်တီဆရာတော်ဘုရားကြီး၏ 'အရာရာ ဓမ္မသို့သာ ဦးခေါင်းဆိုက်၏'ဟူသော အယူကို အကြွင်း မဲ့လက်ခံမိ၏။' (စာ-၂၅၉)
    မဟာဗောဓိမြိုင်လောင်းလျာ ယောဂီဦးညိမ်းမောင်ဟာ မိမိရခဲ့တဲ့ 'တရားရွှေပြား တစ်မတ်သား}ကို ဖုံးဖုံးဖိဖိ လုပ်ထားသလောက် ပတ်ဝန်းကျင်မှ ယောဂီ အချို့ကား ...'ကျုပ်က ပထမအကြိမ် ဉာဏ်စဉ်နာရကတည်းက သောတာပန်ဖြစ်ပြီးသား'၊ 'ကျုပ်ကိုကျုပ် ဉာဏ်စဉ်နာရမှ သောတာပန်ဆိုတာ သိရတော့တယ်'၊  'ကျုပ်ကတော့ တရားအစစ်ခံတုန်းကတည်းက သောတာပန်မှန်းသိပြီးသားရယ်' စသည်ဖြင့် သောတာပန်အဖြစ် အောင်ပွဲခံနေတာတွေ ကြုံခဲ့ကြားခဲ့ရပါတယ်။ မဟာဗောဓိမြိုင်လောင်းလျာကတော့ 'အကောင်းဒဏ်နှင့် အဆိုးဒဏ်ခံနိုင်ရုံလောက်တော့ ရောက်ခဲ့တယ်၊ ထင်တာပဲ အဘရဲ့'လို့ အလွန်နှိမ့်ချစွာဖြင့် ကျေးဇူးတော်ရှင် အဘဝိမလကို လျှောက်ထားခဲ့တယ် မဟုတ်ပါလား။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာမျက်နှာ ၂၄၇ မှာ ဖော်ပြထားတဲ့ တရားနဲ့ပတ်သက်တဲ့ မှတ်ချက်စကားကလည်း အလွန်မှတ်သားထိုက်လှပါပေတယ်။

    'တရားသည် သူ့ခန္ဓာ၊ ကိုယ့်ခန္ဓာအတွင်းရှိ သဘာဝဖြစ်စဉ်များကို ဉာဏ်မျက်စိနှစ်လုံး အတွင်းဘက် လှည့်ပေးလျက်က ရှုစေခြင်း၊ ကြည့်စေခြင်း၊ သိစေခြင်း ချည်းဖြစ်သဖြင့် သူ့ရိပ်သာ၊ ငါ့ရိပ်သာ၊ သူ့နည်းကိုယ့်နည်း မည်သည့်နည်းမဟူ အတူတူသာ။ မည်သည့်နည်းဖြစ်ဖြစ် ဘုရားဟောမှ မလွတ်၊ သူ့နည်း ကိုယ့်နည်းဟူ ၍မရှိ၊ ဘုရားဟောကို လွန်ဆန်လျက်က ပြကွက်အသစ် တစ်မျိုးတိုးရန်လည်း မရှိ၊ နုတ်ပယ်စရာလည်း မရှိ၊ ဖြည့် စွက်ဆရာလည်း မရှိ၊ အရှိ အရှိအတိုင်း ပြည့်နည်းမှတစ်ပါး အခြားလမ်းခွဲမရှိပြီ မဟုတ်လော။    ။
မောင်သွေးချွန်

( TREND News ဂျာနယ်အတွဲ(၁)၊အမှတ်(၄၇)တွင်ပါရှိသော ‌ဆောင်းပါးအားတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 443

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42858

© 2022 - 2025 News. All Rights Reserved.