မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ လမ်းမှန်ပေါ်လျှောက် ပန်းတိုင်ရောက်

၂၀၂၅  ဇန်နဝါရီ ၁၂
    သံသရာခရီးသည်တို့ လျှောက်ရမည့် လမ်းနှစ်သွယ်ရှိတယ်။ အဲဒီလမ်းနှစ်သွယ်က လမ်းမှန်နဲ့လမ်းမှားဖြစ်တယ်။ လမ်းမှန်ကို 'သမ္မာမဂ္ဂင်လမ်း'လို့ခေါ်ပြီး လမ်းမှားကို 'မိစ္ဆာမဂ္ဂင်လမ်း'လို့ခေါ်တယ်လို့ ၁၉၉၉ စက်တင်ဘာထုတ် 'သမ္မာသမ္မဝိဘင်္ဂကထာ' ကျမ်းစာအုပ်မှာ မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဖွင့်ဆိုရှင်း လင်းဖော်ပြခဲ့ပါတယ်။ သမ္မာမဂ္ဂင်လမ်းမှာ 'မဂ္ဂင်ရှစ်ပါး'နဲ့ ဖွဲ့စည်းထားတယ်။ 
(၁) သမ္မာဒိဋ္ဌိ-အမြင်မှန်ခြင်း၊
 (၂) သမ္မာသင်္ကပ္ပ-အတွေးအကြံမှန်ခြင်း၊ 
(၃) သမ္မာဝါစာ-အပြောမှန်ခြင်း၊ 
(၄) သမ္မာကမ္ပန္တ-အလုပ်မှန်ခြင်း၊ 
(၅) သမ္မာအာဇီဝ-အသက်မွေးမှန်ခြင်း၊ 
(၆) သမ္မာဝါယမ-ကြိုးစားမှု မှန်ခြင်း၊ 
(၇) သမ္မာသတိ-အမှတ်မှန်ခြင်း၊ 
(၈) သမ္မာသမာဓိ-အတည်မှန်ခြင်း
တို့ ဖြစ်ပါတယ်။
    သမ္မာမဂ္ဂင်ရှစ်ပါးရဲ့ ဆန့်ကျင်ဘက်ကတော့ 'မိစ္ဆာမဂ္ဂင်ရှစ်ပါး'တို့ ဖြစ်ပါတယ်။ မိစ္ဆာဆိုတာ မိုက်မှားခြင်း၊ မိုက်သည် ပိန်းပိတ်အောင် မှောင်ခြင်းကို အဓိပ္ပာယ်ဆောင်ပြီး 'မှား'သည် ထိုအမှောင်ကြား ခရီးသွားရင်း တိုးမိ၊ တိုက်မိခြင်းကို အဓိပ္ပာယ်ဆောင်၏။ သို့ကြောင့် မိုက်မှားခြင်းသည် ဉာဏ်အလင်းရောင် မရသေးသမျှသော သူတို့၏ ဘဝခရီးလမ်း သွားလာရင်းကကာ မမှု လုယက်တိုက်ခိုက်ခြင်းသည် အဓိကဖြစ်၏။ လမ်းဆုံးမရောက်သေးသဖြင့် အထက်ရောက် အောက်ပြန်ကိုလည်း ယူရ၏။ မကောင်း အကောင်းထင်၊ အကောင်းကိုကား မကောင်းလည်း ထင်ပါ၏။'
    'အကြိုက်မိလျှင် ဘာမှမမြင်၊ ကြိုက်ရာလမ်း တွင်မည်သာ၊ အမုန်းမိလျှင် ဘာမှမမြင်၊ မုန်းရာလိုက် လမ်းတွင်မည်သာ။ အမိုက်မိလျှင်လည်း ဘာမှမမြင်၊ ကြိုက်ရာမုန်းရာလိုက် လမ်းတွင်မည်သာ။ ထိုလူစားသုံး မျိုးတို့၏ စိတ်နေသဘောထားများသည် ရမ္မက်၏ ပိတ်ဆို့ခံရခြင်း၊ အမျက်၏ ပိတ်ဆို့ခံ ရခြင်း၊ အမက်၏ ပိတ်ဆို့ခံရခြင်းများကြောင့် ပိန်းပိတ်အောင် မှောင်နေတတ် ချေရကား...'မိစ္ဆာ မဂ္ဂင်လမ်း'ဆိုတာ...
    (၁) မိုက်မှားသော အမြင်သာ အစဉ်အလာရှိတော့၏။ (၂) မိစ္ဆာသင်္ကပ္ပ-မိုက်မှားသော အကြံကိုသာ အဖန်ဖန်ကြံစည်တော့၏။ (၃) မိစ္ဆာဝါစာ မိုက်မှားသော အပြောကိုသာ အကောင်းထင်ပြော တော့၏၊ (၄) မိစ္ဆာ ကမ္မန္တ-မိုက်မှားသော အလုပ်ကိုသာ အဟုတ်ထင်လုပ်တော့၏၊ (၅) မိစ္ဆာအာဇီဝ-မိုက်မှားသော သဘောထားကိုသာ အမြဲဆုပ်ကိုင်ထားတော့၏၊ (၆) မိစ္ဆာဝါယမ- မိုက်မှားရာဘက်သို့သာ တအားတက်စေတော့၏၊ (၇) မိစ္ဆာသတိ-မိုက်မှားရာဘက်သို့သာ အမှတ်ထားတော့၏၊ (၈) မိစ္ဆာသမာဓိ-မိုက်မှားရာဘက်သို့သာ စိတ်တည်နေတော့၏}
    'မိစ္ဆာအင်္ဂါရှစ်ပါး လွှမ်းမိုးနေသူမှာ ပိန်းပိတ်အောင် မှောင်နေရချေကား။ ဘယ်လိုအလင်းရောင်မှ မတိုးပေါက်သာတော့ချေ။ အမှောင်ဖုံးခံဘဝမှာ ကိုယ် ပိုင်ဉာဏ်၊ ကိုယ်ပိုင်ဟန်မရှိ၊ အချိန်ပြည့် သူတစ်ပါးစိတ်နဲ့နေရပြီး သူတစ်ပါးအတွက် အသက်ရှင်နေရသူများသာတည်း။' (သမ္မာသမ္မဝိဘင်္ဂက ထာ၊ စာ-၁၆)
    ဗုဒ္ဓဘုရား သက်တော်ထင်ရှား ရှိစဉ်အခါကပင် သမ္မာဒိဋ္ဌိ မဂ္ဂင်အမြင်မှန်ကို လက်ခံလိုက်နာ ကျင့်သုံးသူတွေ ရှိခဲ့သလို မိစ္ဆာဒိဋ္ဌိအယူမှားနဲ့ သံသရာခရီးသွားနေသူတွေလည်း အများကြီးပါ။ ဘာပဲဖြစ်ဖြစ် အားလုံးနဲ့ သက်ဆိုင်နေတဲ့ သဘာဝတရားကြီးကို သစ္စာလေးပါးအဖြစ် အနှစ်ထုတ်ဖော်ခဲ့ရာ
    (၁) ဒုက္ခ - အမိဝမ်းခေါင်းအောင်းရသော ဆင်းရဲခြင်းမှသည် အိုမင်းရင့်ရော်ခြင်း ဇရာဒုက္ခ၊ မကျန်းမမာ အနာဒုက္ခ၊ မိသားစု စည်းစိမ်များကို စွန့်ခွာရမည့် အသေဒုက္ခသည် ဆင်းရဲခြင်းအမှန်တရား၊
    (၂)ဒုက္ခသမုဒယ - လူ့ဘဝ၊ နတ်၊ ဗြဟ္မာဘဝတို့သို့ ရလို၊ ရောက်လိုသော မျှော်လင့်ချက်မှသည် ဘ၀နှင့် စည်းစိမ်များကို တောင့်တသာယာနေခြင်း၊ တပ်မက်မှုတဏှာသည် ဒုက္ခဖြစ်ရခြင်း၏ အမှန်တရား၊
    (၃) ဒုက္ခနိရောဓ - လျှပ်တစ်ပြက် ချုပ်ပျောက်ခြင်းမှသည် ကိလေသာအဆက်အစပ်များကို တစ်ခါဖျက်လျှင် တစ်ခါရပ်တန့်ခြင်း၊ ကိလေသာအားလုံးတို့ကို အပြီးအပိုင် ဖြတ်နိုင်လျှင် အကြွင်း မဲ့ရပ်တော့ခြင်း၊ ရုပ်နာမ်ချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းခြင်းသည်လည်း အမှန်တရား၊
    (၄) ဒုက္ခနိရောဓမဂ္ဂ - ဆင်းရဲမှုအားလုံးတို့ကို အောင့်ခံ၊ တောင့်ခံရခြင်းမျိုးမဟုတ်ဘဲ ဖြစ်ပေါ်လာသော ခံစားမှုတို့ကို ရှုမှတ်ခြင်း၊ ရှုတ်မှတ်သည့်အတိုင်း ဖြစ်နေပုံ၊ ပျက်သွားပုံများကို ကိုယ်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ရှုသိလျက်က ကျော်လွှားလွန်မြောက်သွားနိုင်ကြောင်း အကျင့်သည်လည်း အမှန်တရား-
    အဲဒီမှာ သမုဒယသည် အကြောင်းခံ၊ ဒုက္ခသည် အကျိုးဆက်တစ်တွဲ၊ မဂ်သည် အကြောင်းခံ၊ နိရောဓသည် အကျိုးဆက် - တစ်တွဲ...ရယ်လို့ ရှိကြရာမှာ မိစ္ဆာမဂ္ဂင်လမ်းဟာ ဒုက္ခ၊ သမုဒယကိုသာ ပိုင်ဆိုင်ကြရပြီး အကြိုက်လမ်းကို လိုက်လျက်က ဒုက္ခလျှင်အဆုံး ပန်းဝင်ကြရ၏'လို့ ဆိုပါတယ်။ (စာ-၂၉)'
    သမ္မာမဂ္ဂင်လမ်းမှာတော့ ဒုက္ခချုပ်ဆုံးရာအထိ ပန်းဝင်တဲ့အတွက် သစ္စာလေးပါးလုံး သမ္မာပိုင်ဖြစ်ပြီး မိစ္ဆာကတော့ ဒုက္ခနှင့်သမုဒယ နှစ်မျိုးသာ ပိုင်ခွင့်ရပါတော့တယ်။ 'သမ္မာဝါဒီ'တစ်ဦးတည် အကြိုက်နောက် မလိုက်တော့တဲ့အတွက် အမုန်းလည်း မတွေ့၊ သုံးရုံသာသုံး၊ ကြိုက်စွဲမုန်းစွဲလုံးလုံး မဝင်သာတော့သော အလယ် (မဇ္ဈိမ)ကြားမှတစ်ဆင့် လွတ်မြောက်ရာသို့သာ တန်းတန်းမတ်မတ် တစ်ကြောင်းတည်းသောလမ်းဖြင့်သာ လိုက်နေခြင်းကြောင့် 'လမ်းဖြောင့်သွားသမား'ဆိုရ၏။
    ကံကုသိုလ်ကြောင့်ဖြစ်သော လူ့ဘဝ၊ နတ် ဘ၀ စသည့်အစ၏ ကောင်းခြင်းကိုလည်း ခံစားခွင့်ရစေသည်။ ဈာန်ကုသိုလ်ကြောင့်ဖြစ်သော ဗြဟ္မာဘ၀စသည့် အလယ်၏ ကောင်းခြင်းကိုလည်း ခံစားခွင့်ရစေသည်။ ဉာဏ်ကုသိုလ်ကြောင့်ဖြစ်သော အရိယာဘ၀စသည့် အဆုံး၏ကောင်းခြင်းကို လည်း ခံစားခွင့်ရစေသည်။
    တစ်ဖန် ရှုမှတ်မှု သတိမှရသော ကိုယ်ကျင့်စင်ကြယ်မှုအစ၏ ကောင်းခြင်းကိုလည်း ခံစားခွင့် ရစေသည်။ စိတ်ကြည်မှု သမာဓိမှရသော စိတ်စင်ကြယ်မှု ကောင်းခြင်းကိုလည်း ခံစားခွင့်ရစေသည်။ အမြင်စင်ကြယ်မှုပညာမှ ရသော အမှန်မြင်မှုအဆုံး၏ ကောင်းခြင်းကို ခံစားခွင့်ရစေသည်။ ထို့ကြောင့် သမ္မာဝါဒီသည် 'လမ်းကောင်းသွားသမား'ဆိုရ၏။ (၎င်းင်းစာ-၃၀)
    သမ္မာဒိဋ္ဌိမှာလည်း အနုအရင့် အဆင့်အတန်း ကွဲပြားနေပါသေးတယ်။
    (၁) တိရစ္ဆာန်တို့ရဲ့ အမူအကျင့်ဖြစ်တဲ့ ကိုယ့်တစ်ကောင်းကို အရယူ၍ သူ့တစ်ကိုယ်ကောင်းကို ဖျက်ဆီးပစ်လေ့ရှိတဲ့ အကျင့်ရိုင်းမှ လမ်းခွဲထွက်လာသော ကိုယ့်တစ်ကိုယ် ကောင်းစားရေးကိုလည်း အရေးယူထား၊ သူ့တစ်ကိုယ် ကောင်းစားရေးကိုလည်း လေးစားသောအားဖြင့် ဒါနဖြင့် ကောင်း ကျိုးကို အကောင်အထည်ဖော်ပြီး သီလဖြင့် ဆိုးကျိုးကို ကာဆီးခြင်းဟာ မိရိုးဖလာအဆင့်မှာပဲ ရှိပါသေးတယ်။
    (၂) အိမ်ထောင်မှုသုခ၊ မိသားစုဘ၀ သာယာရေးမျှော်တွေး လုပ်ဆောင်ခဲ့သမျှ ကံမရှိ၊ ဉာဏ်ရှိ တိုင်းမွဲဆိုတာမျိုးနဲ့ ကြုံရတဲ့အခါ သံတေအမြင် ထင်မြင်လာ တတ်ပါတယ်။ ငါ့သားကြီးမှ၊ ငါ့သမီးကြီးမှ ဆိုပြီး အားခဲထားသမျှလည်း သားက မယားရ၊ သမီးကလင်ယူနဲ့ သူ့လမ်းသူသွားကြပြီဆိုလေမှ ခဲလေသမျှ သဲရေကျဖြစ်ကာ ဓမ္မအသိဝင်လာတတ်ပါတယ်။
    (၃) ဆရာ့ထံနည်း ခံယူပြီး တရားကျင့်လေရာ ကျင့်နည်းမှန်နေသဖြင့် အာရုံမှန်၊ လမ်းမှန်ပေါ်ရောက်ရှိကာ အကျင့်စင်ကြယ်ခြင်း၊ စိတ်စင်ကြယ်ခြင်းတို့ကြောင့် ကိုယ်စိတ်နှစ်ပါး တည်ကြည်ခိုင်ခံ့လာ ပါတယ်။ ဒီအခြေအနေမှာ ရုပ်နာမ်တို့ရဲ့သဘောကို သိရှိကာ ယထာဘူတ အမြင်မှန် အခြေခံသမ္မာဉာဏ်သို့ သက်ဝင်လာပြီ ဖြစ်ပါတယ်။ ဘဝဖြစ်စဉ်ဆိုတာ ရုပ်နဲ့နာမ် အပြန်အလှန် အပေးအယူလုပ်ပြီး အကြောင်းခံ အကျိုးဆက်အားဖြင့် ပြောင်းရွှေ့နေတာပါလားရယ်လို့ အပိုင်သိလာတဲ့အခါ-
    'ဖန်ဆင်းရှင်ဆိုတာ ငါ့စေတနာ ငါ့ကံသာတည်း၊ တန်ခိုးရှင်ဆိုသည်မှာ ငါ့မှာရှိရာ စိတ်တန်ခိုး၊ စိတ်သတ္တိများသာတည်း'(စာ-၃၄)
    ဒီလို ရှုမြင်လာတတ်ပြီး ဆက်လက် ရှုမှတ်တဲ့အခါ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်တို့ရဲ့ လှုပ်ရှား ရွေ့ပျောက်နေသောသဘော၊ အပျက်မှအပျက်သို့ ဆက်နေသော သဘော၊ အဲဒီလို  'သဘောမျှသာ' ကျန်တဲ့အထိ အပိုင်သိ သိလာတဲ့အခါ ဘဝကို ရယူသိမ်းပိုက်လိုစိတ် မရှိတော့ပြီ။ ဝေဒနာပေါ် ကျော် လွန်လိုစိတ် ပြင်းပြလာပြီး ကျော်လျှင် လွန်မြောက်မှန်း ကိုယ့်အစွမ်းအစကိုလည်း သိရပြီ။
    (၄) အမြင်မှန် ရင့်ကျက်လာပြီဆိုတော့ ရုပ်နာမ်ဖြစ်စဉ်တွေကို ရှုမြင်ရာမှာ ရုပ်နာမ်ဖြစ်ပျက်လွတ်ရာသို့ သတိဖြင့် အားကုန်သုံး ကူးမြောက်ပြေးဝင်သွားပုံကို အမှန်မြင်သိရတဲ့အဆင့် ဒီအဆင့်ကို ရောက်ပါမှ 'ငါကောင်းစားရန်အတွက် ကြက်ကိုသတ်၍ ဆွမ်းတော် ကပ်ရန်ပင် အားမထုတ်ပြီ။ ငါ ကောင်းစားရန်အတွက် ဝက်ကိုသတ်၍လည်း မစားတော့ပြီ။ ငါကောင်းစားပြီးရောဖြင့် နွားကိုသတ်၍လည်း ကုသိုလ်မပွားတော့ပြီ။ ငါဟူသော အမြင်မရှိ။ သို့ကြောင့် သူဟူသော အမှတ်အသားလည်း ကင်းစင်၏။ အားလုံး ငါနှင့်မခြား တစ်သားတည်းသာ ရှိတော့ရကား သူ့အသက်သတ်၍ အယူလွဲမှု လည်း မရှိတော့ပြီ။ အားလုံး ငါနှင့်မခြား တစ်သားတည်းသာ ရှိတော့ရကား သူ့အသက်သတ်၍ ကိုယ့်ဘက်အမြတ် ထုတ်ရန်သော်လည်းကောင်း၊ သူ့ဥစ္စာအဖြစ်၊ ကိုယ့်ဥစ္စာအဖြစ် မတရားရယူရန် သော်လည်းကောင်း၊ သူ့မယားကို ကိုယ့်မယားအဖြစ် ထားရန်သော် လည်းကောင်း၊ ကိုယ့်အပြစ်ဖုံး (မုသားသုံး၍) လူလုံးပြရခြင်းကိုလည်းကောင်း၊ မူးယစ်သောက်စား အမေ့သမားဘဝကိုလည်းကောင်း စိတ်ကူးထဲပင် မထည့်တော့ပြီ။
    ထိုသူ၍ မဖြောင့်သောလမ်းဟူလည်း မရှိပြီ။ မကောင်းသောလမ်းဟူ၍လည်း မရှိပြီ။ ဤအဆင့်သည် သမ္မာအယူ၏ ပထမဆုံးသော နောက်ဆုံးအဆင့်တည်း။ (စာ-၃၆)
    တကယ်ဆိုတော့ သမ္မာဒိဋ္ဌိရဲ့ အရင့်ပိုင်းရောက်ဖို့ တော်တော် အားထုတ်ရဦးမှာပါ။ သူပြောသိ၊ ငါပြောသိ၊ သာမန်အသိ ဗဟုသုတ အဆင့်မျှဖြင့်ပင် အယူအမြင် စင်ကြယ်ရေး မလွယ်သေးသည်ကို တွေ့မြင် နိုင်လောက်ပါပြီ။ သမ္မာဝါဒီတို့ရဲ့အဆင့်မှာ မိမိကံ၊ မိမိယုံကြည်ခြင်း၊ အတ္တဒိဋ္ဌိကင်းစင်ခြင်း၊ အတ္တဒိဋ္ဌိအယူလွဲကို အပြီးအပိုင် ပြတ်စဲလိုက်ခြင်းဆိုတဲ့ အကြမ်း၊ အလတ်၊ အနုသုံးခုကို မြင်သာစေခဲ့ပါပြီ။ မိစ္ဆာအယူမှာတော့ ဒီ သုံးချက်နဲ့ ဆန့် ကျင်ဘက်-
    - မိမိကံ ပစ်ပယ်လျက် တစ်ဖက်သို့ပုံပြီး ယုံကြည်ခြင်း၊
    - ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဟူသော အတ္တစွဲ ကြီးခြင်း၊
    - ထိုအတ္တစွဲအတိုင်း အသက်ဆက်ရန် ကြိုးစားခြင်းတို့ကို တွေ့ရပါလိမ့်မယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက 'မိမိစေတနာနှင့်လုပ်ရပ်ကို ဥပေက္ခာပြုပြီး သူ့အပေါ် တာဝန်ပုံချထားခြင်းသည် မှားယွင်းသော အမြင်ပင် ဖြစ်ချေ၏'လို့ ဝေဖန်ညွှန်ပြတော်မူခဲ့ပြီး တပည့်ဒကာ ဝေနေယျအပေါင်းတို့ကို သမ္မာမဂ္ဂင်လမ်းပေါ်သို့ ပို့ဆောင်တော်မူခဲ့ပါတယ်။  မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 232

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42919

© 2022 - 2025 News. All Rights Reserved.