မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ အပ္ပမာဒနှင့် ဒုလ္လဘဂူထဲက တရားတိပ်ခွေ

၂၀၂၅ ဖေဖော်ဝါရီ ၂၂

    ၂၀၁၂ စက်တင်ဘာလမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ 'ဘဝကန္တာရ သင်္ကေတကထာ' ကျမ်းစာအုပ်ကြီးမှာ နတ်တလူတောရကို စွန့်ခွာ၍ ပုံတောင်ပုံညာ တောတောင်များမှာ ခရီးကြမ်းနှင်ခဲ့ရပုံတွေကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ပထမမုံရွာတစ်ဖက်ကမ်း ပုလဲမြို့နယ် ဝါးသုံးရုံ သစ်တောစခန်းမှာ နေ့ချင်းပြီး ဖြစ်ကတတ်ဆန်း ကျောင်းကလေးနဲ့ သီတင်းသုံးရပါတယ်။ နတ်တလူမှာ ပရိသတ်များလွန်းလို့ ထွက်ပြေးလာပါမှ ဝါးသုံးရုံ သစ်တောစခန်းကို ဇွတ်အတင်း လိုက်လာကြတဲ့ ပရိသတ်ကြီးက ပိုများနေပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ သာစည်၊ မိတ္ထီလာ၊ မုံရွာ၊ လွိုင်ကော်၊ မိုင်းပျဉ်း၊ ဇီးကုန်းစသည်ဖြင့် နယ်စုံပယ်စုံက လိုက်လာတဲ့ ပရိသတ်တွေအပြင် ပုလဲဒေသခံတို့ပါ ကြိတ်ကြိတ်တိုး ဖူးကြ၊ လှူဖွယ်ဝတ္ထု အစုစုနဲ့ ပူဇော်ကြနဲ့ ပွဲကြီးလမ်းကြီး ဖြစ်လာလေရော ဆရာတော်ကြီးမှာ ဝမ်းမသာနိုင်ရှာဘဲ စိတ်မကောင်းခြင်း ကြီးစွာပင် ဖြစ်ခဲ့ရရှာတယ်လို့ ဆိုပါတယ်။
    တို့နောက် လိုက်နေလို့ ဘာရမှာလဲ။ တစ်ခုခု ရလိုစိတ်နဲ့ လောဘနဲ့ လိုက်နေသမျှ လောဘရဲ့ လားရာ ပြိတ္တာဘုံကို ဦးတည်နေတော့မှာပေါ့။ တို့ကို ကြည်ညိုရင် တို့လိုကျင့်ပါ။ လူကိုယ်တိုင် လာဖူးတာထက် အကျင့်ချင်းတူရင် လူချင်းတွေ့တော့တာပါပဲ။ အတွေ့တူမှ အတူတွေ့မယ်လို့ မှတ်ပါ။ တို့သွားလေရာ တကောက်ကောက် လိုက်နေတာ တို့ကိုနှောင့်ယှက်ရာ ရောက်ပါတယ်။ တို့ရဲ့ တရားအကျင့်ကို ဖျက်ဆီးရာရောက်လို့ ဓမ္မန္တရာယ်ပင် ဖြစ်သွားတတ်ပါတယ်။ စသည်ဖြင့် ဘယ်လိုပင် သြဝါဒပေးသော်လည်း ပရိသတ်ကြီးကား နားဝေးနေဆဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဆရာတော်ကြီးဟာ ၁၃၆၁ ခု ဝါဆိုလပြည့်နေ့မှာ လယ်ဓမ္မရွာအနီးက သဘာဝလိုဏ်ဂူကြီးတစ်ခုဆီ ပြောင်းရွှေ့သီတင်းသုံး တော်မူခဲ့ ပါတယ်။
    ဒေသခံ သံဃာတော်များကလည်း ဆရာတော်ကြီးကို ကြည်ညိုစိတ်နဲ့ စောင့်ရှောက်ကြပါတယ်။ ၁၃၆၁ ခု ဝါဆိုလပြည့်မှ ၁၃၆၃ တန်ဆောင်မုန်းလပြည့်နေ့အထိ ဘယ်သူမှမလာရ၊ လာခဲ့သော် တစ်ယောက်လာလည်း အားလုံးကို ဖူးမြော်ခွင့် တစ်နှစ်တိတိ အပိတ်ခံရမည်။ ရပ်/ကျေး သံဃာ့ အမိန့်ကို တံဆိပ်တုံးရိုက် မိတ္တူပွားပြီး ရပ်ဝေးက တပည့်သာဝကများဆီ ပေးပို့ခဲ့ပါတယ်။ သို့သော် သုံးနှစ်အတွင်း မလာရ အမိန့်သည် သုံးလပဲခံပါတယ်။ ဝါတွင်းသုံးလအလွန် သီတင်းကျွတ်တာနဲ့ သာစည်နဲ့ ရန်ကုန်က တပည့်ဒကာတွေ လိုက်လာလေရာ ဆရာတော်ကြီးဟာ စည်းကမ်းဖောက်သော တပည့်ဒကာများကို အကြောင်းပြရအောင် မဇ္ဈိမ ဓမ္မမောနိဂူကြီးထဲမှ တိတ်တဆိတ် ထွက်ခွာ၍ မဟာမြိုင်တောကြီးရှိရာ ထွက်ခွာတော်မူခဲ့ပါတယ်။
    လယ်ဓမ္မရွာက ဒေသခံများကား အလွန်ရိုးသားကြပါတယ်။ နောက်တစ်နေ့ ဆရာတော်ကြီး ဆွမ်းခံမကြွတော့ နေများမကောင်းလို့လားဆိုပြီး ဂူထဲကို ဝင်ကြည့်ကြပါတယ်။ ဂူကြီးထဲရောက်ကာမှ ရွာက ဒကာ၊ ဒကာမတွေ ရင်ကွဲနာကျရပါတော့တယ်။ ဆရာတော်ကြီး ထွက်ခွာသွားပေပြီ။ အသံဖမ်း ကက်ဆက်ကလေးနဲ့တိပ် ခွေတစ်ခုတော့ ထားရစ်ခဲ့ပါတယ်။ ဖွင့်ကြည့်လိုက်တော့ ဆရာတော်ကြီးရဲ့ အမှာစကား သြဝါဒများဖြစ်နေပါတယ်။ ဒေသခံ ကျောင်းဆရာတစ်ယောက်က အဲဒီတိပ်ခွေကို မိတ္တူ ပွားပြီး ကျွန်တော့်ဆီ လူကြုံနဲ့ ပေးပို့ခဲ့ပါတယ်။ ကျွန်တော်လည်း ချက်ချင်းပင် နားထောင်ကြည့်ရာ မှတ် သားနာယူဖွယ် တရားစကားတွေ ဖြစ်နေတာတွေ့ရပါတယ်။ ယခု နှစ်ပေါင်း ၂၀ ကျော်အကြာမှာ နောက်တစ်ကြိမ် ပြန်နားထောင်ပြီး ဆရာတော်ကြီးရဲ့ မိန့်မှာချက်များကို စာပေအသွင်ဖြင့် မှတ်တမ်းတင်ပူဇော်လိုက် ရပါကြောင်း ...။

အပ္ပမာဒ နှုတ်ဆက်တရား
    ဘုရားသာသနာမှာ ထင်ရှားတဲ့ 'အပ္ပမာဒသုံးမျိုး' ရှိပါတယ်။
    'ဝရဓမ္မသင်္ခါရ'လို့ခေါ်တဲ့ သင်္ခါရတို့ရဲ့ အပျက်သဘော မြင်နိုင်တယ်ဆိုတာ လူ့ဘဝရောက်တုန်း သာသနာနဲ့ ကြုံတုန်းသာ ဖြစ်နိုင်တာ။ ဒါကြောင့် ဒုလ္လဘ...၊ တွေ့ဆုံကြုံခဲတဲ့ အခွင့်အရေးကြီးတစ်ခု၊ ပြီးတော့ 'သရဏဂုံ အပ္ပမာဒ'၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအပေါ် ယုံဖို့၊ ယုံသလို ပုံဖို့ဆိုတာလည်း လူ့ဘဝနဲ့ သာသနာကြုံတုန်းမှာသာ ဖြစ်နိုင်ပါတယ်။ ရတနာသုံးပါးဆိုတာ ခေတ်တိုင်း၊ ကမ္ဘာတိုင်းမှာ မပွင့်ပေါ်ဘူး။ အလွန် ရှားပါးတဲ့ ရတနာဖြစ်လို့ သရဏဂုံ အပ္ပမာဒ သည်လည်း ဒုလ္လဘ။ တစ်ခါ ဗုဒ္ဓပ္ပါဒ မနုဿတ္တဒုလ’ဘလည်း ရှိပါလိမ့်ဦးမယ်။ ဒုလ္လဘတရားဆိုတာ ရှားပါးပစ္စည်း၊ ရှားပါး အခွင့်အရေး မယူလိုက်၊ မရလိုက်ဘဲ အလကားနေရင်း အချိန်ကုန်သွားမှာစိုးလို့ ဘုရားရှင် သတိပေးတော်မူခဲ့တာ။
    ဘုရားပွင့်တဲ့အခါတော် သာသနာတော်တည် နေတဲ့အချိန်ဆိုတာလည်း ကြုံခဲပါဘိခြင်း ဘုရားပွင့်ချိန် (ဝါ) သာသနာထွန်းချိန် လူဖြစ်ခွင့်ရတယ် ဆိုတာလည်း မဟာအခွင့်အရေး၊ ဒီလို ဘုရားပွင့်ချိန်၊ သာသနာပွင့်ချိန်မှာ သာသနာယုံဖို့ဆိုတာ သဒ္ဓါတရားကလည်း ထက် ထက်သန်သန် ဖြစ်ပေါ်ပါဦးမှ၊ ဒါကြောင့် ဒုလ္လဘငါးပါးထဲမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်လည်း အရေးကြီးတယ်။ ဒီလိုယုံကြည်ချက် ပြင်းရင် ပြင်းသလောက် အာရုံငါးပါး ကျက်စားရာ ကာမတောက အလွတ်ရုန်းထွက်နိုင်တဲ့ ပဗ္ဗဇိတ ရှင်အဖြစ် ရဟန်းအဖြစ် ဆိုတာလည်း အင်မတန်ရခဲတဲ့ အခွင့်အရေးကြီးတစ်ခု ...။ သဒ္ဓမ္မဇဝနလို့ ခေါ်တဲ့ သူတော်ကောင်းတရား နာကြားရဖို့ဆိုတာလည်း အလွန့်အလွန် အရေးကြီးတဲ့အတွက် ရိုးရိုး ဒုလ္လဘတောင် မဟုတ်တော့ဘဲ အတိဒုလ’ဘလို့ ဆိုရပါတယ်။
    ဒုလ္လဘငါးပါးသည် မမေ့အပ်သော အပ္ပမာဒ၊ ဒီတော့ အပ္ပမာဒသုံးမျိုးကို ပြန်ကြည့်ရင် ဝယဓမ္မသင်္ခါရမှာ အပျက်ကိုမြင်နိုင်တဲ့ ပုဂ္ဂိုလ်ဘယ်သူရှိသလဲ။ အတွင်းရဲ့ သဘောသဘာဝကို မမြင်သမျှ အပျက်ကို မမြင်နိုင်၊ အဖြစ်ကို မမြင်ရင်လည်း အပျက်ကို မမြင်နိုင်၊ ဒီလိုမြင် ဖို့ ဘာအရေးကြီးသလဲ၊ သရဏဂုံဆိုတဲ့ ဘုရား၊ တရား၊ သံဃာ ဒီသရဏဂုံ သုံးပါးသာလျှင် ဝယဓမ္မကို သိနိုင်တယ်။ အပြင်ကြည့်ကို 'ပ'လပ်၍ အတွင်းကြည့်ကို နှိုက်ပြီး သိနိုင်တဲ့အသိ၊ ကြည့်နိုင်တဲ့ အကြည့်တွေ ဒီသာသ နာတော်မှာသာရှိတယ်။
    ဝယဓမ္မလို့ခေါ်တဲ့ ကိုယ့်ကိုယ်တွင်းရဲ့ ကိုယ့်အဖြစ်နဲ့ ကိုယ့်အပျက်၊ ပြုပြင်သမျှ သင်္ခါရမှန်သမျှ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ်၊ ဘယ်ဘုံမှာနေနေ၊ ဘာဖြစ်ဖြစ် ကံနဲ့ ပြုပြင်ထားတာမှန်သမျှ ကံသတ္တိ၊ စိတ်နဲ့ ပြုပြင်ထားတာမှန်သမျှ စိတ်သတ္တိ၊ ဥတုအာဟာရတို့နဲ့ ပြုပြင်ထား တာမှန်သမျှ ဥတုအာဟာရတို့ရဲ့ သတ္တိက ပြန်ပြီးဖျက်ဆီးတဲ့အတွက် ဒီကံတွေ၊ စိတ်တွေ၊ ဥတုအာဟာရတွေ ပြုစဉ်ကာလတုန်းက အဲဒီမှာ အပျက်လက်နက်က ပါသွားပြီးသား၊ ဖြစ်တာမှန်သမျှ အပျက်ကိုသွားရမယ်၊ ဖြစ်ပြီးပျက် နေပါတယ်ဆိုတဲ့ ဝယဓမ္မ သင်္ခါရကို အတွင်းကျကျ မသိရင် ရသင့်ရထိုက်တဲ့ ဒုလ’ဘငါးပါးလို့ခေါ်တဲ့ အခွင့် အရေးငါးမျိုးကို ယူနိုင်ပါဦးမလား၊ ဝယဓမ္မဖြစ်ပျက် သဘောမသိရင် တန်ဖိုးကြီးတဲ့ သရဏဂုံ အပ္ပမာဒလည်း မရနိုင်တော့ဘူး။ ဝယဓမ္မသင်္ခါရဆိုတဲ့ အပျက်ကို မြင်ဖို့လည်း အင်မတိအင်မတန် အရေးအကြီးဆုံးလို့ မှတ်ခဲ့ကြပါ။
    တို့ဒကာ ဒကာမများ တို့နောက်လိုက်များကို ဒီတရားနဲ့ နောက်ဆုံးအနေနဲ့ ဘာကြောင့် နှုတ်ဆက်ခဲ့ ရပါသလဲဆိုရင် လူ့ဘဝနဲ့ သာသနာ ကြုံတုန်း ရသင့်ရထိုက်တဲ့ ဒီအခွင့်အရေးတွေကို မရဘဲနဲ့ အလကားနေရင်း ကုန်ဆုံးသွားမှာ စိုးလို့၊ ဒီနေရာမှာ ဝယဓမ္မ အပ္ပမာဒနဲ့ လူ့ဘ၀ ဒုလ္ဘဘအပ္ပမာဒကို အထူးသိတဲ့ရှေးက သူတော်ကောင်းကြီးတွေ အရယူသွားကြပုံကို အတုခိုးကြစေချင်တယ်။

အတ္တသမားများအတွက်
    ကဿပဘုရားရှင် ရွှေလက်ထက်တော်က ကဿပဘုရားရှင်တော်သည် လူတို့ရဲ့အသက်တမ်း သုံးသောင်းတမ်းမှာ ပွင့်တော်မူတယ်၊ လူတွေအနေနဲ့ သက်တမ်းရှည် ကာလဆိုတော့ ဒုက္ခကို မြင်နိုင်ခဲတယ်။ ဒုက္ခမြင်တာ နည်းတဲ့အတွက် သာသနာတော်သည် တစ်ဆက်၊ နှစ်ဆက်လောက်ပဲ ရှည်တယ်။ တစ်ဆက်၊ နှစ်ဆက်ဆိုတာ ဘုရားရှင်တော်ရယ်၊ ဘုရားရှင်နဲ့ အတူနေ သာဝက၊ အဲဒီသာ ဝကတွေရဲ့ ဒုတိယသာဝက ... ဒီလောက်ပဲ။ ဒါပြီးရင် သာသနာကွယ်ပြီ၊ ဘာလို့လဲ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက အိပ်ပျော်မြဲ အိပ်ပျော်သွားလို့၊ သက်တမ်းရှည်ဆိုတော့ ဒုက္ခလက္ခဏာ မထင်ရှားဘူး၊ သာသနာကို အားကိုးရကောင်းမှန်း မသိဘူး။
    ဘယ်သာသနာဖြစ်ဖြစ် သာသနာ့နောက်ပိုင်းဟာ ကစဉ့်ကလျားပါပဲ။ အတ္တကို ဖက်တွယ်ထားတဲ့ ဝေနေယျများဟာ ဘယ်လောက်ပဲ ဟောနေဟောနေ၊ အနတ္တကို မမြင်၊ အတ္တကို ခင်မြဲခင်ပါလိမ့်မယ်။ ဒါ့ကြောင့် လူ့လောကမှာ ရုပ်သည်(အိုခြင်း၊ နာခြင်းဖြင့်) အနတ္တသဘော ဆောင်သော်လည်းပဲ စိတ်သည် အတ္တကိုပဲ ဆောင်နေပါတယ်။ ရုပ်ကြီးကတော့ အေးစရာရှိ ခိုက်ခိုက်တုန်အောင်အေးပြီး ဖောက်ပြန်ပြမှာပဲ။ ရုပ်ကို အစိုးမရပါဘူး။ ဥတုရဲ့ တိုက်ခိုက်မှုအတိုင်း ခံနေရပါတယ်နဲ့ အနတ္တသဘာ၀ ပြောသော်လည်းပဲ ဒါ ငါ့ကိုယ်လို့ ယူဆထားတဲ့စိတ်မှာ ဒိဋ္ဌိကိန်းနေသည်။ စိတ်မှာ ကိလေသာ ကိန်းနေသည်။ အဲဒီ ဒိဋ္ဌိကိန်း၊ ကိလေသာကိန်း အလွန်ထူပြောများပြားလှတဲ့ ပုထုဇဉ်အန္ဓတွေ၊ ဗာလတွေ အားလုံးတို့မှာတော့ ငါ့ကိုယ်ကြီး အေးနေပြီကွ၊ နွေးအောင် လုပ်မယ်ဆိုပြီး စိတ်က အတ္တဘက်မှာ -
    တို့ဟောဟော၊ မဟောဟော သဘာဝတရားက ဟောပြောနေတာ၊ မသိချင်ယောင်ဆောင်နေတာသာ ရှိမှာပါ။ အဲဒီလောက်ထိ အတ္တကြီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ရုပ်ကြီးက ရုပ်လို သူ့သဘာဝအတိုင်း ဖောက်ပြန်နေပါတယ်။ သို့သော် စိတ်က ငါ့ကိုယ်၊ ငါ့ဟာ၊ င့ါဥစ္စာနဲ့ ပပဉ္စထဲမှာ ရစ်ဝဲနေတဲ့စိတ်၊ ကိလေ သာနဲ့ ပျော်မြူးနေတဲ့စိတ်၊ ဒီတော့ စိတ်သည် စိတ္တေန နိယျာတိလောကောဆိုတဲ့အတိုင်း စိတ်ကပဲ ရုပ်ကိုဖန်ဆင်း၊ ဒါကိုပဲ သတ္တလောကလို့ ဆိုပါတယ်။ ပြီးတော့ စိတ်ကပဲ လောကကြီးကို ဆွဲဆောင်တယ်။ အခုလည်းပဲ ဒီရုပ်ကြီးကို မသေမချင်းဆွဲဆောင်ပြီး နွားကို ခိုင်းစားသလို ခိုင်းစားနေပါတယ်။ တစ်ခါ ... ရှိရှိသမျှ အရာဝတ္ထုအားလုံး စိတ်ရဲ့အလိုကို လိုက်နေကြရတယ်။
    ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရိယာကြီးတွေရဲ့ စိတ်ကိုပြောတာ မဟုတ်။ အန္ဓဗာလ အကန်းအမိုက်တွေရဲ့ စိတ်ကိုပြောတာ။ အဲဒီစိတ်က ဘယ်စိတ်တုန်း၊ အတ္တဒိဋ္ဌိဆိုတဲ့ ငါ့ကိုယ်၊ င့ါဟာ၊ င့ါဥစ္စာ ဒိဋ္ဌိများနဲ့ ယှဉ်တဲ့စိတ်၊ သက္ကာယဒိဋ္ဌိစိတ် အဲဒီ ဒိဋ္ဌိယှဉ်တဲ့စိတ်က ဒီရုပ်ကို ခိုင်းစားနေတဲ့အတွက် စိတ်ကိုပဲ အဆိုးထားပြီး တရားခံနံပါတ်တစ် နေရာကထားပြီး ဟောနေခြင်းဖြစ်တယ်။ ဒီလိုအတ္တ ကြီးနေတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားရှင်နဲ့ ဝေးလေလေ သွေးအေးလေလေနဲ့ ကြောက်ရလန့်ရမှန်း မသိ၊ အကန်းကို ပန်းချီရေးပြသကဲ့သို့ လက်ထောက် ပြလည်းမသိ၊ ပြောလည်းမသိ၊ အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားသာသနာနဲ့ ဝေးတဲ့ကာလ ဒုံရင်းဒုံရင်းအတိုင်း ရဟန်းဖြစ်သော်မှ ရဟန်းအလုပ် မလုပ်တော့ပါဘူး။ ရဟန်းက လူစိတ်ပေါက် ဖောက်ပြန်နေပြီး လူက ဘီလူး စိတ်ပေါက်တဲ့အထိ အတ္တ ကြီးကုန်ကြ ပါပြီ။

လူ့ဘဝနှင့်သာသနာ
    ဒီလိုအခြေအနေမျိုးမှာ ကဿပဘုရားရှင် လက်ထက်က ရဟန်းတော် ခုနစ်ပါး ဘယ်ပုံကြိုးစား အားထုတ်သွားတယ်ဆိုတာ ကြည့်ကြရအောင်။ သာသနာ့ နှောင်းကာလဆိုတော့ သံဃာတွေဘက်ကလည်း သံဃာအကျင့်မရှိတော့ဘူး။ ဒကာတွေဘက်ကလည်း သဒ္ဓါက ပါးပြီး တဏှာပွားနေတော့ ပညာကပါးရှားနေပြီ။ သံဃာကို မြင်ရမယ့်အစား ပုဂ္ဂိုလ်ခင် ဖြစ်ကုန်ကြပြီ။ တံငါ ငါးမျှားသလို၊ မုဆိုး ပိုက်ထောင်သလို ဟိုဖြင့် ရနိုးနိုး၊ ဒီဖြင့် ရနိုးနိုးနဲ့ တဏှာနဲ့ လိုက်နေကြတာ။ အကန်းယုံတွေသာ ပုံနေပြီး အကောင်းယုံ မရှိတော့ဘူး။
    ဒီတိုင်းနေလို့ကတော့ ရေစုန်မျောကြမယ်။ သာသနာရဲ့ နှောင်းပိုင်းကာလ ရောက်လာပြီ။ နေဝင်ခါနီး စပါးလှမ်းရတဲ့ အဖြစ်မျိုး တို့ကြုံနေရပြီ။ ဒါကြောင့် လက်မတင် အချိန်ကလေးကို အားထုတ်ကြစို့။ ဘီလူးစီး၊ သရဲစီးသလို လောဘကြီး၊ ဒေါသကြီး စီးပွားရှာ အာရုံခံစားနေတဲ့ လူတွေ အနားမှာ အားထုတ်ရင်တော့တို့ အားထုတ်လေလေ ဓမ္မဓာတ်အားကို မခံနိုင်တဲ့အတွက် ကိလေသာတွေ ထကြွလေလေ တို့ဆီလာပြီး ချစ်ညှဉ်း ညှဉ်းလေ ဖြစ်တော့မယ်။ ပြီးတော့ တို့ရဟန်းလောကမှာလည်း အကျင့်မတူ၊ အမြင်ချင်းမတူလို့ရှိရင် တို့ကိုတစ်မျိုး မြင်နိုင်တယ်။ ဒါ့ကြောင့် ဝေးရာ၊ ကွယ်ရာ သွားပြီး အားထုတ်ကြစို့ရဲ့။
    အဲဒီလို ရဟန်းတော် ခုနစ်ပါးတိုင်ပင်ညီညွတ်ပြီး မထေရ်ကြီးက ရှေ့ဆုံးက ...၊ မထေရ်အငယ် ဆုံးလေးက နောက်ဆုံးက ကြွသွားကြတယ်။ လူသူအပူ ကင်းဝေးရာ တောခေါင်ခေါင် တောင်မြင့်မြင့် တစ်နေရာကို ရောက်လာကြတော့ ဒီတောင်ကြီး ဘယ်လောက်မြင့် မတ်သလဲဆိုရင် ကြိုးနဲ့တွယ်ပြီး တက်ရတဲ့အထိ မြင့်မတ်တယ်။ ဘယ်သူဘယ်ဝါမှ ရောက်မလာနိုင်တဲ့ တောင်ထိပ်ပိုင်းနေရာကို ရွေးချယ်လိုက်ကြတယ်။ တောင်ထိပ် ရောက်တော့ နွယ်ကြိုးကြီးတွေကို ဖြတ်ချပြီး နောက်ကြောင်း ရှင်းလိုက်ကြတယ်။ တောင်ထိပ်ပေါ်မှာ ရဟန်းခုနစ်ပါး ကြိုးစားအားထုတ်လိုက်ကြရာ အကြီးဆုံးရဟန်း တော်ကြီးဟာ ရောက်ခါစ ပထမညမှာပဲ အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွား ပါတယ်။ အဲဒီမှာ ရဟန္တာအရှင်မြတ်ကြီးက ကျန်တဲ့မထေရ် ခြောက်ပါး ကျင့်နိုင်အောင် ငါဆွမ်းခံပြီး ကျွေးမယ် သဲသဲမဲမဲ အားထုတ်နေတဲ့ ရဟန်းတွေကို 'ငါ့ရှင်တို့' အစာမစားဘဲ အားထုတ်နေရင် သင်တို့လိုချင်တဲ့ တရားမရ နိုင်၊ သင်တို့သွားချင်တဲ့ ခရီးမဆုံးဘဲ ရှိလိမ့်မယ်'လို့ ညွှန်ပြတော့ ကျန်တဲ့ ရဟန်းတွေက ...
    အရှင်ဘုရားရဲ့ ဘုန်းကံကြောင့် ရတဲ့ဆွမ်းကို တပည့်တော်တို့ မစားပါရစေနဲ့၊ တပည့်တော်တို့ ဘုန်းကံနဲ့ရတဲ့ ဆွမ်းကိုပဲ စားပါရစေလို့ လျှောက်ထားပြီး ဆက်အားထုတ်ကြတယ်။ အဲဒီမှာ ဒုတိယသံဃာ အနာဂါမ် ဖြစ်တော်မူတယ်။ ကျန်သံဃာများ အစာမစားဘဲ ပြင်းပြင်းထန်ထန် အားထုတ်ကြလေတော့ ပျံလွန်တော် မူကုန်တယ်။ အနာဂါမ်ရဟန်းကြီး ဗြဟ္မာ့ဘုံရောက်ပေမယ့် ပျံလွန်သွားတဲ့ ငါးပါးကတော့ နတ်ပြည်၊ လူ့ပြည် ခုန်ဆင်းရင်း ဂေါတမဗုဒ္ဓဘုရား ပွင့်တော်မူလာချိန်မှာ အဲဒီ ငါးပါးသည် ပဉ္စဝဂ္ဂီငါးပါး ဖြစ်လာတယ်။ ကဿပဘုရားရှင်ရဲ့ သာသနာနှောင်းပိုင်းမှာ အသေခံပြီး ကျင့်ခဲ့လို့ ဂေါတမဘုရားလက်ထက်မှာ ဧတဒဂ်ရ ရဟန္တာများ ဖြစ်လာကြတယ်။ ဒီနေရာမှာ ပြောလိုတာက အဲဒီအရှင် မြတ်ကြီးများသည် ရသင့်ရထိုက်တဲ့ ဒုလ္လဘတွေရပြီး အပ္ပမာဒသုံးပါး အကုန်သုံးစားပြီး နိဗ္ဗာန်စံဝင်သွားကြပြီ ဆိုတာပါပဲ။
    သူတို့ ကြိုးစားသလို ကြိုးစားကြပါ။ ငါတို့ နောက်လိုက်ပြီး ငါတို့ကျင့်သလို မကျင့်ရင် ငါတို့ရဲ့ သာဝကအစစ်မဖြစ်၊ ဒကာအစစ်မဖြစ်၊ အတွင်းနေပုဂ္ဂိုလ်မဖြစ်၊ တို့နဲ့တွေ့ရကျိုးလည်းမနပ်ဘဲ အလကား ငွေကုန်သံပြာဖြစ်ကြလိမ့်မယ်။ အဲဒီလို မဖြစ်ကြရအောင် ကဿပဘုရားရှင်လက် ထက်တော်က ရဟန်းခုနစ်ပါးကဲ့သို့ စွန့်လွှတ်စွန့်စား ကြိုးစားကျင့်ကြံကြဖို့ နောက်ဆုံးအနေနဲ့ သတိပေးခဲ့ချင်ပါတယ်။ တစ်ခုခု ရနိုးနိုးနဲ့ တို့နောက်လိုက်နေလို့ သတိပေးတာလည်းပါတယ်။ တို့အကျင့်ကို မခင်ဘဲနဲ့ ပုဂ္ဂိုလ် ရေးခင်ပြီး လိုက်နေတဲ့အတွက် သတိပေး တာလည်းပါတယ်။ တို့သတိပေးနေတာ နားမှာ သံမှို နှက်သကဲ့သို့ တလေးတစား နာကြားပြီး တို့ကိုမျှော်နေမယ့်အစား၊ ကပ်နေမယ့်အစား၊ လိုက်နေမယ့်အစား တို့ဟောထားတဲ့၊ တို့ရေးထားတဲ့၊ လမ်းညွှန်ထားတဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ရိုရိုသေသေနဲ့ လိုက်နာ ကြိုးစားကြဖို့ ဒီကနေ သတိပေးခဲ့ပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 46

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37184

© 2022 - 2025 News. All Rights Reserved.