မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ကာမဂုဏ်ဘုံစာနှင့် လူ့ဘဝရဲ့ ဓမ္မအရသာ

 ၂၀၂၄ ဒီဇင်ဘာ ၂၂

    ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ကန့်ဘလူမြို့နယ်ထဲက မင်းကုန်းရွာမှာ 'ရွှေချက်သို တံခွန်တိုင် စေတီတော်ကြီး'ကို ၁၉၉၉ ခုနှစ်က အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့ပါတယ်။ ရွှေချက်သို တံခွန်တိုင်စေတီကို ဆရာတော်ကြီးကိုယ်တိုင်ဦးဆောင်တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဓာတ်တော်များနဲ့အတူ ဆရာတော်ဘုရားကြီးရဲ့ ဆံတော်၊ ပရိက္ခရာများ၊ ဆရာတော် ကြီးပြုစုခဲ့တဲ့ ကျမ်းစာအုပ်များကို ဌာပနာသွင်း ပူဇော်ခဲ့ခြင်းဟာ အလွန်ပဲ ထူးခြားပါတယ်။ ရွှေချက်သို တံခွန်တိုင် စေတီတော်ဟာ ဆရာတော်ဘုရားကြီးရဲ့ ဓမ္မဂုဏ်ရည် အဆင့်အတန်းကို ဖော်ပြနေသလို ရှိပါတော့တယ်။ တံခွန်တိုင်စေတီ တည်ထားပုံကို ၂၀၁၂ စက်တင်ဘာလထုတ် 'ဘဝကန္တာရသင်္ကေတကထာ' ကျမ်းစာအုပ်ကြီးမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ရေးသားဖော်ပြထားပါတယ်။
    တံခွန်တိုင်စေတီတော်ကို အောက်ခြေစတုရန်းပုံ အုတ်ခုံပေါ်မှာ တည်ထားတာ ဖြစ်ပါတယ်။ အုတ်ခုံရဲ့ လေးမျက်နှာမှာ ကျောက်စာလေးချပ်ဖြင့် မော်ကွန်းရေး ထိုးထားတာ တွေ့မြင်နိုင်ပါတယ်။ ကျောက်စာတစ်ချပ်မှာ 'ဘဝချက်မြှုပ်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်ဘုရားကြီးရဲ့ ဘဝနိဒါန်း၊ ဘဝဥဒါန်းကို ဖော်ပြထားပါတယ်။ အခြားကျောက်စာသုံးချပ်မှာ 'လူ့တာဝန်'၊ 'လူ့အခွင့်အရေး'နဲ့ 'လူ့အစားအစာ'တို့ဖြစ်ပြီး ဓမ္မအနှစ်သာရများဖြင့် တန်ဆာဆင်ထားပါတယ်။ အဲဒီ ကျောက်စာသုံးချပ်ထဲက 'လူ့အစားအစာ'ကို ထပ်မံဖော်ပြလိုပါတယ်။
    'ကာမဂုဏ်ခံစားရာမှရသော အရသာသည်ကား ...အထက်၊ အောက်ပုထုဇဉ် အမျာအပြားပင် ရယူခံစားနိုင်ခြင်းကြောင့် 'ဘုံစာ'ဟူ၍ ဆိုရချေမည်။ ဓမ္မဂုဏ်အာရုံ ခံစားရာမှ ပေါ်ထွက်လာသော အရသာကား လူ့ဘဝရောက် လူသားလောက်သာ ခံစားခွင့်သာသောကြောင့် လူစာသက်သက်ဟူ၍ ပင် ဆိုရချေမည်။ ထိုသို့ အရသာနှစ်မျိုး တန်ခိုးပြရာတွင် -
    (က) ကာမဂုဏ်အရာ ဘုံစာသည် သူတစ်ပါးနှင့်ဖက် အဖျက်ခံနေရခြင်းကြောင့် ကြိုးစားဆဲ၊ ခံစားဆဲ၊ ခံစားပြီးသည်အထိ ဒုက္ခမကင်း၊ ကြွေးမကင်း။
    (ခ) ဓမ္မဂုဏ်အရာ လူစာသည်ကား မိမိတစ်ဦး ထီးတည်း မတို့မထိ အကြည့်သက်သက်မျှဖြစ်ခြင်းကြောင့် (၁)ကြိုးစားဆဲ၏ မရမီကာလ၌လည်း ဒုက္ခကင်းရှင်း၊ ကြွေးကင်းရှင်း၏။ (၂) ရပြီးခံစားဆဲ ကာလ၌လည်း ဒုက္ခကင်းရှင်း ကြွေးကင်းရှင်း၏။ (၃) ခံစားပြီးကာလ၌လည်း ပို၍ပင် ဒုက္ခကင်းရှင်း၊ ကြွေးကင်းရှင်း၏။
    အို ...ကာမဘုံဖွား လူအများတို့ ...
    သင်တို့သည် ကြီးပွားရာချမ်းသာရာကို ရယူလိုကြသည်ဆို၏။ တကယ်လျှင် ကြီးပွားလို ချမ်းသာလို ကြပါ၏လော။ အကယ်တိတိ ကြီးပွားခြင်း၊ ချမ်းသာခြင်းကို လက်ငင်းလိုလားကြပါလျှင် လူ့ဘဝရောက်သခိုက်၊ လူစာကို လူလိုစားပြီးမှသာ ပြန်ကြပါလေ။ လူ့ဘ၀ ရောက်သခိုက် ဘုံစာသာ စားပြီးပြန်က အပြန်လှမည် မဟုတ်တော့ချေ။} (၂၀၁၂ ဖေဖော်ဝါရီထုတ် တံခွန်ထူ နတ်လူသိစေသား၊ စာ-၂၂)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ...ရခဲလှတဲ့ လူ့ဘဝကို တန်ဖိုးထားစေချင်လွန်းလို့ 'ဘုံစာ'နှင့် 'လူစာ'ကို ခွဲခြားညွှန်ပြခဲ့ရတာ ဖြစ်ပါတယ်။ ကာမဂုဏ် မခံစားရမှာ မပူပါနဲ့ဗျာ။ ခွေးဖြစ်လည်း ခံစားရပါတယ်၊ ဝက်ဖြစ်လည်း ခံစားရပါတယ်။ ဓမ္မအရသာကတော့ လူဖြစ်မှ ခံစားခွင့်ရတာဗျ။ လူဖြစ်တုန်းလေး လူစိတ်မွေးပြီး လူရေးလှအောင် ဓမ္မကိုဆောင်နိုင်ကြဖို့ လိုတယ်ဗျ' လို့ သြဝါဒပေးလေ့ ရှိပါတယ်။
    ဒီနေ့ ဆုတ်ခေတ်ကာလမှာ 'လူ့သက်တမ်း ဆုတ်ယုတ်ခြင်း'ဟာလည်း ဘေးဆိုး၊ အန္တရာယ်ဆိုးကြီး တစ်ခုလို ကြောက်စရာကောင်းလှပါတယ်။ သက်တမ်း ဆုတ်ယုတ်ပုံမှာ နှစ်ပေါင်းတစ်ရာလျှင် တစ်နှစ်ဆုတ်ယုတ် လျော့ပါးသွားခြင်းပဲ ဖြစ်ပါတယ်။ ဒီကနေ့ သာသနာ ၂၅၀၀ ကျော်လာချိန်မှာ လူ့သက်တမ်း ၇၅ နှစ်သာ ကျန်ပါတော့တယ်။ ၇၅ နှစ်ဆိုတဲ့ လူ့သက်တမ်းစေ့ နေသွားဖို့ဆိုတာ လုံး၀မသေချာ။
    လူ့သက်တမ်း ၇၅ နှစ်ကို သုံးပုံပုံလျှင် တစ်ပုံလျှင် ၂၅ နှစ်စီ ရပါလိမ့်မယ်။ ပထမ ၂၅ နှစ် ကာလဟာ မိဘရဲ့ အရိပ်အာဝါသမှာ ခိုလှုံရင်း ထမင်းစားလက်မှတ် တစ်ခုရဖို့ ပညာသင်နေရတာနဲ့ အချိန် ကုန်လွန်သွားရပါတယ်။ ဒုတိယ ၂၅ နှစ်ဆီ ကူးဝင်ပြန်တော့ အိုးအိမ်ထူထောင်လို့ လင်ယူမယားရ၊ သားကိစ္စ၊ သမီးကိစ္စတွေနဲ့ အားကောင်းမောင်းသန် ရုန်းကန်ကြရပါတယ်။ အသက် ၅၀ အထိကတော့ ကာယအား၊ ဉာဏအား အကောင်းဆုံးအချိန်ပေကိုး။ အသက် ၆၀ လည်းရောက်ကရော သွေးအားက ဆုတ်လာပြီ။ သွေးအားဆုတ်ရင် ရှိတဲ့အား အကုန်ဆုတ်သွားတတ်တယ်လို့ ဆိုပါတယ်။ စိတ်မှာရှိတဲ့ အစွဲအားကလွဲလို့ ကိုယ်မှာရှိတဲ့အား အကုန်ဆုတ် သွားပါတယ်။ ဒီလိုအားဆုတ်လာပြီဆိုတော့ အသက် ၆၀ ရဲ့ ဟိုဘက်ကာလဆိုတာ သားသမီးတွေရဲ့ လက်ထဲ အမှီခိုဘဝနဲ့ နေရတော့မယ့် အချိန် ...။ အဲဒီတော့ တတိယ ၂၅ နှစ် ဘဝရဲ့ နောက်ဆုံးအချိန်ဆိုတာလည်း သူများလက်ထဲမှာ ...။ ဘဝအစ ၂၅ နှစ်ကလည်း မိဘလက်ထဲမှာ၊ ကိုယ်ပိုင်တာ ကိုယ့်အတွက် ကိုယ်လုပ်ရမှာ ၂၅ နှစ်ပဲ အချိန်ရတယ်လို့ ဆရာတော်ဘုရားကြီးက ယေဘုယျသဘော လမ်းညွှန်ပြောကြားခဲ့ပါတယ်။ ဒီ ၂၅ နှစ်နဲ့ တက်သုတ်ရိုက်ပြီး ဇာတ်စုံခင်းရမှာ၊ ဘ၀ သက်တမ်းဆိုတာ ငါးတစ်ကောင်လိုပဲ၊ ခေါင်းလည်း စားမရ၊ အမြီးလည်း စားမကောင်းနဲ့ အလယ်သားလောက်ပဲ စားကောင်းတာ။
    ဘုရား ပရိနိဗ္ဗာန်စံသွားတာတောင် လူသက်နဲ့ပြောတော့ နှစ်ပေါင်း ၂၅၀၀ ကျော်၊ နတ်သက်နဲ့ ကျတော့ တစ်လမပြည့်သေးဘူး။ နတ်သက်နဲ့ နှိုင်းလိုက်ရင် လူသက်ဆိုတာ တိုတောင်းလွန်းလှပါတယ်။ သက်တမ်းတို လူ့ဘဝလေးကို အလွဲသုံးစား လုပ်မပစ်ပါနဲ့။ အမွေရ ရွှေငွေတွေ ဖဲပေါင်ရိုက်သလို မလုပ်ပါနဲ့။ ပြည်တန်တဲ့ပတ္တမြား ပဲလှော်နဲ့လဲမစားပါနဲ့လို့ ဆရာတော်ဘုရား ကြီးက ကရုဏာကြီးစွာ ဆုံးမလမ်းညွှန်တော် မူပါတယ်။ ဒီလောက် သက်တမ်းတိုတိုလေးမှာ အချိန်ကို အကျိုးရှိရှိ ထိထိမိမိ အသုံးပြုကြဖို့ လိုပါတယ်။ တစ်နေ့ တစ်နေ့ ဖြီးလိမ်းပြင်ဆင်ခြယ်သနေတာနဲ့ အချိန်တွေ ဘယ်လောက်ကုန်ခဲ့ပြီလဲ။ အလှပြင်တာ ကိုယ့်အတွက်လို့ထင်နေပေမယ့် အနှစ်သာရကတော့ သူများအတွက် လုပ်ပေးနေရတာ။ သူများကြည့်ဖို့ ပြင်ဆင်ခြယ်သနေရတာ။
    စာစကားနဲ့ပြောရင်တော့ 'ပရကိစ္စ'ပေါ့။ သူများအတွက် အချိန်ကုန်နေတာ၊ (ပရဟိတဆိုတဲ့ အများအကျိုးဆောင်ခြင်းနဲ့ မလွဲမှားစေလိုပါ)၊ ကိုယ့်ကိစ္စဆိုတဲ့ 'သကိစ္စ'ကတော့ မလုပ်ခဲ့ရ သလောက်ပါပဲ။ သူ့သမီးယူပြီး မယားအဖြစ်နဲ့ လုပ်ကိုင်ကျွေးမွေး၊ လိုတာရှာပေးနေတာ 'ကိုယ့်ကိစ္စ'လို့ ထင်ပါသလားလို့ ဆရာတော်ကြီးက မေးခွန်းထုတ်လိုက်ပါတယ်။ ရေချိုးတာ၊ အိမ်သာတက်တာ၊ တီဗွီကြည့်တာ၊ ရုပ်ရှင်ကြည့်တာတွေရော ကိုယ့်ကိစ္စကိုယ်လုပ်တယ် ထင်ပါသလား၊ တကယ်တမ်း ကျတော့ ခန္ဓာ့ကိစ္စ၊ လောဘကိစ္စ၊ မောဟကိစ္စတွေပဲ လုပ်ခဲ့တာပါ။
    ဘဝတစ်လျှောက်လုံးနဲ့ ကြည့်ခဲ့တာတွေ၊ ပြောခဲ့တာတွေ ကိုယ့်အတွက် ဘယ်လောက်ကျန်ခဲ့သလဲ၊ စားခဲ့တာတွေရော ဝမ်းထဲမှာ စာရင်းပိတ်လက်ကျန် ဘယ်လောက်ရှိသလဲ။ တစ်နေ့ ထမင်းနှစ်နပ်တော့ စားနေကြပါတယ်။ တစ်နေကုန် ဆန် နို့ဆီဘူး နှစ်လုံးထား တစ်လဘူး ၆၀၊ တစ်လ ဆန်ရှစ်ပြည်လောက် စားခဲ့ကြမယ် ထင်ပါတယ်။ တစ်နှစ်ဆိုရင် ဆန်ခြောက်တင်း၊ ဆယ်နှစ်ဆိုရင် တင်းခြောက်ဆယ်၊ နှစ်ပေါင်း ငါးဆယ်ဆိုရင် ဆန်တင်း သုံးရာ။ ဒါဆန်တစ်မျိုးပဲ ရှိပါသေးတယ်။ မုန့်ဟင်းခါး၊ ပလာတာ၊ ပေါက်စီနဲ့ သရေစာတွေ မပါသေးဘူး။ ထမင်းနဲ့ တွဲစားခဲ့တဲ့ ကြက်၊ ဝက်၊ ငါး အသားပိဿာချိန်တွေရော ဘယ်လောက်များခဲ့ပါပြီလဲ။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေရော ဘယ်လောက် စားခဲ့ပြီးပြီလဲ။ ရေချည်းသက်သက်ပဲ ဂါလန်ပေါင်း ဘယ်လောက် သောက်သုံးခဲ့ပြီလဲ။
    ဒီနေ့ ကိုယ့်အတွက် ဘယ်လောက်ကျန်ခဲ့သလဲ။ ဒီရုပ်ခန္ဓာ အတ္တဘောကြီးပဲ ကျန်ခဲ့တာ။ ဒါကြီးလည်း သေတော့ ထားခဲ့ရမှာ။ တယုတယ မွေးခဲ့ရတဲ့ ခန္ဓာကိုယ်ကြီးပါဆိုပြီး ယူသွားလို့ ရမလား။ ဒီခန္ဓာကြီး ဒီအခြေအနေအထိ ရောက်အောင် အလှူကြီးတစ်ခုထက်တောင် အများကြီး ကျွေးခဲ့ရပြီးပြီ။ ဒါအစားတစ်ခုတည်းက အခြေအနေ ပြောနေတာပါ။ မြင်ရာ၊ ကြားရာ၊ နံရာ၊ တွေအတွက်ရော ဘယ်လောက် လုပ်ပေးခဲ့ရပြီးပြီလဲ။ ကိုယ့်အတွက် ဘယ်လောက်ကျန်သလဲ။ အသက်ရှင် ကျန်နေပါတယ်ဆိုရင်တောင် အဲဒါဟာ သေမင်းအတွက်ပဲ။ သေမင်းက နေခြင်းရဲ့ ခြေရာနင်းပြီး လိုက်နေတာ။ သေမင်းလိုပဲ နေခြင်းနောက်မှာ အမြဲလိုက်နေတာ ကိလေသာ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣသာ၊ မစ္ဆရိယ စတဲ့ အယုတ်တရားတွေ...။ အိပ်ပျော်နေချိန်မှာတောင် မောဟရှိတယ်။ အစွဲက ကျန်နေတာ။ ဖဲသမားလိုပဲ တစ်နွေလုံး ဖဲရိုက်၊ ကုန်ပြီဆိုတော့ သူရင်းငှား ပြန်လုပ်ရသလိုပဲ။ ရလာတဲ့ လူ့ဘဝ၊ လူ့အချိန်တွေ ဖဲကစားသလို ဖြုန်းတီးပစ်ရင် ဟိုဘက်ဘ၀ အစွဲရှိရာသွားပြီး အခိုင်းခံရဦးမယ်။
    အဲဒီတော့ စာရင်းချုပ်ကြည့်လိုက်ရင် ကိုယ်ပိုင်တဲ့ ၂၅ နှစ်တာ အချိန်ကလေးမှာ ခန္ဓာ့ကိစ္စ၊ ကိလေသာကိစ္စတွေပဲ လုပ်ခဲ့ကြတယ်။ ကိုယ်ပိုင်အချိန်လို့သာ ဆိုရတယ် ကိုယ့်စိတ် ကိုယ်ပိုင်ခဲ့ကြရဲ့လား။ ကိုယ့်စိတ် နဲ့ကိုယ် နေခဲ့ကြရဲ့လား။ သူများစိတ်နဲ့ ကိုယ့်ကို နေခဲ့ကြတာလား၊ လင်စိတ်မယား စိတ်၊ သားစိတ်သမီးစိတ်တွေနဲ့ နေခဲ့ကြတာများတယ်မဟုတ်ပါလား။ ကြက်သားစားချင် ကြက်စိတ်နဲ့ နေခဲ့ကြလိမ့်မယ်။ တစ်နေ့တစ်နေ့ ကိုယ်ပိုင်စိတ်နဲ့ နေပြီးပလား။ ရုပ်ခန္ဓာကြီးထွားသလောက် စိတ်ဓာတ်မြင့်မား ရင့်ကျက်မှု ရှိပါပြီလား။ ရုပ်ကတော့ ရုပ်အစာ စားရတော့ ကြီးထွားမှု ရှိတယ်။ ရုပ်အစာဆိုတာ လူမှမဟုတ် ခွေးလည်းစား၊ ဝက်လည်းစား၊ ခွေးလည်း ကြီးထွား၊ ဝက်လည်း ကြီးထွား လာတာပဲ။ စိတ်က တော့ ကာမဂုဏ် ခံစားချင်တာ တစ်ခုတည်းဆိုရင် ခွေးစိတ်၊ ဝက်စိတ်နဲ့ ဘာထူးမလဲ။ ဒါက ဘုံစိတ်နဲ့ ဘုံစာစားနေကြတာ။ လူစာလို့ မခေါ်သာဘူး။ လူစာဆိုတာက လူဖြစ်မှ ခံစားလို့ ရတာ အဲဒါ ဓမ္မအရသာ...။
    အဲဒီဓမ္မအရသာ 'လူစာ'ဆိုတာ ကိုယ့်စိတ်ကလေး ကိုယ်ပိုင်မှရတာ။ ခွေးတွေ၊ ဝက်တွေလို ကာမဂုဏ် အာရုံနောက်လိုက်နေရင် ကာမဂုဏ်အာရုံကပိုင်တဲ့စိတ်ပဲ ဖြစ်ရမယ်။ ကိုယ်ပိုင်စိတ် မဖြစ်သေးဘူး။ ကိုယ်ပိုင်စိတ် ဖြစ်အောင် အာရုံခံစားတဲ့စိတ်မှာ သတိကပ်ထားရပါ လိမ့်မယ်။ သတိမကပ်ရင် ကိလေသာကပ်မယ်၊ ကိလေသာမကပ်ရင် ကိလေသာခိုင်းတာပဲ လိုက်လုပ်နေရမယ်။ အဲဒါ သူ့ကျွန်ဘဝ၊ သခင်ဘဝနဲ့ နေချင်ကြတယ်ဆိုရင်တော့ ကိုယ့်စိတ်ကလေး ကိုယ်ပိုင်အောင် ဘာအာရုံခံ စားခံစား သတိလေးကပ်ပြီး ခံစားကြပါ။ သတိသာလျှင် စိတ်ရဲ့အစာပါ။ အခုတော့ ရုပ်စာစားပြီး ရုပ်ခန္ဓာသာ ကြီးထွားခဲ့ကြတယ် စိတ်စာမစားခဲ့ကြတော့ လူကကြီးကြီး၊ စိတ်ကသေးသေး၊ ဖိုးကလေးကြီးတွေ ဖြစ်နေကြတယ်။ သူငယ်ပြန်တယ်ဆိုတာ စိတ်ဓာတ်မရင့်ကျက်သူတွေ၊ သတိမကောင်းတဲ့သူတွေ သူငယ်ပြန်တာ....။
    လူ့ဘဝကနေ ဘယ်ကို ပြန်ကြမှာလဲ အထက် ဆန်မှာလား၊ အောက်ပြန်မှာလား။ ဘုံစာစားပြီး ပြန်မှာလား၊ လူစာစားပြီး ပြန်မှာလား။ လူ့ဘ၀ ရောက်ခဲ့ပါလျက် လူစာ မစားခဲ့ရဘူးဆိုရင်တော့ ဘယ်လောက် ရှက်စရာ ကောင်းသလဲ။ လူ့ဘဝလူစာ ဓမ္မအရသာဆိုတာ သာသ နာနဲ့ ကြုံတုန်းသာ ခံစားခွင့်ရတာ၊ သာသနာတော်သက် နှစ်ပေါင်း နှစ်ထောင်ကျော် ကျန်သေးတယ် ဆိုပေမယ့် ကိုယ်ပိုင်တာ တစ်ရက်တည်းရယ်။ ဒီနေ့ သေသွား အာရုံမှားလို့ မနက်ဖြန် တိရစ္ဆာန်ဘ၀ ရောက်နေရင် ဒီသာသနာ ကိုယ်နဲ့မဆိုင်တော့သလိုပဲ။ တိရစ္ဆာန်ဘ၀ တိရစ္ဆာန်အစာ၊ ဘုံစာစားပြီးတော့ပဲ ကျေနပ်နေ ရတော့မယ်။ နောက်တစ်ခါ လူ့ဘ၀ ပြန်ရချိန် သာသနာနဲ့ ကြုံနိုင်ပါဦးမလား။ သာသနာပ ကာလ လူလာဖြစ်ရင်လည်း ဓမ္မအရသာဆိုတဲ့ လူစာစားရဖို့ လမ်းမမြင်တော့ဘူး။
    ခွေးစာ၊ ဝက်စာ၊ ကာမဂုဏ်အာရုံ ဘုံစာတွေ နောက် ငွေကုန်လူပန်းခံပြီး လိုက်နေမယ့်အစား ဓမ္မအရသာ လူစာစစ်စစ်ကို စားသုံးပြီး လူဖြစ်မရှုံးအောင် ကြိုးစားကြလို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက မိန့်မှာတော်မူခဲ့ပါတယ်။

  (မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 315

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.