မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ခရီးလမ်းဖွေရှာ မြိုင်ကန္တာ

2024 ဧပြီ ၈

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ 'စကားရွာ'မှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အားထုတ်ခွင့်ရခဲ့တာ တစ်မိုးခိုလို့ တစ်ဝါပင် ဆိုပြီးခဲ့ချေပြီ။ ရွာခေါင်းဆောင်ရဲ့ သြဇာအာဏာကလည်း ထက်မြက်လှပါတယ်။ ဆရာတော်ဘုရားရဲ့ ကျောင်းကလေးထဲ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုနိုင်ရန် အဝေးအနီးမှာ ကင်းတိုကင်းရှည် အစောင့်အနေတွေ ချထားတဲ့အထိပါပဲ။ သူကိုယ်တိုင် ဦးဆောင်ဖွဲ့ စည်းထားတဲ့ 'စောင့်ရှောက်ရေးအဖွဲ့'ရဲ့ စည်းကမ်းကလည်း တင်းတင်းရင်းရင်း ရှိလှပါတယ်။ တစ်ဦးဦးကြောင့် ဆရာတော်ထွက်ကြွသွားလျှင် အဲဒီတစ်ဦးဦးကို ရွာက နှင်ထုတ်၊ တခြားရွာမှာသွားနေတဲ့ ကိုယ့်ရွာသားပင်လျှင် ဆွမ်းလောင်းဓမ္မာရုံသို့မလာစေရ၊ စည်းကမ်းက ကမ်းကုန်နေပေပြီ။ ရန်ကုန်၊ ပျဉ်းမနား၊ သာစည် စသည်တို့ ရွာရိပ်တောင်မသီလေနှင့်လို့ ဆိုလိုပုံပါပဲ။ ရွာခေါင်းဆောင်ကြီး စည်းကမ်းကြီးတာ အတုယူစရာကောင်းပါတယ်။ ဒါပေမဲ့ ခေတ်ပေါ်ပုံပြင် လေးတစ်ပုဒ်ကတော့ တစ်ယောက်စကား တစ်ယောက် နားဆိုတာကို လူတွေကြားမှာ အပြောများနေတာလည်း သတိရ မိပါရဲ့။
    တစ်ခါက ...မြို့တစ်မြို့ကို စည်းကမ်းကြီးပြီး အဂတိလေးပါး မလိုက်စားဘူးဆိုတဲ့ အုပ်ချုပ်ရေးမှူး အသစ်ပြောင်းလာပါတယ်။ စီးပွားရေးသမားတွေ ညည်းကြတယ်။ အုပ်ချုပ်ရေးမှူးအသစ်က လာဘ်မစားဘူးဆိုတော့ လုပ်ရကိုင်ရ ကျပ်လှသတဲ့။ ဒီစကား တရုတ်ကြီး တစ်ယောက်ကြားသွား တော့ ...'မင်းတို့ အုပ်ချုပ်ရေးမှူးမှာ ပါးစပ်မပါဘူးလား}လို့ မေးတယ်။ 'ဟာ ...လူ ပဲဗျာ ပါးစပ်ပါ တာပေါ့'လို့ ဖြေကြတယ်။ 'အေး ...ပါးစပ်မပါတဲ့လူဆိုရင် ငါဘယ်လိုမှ မတတ်နိုင်ဘူး။ ပါးစပ်ပါတဲ့ လူဆိုရင်တော့ ငါကျွေးပြပါမယ်'လို့ပြောပြီး တရုတ်တို့ရဲ့မာယာနဲ့ ကျွေးပြလိုက်တာ နာမည်ကြီးအုပ်ချုပ် ရေးမှူးကြီးဟာ ဇူဇကာပုဏ္ဏားက အဘခေါ်ရမတတ်ပါပဲတဲ့။ အခုလည်း...စည်းကမ်းကောင်းလှတဲ့ ရွာ ခေါင်းဆောင်ကြီးရေ ...ရန်ကုန်က လာနေပြီနော်။ ဖိလစ်ပိုင်မှာနေတဲ့ သူ့အစ်မနဲ့ ယောက်ဖဇနီးမောင်နှံ ကိုခေါ်လာပြီး စကားရွာကို ဦးတည်နေပါပြီ။
    သူတို့ဟာ ဆရာတော်ဘုရားရှိတဲ့ နေရာကို ကျကျနနခြေရာခံပြီး လိုက်လာကြတာပါ။ မင်းတိုင်ပင် ကျောင်းဒကာ ဇနီးမောင်နှံ လမ်းညွှန်လိုက်တဲ့အတိုင်း ကျေးရွာဥက္ကဋ္ဌဆီ ဝင်တွေ့ပါတယ်။ ဥက္ကဋ္ဌက စကားပင်မပြော၊ ခေါင်းရမ်းပြလိုက်သတဲ့၊ ကျောသူဌေး ဦးသန်းဝင်းကတော့ အလွန်ပြတ်သားတယ်။ 'ဆရာတော့်ကိစ္စဆို ခုထွက်သွားပါ'လို့ နှင်လွှတ်လိုက်တယ်။ ဒီလိုနဲ့လယ် ဓမ္မကျောင်းဆရာဆီ ရောက်သွားပါတယ်။
    'ထိုဆရာ့ထံ၌ ငါတို့ထံမဝင်ရတားမြစ်မိန့်များစွာရှိ၏။ ယင်းမှာ ...ကျောသံဃာ့နာယကအဖွဲ့ အတွင်းရေးမှူးထံမှ အမိန့်စာ၊ ရွာငယ်ဆရာတော်ထံမှ အမိန့်စာ၊ ဖုန်းဆိုးကြယ်ဆရာတော် (လယ်ဓမ္မအုပ်စုဥက္ကဋ္ဌ) ၏ အမိန့်စာ၊ တစ်ဖန် ငါတို့ မဇ္ဈိမ၌ အသံသွင်းထားခဲ့သော ကက်ဆက်ခွေ' (၂၀၁၂ ထုတ် ဘဝကန္တာရသင်္ကေ တကထာ၊ စာ-၃၈၁)
    သို့သော် ပါးစပ်ပါသော ကျောင်းဆရာကို ပါးစပ်မဟနိုင်အောင်ပင် ကျောင်းဆရာရှေ့ ငွေထုတ်ကြီး ပုံပြလိုက်သောအခါ သူ့လက်ထဲက 'မလာရ'ဆိုတဲ့ တားမြစ်စာတွေ၊ သံဃာ့အမိန့်တွေ အလကားဖြစ်သွားခဲ့ပေပြီ။ စကားရွာခေါင်းဆောင်ကြီးထံ ပေးစာတစ်စောင်ရေး၍ ညီကို လမ်းပြ အဖြစ်ပင် ထည့်ပေးလိုက်ပါသေးတယ်။
    'တာဝန်ခံ ဥက္ကဋ္ဌဟောင်း (ရွာခေါင်းဆောင်) အိမ်ရောက်သောအခါ ကျောင်းဆရာ၏ညီက စာထုတ်အပြ၊ ရန်ကုန်ဒကာက ခြသေ့ၤအုပ်(ထိုစဉ်က ငွေစက္ကူများကို ခြသေ့ၤပုံရိုက်နှိပ်ထားသည်) ထုတ်ပြ၊ သို့နှင့် ငါတို့ ဆွမ်းခံကြွရာ ဆွမ်းလောင်းဓမ္မာရုံအထိ ဝင်ခွင့်ရတော့သည်။' (၎င်း၊ စာ-၃၈၁)
    ဖိလစ်ပိုင်ကလာတဲ့ ဇနီးမောင်နှံကတော့ ရွာငယ်မှာ ကျန်ခဲ့တယ်။ ရန်ကုန်ဒကာက ဆရာ တော်ဘုရား ဆွမ်းခံကြွလာချိန် ချုံထဲက စောင့်ပြီးဓာတ်ပုံခိုးရိုက်တယ်။
    'ကွင်းစပ်ချုံဘေးမှ ဖျပ်ဖျပ်သံများ အတိုင်းသား ကြားနေရ၏။ ရုံဘေးသူခိုးကပ်နေပြီ။ ငါတို့ ဓမ္မာ ရုံကပြန်အထွက် ရွာခေါင်းဆောင်က ထိုဒကာ့ပစ္စည်းများ သပိတ်ဖုံးပေါ်တင်လှူ၏။ သင်္ကန်းများ သပိတ်ဖုံးပေါ် အတင်ငါတို့က လက်ခံပြီး လက်နှင့်အဖိ အတင်းပြန် ဆွဲယူ၊ သပိတ်များ သပိတ်ဖုံးပေါ်အတင် ငါတို့က လက်ခံပြီး လက်နှင့်အဖိ၊ အတင်းပြန်ဆွဲယူ ...။ အင်း ... သည်နေ့သည်ရွာ ခေါင်းဆောင်၏ အမူအရာများ တယ် ထူးခြားနေပါပေါ့လား။ သည်လောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံမျိုး တစ်ခါမှ မတွေ့ခဲ့ရဖူးချေ။' (စာ-၃၈၂)
    ဆရာတော်ဘုရားက အခုရောက်နေတာ ဘယ်သူလဲဆိုတာ မေးစရာမလိုဘဲ အတပ်သိပါတယ်။ အတင့်ရဲလွန်းလှပေသကိုးလို့ မှတ်ချက်ချရင်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျောင်းပေါ်ပြန်ရောက် ဘုရားဆွမ်းကပ်ပြီး ခေတ္တနားနေစဉ် ရွာခေါင်းဆောင်ကိုယ်တိုင် အလှူပစ္စည်းတွေ ထမ်းပိုးပြီး ကျောင်း ပေါ်ရောက်လာပါတယ်။
    'ခြသေ့ၤ(ငွေစက္ကူ)အစွမ်း ရဟန်းပက်လက်လန် ကိန်းပင်၊ အကြောင်းမှာ ပစ္စည်းလှူလိုလျှင် သပိတ်ဖုံး ပေါ်တင်လှူလိုက်၊ လူမလိုက်ခဲ့ရ။ ဤငါတို့၏ အမိန့် ခြသေ့ၤလှိမ့် အကိုက်ခံရသောကြောင့်။' (၎င်းစာ-၃၈၂)
    မလာရ၊ လာလျှင် ဖူးခွင့်တစ်နှစ်တိုး၍ အပိတ်ခံရမည်။ စည်းကမ်းဖောက်လျှင် နေရာရွှေ့ မည်ဆိုတာ ရန်ကုန်ဒကာရော၊ ရွာခေါင်းဆောင်ပါ သိကြပါလျက် မိုက်တွင်းနက်ခဲ့ကြလေပြီ။ ဒါ့ကြောင့် ဆရာတော်ဘုရားဟာ ဒီနေရာကို စွန့်ခွာဖို့အကြောင်း ဖန်လာခဲ့ပေပြီ။ ၁၃၆၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၈) ရက်နေ့သို့ ကူးဝင်လာချိန် ညဉ့်သန်းခေါင်ကျော် ၁ နာရီ ၂၈ မိနစ်မှာ မောနေယျတော ကို စွန့်ခွာခဲ့ပေပြီ။ အလောင်းတော်ကဿပဆီ ဥိးတည်ထွက်ခွာလာခဲ့ပေမယ့် လမ်းပြမြေပုံအတိအကျ မသိ၊ ခြေဦးတည့်ရာ မှန်းသမ်းပြီးသွားရတဲ့ ခရီးမျိုးပါ။ သွားရင်းလမ်းပျောက်သွားပြီး နောက်ပြန်ဆုတ်။
    'နှစ်ခေါက်၊ သုံးခေါက် အသွားအပြန်လျှောက် ပြီးချိန်တွင် ကဲ ...မထူးစိတ်ဖြင့် မထင်မရှား ဇောက်အောက်သို့ ခုန်ဆင်းလိုက်ပြီး ချောင်းလယ်ရှိ ကျောက်ခုံကြီးပေါ်တွင် ထိုင်နား လိုက်ရတော့သည်။ အမောဖြေရင်း ...လမ်း စဉ်းစားရင်း ...။ အမောပြေသွားသောအခါ နောက်ပါ ကျောပိုးလွယ်၊ ရင်ပိုက်လွယ်၊ ပခုံးလွယ်များကို ကျောက်ခုံကြီးပေါ်မှာပင် တင်ထားခဲ့၍ လရောင်မှုန်၊ ဓာတ်ခဲသေးနှစ်လုံးစုံ ထိုးထားသည့် လက်နှိပ်ဓာတ် မီးအားကိုးတို့ဖြင့် ချောင်းကိုဖြတ်၍ လမ်းစပ်ရှာသောအခါ ချောင်းတစ်ဖက်တက်ရာလမ်း တန်းတွေ့လိုက်ရ၏။' (၎င်း၊ စာ-၃၈၃)
    ဆရာတော်ဘုရားရဲ့ ခရီးကြမ်းကြီးကား လရောင်ပင် မတိုးသာတော့သော တောအုပ်ကြီးထဲ ရောက်လာခဲ့လေပြီ။ ဓာတ်ခဲအားကုန်လု၍ ဓာတ်မီးရောင်လည်း မှိန်လာခဲ့ပေပြီ။ မောလှပြီဖြစ်၍ မှောင်ရိပ်တွေကြား အနားယူလိုက်ပါတယ်။ နံနက်လင်းအားကြီးမှာ ချောင်းရိုးအတိုင်း ခရီးဆက်ခဲ့၊ နံနက်ကိုးနာရီတိတိမှာ ပုံတောင် ထိပ်သို့ရောက်ခဲ့ပေပြီ။ တောင်ထိပ်ပေါ်ကနေ လာရာလမ်း မှန်းမျှော် ကြည့်လိုက်တော့ ထွက်ခွာလာခဲ့ရာစကား ရွာကြီးကို တွေ့လိုက်ရပါတယ်။ ရွာကလူတွေ ဆွမ်းလောင်း ဓမ္မာရုံကြီးဆီ ရောက်နေမှာပဲ။ ဒီအချိန် ဆွမ်းခံကြွချိန်မဟုတ်ပါလား။
    'ယနေ့အလှည့်ကျသည့် ဆွမ်းအလှူရှင်များ၊ သည့်နောက် ၁၃ လကျော်ကျော် လှူဒါန်းခဲ့သည့် ဆွမ်းအလှူရှင်များ၊ သည့်နောက်ကျောင်း၊ ဆေး၊ အသုံးအဆောင်များ လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ သည့်နောက် ငါတို့အား အစောင့်အရှောက်ပေးခဲ့ကြသည့် ပုညရက္ခိတ စေတနာရှင်များ၊ သည့်နောက် စကားရွာနှင့် စပ်သမျှ ရဟန်းရှင်လူ သူတော်စင်အားလုံးအထိ တောင်ထိပ်ပေါ်ကနေ ဆရာတော်ဘုရား မေတ္တာပွား ပို့တော် မူပါတယ်။' (စာ-၃၈၄)
    ဒီနေရာ၊ ဒီအချိန်ကလေးဟာ ဆရာတော်ဘုရား စိတ်ချမ်းသာခွင့်ရနေတဲ့ အချိန်ကလေး ...။ ဘာ့ကြောင့်ပါလိမ့်။ တရားသဘောနဲ့ စောကြောသုံးသပ် ပြထားပုံဟာ အလွန်မှတ်သားစရာ ကောင်းပါတယ်။
    'သည်ခရီးကား ...နောက်တွင် ကျန်ရစ်ခဲ့သော စကား၊ မောနေယျတောတို့ကလည်း အလွတ်ဖြစ်သွားပြီ။ ရှေ့၌ ဘယ်မှာ၊ ဘယ်နေရာ အစွဲမရှိလာသေး၍ အလွတ်ဖြစ်နေပြီ။ ဤအလွတ်နှစ်ပါးတို့၏ ခုလပ်ကြား ခရီးသွားနေရာ နောက်မျှော်၍ ပေါ်လာသော သောကမရှိ၊ ရှေ့အတွေးကြောင့် မေးတင်လာ သော သောကလည်းမရှိ၊ ခရီးသွားချင်း စိတ်ချင်း ဖိမိကြသဖြင့် အိကျလာသော သောကလည်း မရှိချေ။ သို့ကြောင့် အလပ်တွင်ဖြစ်သော အလွတ်မှ ခံစားခွင့်ရသည့် ဤပီတိသုခမျိုး ငါတို့ပွဲတိုးဖူးသမျှထဲ ဘယ်ထဲမှာမှ နွှဲခွင့်မရစခဲ့ဘူးချေ။ ယခုလှမ်းနေသည့် ခရီးခြေလှမ်းကား ဘယ်မှာရပ်နားမည် အကန့်အ သတ်မရှိ၊ ဘယ်သူများနှင့်တွေ့၍ ဘယ်လို ကိစ္စမျိုး ဆောင်ရွက်ရမည့် အချိန်းအချက်လည်းမရှိ။' (ဘဝကန္တာရ၊ စာ-၃၈၄)
    ဓမ္မရသ ပီတိသုခဖြင့် ခရီးဆက်ခဲ့လေရာ မွန်းလွဲ ၂ နာရီခန့်လောက်မှာ ကျွဲခလောက်သံနှင့်အတူ ကျွဲကျောင်းမိန်းကလေးရဲ့ သီချင်းသံကို ကြားလာခဲ့ရပေပြီ။ ရွာနားနီးလာခဲ့ပြီ ထင်ပါရဲ့။ ဆက်လျှောက်လာခဲ့ရာ ကျွဲခလောက်သံနဲ့ တဖြည်းဖြည်း ဝေး၍ဝေး၍ သွားလေပြီ။ လမ်းကလည်း ပိုကြမ်းလာတယ်။ နေ့သုံးနာရီခန့် ချောင်းကလေးတစ်ခုအရောက်မှာ ခဏနားလိုက်ရင်း အမောပြေ ချောင်းရေသောက်လိုက်ရပါတယ်။ ဆွမ်းက လည်း မစားရသေး။
    ခရီးဝေးကြီး နှင်ခဲ့လေရာ ဆွမ်းနှင့်ဝေးကွာ၊ အာဟာရ အထောက်အပံ့မရှိသောကြောင့် နွမ်းရိပန်းရိ အားမရှိ ဖြစ်လာခဲ့ပေပြီ။ ဆရာတော်ဘုရားဟာ ချောင်းလယ်က ကျောက်တုံးကြီး ပေါ်ထိုင်ပြီး အနားယူနေတုန်း ကျွဲကုန်သည်အဖွဲ့နဲ့ တိုးမိပါလေရော။ သူတို့ဟာ 'ကန့်သတ်ရွာ'မှ ကျွဲများ ဝယ်လာပြီး 'နွယ်အင်းရွာ'သို့ သွားမည့်သူတွေ၊ နွယ်အင်းကလူတွေဟာ ဆရာတော်ဘုရားကို ဝါးသုံးရုံမှာဖူး ဖူးခဲ့ကြသူတွေ၊ ဆရာတော်မှန်း သိသွားကြတာနဲ့ ကျွဲကုန်သည်တွေ ရှိခိုးကန်တော့ကြကာ ... 'ဆရာတော်ဘုရား တပည့်တော်တို့နဲ့ လိုက်ခဲ့ပါဘုရား'လို့ ပင့်လျှောက်ကြတယ်။ ဆရာ တော်ဘုရားရဲ့ ၁၅ ပိဿာခန့်ရှိတဲ့ ရေးလက်စကျမ်းစာအုပ်များရဲ့ ပရိက္ခရာတွေကို ကူသယ်ပေးကြတယ်။
    ဒီလိုနဲ့ နေဝင်သွားချိန်မှာ အလောင်းတော် ကဿပဘုရားလမ်းပေါ်က 'ကျော်တောရွာ'ကို ရောက်လာခဲ့ကြပါတယ်။ ဆရာတော်ဘုရားက လမ်းခွဲပြီး ခရီးဆက်ချင်ပေမယ့် ကျွဲကုန်သည်တွေက ဝိုင်းတားကြတယ်။ ညကြီးမင်းကြီး တောကြီးတောင်ကြီးထဲ ခရီးသွားဖို့မသင့် တော်ပါဘုရား။ ဒီတစ်ည နားစေချင်ပါတယ် ဘုရား။ မနက်လင်းတော့ အရှင်ဘုရားသွားလိုရာ ကျော်တောရွာက ဒကာများ လိုက်ပို့ပေးပါလိမ့်မည်ဘုရား ...စသည်ဖြင့် တောင်းပန်လျှောက်ထားကြပြီး လယ်တဲတစ်ခုမှာ သီတင်းသုံးဖို့ စီစဉ်ပေးပါတယ်။ တိုက်ဆိုင်ချင်တော့ နေ့လယ်က တောထဲမှာ ကျွဲကျောင်းရင်း သီချင်းဆိုနေတာ ဟောဒီ လယ်တဲပိုင်ရှင် ဦးသိန်းဟန်၊ ဒေါ်မြအေးတို့ရဲ့ သမီးလေးဖြစ်နေတာပါပဲ။
    ဒေါ်မြအေးတို့သားအမိဟာ ကျွဲသမားများအတွက် ထမင်းဟင်းများ ချက်ပေးပြီး ရွာပြန်သွားကြပါတယ်။ ကျွဲသမားတချို့လည်း ရွာဘက်ထွက်သွားလေရာ ဆရာတော်ဘုရား ရောက်နေပြီဆိုတဲ့အကြောင်း မောင်းတီးပြီး ဗျို့ဟစ် အသိပေးလိုက်သလိုပါပဲ။ နောက်တစ်နေ့ နံနက်မှာတော့ ကျော်တောရွာမှသာမက အနီးအပါး ရွာများက ပရိသတ်များပါရောက်လာပြီး ဆရာတော်ဘုရားကို ဖူးမြော်ကြလေရာ ပွဲကြီးလမ်းကြီးဖြစ်သွားရ ပြန်ပါတယ်။ ကျွဲသမားများကား ခရီးဆက်သွားကြလေ ပြီ။ ဆရာတော်မှာတော့ ပရိသတ်အဝိုင်းခံရရုံမက အတားပင်ခံနေရပေပြီ။
    'ဒီမှာပဲ သီတင်းသုံးပါဘုရား၊ ဒီနေရာ အကောင်းဆုံးပါဘုရား'
    ကျော်တော ပရိသတ်က ဆရာတော်ဘုရားကို လက်လွှတ်မခံတော့၊ ငါးတောင်ပတ်လည် ကျောင်းကလေးကို နေ့ချင်းပြီးပင် ဆောက်လုပ်လှူဒါန်းခဲ့ကြပေပြီ။ ဆရာတော်ဘုရားမှာ အလောင်း တော်ကဿပဘက်သို့ ခရီးမဆက်နိုင်တော့၊ စကားရွာကလည်း ဆရာတော် ပျောက်သွားလို့ လိုက်ရှာကြတာ ဒီနေရာမှာ ပြန်တွေ့ခဲ့လေပြီ။ တစ်ရွာလုံး အိမ်ရှိလူကုန် တစ်သုတ်ပြီးတစ်သုတ် ရောက်လာပြီး စကားရွာသို့ ပြန်ပင့်နေကြလေတော့တယ်။ စကားရွာရဲ့ဖြစ်ကြောင်းကုန်စင်ကိုလည်း ရင်ကွဲ ပတ်လက်လျှောက်ထားကြတယ်။
    အဲဒီနေ့က ...ဆရာတော်ဘုရား ထွက်ခွာတော်မူလာတဲ့နေ့က စကားရွာမှာ မင်္ဂလာဆောင်ရှိတယ်။ ရလကစာရေးနဲ့ စကားရွာသူလေးတို့ရဲ့ မင်္ဂလာဆောင်၊ နံနက်ကိုးနာရီ ဆွမ်းလောင်းဓမ္မာရုံသို့ ဆရာတော်ဘုရား ကြွမလာတဲ့အခါ ဘာဖြစ်ပါလိမ့်၊ နေမကောင်းလို့လား စိုးရိမ်စိတ်များနဲ့ ဆွမ်းလောင်း မည့် ၁၀ ဦးအဖွဲ့ဟာ ဆွမ်းအုပ်ကိုယ်စီနဲ့ ဆရာတော်ဘုရားရဲ့ ကျောင်းကလေး ပေါ်တက်လာခဲ့ကြ ပါတယ်။ (ငွေယူလာဘ်စားထားတဲ့ ရွာခေါင်းဆောင်လည်း လိုက်ပါလာတယ်လို့ဆိုတယ်။) ဆရာတော် ဘုရားမရှိတော့မှန်း သိကြတဲ့အခါ ငိုတဲ့သူငို၊ ဒေါသနဲ့ အော်တဲ့သူအော်နဲ့ ရုတ်တရက် ကမ္ဘာပျက်သလို ဖြစ်သွားခဲ့တယ်။ သူတို့ရွာထဲပြန်လာတဲ့အခါ မင်္ဂလာဆောင်မှာ ဆရာတော်မရှိတော့ပြီဖြစ်ကြောင်းကိုပဲ ယူကြုံးမရ ပြောဆိုနေကြတယ်။ ရွာခေါင်းဆောင် လာဘ်ယူပြီးလုပ်လို့ ဒီလိုဖြစ်တာ၊ သူ့မှာ တာဝန်ရှိ တယ်လို့လည်း ဝေဖန်ပြောဆိုနေကြတယ်။ ရွာခေါင်းဆောင်ကြားသွား တော့ ...'မင်းတို့ဘာတွေပြောနေတာလဲ၊ ငါ့အကြောင်း မသိဘူးလား'လို့ ကြိမ်းမောင်းကာ ဓားဆွဲပြီးထွက်လာခဲ့ တယ်ဆိုပါတယ်။ မင်္ဂလာဆောင်ကာ၊ အ မင်္ဂလာဆောင် ဖြစ်သွားခဲ့လေပြီ။
    ညရောက်တော့ အိမ်ခြေနှစ်ရာကျော်ရှိတဲ့ တစ်ရွာလုံးက ရွာခေါင်းဆောင်ရဲ့အိမ်ကို တစ်ညလုံး ခဲမိုးရွာပါလေရော။ ကျောက်ခဲတွေနဲ့ စဉ်ဆက်မပြတ် ထုကြသတဲ့။ နောက်တစ်ညလည်း ဆက်ထုနဲ့ရွာခေါင်းဆောင်မနေတော့ဘဲ ရွာမှထွက်ပြေးခဲ့ရလေပြီ။ ရွာခေါင်းဆောင်ရဲ့အိမ်ကို ကျောက်ခဲတွေနဲ့ ဆက်ထုနေရာ ဆရာတော်နှစ်ပါး ရောက်လာပြီး မေတ္တာရပ်ခံမှ ရပ်နားသွားတယ်လို့ ဆိုပါတယ်။
    'စကားအဓိကရုဏ်းကား ဆရာတော်များကြားဝင် မေတ္တာရပ်ခံပေးခြင်းကြောင့် လည်းကောင်း၊ ရွာခေါင်းဆောင်ရွာမှ ထွက်ပြေးပြီး ပဲမစားရှိ နှမအိမ်သို့ သွားရောက်နေခြင်းကြောင့်လည်းကောင်း ငြိမ်နေ၏။ သို့သော် အမှုကားမပြီးပြတ်သေး၊ ယင်းအမှုကား ရွာခေါင်းဆောင်ကိုယ်တိုင် စည်းကမ်း ဖောက်သူရွာမှ ထွက်ပေးရမည့် ချမှတ်ထားသော ဤစည်းကမ်းအရ ထိုရွာ ခေါင်းဆောင်စကားမှာ ပြန်မနေစေရေး၊ လက်မခံရေးအမှု သို့သော် ထိုရွာခေါင်းဆောင်က ကျောရဲစခန်းသို့ သွားရောက် အကူအညီတောင်းရာ စခန်းမှူးကိုယ်တိုင် ရဲတပ်ဖွဲ့ဦးစီးကာ စကားသို့ဝင်လာ၏။ ရွာရှိလူကုန် စုဝေးစေကာ တရားဟောသည်ဆို၏။'
    'ယခု ဖြစ်ပွားနေသောအမှုမှာ သာသနာရေး ကိစ္စဖြစ်၏။ ထို့ကြောင့် ထိုအမှုကို သာသနာ့ ကိစ္စတာဝန်ခံ သံဃာကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိ၏။ လူများဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဟုဆို၏။ ရွာခေါင်းဆောင်ကား ပိုင်လှ၏။ ဆိုလိုသည်မှာ သည်ကိစ္စခင်ဗျားတို့ မဝင်ချင်ကြနှင့် ဝင်က ဥပဒေအရ အရေးယူမည်ဟူ၍ ...။' (ဘ၀ ကန္တာရ၊ စာ-၃၈၇)
    ဒါ့ကြောင့် ရွာခေါင်းဆောင်ကို ရွာက နှင်ထုတ်လို့မရတော့ဘဲ ရွာမှာပဲ ဆက်နေခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ညီအစ်ကိုမောင်နှမများကအစ တစ်ရွာလုံးက အခေါ်အပြောမလုပ်တော့ဘဲ ဝိုင်းပယ်လိုက်ကြ ပါတယ်။ ရွာခေါင်းဆောင်ဟာ ရှက်ရွံ့အားငယ်လာပြီး အခြားရွာမှာ ရောက်နေတဲ့ အိမ်ထောင်သည် သမီးထံသွားရောက် ခိုလှုံခဲ့ရပါတယ်။ အဲဒီမှာ သူ့သမီးကလည်း သေမလောက် အသည်းအသန်နာ ဖျားလာရာ ရွာခေါင်းဆောင်ဟာ ငွေထုတ်ကြီးဖြေပြီး ငွေနဲ့အသက်ကို လုပါတော့တယ်။ သူ့ကို စောင့်ကြည့်နေတဲ့ ရွာခံလူကြီးများက ဒီလူဟာ ရန်ကုန်ဒကာပေးတဲ့ငွေတွေ လာဘ်စားထားတာ သေချာပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပြီး စကားရွာကိုလည်း စာရေးအကြောင်းကြားလိုက်ကြပါတယ်။
    'ဒီလူကြီး လာဘ်မစားလောက်ပါဘူး။ ဆရာတော့်ဘက်က အထင်မှားတာလို့ ထင်ခဲ့တာ။ အခုတော့ ဟုတ်နေပါရောလား၊ ဒီလောက်များတဲ့ ငွေထုတ်ကြီး သူ ဘယ်ကရမှာလဲ၊ လာဘ်စားထားတာ သေချာနေပေါ့'ဆို တဲ့ သူ့ဘက်က ရပ်တည်ခဲ့သူတွေရဲ့ ဝန်ခံချက်တွေ ပေါ်ထွက်လာတယ်။
    'တရားသည် တရားဘက်မှသာ နေပေး၏။ မတရားဘက်မှကား မည်သည့်ကာလမျှမနေ၊ တရားကျင့်နေသူနှင့် ဖက်ပြိုင်ခြင်းမှာကား စကတည်းကပင် ရှုံးနိမ့်ပြီးသား'လို့ ဆရာတော်ဘုရားက သုံးသပ်ဖော်ပြထားပါတယ်။ (စာ-၃၈၈)
    ယခုတော့ စကားရွာကလည်း ပြန်ပင့်နေပြီ။ 'ကန့်သတ်ရွာ'ကလည်း လူကြီးများကိုယ်တိုင် လာရောက် ပင့်ဆောင်နေကြပြီ။ ပုံတောင်၊ ဗန့်ကျိတောင်ကြားရွာ များမှလည်း ဖူးလာမစဲတသဲသဲနှင့်။ ကျော်တော်ကလည်း အပင့်မခံ၊ ကျောင်းကလေးပင် ဆောက်ပြီးခဲ့ပြီ။ ပုလဲနယ်ထဲမှ ပုံတောင်ကိုကျော် ကူးသွားပြီးမှ ပုလဲနယ်ထဲ ပြန်ရောက်လာသည်ကို အစွဲပြု၍ ဒီကျောင်းကလေးကို 'ပဋိပတ္တိတောစခန်း' လို့ အမည်ပေးလိုက်ပါတယ်။ (ပဋိ-တစ် ဖန်၊ ပတ္တိ-ရောက်ရှိလာခြင်း) ပဋိပတ္တိ-တစ်ဖန်ပြန်ရောက် လာပြီးနေပေးရသော တောကျောင်း၊ ဒီတောကျောင်းကလေးကို ရေစက်ချပေးပြီး ခရီးပန်းခဲ့သမျှ၊ ခရီးလမ်း မှာ ထိခိုက်မိခဲ့တဲ့ ဒဏ်ရာအနာတွေ သက်သာအောင် ခေတ္တအနားယူရပါတယ်။
    'သည့်နောက် နတ်တော်လပြည့်နေ့မှ လစေ့နေ့(လကွယ်နေ့)အထိ တစ်နယ်လုံး ဒါတုံ၊ သောတုံ၊ ပဿိတုံ(လှူချင်လာ၊ တရားနာချင်လာ၊ ဖူးချင်လာပွဲကြီး) ခွင့်ပြုကာ ကျော်တောဆင်းဆွမ်းခံ၏။ တစ်နယ်လုံးရော နောက်ဘက်ရွာများကပါ ဆွမ်းလာလောင်းကြ၏။ တရားနာကြ၏။ ဖူးကြ၏။ နတ်တော်လစေ့နေ့ (လကွယ် နေ့) ၁၅ ရက်စာ ရေစက်ချတရားဟောပြီးသော် (ဘယ်သူမှမလာရ) အမိန့်ဖြင့် တံခါးပိတ်လိုက်တော့သည်။' (ဘဝကန္တာရ၊ စာ-၃၈၆)
    စကားရွာ မောနေယျတောမှ အလောင်းတော် ကဿပဆီသို့ ရည်မှန်း၍ ခရီးကြမ်းနှင်လာခဲ့ရာ အလောင်းတော်သို့ မရောက်တော့ဘဲ ကျော်တောရွာ ပဋိပတ်တောစခန်းမှာ တစ်ထောက်နားခဲ့ ရပြန်ချေပြီ။ ပဋိပတ်တောကျောင်းကလေးမှ အလောင်းတော်ရှိရာသို့ စိတ်ညွှတ်၍ ဂါရဝပြုလျက်ရှိ တယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဘဝမှတ်တမ်းဓမ္မလမ်းကို တစ်ခန်းတစ်ကဏ္ဍအနေနဲ့ ဖော်ပြခဲ့ပါတယ်။
(မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( 12 ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှ ဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 557

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42962

© 2022 - 2025 News. All Rights Reserved.