၂၀၂၄ ၊ ဇွန် ၁၅
၂၀၂၄ မေ ၃၀ ရက်မှာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ခန္ဓာဝန်စွန့် ပျံလွန်တော်မူခဲ့တာ တစ်လတင်းတင်း ပြည့်ခဲ့လေပြီ။ တပည့်ဒကာ ဝေနေယျများ လွမ်းဆွတ်တသစွာ ပူဇော်လို့မဆုံးနိုင်အောင် ရှိနေဆဲဖြစ်ပါတယ်။ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ပူဇော်ခြင်း (အာမိသပူဇာ)နှင့် တရားဓမ္မဖြင့် ပူဇော်ခြင်း(ဓမ္မပူဇာ) နှစ်မျိုးတွင် ဆရာတော် ဘုရားကြီးက ဓမ္မပူဇာကို ပိုပြီး လိုလားနှစ်သက်တော်မူပါတယ်။ 'တို့ဆီလာဖူးနေတာကမှ အချိန်ကုန်၊ စရိတ်ကုန်ပါသေးတယ်ဗျာ။ ဝင်လေထွက်လေလေးမှတ်ပြီး ပူဇော်နေစမ်းပါ၊ သတိကလေးနဲ့ ရှုမှတ်ပြီး ပူဇော်နေစမ်းပါ တို့ဆီရောက်ပါတယ်ဗျ။ မလာဘဲနဲ့ ရောက်တာ၊ မသွားဘဲနဲ့ရောက်တာ ဒီတစ်နည်းပဲ ရှိတာပါ'လို့ အကြောင်း တိုက်ဆိုင်တိုင်း သြဝါဒပေးလေ့ရှိပါတယ်။ ဒကာဒကာမ တို့ဘက်က ဓမ္မပူဇာသာ အကောင်းဆုံးဖြစ်သလို ဆရာတော်ကြီးတို့ကဲ့သို့ သူတော်ကောင်းကြီးတွေလည်း 'ဓမ္မအမွေ'ကိုသာ ပေးဝေဆက်ခံရယူစေချင်ပါတယ်။
ပဓာနနာယက(ကျောင်းထိုင်) ဆရာတော်ကြီးတစ်ပါး ဘဝနတ်ထံပျံလွန်တော်မူလျှင် ကျောင်းလုသော ပြဿနာ၊ ကျောင်း၌ကျန်ခဲ့သော ကားစသော ပရိဘောဂ အသုံးအဆောင်များအပေါ် လိုချင်တပ်မက် အငြင်းပွားကြသော ပြဿနာများ ဖြစ်ပေါ်လေ့ရှိပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကား မိမိကိုယ်ကိုယ်'ကျောင်းထိုင်၊ ကျောင်းပိုင်\ဟူ၍ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့။ တဲကျောင်း၊ ဝါးကျောင်းကလေးများမှသည် တိုက်ကျောင်းကြီးများအထိ ဘယ်ကျောင်းကိုမှ 'ငါ့ ကျောင်း'လို့ မပြောခဲ့။ ငါစွဲပြုတ်အောင် ကျင့်ဆောင်အား ထုတ်ပြီးပြီမို့ ငါစွဲ၊ ကျောင်းစွဲ မရှိတော့။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့အားထုတ်တဲ့အခါမှာ အားထုတ်မည့် ရဟန်းသံဃာများကိုသာ ဦးစားပေးရွေးချယ် လွှဲပြောင်းပေးလေ့ရှိခဲ့ပါတယ်။ ဓမ္မအမွေဆက်ခံပြီး အားထုတ်မည့်သူမရှိတဲ့ ကျောင်းမျိုးကိုတော့ သက်ဆိုင်ရာ သံဃာ့နာယကထံ အပ်နှံခဲ့ပြီး သင့်တော်သလို စီမံစောင့် ရှောက် စေခဲ့ပါတယ်။
ဒကာ ဒကာမတို့ လှူဒါန်းထားတဲ့ ပစ္စည်းပစ္စယများကို ရဟန်းသံဃာတို့ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ၂၀၂၁ မတ်လထုတ် 'ဓာတ်သာဇာတ်သားနှစ်ပါးနှင့် သက်ဆိုင်သော စကားများ'ဆိုတဲ့ ကျမ်းစာအုပ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
၁။ ထေယျ
ရဟန်းကျင့် မကျင့်ဘဲနှင့် (ရဟန်းကျင့် ကျင့်ရန်အတွက်) ဘုရားရှင် ခွင့်ပြုထားသည့် ပစ္စည်းများကို ယူငင်စားသုံးလေသူ၊ ယင်းသည် ကိုယ်နှင့်မဆိုင်သည့် ပစ္စည်းများ ယူငင်သုံးစားခြင်းကြောင့် 'သူခိုးရဟန်း' အမည်ရသည်။ ကဿပဘုရားရှင်သာသနာ၏ နောက်ပိုင်းကာလရှိ ရဟန်းများက ဤနေရာ ဝင်ယူ၏။ ထိုထေယျသာသနာ့ဝန်ထမ်းများသည် ထုံးစံအတိုင်း သူခိုးတို့ အပြစ်ကျရာ အပါယ်လေးဘုံထောင်၌ နေကြရမည်။ ထိုစဉ် ငရဲ၌ကား အများအပြားရှိ၏။ သဋ္ဌိကုဋပြိတ္တာ၊ မြွေပြိတ္တာစသည့် ပြိတ္တာ၌လည်း အနည်းအပါး တွေ့ရသည်။ ဘီလူးစသည့် တိရစ္ဆာန်ဘဝများ၌လည်း အများအပြားရှိ၏။
၂။ ဣဏ
ရဟန်းကျင့်တော့ ကျင့်၏။ သို့သော် သာသနာ့အသုံးအဆောင်များကို လက်ခံစားသုံးရာ၌ သူ့ဆိုင်ရာ ပစ္စဝေက္ခကာများကို မဆင်ခြင်။ ခန္ဓာ့ဖြစ်ပျက် များကိုလည်း မရှုမှတ်၊ သည့်အပြင် ငါ့ဒကာ င့ါဒကာမက ငါ့ကို ဘာပစ္စည်းများ သုံးဆောင်ရပေသည်ဟူ၍ သီလအစား ငါစားဝင်သုံးဆောင်၏။ ထိုရဟန်းသည် သဒ္ဓါနှင့် သီလနေရာတွင် သူနှင့်ငါ ပေါင်းဖက်၍ လက်ခံစားသုံးမိခြင်းကြောင့် ကြွေးတင်ပြီ။ ထိုကြွေးရှင်သည် များသောအားဖြင့် ကျွန်နေရာကနေ သွားရောက်ပေးဆပ် လေ့ရှိသည်။ (စာ-၁၉၅)
နွားအဖြစ် ဝန်ရုန်းပေးရခြင်း၊ အစေခံ(လူ) အဖြစ် ဝန်ထမ်းပေးရခြင်း၊ အဖိုးလက်ခစားအဖြစ် ဝန်ထမ်းပေးရခြင်းတွေနဲ့ အလှူရှင်တွေကို ကြွေးပြန်ဆပ်ရ လေ့ရှိတယ်လို့ ဆိုပါတယ်။
ထေယျ၊ ဣဏ နှစ်မျိုးလုံးဟာ အာမိသ(ဝတ္ထုပစ္စည်း) အမွေလက်ဝေခံတွေဖြစ်ပြီး သာသနာ့ ဘောင်ဝင်ပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေလို့လည်း ဆိုနိုင်ပါတယ်။ ကဿပဘုရားရှင်ရဲ့ သာသနာမှာရော၊ ဂေါတမဘုရားရှင်ရဲ့ သာသနာမှာပါ ဒီလိုရဟန်းတွေ ရှိခဲ့ဖူးတယ်။ ဒီဘဝမှာ အနေချောင်သလောက် နောင်ဘဝမှာ အကျနာလိမ့်မယ်၊ ဝိနိပါတိက(အပါယ်ဘေး)ကြီး ကျရောက် နိုင်တဲ့အတွက် 'သတိထား'လို့ သြဝါဒပေးတော်မူပါတယ်။
၃။ ဒါယဇ္ဇ
ဤပစ္စည်းရိက္ခာများကို သုံးဆောင်၍ ထိုဘုရား တရားတော်အတိုင်း လိုက်နာဖြည့်ကျင့်သော ရဟန်းသည် ဦးစွာသီလစင်ကြယ်စွာ ဆေးကြောသုတ် သင်၏။ ထို့နောက် မိမိခန္ဓာ အရင်းတည်၍ သမာဓိ ထူထောင်၏။ သည့်နောက် ခန္ဓာမှာပင် ပညာထွန်းကားစေ၏။ (ပညာရရှိ၏)၊ ထိုရရှိသော ပညာသည် သမထ (သမာဓိ)မှရသော ပညာက သမာဓိပညာအမည်တွင်၏။ ဝိပဿနာကရသော ပညာက ဝိပဿနာပညာအမည်တွင်၏။ ခန္ဓာနှင့် သမထဝိပဿနာတို့က လွတ်သွားသော ပညာက မဂ်ပညာမည်၏။ ထိုမဂ်(ဖိုလ်)ပညာတွင် ပထမဆုံးသော မဂ်ဖြင့် (သောတာပတ္တိမဂ်ဖြင့်)နိဗ္ဗာန်သို့ မျက် မြင်ကိုယ်တွေ့ တွေ့ခွင့်ရသူ သို့မဟုတ် ရုပ်နာမ်ချုပ်ဆုံး ဉာဏ်မျက်လုံးသက်သက်ဖြင့် နိဗ္ဗာန်ဝင်ခွင့်ရသူသည် ဓမ္မ ဒါယာဒအမွေ ဒါယဇ္ဇအမွေ လက်ဝေခံသူဖြစ်လာခြင်းကြောင့် ဒကာဒကာမတို့ လှူသော ပစ္စည်းများကိုလည်း အမွေခံသားသမီးနေရာကနေ လက်ခံယူသုံးခွင့်ရတော့သည်။ သူ့၌ ဒိဋ္ဌိက္ခာကျ ပြီးဖြစ်နေ၍ ငါစားရှိတော့ပါ။ (စာ-၁၉၆)
၄။ သာမိ
ပစ္စည်းရိက္ခာများကိုလည်း ခံယူရင်း၊ ဓမ္မအမွေကိုလည်း ခံယူရင်း သိက္ခာရတနာပြည့်ဝစွာဖြင့် ပထမ မဂ်မှသည် ဒုတိယမဂ်၊ အဲဒီကနေ အနာဂါမ်၊ ရဟန္တာဖြစ်တဲ့အထိ အဆင့်ဆင့် ကြိုးစားအား ထုတ်သွားသူတွေကို 'ဓမ္မသာမိ'တရားပိုင်ရှင်အဖြစ် အထူးပင် ပူဇော်မှုပြုအပ် ပါတယ်။ သောတာပန်မှသည် ရဟန္တာအထိ (ဒါယဇ္ဇနှင့် သာမိ)တို့သာလျှင် 'သိက္ခာတင်ရဟန်း'အရာဝင်ပြီး (ထေယျနှင့်ဣဏ) တို့ကတော့ ပိတ်ပတ်(သင်္ကန်းပတ်)ထားတဲ့ ရဟန်းများလို့ ဆိုပါတယ်။ (စာ-၁၉၉)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ကဿပဘုရားရှင်တော်ရဲ့ သာသနာနှောင်းပိုင်းကာလက ရဟန်းသံဃာလောကရဲ့ အခြေအနေကို ထုတ်ဖော်ပြီး သာဓက ဆောင်ထားပါတယ်။
'ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယဆိုသော လေးပြင်လေးရပ် တံခါးကြီးများမှနေ 'ကာမောတေပထမာ သေနာ'စသည့် မာရ်တပ်မကြီး ၁၀ ခုတို့က ဒလဟော တိုးဝင်လာတော့ရာ သာသနာ့ နေပြည်တော်ကြီးတစ်ခုလုံး မာရ်တပ်က စည်းရုံးမိသွားချေပြီ။ ဘုရားသားတော် အများစုလည်း မာရ်နတ်၏ သားတော်အဖြစ် ခံယူလိုက်ကြသည်။ ဘုရားသားတော်အစစ်ကား မဖြစ်စလောက်သာ။ မထေရ်ကြီးများလည်း လူ၊ လာဘ်၊ ပစ္စည်း အခြွေအရံအလေးပေးကြ၏။ မထေရ်လတ်များလည်း လူအများ အထင်ကြီးစရာကို ရှာဖွေဆည်းပူးကြရ၏။ မထေရ်ငယ်များလည်း လူနှင့်ရောနှောကာ လူ့အကြော လိုက်ရှာနေကြရ၏။
သို့ဖြင့် ပစ္စယာနုဂ္ဂဟ တာဝန်ထမ်းရင်းက ပစ္စည်းများ ဆုတ်ယုတ်သွားတော့သဖြင့် ထိုပစ္စည်း အထောက်အပံ့ တာဝန်လက်လွတ်ကြချိန်၊ တစ်ဖန် ဓမ္မနု ဂ္ဂဟဘက်က တာဝန်မဲ့လာကြသဖြင့် လူတို့ အယုံမဲ့လာချိန် ထိုအချိန်များတွင် ဤသို့သော အာမိသ(ဝတ္ထုပစ္စည်း) အလေးပေးဓာတ်သွေးများ အရေးဆိုမှုကြီး အုံကြွလာကြ တော့ရာ ...
တစ်နေ့ တောကျောင်းက ရဟန်းငယ်နှစ်ပါး အငြင်းပွားစရာပေါ်လာသည်။ သူမှန်သည် ငါမှန်သည်ဖြင့် အငြင်းပွားခြင်းများ၊ သူပိုင်သည် ငါပိုင်သည်ဖြင့် အငြင်းပွားခြင်းများ ...။ ယင်းကို အငယ်ရဟန်းက နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်ကြီးနှစ်ပါးထံ သွား ရောက်လျှောက်ကြားမည်ဟု မနိုင်နိုင်ရာ ကိုင်ဖို့ ကြိုးစားသည်။ ထိုစဉ် အငယ်ထက်လျှင်၍ အငယ်ထက်လည်း အဝင်အထွက်ပိုင် သော အကြီးသည် အငယ်ကသွားရန် ဟန်ပြင်နေဆဲမှာပင် ထိုဆရာတော်ကြီးများ ထံမှောက် ရောက်ခဲ့ပြီ။ ရောက်သည်နှင့် ...ပါသောပစ္စည်းများကို ကပ်လှူ၏။ မထေရ်ကြီးများကလည်း ပစ္စည်းရှားကာလ လာဘ်ရသဖြင့် ပျော်ရွှင်နေကြ၏။ သည်သို့ ပစ္စည်းများ အကပ်အလှူ (အပေးအယူ)လုပ်ပြီးမှ စကားဆို၏။
'အရှင်တို့ဘုရား ...ဤပစ္စည်းသည် အရှင်တို့အား သက်သေအရာထားသော ပစ္စည်းပါဘုရား။ ဤ ပစ္စည်းကို လက်ခံတော်မူကြခြင်းဖြင့် တပည့်တော်နှင့် ရဟန်းငယ်လေးတို့ အငြင်းပွားအမှု တပည့်တော်ဘက်မှန်ကြောင်း သက်သေပြတော်မူကြပါဘုရား' အပိုင် လျှောက်ထားသည်။
ထိုစဉ် ရဟန်းငယ်လေးက မထေရ်ကြီးနှစ်ပါးထံ အလာ၊ လာဘ်ထိုးရဟန်းက မထေရ်ကြီးများထံမှ အပြန်လမ်း၌ ဆုံကြရာ ...'ဟေ့ကောင် ...မင်းသွားလည်း အပိုပဲ ...ငါက လာဘ်ပစ္စည်းထိုးပြီး ပါးစပ်ပိတ်ခဲ့ပြီးပြီ။ မင်းပြန်လာရဲလာကြည့်။ မင်းင့ါအကြောင်း သိတယ်မို့လား'ဖြင့် ကြုံးဝါး ပြတော့သည်။ အငယ်လေးက ဘာမှမတုံ့ပြန်ဘဲ ထေရ်ကြီးနှစ်ပါးရှိရာသို့သာ ဦးခေါင်းစိုက်လိုက် မှန်ဦး တိုက်ဖြင့် သွားမြဲသွားတော့သည်။ မထေရ်ကြီးနှစ်ပါးထံရောက်သောအခါ အဖြစ်မှန်လျှောက် ထားပြ သည်။ ထိုအခါ မထေရ်ကြီးနှစ်ပါးတို့က ...
'ငါ့ရှင်၊ သင့်ဘက်က မှန်သည်၊ သို့သော်လည်း ပဲ ...ဟိုတစ်ဖက်က သင့်အရင် ရောက်လာပြီး ပစ္စည်းများ လှူသွားကြပြီးပြီ။ ငါတို့ကလည်း သူလှူသမျှ လက်ခံမိပြီးပြီ'ပြောလိုက်ရာ ...' ကဿပဘုရား သာသနာ အခုမှ ကွယ်တော့တာပါ ဘုရား ...'ရဟန်းငယ်လေးက သို့လျှောက်ထားပြီး မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်လျက်က ခြေဦးတည့်ရာဘက် ငိုယိုကာ ထွက်ပြေး သွားရှာပြီ။ မထေရ်ကြီးနှစ်ပါးတို့လည်း သံဝေဂဖြင့် ကျန် ခဲ့ကြပြီ။ သံဝေဂ၏ နောက်သံသယ၊ ကုက္ကုစ္စတို့က လိုက်လံနှိပ်စက်နေကြပြီ။ အခြားအကူအညီတောင်းရန် ကလည်း သူတို့က အကြီးအကဲများ ဖြစ်နေကြသည်။
သို့ဖြင့် ထိုမထေရ်ကြီးနှစ်ပါးတို့ ကံတော်ကုန် ကြသောအခါ ...
တစ်ပါးက ဟေမာဝတတောင်မှာတောင် စောင့်ဘီလူးဖြစ်သွားသည်။ သူနှင့်အတူ တပည့် အပေါင်းကလည်း သောင်းဂဏန်းမျှ ပါလာကြသည်။ ထိုတောင် ကို ဟေမာဝတ ဘီလူးနှင့် အပေါင်း ပါတို့ နေထိုင်ကြသော တောင်ဟူ၍ ယနေ့တိုင် အမည်ပေါက်နေသည်။ နောက်တစ်ပါးကလည်း သာတဂီရိတောင်မှာတောင် စောင့်ဘီလူးဖြစ်သွားသည်။ သူ့၌လည်း ဘီလူးတပည့် အပေါင်း သောင်း ဂဏန်းမျှ စုမိဆောင်းမိရှိသည်။ ထိုတောင်ကိုလည်း သာတဂီရိဘီလူးနှင့် အပေါင်းပါတို့စောင့်သော တောင်ဟူ၍ ယနေ့တိုင် ထင်ရှားကျန်ခဲ့ပြီ။' (စာ-၁၉၁ မှ စာ-၁၉၄)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ရဟန်းသံဃာများကို ကျင့်ကြံအား ထုတ်သော ဓမ္မအမွေခံအဖြစ်သာ မြင်တွေ့လိုကြောင်း ထင်ရှားပါတယ်။
'ရဟန်းဆိုသည်မှာ ကိလေသာကို ဖျက်ဆီး သုတ်သင်နေသူဟု အဓိပ္ပာယ်ရပါသည်။ အာရုံဖြင့် ညှို့ဆွဲဆွဲ၍ စိတ်ကိုအပူထဲ တွဲပို့နေသော ကိလေသာမှန်သမျှ သတိချင်းဆက် လျှပ်တစ်ပြက်နည်း ဖြင့်လည်း ပယ်ခဲ့ရပါမည်။ အာရုံနှင့်လွှဲ အရေးတယူ မခံစားဘဲနှင့်လည်း ထားခဲ့ရပါမည်။ ပိုင်ချက်ထဲဝင် အပြီးသုတ်သင်ပစ်ခြင်းဖြင့်လည်း အောင်ပွဲခံရပါမည်။ သို့မှသာ ရဟန်းအမည် ပေါ်လွင်ပါမည်။ ရဟန်း သည် ကိလေသာစစ်ကို တိုက်ထုတ်ပစ်နေသော စစ်သား၊ တပ်မတော်မှ ရဲဘော်များသည် ကျူး ကျော်စစ်တိုက်ထုတ်ပစ်နေသော စစ်သား၊ ရဟန်းနှင့် စစ်သား အမည်သာ ခြားနား၏။ ကိစ္စကား တစ်သားတည်းသာ၊ ရဟန်းက အတွင်းစစ်၊ စစ်သားက အပြင်စစ်။'
'သို့စင်လျက် ရဟန်းသည် ကိလေသာကို ရန် သူလို့ပင်မထင်၊ ရဟန်းနှင့် တိုက်ရာအာရုံသွင်း၊ သတိဖြင့် စစ်ဆေးမေးမြန်းခြင်းပင် မရှိ၊ တံခါးတို့အကြား အကြိုက်နှင့်စိတ် တိတ်တိတ်ကစားနေကြပါ သည်ကို အသိဖြင့် ဖြတ်ခြားထားခြင်းလည်းမရှိ၊ မိမိပြုကျင့်မြဲ ညာဉ်ဗီဇ အတိုင်းပြုကျင့်နေကြပါမူ သာသနာ့အဆောင်အယောင်ဖြင့် သာသနာ့ဝတ်ရုံတော်ကြီးဝတ်၊ သာသနာ့ ဝေယျာဝစ္စဆောင်ရွက်ရုံမျှ သာ ရှိပါတော့မည်။' (၂၀၁၅၊ သြဂုတ် လထုတ်၊ လူတစ်ထမ်း ရဟန်းတစ်ရွက်၊ စာ-၁၂၆)
ဒီကျမ်းစာမှာ 'ရဟန်းဆိုတာ'ကို ကောင်းကောင်းကြီး အဓိပ္ပာယ်ဖွင့်ပြုပြီး ရဟန်းတို့ လျှောက်ရ မည့်လမ်းကိုလည်း တန်းတန်းမတ်မတ် ညွှန်ပြထားပါတယ်။
ရဟန်း၏ ပင်တိုင်သီလကပင် ...
၁။ ပါတိ မောက္ခ
၂။ ဣန္ဒြိယ
၃။ အာဇီဝ
၄။ ပစ္စယသန္တိဿိတ
လေးမျိုးရှိချေရာ ပါတိမောက္ခသီလကား သဒ္ဓါရိုးနှိုးဆော် ပေးရုံမျှသာရှိ၏။ သမာဓိရှိမှသာ ဣန္ဒြိယသံဝရသီလက လုံခြုံ၏။ ဝီရိယအားကောင်းမှသာ အာဇီဝပါရိသုဒ္ဓိသီလက လုံခြုံ၏။ ပညာအားကြီးမှသာ ပစ္စယသန္တိဿိတသီလက လုံခြုံ၏။ သတိအသွင်းသန်မှ ထိုအားလုံး လုံးမိစည်းမိပြီးဖြစ်ချေရာ ရဟန်းဆိုက အကျင့်ဖြင့် စခန်းဝင်ရသော သိက္ခာတင်သီလမျိုးရှိဖို့ အထူးလိုအပ်လှပါသည်။
သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဖိုလ် ငါးဖြာတို့ ရိုးရိုးမှတက် ဗိုလ်အဆင့်ဂေဇက်တွက်မှသာ သီလအားလုံး စင်ကြယ်ကြပါမည်။ ထိုသို့ ဖြစ်ရန်မှာ တစ်ဘ၀ စံ တစ်လမ်းသွားသမားအဖြစ် မိမိကိုယ်ကိုယ် မိမိသတ်မှတ်၍ ရဟန်းအမည်နှင့် အပ်စပ်ရာ ကိလေသာစစ်အမြစ် ပြတ်ချေမှုန်း တိုက်ဖျက်နေမှသာ ဖြစ်နိုင်ကြပါမည်။ ထိုစဉ် ဝိပဿနာÓဏ်အဆင့်ဖြင့် ခြေခေါက်သွားသည်များလည်း ရှိနိုင်၏။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အဆင့်များဖြင့် ခြေခေါက်သွားသည်များလည်း ရှိနိုင်၏။ ယင်းတို့သည် ပွဲမပြတ်မီ ခြေခေါက်သွားသည့် မတော်တဆ ဖြစ်ရပ်များအဖြစ်သာ ခံယူထိုက်ပါသည်။ ရဟန်းမှန်က လေးပွဲပြတ်(လေးမဂ်ရ ...ရဟန္တာအဖြစ်) တံခွန်စိုက်အောင်ပွဲခံပြီးအထိ ပွဲပြတ်ဝင်နိုင်ရပါ မည်။ တစ်ဘဝစံကား သည်တစ်ဘဝတည်းဖြင့် အောင်ပွဲခံခြင်း တစ်လမ်းသွားကား နိဗ္ဗာန်လမ်းမှတစ်ပါး အခြားလမ်းခွဲ မထားတော့ခြင်း။' (၎င်း၊ စာ-၁၂၇)
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ ရဟန်းတို့ရဲ့ အပူဇော်ခံဘ၀ ဘယ်လောက် တာဝန်ကြီးလှကြောင်း အသိပေး မောင်းခတ်နှိုးဆော်ခဲ့ပါတယ်။ ရဟန်းဆိုတာ နေ့ညမပြတ် ရှုမှတ်မှုသတိအား ကောင်းနေပါမှ 'ကိလေသာစစ်တလင်း ကွင်းတစ်ဝက် နင်းမိထားကာ အမြတ်ဘက် လှည့်ခွင့်သာလိမ့်မယ်}လို့ ဆိုပါတယ်။
'သို့ဖြစ်ရာ ရဟန်းအမည်ခံလာရာမှ ရဟန်းဘ၀ ကောင်းကောင်း အသုံးချပြတတ်သော ရဟန်းစစ်မျိုးဖြစ်ရန် မေတ္တာမြေပြင်အခင်းဝယ် ဗောဇ္ဈင်ခုနစ်စင်း တံတားအဖြစ်ခင်း၍ ဗောဓိပေါက်သို့ လေးချီမြောက် လေးခေါက်အထိ (ရဟန္တာဖြစ်သည်အထိ) အရောက်သွားရပါမည်။ တစ်ခေါက်နှင့် မရပ်နားရ၊ တစ်ခေါက်သည် စစ်အခြေအနေ တီးခေါက်ရုံမျှသာ၊ နှစ်ခေါက်၊ သုံးခေါက်နှင့်လည်း မရပ်နားရ၊ ထိုနှစ်ခေါက်၊ သုံးခေါက် သည် အောက်လက်ဗိုလ် တောခိုသူပုန် ရှင်းလင်းပစ်နိုင် ခဲ့ရုံပမာမျှသာ။ လေးခေါက်အထိ ပေါက်ရောက်ပါမှ (ရဟန္တာဖြစ်သွားပါမှ) ကိလေသာ ရန်သူ၏ ဌာနချုပ်ကိုလည်း စီးနင်းမိ၊ အမိန့်ပေးခေါင်းဆောင်ရန်မူ အဓိပတိ ကိုလည်း လက်ရမိဖြစ်တော့သည်။' (၎င်း၊ စာ-၁၂၄)
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးဟာ ကိုယ်တော်တိုင်လည်း အသက်အ ရွယ်ကို မငဲ့၊ ပြင်းပြင်းထန်ထန် အားထုတ်တော်မူသကဲ့သို့ ဓမ္မ အမွေခံရဟန်းသံဃာများကိုလည်း ဘယ်လိုအားထုတ်ရ မယ်ဆိုတာ ကိုယ်စားတော်အဖြစ် ထားရစ်တော်မူသော ရုပ်ကလာပ်တော်ကြီးက ဟောပြနေပါပြီ။ ၂၀၁၅ သြဂုတ်လထုတ် 'လူတစ်ထမ်း ရဟန်းတစ်ရွက်' ကျမ်းစာအုပ်ရဲ့ အဖွင့်ကဗျာဖြင့် ဓမ္မအဆင့်ကို မြှင့်တင်ကြပါစို့လား။
ရဟန်းက လမ်းခရီးဖွင့်
ပြီးနှင့်လျှင် ကျင့်နည်းပြန်ပေး
လူကလည်း လှူဒါန်း
သူကမ်းလာ တန်းကာရွက် လမ်းထွက်မနှေး။
ဖြစ်စင်သူတို့ရဲ့ သဘောမှန်
အကူဝင်အတူဝင် ဇောသန်ခဲ့လျှင်
သောတာပန်က လူမှာတပ်
နတ်ရပ်မှာပဲ အေးအေးဆေးဆေး ...
အဆုံးလမ်း ရဟန်းခံ
လမ်းမှန် တန်းပြန်ရုံပဲ အေးအေးလေး။ ။
( မောင်သျွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
Facebook Page Channel .......
Telegram Channel .......
Viber Channel ......
Youtube Channel .....
Tiktok Channel ....
Mobile app Download .....