မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဇရာအိုစစ်တမ်းနှင့် ငြိမ်းချမ်းသော ဓမ္မမေတ္တာ

၂၀၂၄ မေ ၉
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ မဟာမြိုင်တောကြီးမှာ ၁၃၆၅ ခုနှစ်မှ ၁၃၇၄ ခုနှစ်အထိ ကိုးနှစ်တာ သီတင်းသုံး အားထုတ်တော်မူခဲ့ရာ ပထမခုနစ်နှစ်လုံးလုံး ချမ်းချမ်းသာသာ အားထုတ်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံး နှစ်နှစ်မှာ ပြင်းထန်တဲ့ အတိုက်အခိုက် အနှောင့်အယှက်တွေ ပေါ်လာလို့သာ မဟာမြိုင်တောကြီးကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ မဟာ မြိုင်သို့ ရောက်စမှ  ခုနစ်နှစ်တာအတွင်း ချမ်းချမ်းသာသာ အားထုတ်ခဲ့တယ်ဆိုပေမယ့် သက်တော် အားဖြင့် (၆၀) ကျော်လာပြီဖြစ်ရာ 'အိုခြင်းဇရာ' ဆိုတဲ့ လှိုင်းလေးတွေ ရိုက်ပုတ်တဲ့ဒဏ်ကိုတော့ စတင်ခံစားနေရပြီ ဖြစ်ပါတယ်။ မြန်မာပြည်အရပ်ရပ် တောတောင်အသီးသီးမှာ နှစ်ပေါင်း ၂၀ ကျော် ဓူတင်ဆောင် အားထုတ်ခဲ့လေရာ တောရအသီးသီးက ပါလာတဲ့ ဒဏ်ရာဟောင်း၊ ရောဂါဟောင်းများက ပြန်လည်ထကြွ သောင်းကျန်း နှိပ်စက်တာလည်း ကြုံလာရပြီ ဖြစ်ပါ တယ်။
    ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ မဟာမြိုင်ရောက်စက 'ခေါင်နန်းပလ္လင်ကျောင်း' တွင် သီတင်းသုံးတော်မူခဲ့ပြီး ၁၃၆၆ ခု ဝါဆိုချိန်တွင် တောင်ကုန်းကလေးပေါ်တွင် ဆောက်လုပ်ထားသော 'အကျွတ်အလွတ်ကျောင်းတော်'သို့ ပြောင်းရွှေ သီတင်းသုံးတော် မူခဲ့ပါတယ်။
    '၁၃၆၆ ခုနှစ် တော်သလင်းလပြည့်နေ့တွင်ကား အဓိဋ္ဌာန်တင်လိုက်ပြီ။ ယင်းမှာ ငါသည် ဤ အကျွတ်အလွတ်မှနေ၍ သာသနာအတွက် ဓမ္မမေတ္တာများ ကြိုးစားတော့ပါအံ့။ ဤအကျွတ်အ လွတ်မှနေ၍ အများအတွက် ဓမ္မမေတ္တာများ ဖြန့်ဝေတော့ပါအံ့။ ဤအကျွတ်အလွတ်မှနေ၍ င့ါအတွက် ဓမ္မမေတ္တာများ တိုးစေပွားစေပါအံ့။ ယင်းအဓိဋ္ဌာန်ကို ည ၇ နာရီတိတိတွင် တင်လိုက်၏။ အားလုံးကြား ပါစေ၊ သိပါစေ၊ သက်သေအရာ၌ တည်ပါစေ တိုင်တည်လိုက်၏။ ထိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်ခါနီးအထိ အန္တရာယ်မရှိ၊ နေ့ညအားထုတ်ခွင့် ရနေ၏။ ၂၄ နာရီလုံးလုံး တစ်နာရီက အထိုင်၊ တစ်နာရီက စင်္ကြံဖြင့် ...။ သီတင်းကျွတ် လပြည့်ခါနီး သုံးရက် ...ဆီမီးပူဇော်ရန် မီးတိုင်များ ဖန်ဆင်းရာမှ လဆန်း ၁၃ ရက်နေ့မှစတင်ကာ အဖျားဝင်တော့သည်။ တရားချိန် မမှန်တော့ပါ။' (၂၀၁၂၊ စက် တင်ဘာလထုတ်၊ ဘဝကန္တာရသင်္ကေတကထာ၊ စာ-၃၉၉)
    တန်ဆောင်မုန်းလပြည့်ကျော်တဲ့အထိ အဖျားဒဏ်ကို လှိမ့်ခံနေခဲ့ရပါတယ်။ ဆရာတော်ကြီးမှာ အဖျားဒဏ်ကို ကာကွယ်စရာ၊ ကုသစရာ တရားမှတစ်ပါး အခြားဆေးဝါးမရှိပါ။ မဟာမြိုင်ရဲ့ အလွန်အေးတဲ့ ဆောင်းရာသီကို နှစ်ထပ်သင်္ကန်းဖြင့်သာ ကာကွယ်ရပါတယ်။ ဆရာတော်ကြီးဟာ တောထွက်စကတည်းက စောင်၊ ခြင်ထောင် လုံးဝမသုံးမပြုပါ။
    'သို့ကြောင့် နံနက်ပိုင်း နေ့ပိုင်းများပါ ခိုက်ခိုက်အေးဖြစ်လာတော့ရာ နေထွက်စ၍ နံနက် ၆ နာရီ ထိုင်ချိန်ကျ ပျက်ကွက်သွားတတ်၏။ နေတက်စ၏ နံနက် ၈ နာရီတိုင်းချိန်ကျ ပျက်ကွက်သွားတတ်၏။ ထိုအခါ တာဝန်ယူစောင့်ရှောက်ပေးနေကြရသူများ၏ နှိုးဆော်ခြင်းက ဝင်လာချေပြီ။ တစ်ခါက ငါတို့ ဥပဇ္ဈာယ် ရုပ်ဖြင့်ဆွဲထူ ကျောက်ကန်ခံရ၏။ တစ်ခါက သည်မှာနေ တာဝန်ခံရုပ်ဖြင့်ပင် ခြေမချင်းဖိညှပ်၍ အနှိုးခံရ၏။ နောက်ဆုံးတွင်ကား ...ပုတီးကုံးကြီး သုံးကုံး၊ ယင်းမှာ ထိုင်ချိန်သုံးချိန်ကို ရည်ညွှန်း၏။ ပုတီးကုံးလေးသုံးကုံး၊ ယင်းက စင်္ကြံသုံးချိန်ကို ညွှန်း၏ သည်နှစ်မျိုးတို့ကိုသာ အဓိဋ္ဌာန်မဖျက် အမြဲဝင်ပေးပါ။ ကျန်များကိုကား အချိန်အခါ ကျန်းမာရေးအရ နားလိုကနားပါ။ အိပ်မက်ပေး၍ နှိုးဆော်လာ တော့၏။ ကျေးဇူးကြီးမားလေစွ။' (၎င်း၊ စာ-၃၉၉)
    ပြီးတော့ ...မဟာမြိုင်ရဲ့ အရှင်သခင်မကြီး ပန်ထွာဘုရင်မနဲ့ ဆက်စပ်ရာ အိပ်မက်တွေ ...။
    ဆရာတော်ကြီးက ပန်ထွာဘုရင်မကို 'မိပန်'လို့ ရင်းရင်းနှီးနှီး ခေါ်ဆိုလေ့ရှိပါတယ်။ မိပန်ဟာ ပြုစားတတ်သူ စုန်းမကြီးလားလို့ ဥပဇ္ဈာယ်ဆရာကို မေးလျှောက်ကြည့်ပါတယ်။ ဥပဇ္ဈာယ်က မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းယမ်းပြပါတယ်။ တစ်ခါမှာတော့ ပန်ထွာဘုရင်မ လာရောက်ဖူးမြော်စဉ် ...'မိပန်ရယ် ...နင် ဗိဿနိုးဘုရင်မအဖြစ်နဲ့ပုံ ငါမြင်ချင်တယ်'လို့ ဆန္ဒပြုလိုက်တဲ့အခါ ...
    'ဗိဿနိုး စိုးစံစဉ်က ပုံစံအတိုင်း ဖန်ဆင်းထားသည့် ကရဝိက်စက်တပ် ဖောင်ယာဉ်ကြီး ငါတို့ဆီ ထိုးဆိုက်လာပြီ ... အရှင်ဘုရား ကြည်ညို၍ တပည့်တော်တို့ လာကြတာပါ။ အရှင်ဘုရားကို အားလုံးက ဝိုင်းကြည်ညိုနေကြတာပါ။ အရှင်ဘုရားရဲ့ ဝန်းကျင်တစ်ခွင်လုံး ထိုင်ကြည်ညိုနေကြတာပါ။ နေရာ ပြည့်ပါပဲ' ဤသို့ လာရောက် လျှောက်ထားသော အိပ်မက်၊ တစ်ချီက မိပန်လက်ရှိပုံအတိုင်း လက်ရှိနေရာကနေ (ချက်မကြီးကနေ)လာရောက်ပင့်ဆောင်၍ ငါတို့ လိုက်ပါသွားရသော အိပ်မက်၊ ဗိဿနိုးအပြက အဝေးပြဖြစ်၍ အသံကိုသာ အဓိကကြားရ၏။ ချက်မကြီးပြက အနီးပြ ကျကျနန တွေ့ရ၏။ လက်ရှိနေရာတွင် လေးဖက်ချ ဧရာမကျောင်း တော်ကြီးပုံကိုလည်းပြ၏။ သည်မျှမက ထူးဆန်းအိပ် မက်ကများလှ၏။ ယင်းကို မှတ်စုစာအုပ်၌ နေ့အလိုက် မှတ်တမ်းတင်ထားပြီးသားရှိ၏။} (စာ-၄၀၀)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ(ဘဝကန္တာရ သင်္ကေတကထာ)ကို မဟာမြိုင်တောကြီးမှာ အဆုံးသတ်ရပ် နားထားပါတယ်။ သို့သော် မဟာမြိုင်နှင့် မဟာမြိုင်အလွန် ကြုံတွေ့ရသမျှတို့ကို ဓမ္မမှတ်ကျောက်ပေါ်တွင် တင်၍ စာတမ်းငယ်များ ရေးသားခဲ့တာလည်း တွေ့နိုင်ပါတယ်။ ၂၀၂၂ အောက်တိုဘာလထုတ် 'ထွက်ပေါက်' (ကထာစာပေါင်းသိုက်)မှာ မဟာမြိုင်မှာ သီတင်းသုံးစဉ်က ရေးခဲ့တဲ့ စာတမ်းငယ်ရှစ်စောင် (ဆောင်းပါးရှစ်ပုဒ်)ကို စုစည်းပုံနှိပ်ထား ခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ 'အိုဇရာ'ဆိုတဲ့ စာတမ်းက မဟာမြိုင်မှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အိုခြင်း၊ နာခြင်းတို့အပေါ် ရှုမြင်သုံးသပ်ထားတာ ဖြစ်ပါတယ်။
    'ထိုထို သတ္တဝါအပေါင်းတို့၏ ထိုထိုဘ၀ ထိုထိုကာလများ၌ ...အကြင်လတ်ဆက်နုပျို ရှုဖွယ်လိုရာမှ အိုသွားသည်လည်းရှိ၏။ အကြင်ရိုးရေ သားသွေး အပါးအမြှေးများ ဆွေးသွားသည်လည်းရှိ၏။ အကြင်ရှေ့နောက်ကြောရုန်း ဖုထစ်လုံးသဖြင့် ကုန်းကော့သွား သည်လည်းရှိ၏။ အကြင်သွားကျိုး ဆံဖြူသေမည့်လူ အဖြစ်ဖြင့် စာရင်းယူ ခံထားရသည်လည်းရှိ၏။ အကြင် ဇိဝိတခေါ် ဥသ္မတေဇော ဓာတ်တို့ နောက်ဆုတ်သွား သည်လည်းရှိ၏။ အကြင်အကြည်ဓာတ်ခြောက်ပါး တစ်ဖက်အာရုံသို့ ထိုးဖောက်မသွားနိုင်သည်လည်းရှိ၏။ ယင်းကို ပျိုရာမှ ပြိုဇရာအိုခေါ်ဆိုရပါ၏'လို့ အိုခြင်းကို အနက်ဖွင့် ပေးထားပါတယ်။ (စာ-၁၄၅)
    သတ္တဝါတွေဆိုတာ ခြေ၊ လက်၊ ခေါင်း စတဲ့ ၃၂ ကောဋ္ဌာသတွေနဲ့ ဖွဲ့စည်းထားတယ်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ ဓာတ်လေးပါးနဲ့ ဖွဲ့စည်း ထားပြီး တစ်ဖက်နဲ့တစ်ဖက်လည်း အာရုံအတိုက်အခံ အပြန်အလှန်ထားပေးခြင်းကိုလည်း ခံကြရတယ်ဆိုပါတယ်။ ဒါကြောင့် သတ္တဝါတိုင်းဟာ ဓာတ်လေးပါးနဲ့ အာရုံ အတိုက်အခိုက်တွေကြားမှာ ရှိနေပါတယ်။
    'သတ္တဝါအားလုံး တိုက်ပွဲများနှင့် မကင်း၊ စားလျှင်လည်း တိုက်ပွဲကြားမှာ စားနေကြရပါ၏။ သွားလျှင်လည်း တိုက်ပွဲကြားမှာ သွားလာနေကြရပါ၏။ နားလျှင်လည်း တိုက်ပွဲကြားမှာ နားနေကြရပါ၏။ အိပ်သည်ပင် တိုက်ပွဲကြားမှာ ဝင်အိပ်ပေးကြရပါ၏။ လူကသာနား၊ ဓာတ်တိုက်ခိုက်မှုကား မနားသောကြောင့် ...။ အာရုံတို့သည် နိုးသည်မှ မအိပ်မီအတွင်း စစ်ပွဲခင်းကျင်း၏။ ဓာတ်တို့သည် မွေးသည်မှ သေအထိ စစ်ပွဲခင်းကျင်း၏။ သည်ကြားထဲ ဉာဉ်၊ စရိုက်၊ ဝါသနာများကလည်း ပွဲလှန့်ဖျာခင်းလုပ်ကြသေး။ ထိုမှနောက် အတွင်းဖျက်၊ အပြင် ဖျက်တို့ လက်ချက်ကြောင့် ဘဝနိကာယ အမည်ခံထားသည့် ကိုယ်ကောင်ကြီး ပျက်စီးလာသောအခါ စိတ်တန်ခိုး၊ စိတ်သတိများ ထုတ်သုံး၍ လည်း ပြုပြင်ပေးနေကြရ၏။ ကံအရှိန်၊ ကံသတ္တိများ ထုတ်သုံး၍လည်း ပြုပြင်ပေးနေကြရ၏။ ဥတုငွေ့ များ ထုတ်ယူသုံးစွဲ၍လည်း ပြုပြင်ပေးနေကြရ၏။ အာဟာရ သြဇာသတ္တိများ ထည့်သွင်းပေး၍လည်း ပြုပြင်ပေးနေကြရ၏။' (စာ-၁၄၆)
    ဘယ်လိုပင် ပြုပြင်ပါစေ၊ အပျက်မှ အပျက်၊ အပျက်ချင်းဆက်ခဲ့တာပဲ တွေ့ရမှာပါ။ ပျက်ပုံက မြေပြိုသလို၊ မီးလောင်သလို အပျက်ပုံကြီးကို တွေ့ရတာမျိုး မဟုတ်ပါဘူး။ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးဟာ 'ကာလလ ရေကြည်တည်စမှ ကိုယ်ကာယကြီး အသက်ကုန်သွားသော ကာလ တိုင်အောင် စက္ကန့်နှင့်လိုက် အချင်းချင်း အပြန်အလှန် တိုက်ခိုက်၍ အတွင်းနှိုက်နှိုက်၊ အပြင်လှိုက်လှိုက် မသိမသာနယ်မြေ သိမ်းပိုက်လေ့ ရှိကြရာ ၁၀ နှစ်လျှင် တစ်ကြိမ်ကျသာ တိုက်ပွဲအခြေအနေ ပြင်ပသို့ ထုတ်ပြကြ၏။ သို့မဟုတ် ...

၁။ မြေဓာတ်၊ ရေဓာတ်တို့၏ ခုခံစစ် အောင်ပွဲရပုံများ၊
၂။ မြေ၊ ရေ၊ လေ၊ မီး ထိုးစစ်ခံစစ် အရှိန်ညီမျှနေပုံများ၊
၃။ ခံစစ်နောက်ဆုတ် လေ၊ မီး ထိုးစစ်ကို အုပ်ချုပ်ခွင့်ရ
   လာပုံများ။
    ဤသုံးပိုင်းတို့ဖြင့် ခန္ဓာဖြစ်စဉ်အရွယ် နယ် ပိုင်းပြမှ သိခွင့်ရကြသည်သာ။ ယင်း နယ်မြေပိုင်းကို     'တက်၊ တွေ၊ လျှော' အမည်ပေးလိုက်သည်။ မွေးသည်မှ ၂၅ နှစ်ကို တက်ခေတ်၊ ၂၆ နှစ်မှ ၅၀ နှစ်အထိ 'တွေခေတ်'၊ ၅၀ ကျော်မှ အထက်ရှိများကို 'လျှောခေတ်' အရွယ်မှတ်ခဲ့ပါ'လို့ ဆိုပါတယ်။ (စာ-၁၄၉)
    သတ္တဝါတွေဟာ စက္ကန့်နှင့်အမျှ အချိန်ရဲ့ ဝါး မျိုခြင်းခံနေကြရလေရာ ...
    'မီးတွင်းကလေးမှ ၁၀ နှစ်ပြည့်သောအခါ မသိနိုးနား အရွယ်ရောက်ခဲ့ပြီ။ ၁၁ နှစ်မှ ၂၀ ပြည့် သောအခါ ပျော်အားပါးအား ကစားသန်အရွယ် ရောက်ခဲ့ပြီ။ ၂၁ မှ ၃၀ ပြည့်သောအခါ လှအားသန် အလှန်မာန်ဝင် အရွယ်ရောက်ခဲ့ပြီ။ ၃၁ မှ ၄၀ ပြည့်သောအခါ ဗလအား သန် ဗလမာန်ဝင်အရွယ် ရောက်ခဲ့ပြီ။ ၄၁ မှ ၅၀ ပြည့်သောအခါ ဉာဏ်အားသန် ဉာဏ်မာန်ဝင်အရွယ်ရောက်ခဲ့ပြီ။' (စာ-၁၅၁)
    ခန္ဓာကိုယ်တွင်းက ဓာတ်လေးပါးရဲ့ ဆုတ်တက်လှုပ်ရှားကစားနေပုံတွေကို ဆယ်နှစ်တစ်ကြိမ် မြင် သာစေတယ်ဆိုတာကို ယေဘုယျသဘော သုံးသပ်ထား တာဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာတော်ကြီးဟာ မိမိကိုယ်ကိုယ် ဥဒါဟရုဏ်ဆောင်၍ ရှုမြင်သုံးသပ်ထားတာလည်း မှတ်သားစရာ ကောင်းလှပါ တယ်။
    'တစ်ဖန် ၅၁ နှစ်မှ ၆၀ အထိ ရောက်လာချိန်တွင်ကား မြွေပါးစပ်ထဲ ဝင်သွားသော ကြွက်အမြီးတစ်လစ်မျှ ကျန်တော့သည့်ပမာ ငါသည် အသက်(၆၀)ပြည့် လာပြီဆိုကတည်းက ကျရိပ်များ ပြသလာတော့၏။ လွန်ခဲ့သော 'တက်ရွယ်'တုန်းက လန်းဆန်းတက်ကြွသော စိတ်ဓာတ်ရုပ်ဓာတ်ပါ အမူအရာများ ပျောက်ခြားသွားတော့၏။ ပြီးခဲ့သော 'တွေရွယ်'တုန်းက ခက်ထန်မာကြောသော စိတ်ဓာတ်ရုပ်ဓာတ်ပါ အမူအရာများလည်း ပျောက်ခြားသွားတော့၏။ ငါ့၌ကျန်ရစ်ခဲ့သည်မှာ စိတ်အထ ရုပ်အထ နှေးကွေးခြင်းပင်။ ငါ့၌ ခံစစ်ဦးစီးသော သွေးများဆုတ်ခွာပေးကြရဟန်ရှိ၏။ တစ်ဖန် ငါ့၌ထိုး စစ်တာဝန်ခံလေများက ထန်လာနေ၏။ ယင်းနောက် လိုက် မီးအားများကလည်း မီရာရာ အတင်းနင်း လောင် မီးသွင်းနေကြဟန်ရှိ၏။ ထိုသည့် ငါ့ဝမ်းမီးပူကျက်လျက် ထွက်လာနေပြီ၊ ဝမ်းအောင်း လေနှင့်အတူ ဇိရဏတေ ဇောမီးကြီးကလည်း ဟီးတက်လာနေပြီ။'
    'သို့ဖြင့်သည်းခြေများ အတွင်းရော အပြင်ပါ ပူစပြုလာ၏။ နှလုံး၊ ကျောက်ကပ်စသည့် ပုံဖော်ကိ ရိယာများ တုန်ခါစပြုလာ၏။ သည်ကြားထဲ တောတကာ၊ တောင်တကာတို့မှ လိုက်လာကြသည့် ငှက်မျိုးစုံ (ငှက်ဖျားရောဂါများ)တို့ကလည်း ဓာတ်ပေါင်းဖိုရုံကြီးထဲ အသိုက်ဖွဲ့နေရာ ယူထားနှင့်ကြ၏။ စစ်ကိုင်းတောင် အရှေ့ ပရက္ကမချောင်က လက်ဆောင်ပေးလိုက်သော ထုံးဒဏ်သင့် ဒဏ်ချက်များက လည်း အစာအိမ်တွင်းက ထကြွပြနေ၏။' (စာ-၁၅၂)
    သည်းခြေသွေးများကလည်း အပူလွန်မွှန်ထူလာပြီး မှတ်ဉာဏ်နှင့် သတိကို ထိခိုက်လာတယ်လို့ ဆိုပါတယ်။ ဆရာတော်ကြီးက ဝိပဿနာသမားမို့ ခန္ဓာအလုပ်လုပ်ပုံကို အတိုင်းသား တွေ့မြင်နေရတာ ဖြစ်ပါတယ်။
    'ထိုမှနေ အသက်(၇၀)အထိ ခြေဦးတည်မိလာ သောအခါတွင်ကား ပင်လယ်ပြင်ဝယ် မုန်တိုင်းမိ လှေတစ်စင်း ထိန်းရင်းလှော်၊ လှော်ရင်းထိန်း၊ မတိမ်းရုံမမှောက်ရုံ စုန်ရာမှဆန်၊ ဆန်ရာမှစုန် မုန်တိုင်း တိုက်ရာ ခိုလှုံနေရတော့သည့်ပမာ ...ထိုင်လည်းမကောင်း၊ ထလည်းမကောင်း၊ ဘာဆိုဘာမျှ မကောင်း ချင်တော့။ ကြီးလာမှ ငါ့အစွမ်းအစ ပြလိုက်မကွ ကြုံးဝါးမရတော့ပါ။ ကြုံးဝါးဖို့ နေနေသာသာ ကြုံးဝါး ခွင့်ပင်မပေးကြတော့ပါ။ ယနေ့နှင့် နက်ဖြန်တို့ရှိ ငါ၏ အချိန်နှင့် အရွယ်များသည် အိမ်ရှင်က အိမ်သစ် ပြန်ဆောက်လိုသဖြင့် လက်ရှိ အိမ်ဟောင်းကို ဖျက်မည်တကဲကဲ ဟန်ပြင်နေပုံနှင့် တူနေ၏။ နိုင်ရာညှဉ်း အတွင်းနေ ဓာတ်လေးခင်းဓားလေးစင်းတို့က သူတု့ိအချင်းချင်းဓားဝင်စရာချက်ကောင်း အကွက်ချောင်း နေသည်နှင့် တူလှ၏။ အိမ်ငှားခမကျေသေးသဖြင့် အကျေပေးသွားရန် နောက်ထောက်ကံ၊ လက်မြောက်ကံများက ဇယားပြတောင်းခံ ခံနေရသည် နှင့်လည်း တူလှ၏။' (စာ-၁၅၄)
    ဇရာဆိုတဲ့ အိုခြင်းရဲ့သဘောကို အဲဒီလိုပြော ပြခဲ့ပြီး သေခြင်းရဲ့ သဘောကိုတော့ 'ဘဝနှင့်ခန္ဓာသည် ဥသ္မတေဇောအမည်ရ အပူတို့ဖြင့် ကြီးထွားလာခွင့်ရပြီး ထိုအပူ ညှိုးကျပျက်ကျသွားသောအခါ အသက်ညှိုးချုံး ကုန်ဆုံးကြရပါသည်'လို့ ဆိုပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးက အရွယ်သုံးပါးကို ရှေးခေတ် ဇာတ်သဘင်များနှင့်လည်း ယှဉ်ပြခဲ့ပါတယ်။
    'ငါ့ ပထမအရွယ်ကား အော်ပရာပိုင်းတည်း။ ငါ့ ဒုတိယအရွယ်ကား ပြဇာတ်အခန်းတည်း။ ငါ့ အခု အရွယ်ကား နောက်ပိုင်းက ဇာတ်၏ ငိုချင်းချအခန်းတည်း'လို့ ဖော်ပြပြီးနောက် ရွှေမန်းတင်မောင်၊ မြို့တော်သိန်း အောင်တို့ခေတ်က ဇာတ်သဘင်တို့ရဲ့ သဘာဝများကိုလည်း မိတ်ဆက်ဖော်ပြခဲ့ပါ တယ်။ အရွယ်သုံးပါးနှင့် ပုဗ္ဗ၊ မုဉ္စ၊ ပရစေတနာ သုံးတန်တို့ကိုလည်း ဆက်စပ်သုံးသပ်ထားတာ တွေ့ ရပါတယ်။
(က) ငါ့ဘဝအရှေ့ပိုင်းသည် ဘဝမျိုးစေ့အဖြစ် ကံပြုစဉ်က စေတနာအရှေ့ပိုင်း ချဲ့တဲ့ခဲ့လေသလား။ ချို့တဲ့၍ မျက်နှာငယ်ရသော အော်ပရာ သရုပ်ဆောင်ခဲ့ရ၏။ ငါ့ ပရိသတ်အား ဘဝပေးသင်ခန်းစာ တင်ဆက်ခဲ့ရပါ၏။ ပုဗ္ဗစေတနာ ချို့တဲ့ပါက ငါ့လိုချို့တဲ့စွာ နေကြရမှာ သတိထားကြကုန်။ ငါ့လို မျက်နှာ ငယ်ကြရမှာ သတိထားကြကုန်။
(ခ) ငါ့ဘ၀ လယ်ပိုင်းသည် ကံပြုဆဲကာလ ရက်ရော ဝမ်းသာလေခဲ့သလား မသိ၊ အရာရာ ပြည့်စုံပြီး ဂုဏ်နှင့် ဒြပ်အပ်ကျမပ်ကျ ရှိလွန်းလှ၏။ ငါ့စိတ်ကူးရာ ပုံဖော်ရာအတိုင်း အားလုံးတက်ညီလက်ညီ လိုက်ပါလာကြ၏။ ငါပြောသမျှ ဆိုသမျှ အားလုံးက သဘောကျ လက်ခံနာ ယူကြ၏။ ပြဇာတ်ကား စထွက်ကတည်းက အမြူး၊ အဆုံးအထိလည်း မြူးကြွလျက်ပင်။ မုဉ္စစေတနာ(လှူဆဲ ရေစက်ချဆဲ စေတနာ) အားကောင်းရွှင်သွက်နေပါက ငါ့လို ဆိုသမျှပြီးမြောက် ခရီးရောက်ကြရမည်။ ငါ့လို လိုသမျှရ တသမျှလာ အရေးပါကြရမည်၊ သတိထားကြ ကုန်။
(ဂ) ငါ့ဘဝနောက်ပိုင်းသည် လှူပြီးနောက် တွေးမိတိုင်း ကသိကအောက် ဖြစ်ခဲ့လေသလားမသိ၊ ငါ့အသက်(၅၇) နှစ် ၁၃၆၀ ပြည့်၏ နောက်ပိုင်းတွင် သို့မဟုတ် တာဝန်ကျရာ ဘုရားသုံးဆူ၏ နောက်ဆုံး မင်းဘိသိက်ခံ ထီးတင်အပြီး နောက်လိုက်များ ကိုယ်လိုရာဆွဲ အမြင်အမျိုး မျိုး ကွဲလာနေကြပြီ။ တွဲရာမှ ခွဲသဖြင့် ရည်းစားကွဲများပမာ ဖြစ်လာကြခြင်းပင်။ (စာ-၁၆၆၊ စာ-၁၆၇)
    'တစ်ဖန် ငါ့အသက်(၅၈) နှစ်မှ (၆၂)နှစ်အထိ ပုံတောင်ပုံညာအတွင်း တစ်ပါးတည်း ခရီးပြင်းနှင်ချိန်တွင်လည်း မလိုက်ခဲ့ရ အတားခံရသူများ၏ လိုက်ခံခြင်း ကိုလည်းခံရ၏။ ယင်းကြောင့် အဓိဋ္ဌာန်များပျက်၊ အသစ်ဆက်ရသည်များကလည်း အကြိမ်ကြိမ်၊ ဌာနေလုံခြုံ ရေး တာဝန်ခံ လူခေါင်းဆောင်များ၏ ဖြတ်စားလျှပ်စား အလုပ်ခံရခြင်း၊ လိုက်လာသူများနှင့် လာဘ်ပေးလာဘ်ယူ အလုပ်ခံရခြင်းများကလည်းနေသမျှ ကာလပတ်လုံး ...။}
    'တစ်ဖန် ...ယနေ့တိုင်အထိ မဟာမြိုင်ဝင် ခိုစဉ်ကာလတစ်လျှောက်တွင်လည်း အမျိုးမျိုးသော အပူးအသတ်များနှင့် အရပ်ရပ်သော အလှည့်အပတ်များ ကြုံနေရ၏။ ငါ့ထံရှိ အတွင်းရန်ကလည်း တလှုပ်လှုပ်နှင့် ကဲ ...၊ ဝန်းကျင်နေ အပြင်ရန်များကလည်း ရုတ်ရုတ် သဲသဲ ...'
    'ဤတွင် အပြင်ရန်တို့၏ ကလန်ကဆန်ကြောင့် လည်းကောင်း၊ ငါ့ထံရှိ စရိုက်၊ ဉာဉ်၊ ဝါသနာများ အပါး မဝခြင်းကြောင့်လည်းကောင်း ပရိသတ်အတွေ့မခံမီ ငါ့အသက် (၆၅)၊ (၆၆)၊ (၆၇) ခုနှစ်များက ခန္ဓာအပူငွေ့ပျံခြင်း၊ အစာအိမ် အပူဝင်လာခြင်း၊ ခုခံအား နောက်ဆုတ်သွား ခြင်းများသည် ပရိသတ်အတွေ့ခံရချိန်ဖြစ်သော (၆၈)၊ (၆၉)၊ (၇၀) နှစ်သို့ရောက် ကာလများတွင်ကား အတိုက်ခေါင်းဆောင် ဇီရဏတေဇောက တစ်ကိုယ်လုံး လွှမ်းမိုးထားလိုက်ပြီ။' (စာ-၁၆၈)
    အပူဓာတ်တွေ ဘယ်လောက် လွှမ်းခြုံလာ သလဲဆိုတော့ သုံးရာသီလုံး မိတ်တွေပေါက်လာတယ်။ ခန္ဓာကိုယ်ရှိ အဆီနှင့် သြဇာဓာတ်များ နောက်ဆုတ်သွားတဲ့အတွက် အအိပ်အစားလည်း မမှန်တော့၊ 'သွေး၊ သည်းခြေ၊ သလိပ်နှင့်အသား စသည် မြေဓာတ်၊ ရေ ဓာတ်များ မျှဉ်းမျှဉ်းရုတ် လှုပ်လှုပ်ကျဖြင့် ကျဆင်းသွား ကြတော့ရာ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်များ၊ စေတသိက်ကြိုးများမှ လွတ်နေကြပြီ။ တွင်းပြင်အာရုံ ဘာနှင့် ကြုံကြုံ မထုံတက်သေး လုပ်ပြနေကြပြီ'လို့ ဆိုပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးဟာ ဇရာရဲ့ ဒဏ်၊ လေဓာတ်မီးဓာတ်တို့ရဲ့ အတိုက်ဒဏ်ကို အပူခံအလောင်းခံရင်းက သတ္တဝါေ၀ နေယျတို့ကို မေတ္တာဓမ္မဖြင့် အေးမြစေခဲ့ပါတယ်။
    မဟာမြိုင်မှာ၊ မိုးမိတ်မှာ၊ ဉေယျဓမ်မှာ၊ ရွှေနှစ်မှာ ...ဇရာဆိုတဲ့ အိုနာအိုဘေးကြီးရဲ့ လောင်မြိုက် တိုက်စားခြင်းကို မိမိတစ်ပါးတည်းသာ ခံစားရင်းက .. တပည့်ဒကာ သတ္တဝါဝေနေယျအပေါင်းတို့အား အေးမြသန့်စင်တဲ့ မေတ္တာရေ သွန်းလောင်းလျက်က ဓမ္မလမ်းကြောင်းပေါ်သို့ ဆွဲခေါ်လျှောက်လှမ်း လျက်ရှိပါသော အကြင်ရဟန်းအိုကြီး ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား ရိုသေလေးမြတ်စွာ ရှိခိုးကန် တော့လိုက်ရပါသည် အရှင်မြတ်ကြီးဘုရား။         ။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 435

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.