၂၀၂၄ မတ် ၁၂
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်ထဲက ဉေယျဓမ်တောရမှာ သီတင်းသုံးတော်မူလျက်ရှိစဉ် ၂၄-၇-၂၀၂၁ မှ ၁၃-၃-၂၀၂၂ အထိ ကိုးလနီးပါးကြာအောင် ဆွမ်းခံကြွတော်မူကာ တပည့်ဒကာပရိသတ် ဝေနေယျအပေါင်း ထောင်သောင်း သိန်းသန်းမကတို့ရဲ့ ဖူးမြော်ပူဇော်ခြင်း၊ ဒါနပြုခြင်းတို့ကို ခံယူတော်မူခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာပြည် အနှံ့အပြားက ရောက်ရှိလာတဲ့ ဆရာတော်ဖူးပရိသတ်အများစုဟာ 'နတ်တလူသာသနာ ပြုစခန်း'မှာ တည်းခိုနားနေခဲ့ကြတာ ဖြစ်ပါတယ်။ 'နတ်တလူ'မှာ နေရာမရတော့မှ ဘူးကုန်း၊ ကျီးကျင်း၊ ရေကြည်ဦး၊ မြေမွန်စတဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ အဆင်ပြေသလို တည်းခိုခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာတော်ဖူး ပရိသတ်မှန်သမျှ နတ်တလူကို ရောက်လာကြရာ နတ်တလူဟာ အလံတံခွန်များ လွှင့်ထူထားသလို မသိသူမရှိသလောက် ထင်ရှားလာပါတော့ တယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ နတ်တလူတောရ သာသနာပြု စခန်းသို့ ၁၃၅၉ ခု ကဆုန်လဆန်း ၁၀ ရက် (၁၆-၅-၁၉၉၇)မှာ ကြွရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဇာတိအမိမြေ မင်းကုန်းရွာကလေးကို ဓမ္မဖြင့် ကျေးဇူးဆပ်ရန် ကြွေတော်မူ လာခဲ့ခြင်း ဖြစ်ပါတယ်။ မင်းကုန်းရွာနှင့် အနီးဝန်းကျင် မြို့ရွာ နိဂုံးများပါမကျန် မည်သူမဆို တရားအား ထုတ်လိုသူများအတွက် နတ်တလူသာ သနာပြုစခန်းကြီးကို ဆရာတော်ကြီးရဲ့ သြဝါဒဖြင့် တည်ထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ နတ်တလူတောရဟာ မူလက တောရိုင်းမြေပါ။ သစ်ပင်ချုံနွယ်တွေကို ရှင်းလင်းမြေညှိပြီး ဒေသခံတွေ မနားမနေ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ဇာတိရွာ မင်းကုန်းကနေ နှစ်မိုင်ခန့်သာ ဝေးပါသည်။ ရွှေဘို၊ မြစ်ကြီးနား ဗျူဟာ လမ်းမကြီးနဲ့လည်း နှစ်မိုင်လောက်ပဲ ဝေးပါတယ်။
ထုံးစံအတိုင်းပါပဲ။ ဆရာတော်ဘုရားကြွလာ ပြီဆိုတာနဲ့ လာဖူးကြတဲ့ ပရိသတ်တွေနဲ့ ကြက်ပျံမကျ စည်ကားလာခဲ့ပါတယ်။ ယခင်က အခြောက်အလှန့်ကြီး လို့ နေ့ခင်းကြောင်တောင်ပင် လူသွား လူလာနည်းခဲ့တဲ့ တောရိုင်းမြေဟာ ချက်ချင်းလက်ငင်း သတင်းကြီးကာ ပရိသတ်ဝေနေယျတွေနဲ့ ပြည့်လျှံစည်ကားလို့ လာပါတော့တယ်။ ဆရာတော်ဘုရားကြီးမှာ နားနေချိန်မရှိ လောက်အောင် လာသမျှ ပရိသတ်ကို ဧည့်ခံပြောဟော ပေးနေခဲ့ရပါတယ်။ ဓမ္မဖြင့် ကျေးဇူးဆပ်ရန်ဆိုတဲ့ မူလရည်ရွယ်ချက်ကိုလည်း ချက်ချင်းပင် အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၃၅၉ ခု ဝါဆိုလပြည့်နေ့မှ တော်သလင်း လပြည့်နေ့အထိ နှစ်လတရားစခန်းဖွင့်၍ တရားဟော တရားပြပေးခဲ့ပါတယ်။ ရန်ကုန်၊ ပျဉ်းမနား၊ သာစည်၊ ရွှေဘို စတဲ့ ဒေသများက ယောဂီများလာရောက် အားထုတ်ကြပါတယ်။ တော် သလင်းလပြည့်မှ သီတင်းကျွတ် လပြည့်နေ့အထိ တစ်လတရားစခန်းကိုတော့ နတ်တလူ ဂေါပက လူကြီးများနှင့် သာသနာ့ဝေယျာဝစ္စ ဆောင်ရွက်ကြမည့်သူများကို သီးသန့်လေ့ကျင့်ပျိုးထောင် ပေးခဲ့ပါတယ်။
'သို့ တရားစခန်းဖွင့်ခဲ့ရာ တစ်ပါးတည်း ကွက်စိပ်လုပ်ကာ ငါသည်ပင် ဦးစီးနေရာကနေ၍ ဟောပြောပြသရ၏။ ငါသည်ပင် လက်ထောက်နေရာကနေ၍ ကြီး ကြပ်ရ၊ ကွပ်ကဲရ၏။ သို့ဖြင့် နံနက် ၇ နာရီကနေ ည ၈ နာရီအထိ နားရသည်မရှိ။' (၂၀၂၁ ဒီဇင်ဘာထုတ်၊ တစ် ပါးနေအကျင့်၊ စာ-၃၂)
နံနက် ၇နာရီမှ ၁၀နာရီအထိ အမျိုးသားများ တရားစစ်။
ညနေ ၃နာရီမှ ၆နာရီအထိ အမျိုးသမီးများ တရားစစ်။
ည ၇နာရီမှ ၈နာရီအထိ ထိရဟန်းတော်များ တရားစစ်။
တစ်နေ့ကို သုံးပိုင်းပိုင်းကာ အများအတွက် တစ်ပါးတည်း အလုပ်လုပ်ပေးရ၏။ နံနက် ၁၀ နာရီခွဲ တွင်ကား ဆွမ်းအနုမောဒနာ၊ နေ့လယ် ၂နာရီမှ ၃နာရီ တွင်ကား အလုပ်ပေးတရား၊ ကျန်ကြားကာလများကား ဧည့်သည်များ ဧည့်ခံတရား၊ သည်မျှမကသေး၊ ဧည့်ပရိ သတ်သက်သက်ကား ဥပုသ်နေ့ တစ်နေ့လုံး ခွင့်ပြုပေးထား၏။ ဥပုသ်ကား ယောဂီများ တရားစစ်ပေးခြင်းမှ အနားယူချိန်ဖြစ်၏။ သို့တိုင်လည်း ဥပုသ်နေ့မရောက်မီ ကြားပေါက်ဝင်လာကြသော ဧည့်ပရိသတ်များလာသည် နှင့် ချက်ချင်းဖူးခွင့်မရခြင်း၊ ဖူးခွင့်ရသော်မှ လိုသလို အချိန်မပေးနိုင်ခြင်း၊ ယင်းတို့ကို အပြစ်အနာအဆာ လုပ်ကာ ပြစ်တင်သံ၊ ကဲ့ရဲ့သံများလည်း ပေါ်ထွက်လာခဲ့သေး၏။' (၂၀၀၄၊ မတ်လထုတ်၊ သံဝေဂလမ်း၊ စာ-၁၄၆)
'တစ်ဖန် နတ်တလူ၏ ၁၃၅၉ ခုနှစ် ဝါတွင်းသည် ငါတို့ ဝါဆိုဝါကပ်ပြုလုပ်မိရာ ထိုဝါတွင်းကြီးတွင် ရန်ကုန်ပရိသတ်များ ကားကိုယ်စီဖြင့် လာရောက်ကြ၏။ ဝါတွင်းကား လယ်ယာလုပ်ချိန်များ ဖြစ်သဖြင့် လယ်ကွက် ယာကွက်ကြားရောက်နေသော လမ်းရိုးအတိုင်းသာ လှည်းရောကားပါ ဝင်ကြ ရရာ ထိုလမ်းများ ဗွက်ပေါက်နေကြပြီ။ သို့ကြောင့် နွားများလည်း မရုန်းနိုင်ကြ၊ ကားများလည်း မရုန်းနိုင်ကြတော့။ သည်အခါ ရန်ကုန်ကားများက လမ်းတစ်ဖက်နေ ယာကွက်ထဲကနေ တက်မောင်း မိရာ ထိုယာကွက် ကားယက်ခံရပြီ။ ယာရှင်ကား နတ်တ လူစခန်းအထိ လိုက်လာကာ မဟားတရားပြော တော့သည်။' (တစ်ပါးနေအကျင့်၊ စာ-၃၄)
ရောက်ရောက်ချင်း စောက်နှင့် အထွင်းခံလိုက် ရပေပြီ။ ငါ့ကြောင့်...ငါ့ကိုလာဖူးလို့ သူတို့ခမျာ အပြောအဆိုခံရရှာတယ်ဆိုပြီး ဆရာတော်ကြီး စိတ်မကောင်း ဖြစ်ခဲ့ရရှာပါတယ်။ တရားစခန်းအထိ လိုက်လာပြီး ရန်တွေ့ရဲတယ်ဆိုတာလည်း နည်းတဲ့ ပြဿနာမဟုတ်၊ ဆရာတော်ဘုရားကား အဖြေ ထုတ်ပြီးခဲ့လေပြီ။ အခုမှ ရောက်ခါစ နတ်တလူနှင့်ဝေးရာမှာ နေတော့မည်။ သို့သော် နတ်တလူကို လုံးလုံးစွန့်ခွာသွားခြင်းမျိုးလည်း မဟုတ်၊ တစ်နှစ်လျှင် နတ်တလူမှာ သုံးလ (တပေါင်းလမှ နယုန်လ ပြည့်အထိ) ကျန်ကိုးလကား ဒုဋ္ဌဝတီမြစ်ကမ်းဘေးက ဒီးဒုတ်တောင်ခြေ တစ်နေရာ(ဝေဒလ္လစခန်းဟူ ၍ အမည်ပေးထား၏)မှာ ကိုးလ သီတင်းသုံးမယ်လို့ စီစဉ်တော်မူခဲ့ပါတယ်။ ဒီနေရာဟာ ပြင်ဦးလွင်မြို့ထဲ မှာ ရှိပါတယ်။ ၁၃၅၉ ခုနှစ် တန်ဆောင်မုန်းလမှာ ဝေဒလ’ သို့ ပြောင်းကြွတော်မူခဲ့ရာ အဲဒီဒေသမှာ လည်း သံဃာ့သဘောထားက ကွဲပြားနေတာနဲ့ ကြုံရပါတယ်။
'ဝေဒလ္လစခန်း၌လည်း လက်ခံလိုသူ၊ မလိုသူ နှစ်ဖက်ကွဲနေကြသည်ဆို၏။ ထိုအကွဲသံ သဲ့သဲ့ မျှကြားရ ပြန်သောအခါ ၁၃၆၀ ပြည့်နှစ် တစ်ဝါဆိုပြီးသည်နှင့် ကျောက်ဆည်ဘက်ရှိ ကျောက်ထီး တောင်ပြောင်းရွှေ့ခဲ့ရ၏။ ရန်ကုန်ဒကာ ဒကာမများကား ဝေဒလ္လဆိုလည်း ထပ်ချပ်မကွာ လိုက်လာကြ၏။ ကျောက်ထီးဆိုလည်း ထပ်ချပ်မကွာ လိုက်လာကြ၏။ နတ်တလူဆိုလျှင်ကား သူ့ထက်ငါဦး အထူးပင် အလိုက်သန်ကြ၏။ ရန်ကုန်သည် ငါတို့အတွက် အားကိုးစရာ အကောင်းဆုံး၊ ရန်ကုန်သည် ငါတို့အား စိတ်အနှောက်အယှက်အပေးဆုံး' (တစ်ပါးနေအကျင့်၊ စာ-၃၅)
သာစည်၊ ပျဉ်းမနား၊ သုဝဏ္ဏသျှမ်မှသည် နတ်တလူအထိ သာသနာပြုကိစ္စများ လုပ်ဆောင်တိုင်း ရန်ကုန်က ငွေကြေးအများဆုံး ထည့်ဝင်ကာ အကောင်အ ထည်ဖော်နိုင်ခဲ့သည် မဟုတ်လား။ ဒါပေမဲ့ ဒီရန်ကုန်ကပဲ ဆရာတော်ကြီးနောက် တကောက်ကောက်လိုက်ပြီး ဟိုဟာ လုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါနဲ့ ကိုယ်ရေးကိုယ် တာကိစ္စတွေသာ နားပူနားဆာ လျှောက်ထားကြကာ အတောင်းကြမ်းလှတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုပါတယ်။ ကျောက်ထီးတောင်မှာတော့ နှစ်လမျှသာကြာခဲ့ပြီး နတ်တလူသို့ ပြန်ကြွတော်မူခဲ့ပါတယ်။ ပြန်ကြွခဲ့ရတဲ့ အကြောင်း ရင်းတစ်ခုကလည်း ခိုင်ခိုင်မာမာရှိနေပါတယ်။ ဆရာတော်ဘုရား နတ်တလူရောက်စကပင် ဆရာ တော်ရဲ့ တူတော်စပ်သူ မောင်အောင်သိန်းက နတ်တလူမှာ ဘုရားတစ်ဆူတည်ထားပေးဖို့ အလေးအနက်ပန်ကြား လျှောက်ထားခဲ့ပါတယ်။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ ဘဝတစ်သက်တာမှာ ဘုရားသုံးဆူ တည်ထား မယ်လို့ အဓိဋ္ဌာန်ထားခဲ့ပြီးဖြစ်ရာ နတ်တလူမရောက်မီက ဘုရားနှစ်ဆူ အောင်မြင်စွာ တည်ထား ခဲ့ပြီးဖြစ်ပါတယ်။
- ၁၃၃၉ ခု (၁၉၇၈)နှစ်မှာ ရသေ့ဝတ် သာသနာပြုဘဝဖြင့် ကျိုက်လတ်မြို့နယ်၊ ဆင်ကူးကြေး ချောင်းတွင် Óဏ် တော် ၂၄ တောင်အမြင့်ရှိသော 'ပြည်လုံးချမ်းသာ ဖောင်တော်ဦးဘုရား'ကို တည်ထားခဲ့ပါတယ်။
- ၁၃၄၁ (၁၉၈၀) ခုနှစ်မှာ ရဟန်းဝတ် သာသနာပြုဘ၀ ဖြင့် သာစည်မြို့နယ်၊ ရွှေကျောင်းကုန်း တောင်ပေါ်မှာ ဉာဏ်တော် ၁၁ တောင် ၁၁ လက်မအမြင့်ရှိသော 'လော ကမုနိဘုရား'ကို တည်ထားခဲ့ ပါတယ်။
ယခု နတ်တလူမှာ တည်ထားမယ့် ဘုရားကိုတော့ 'မင်းဘိသိက်ခံ'လို့ ဘွဲ့တော် ဆက်ကပ်တော်မူခဲ့ပါတယ်။ မင်းဘိသိက်ခံဘုရားနဲ့ ဆက်စပ်ရာ အကြောင်း အရာတွေကို ၂၀၂၂ ဇူလိုင် ၂၁-ဇူလိုင် ၂၇ ထုတ် Trend ဂျာနယ်မှာ 'မင်းဘိသိက်ခံဘုရားကြီးအတွက် လူစွမ်းကောင်းတွေ ထွက်ခဲ့ကြ' ဆောင်းပါးနဲ့ ၂၀၂၃ ဇန်နဝါရီ ၁၂-ဇန်နဝါရီ ၁၈ ထုတ် Trend ဂျာနယ်မှာ 'မင်းဘိသိက် ခံဘုရားကြီး တည်ဆောက်ရေးနှင့် နောက်ဆက်တွဲအခြေ အနေများ'ဆောင်းပါးတို့မှာ အတော်အသင့် ပြည့်စုံအောင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မင်းဘိသိက်ခံ ဘုရားနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ် 'ဘဝကန္တာရသင်္ကေတကထာ' ကျမ်းစာအုပ်မှာ အောက်ပါအတိုင်း အကျဉ်းချုပ်ရေးသားဖော်ပြထားပါတယ်။
- တပေါင်းလပြည့်၏ အဖိတ်နေ့ညတွင် သံဃာတော်များက မြေသန့်မင်္ဂလာဖတ်ကြားပေးတော်မူကြ၏။
- ၁၃၆၀ (၁၉၉၉)ခုနှစ် တန်ခူး(တာကူး) လပြည့်နေ့တွင် အုတ်မြစ်ချမင်္ဂလာကျင်းပ။
- ၁၃၆၀ ပြည့်နှစ် ကဆုန်လပြည့်နေ့တွင် အတွင်းဌာပနာ ပိတ်ပွဲကျင်းပ။
- ၁၃၆၀ ပြည့်နှစ် တပေါင်းလဆန်း ၁၄ ရက် တနင်္ဂနွေ နေ့တွင် ထီးတော်တင်ပွဲကျင်းပ။
ထူးထူးခြားခြား ဖော်ပြထားတာကတော့ ဌာပနာတိုက်ထဲမှာ 'သံဝေဇနိယလေးဌာနက အောင်မြေ၊ ဦးအောင်ဇေယျ(အလောင်းဘုရား)၏ လယ်တောမှအောင် မြေများထည့်သွင်းထား၏။ ဗုဒ္ဓဟိတ်၊ ရာဇဟိတ် ဘက်စုံ ဘိသိက်ဖြစ်ရန် ရည်သန်၏'ဆိုတာပါပဲ။ (စာ-၃၆၉)
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ မင်းဘိသိက်ခံဘုရား တည်ထားနေစဉ်မှာပဲ ဇာတိရွာမင်းကုန်းမှာ 'ရွှေချက်သိုတံခွန်တိုင်စေတီ' တည်ထားရေးအတွက် စီစဉ်လုပ်ဆောင်တော်မူခဲ့ပါတယ်။
'ငါတို့သည် ကျောက်ထီးမှ နတ်တလူသို့ ပြာသလိုလပြည့်မတိုင်မီကပင် ကြိုတင်ကြွလာ၏။ ပြာသိုလ ပြည့်မှ တပို့တွဲလပြည့်အထိ (မင်းဘိသိက်ခံဘုရား) ထီးတင်ပွဲကြီးအတွက် အဓိဋ္ဌာန်ဝင်ရန်။ တပို့တွဲလပြည့်နေ့ တွင်ကား ငါတို့၏ မြို့ဟောင်းဖြစ်သော ရွာစားရွာ (ရွာ စားမင်းထီးဖြူတော်ဦးမှတ် နေထိုင်ရာရွာ)မှစတင်ကာ ခုနစ်ရက်စီ လှည့်လည်ဆွမ်းခံ၏။ ပရိသတ်အဖူးတွေ့ခံ၏။ သာသနာရေးရာ များစီမံ၏။ ထိုစဉ် ငါတို့ချက်မြှုပ်ရာ အိမ်ဝင်းအတွင်း (ဉေယျဓမ်ရွှေချက်သို တံခွန်တိုင်ဘုရား) တည်ထားရန် စီမံ'ခဲ့တယ်လို့ ဘဝကန္တရသင်္ကေတကထာ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (စာ-၃၇၁-ရှု)
ဉေယျဓမ်ရွှေချက်သို တံခွန်တိုင်ဘုရားကို ၁၃၆၁ ခုနှစ် ကဆုန်လပြည့်နေ့ နံနက် ၄ နာရီမှာ အနေကဇာတင်ပွဲကြီး ဝှဲချီးကျင်းပတော်မူခဲ့ပါတယ်။ 'တံခွန်စိုက်ကား အောင်ပွဲအားလုံး၏ အထိမ်းအမှတ်' လို့ ဆရာတော်ဘုရားက မော်ကွန်းတင်တော်မူပါတယ်။ ဆရာတော်ကြီးက နတ်တလူမှာ သုံးနှစ်တာ သာသနာပြုခဲ့ပုံများကို အောက်ပါအတိုင်း ပြန်လည်သုံးသပ်ရေးသား တော်မူခဲ့ပါတယ်။
'နတ်တလူ၌ သုံးနှစ်မျှနေစဉ် အတောအတွင်း နှစ်လတရားစခန်းများ သုံးကြိမ်ဖွင့်ပေးရ၏။ ဂေါပကများ အတွက် တစ်လတရားစခန်းတစ်ကြိမ် ဖွင့်ပေးရ၏။ အဝေးအနီးအားလုံးက လာရောက်အား ထုတ်ကြ၏။ သို့သော် တရားအား အနှောင့်အယှက်ပေးသော စကားပြောခြင်းများ မပြုလုပ်ရဆိုသော စည်းကမ်းကို မလိုက်နာခြင်း၊ လိုက်နာရန် အနီးကပ်ကြီးကြပ်သူမရှိခြင်းများကြောင့် ခြင်းကြားကြီးနှင့် ရေသယ်ခိုင်းရသည့်ပမာ အရာမထင်လှ။
မင်းဘိသိက်ခံဘုရား တည်ရာ၌ အောင်မြင်ခဲ့၏။ မအောင်မြင်သည်မှာ မြေကွက်နှင့်လမ်း၊ နတ်တလူ စခန်းနှင့် မင်းဘိသိက်ခံဘုရားကြားရှိ မြေကွက်ကို ရန်ကုန်နေ ဒကာက ဝယ်လှူလိုပါကြောင်း ငါတို့သို့လျှောက်ထားခဲ့၏။ သို့ကြောင့် ထိုသည့်ငါ ထိုရန်ကုန်ဒကာပြန် သွားပြီးနောက်ဝယ် မြေပိုင်ရှင် ဖြစ်သူ ငါတို့နှမနှင့်ယောက် ဖတို့ဆီသို့ ဂေါပကမှတစ်ဆင့် ပြောစေ၏။ ခေါ်ပြော၏။ ထိုအခါ ရောင်းမည် သို့သော် တစ်ထောင် တစ်ထောင်ရမှ (ပေးမှ)ဟူ၏။
နွားစားကျက်မြေ(ယာကွက်မြေ)ကို ရွာထဲဈေး အတိုင်းတောင်းနေလေရာ ... ''ဟဲ့...ရန်ကုန်ဒကာက ဒီမြေဝယ်ပြီး စီးပွားရေးလုပ်စားမှာ မဟုတ်ဘူး။ သာသနာကိုလှူမှာ။ သည်တော့ ပေးလိုသလောက်သာပေးပါ။ မြေကွက်က အတောင်ပေါင်း ဘယ်လောက်ပါသာပြော၊ သူလည်းပဲ ရန်ကုန် မြေဈေးသိထားသူပဲ။ လိုတာထက် လျှော့ပေးမှာ မဟုတ်ပါဘူး'လို့ ပြောမိရာ လင်ရောမယားပါ လာရောက်၍ ဒေါနှင့်မောနှင့် ရန်တွေ့ကြတော့သည်။ အင်း ...ဆွေရိပ်မျိုးရိပ်ခို မြေကိုင်ခံရ၍ ငိုရတော့မလို လို ...။
တစ်ဖန် ဗျူဟာလမ်း(ရွှေဘို-မြစ်ကြီးနားအ ဝေးပြေးလမ်းမကြီး)မှ နတ်တလူသို့ ဝင်ရာလမ်း ...၊ ထို လမ်းသည် ကျီကျင်းရွာမှနေ ဝင်ရသောလမ်းဖြစ်ရာ စွေနေ၏။ အများစုကားများက ရန်ကုန်၊ ပျဉ်းမနား၊ သာစည်၊ ရှမ်းတောင်၊ မန္တလေး စသည်တို့မှလာသော ကား များချည်းဖြစ်ကြရာ တောင်မှနေ နတ်တလူကျော်ပြီး နတ်တလူ၏ အရှေ့မြောက်ကနေ ကွေ့ဝင်နေကြရသည်။ ယင်းကို ဗျူဟာလမ်းမှနေ နတ်တလူသို့ တိုက်ရိုက်ကျရာ(အရှေ့တည့်တည့်ကျရာ) ရေကြည်ဦးမှနေ ဖောက်လုပ်ဖို့ ငါတို့ အကြံပြုမိ၏။}
'ရွှေဘိုမှ ခ.ဝ.တ ဒုဗိုလ်မှူးကြီး ဦးထွန်းကလည်း ငါတို့ အကြံပြုအတိုင်း ဆိုင်ရာမြို့နယ်မှ မ.ဝ.တ သို့ ညွှန်ကြား၏။ သို့သော် ငွေကျီကျင်းက လက်မခံပါ။ လုံးဝမလက်မခံပါ။ ပထမရေကြည်ဦးက လမ်းဖောက်သော် သူတို့ လယ်များမှ ဖြတ်ဖောက်ရန် လှူဒါန်းထား သူများကပင် တကယ်ဖောက် မည်ဆိုသောအခါ လာရောက်ကန့်ကွက်၏။ ကန့်ကွက်သူကား ငါတို့၏ ဦးလေးနှင့် အဒေါ်များပင်။ သည်မျှနှင့် မပြီးသေး၊ ကျီကျင်းမှ ရှေ့ထွက်ဦးဆောင်ဖြစ်သော ဘုန်းကြီးများကပါ လာရောက်ကန့် ကွက်ကြ၏။ 'ဒုက္ခခံရတော့ တပည့်တော်တို့ ကျီကျင်းရွာက၊ ကောင်းစားသွားတော့ ရေကြည်ဦးရွာ က ...။ သည်အဖြစ်မျိုးတော့ တပည့်တော်တို့ မခံနိုင်ပါ' လျှောက်ထားကြ၏။ ငါတို့ကလည်း ပြန်လည် လျှောက်ထား၏။'
'အရှင်ဘုရားများ ...အဝေးမှကားဖြင့် လာကြရသော ဒကာဒကာမများကို ငဲ့ညှာကြပါ ဘုရား။ တစ်နယ်လုံး သာသနာတော် ပွင့်လန်းမည်ကို ဝမ်းမြောက်တော်မူကြပါဘုရား။ ရေကြည်ဦးက လမ်းဖောက်သဖြင့် အရှင်ဘုရားများရွာ မဆုတ်ယုတ်ပါဘုရား ...'
မည်သို့ လျှောက်သော်မှလည်း မရပါ။ မရသည့်အပြင် နတ်တလူမှနေ ရေကြည်ဦးသို့ ကြိုး တိုင်းဖြင့် အလံတိုင်များ စိုက်ထားသည်ကိုပင် ညတွင်လူစုဖြင့် လာရောက်နုတ်ချွတ်ကြကာ ကျီကျင်းရွာ ဘက်ဆီသို့ ပြောင်း ရွှေ့စိုက်ထူခြင်းကိုပင် ခံရပါသေးသည်။
နတ်တလူ
ဓာတ်မဖြူလူကြမ်း
မြေကို ငွေငမ်း၊
ရေကြည်လျှို နဒီဝ
ကျည်ခ သောလမ်း။
ကိုယ့်ဌာနေ၊ ကိုယ့်ဒေသ၊ ကိုယ့်ဆွေမျိုးများနှင့် လက်တွဲကာ သာသနာပြုမဟဲ့ဆိုသော ငါတို့အကြံ လက်လှန်ကာ ၁၃၆၁ ခုနှစ်တွင် ထိုနတ်တလူမှ ခွာခဲ့ရပြီ။' (တစ်ပါးနေအကျင့်၊ စာ-၄၁၊ စာ-၄၂)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ နတ်တလူမှာ သုံးနှစ်နေခဲ့စဉ်အတွင်း သံဃာ့ဒါနပွဲတော်ကြီးများ အားပါးတရ ကျင်းပပေးတော်မူ ခဲ့ပါတယ်။ ပထမနှစ် ၄၅ ပါး (ဘုရားရှင်၏ ဝါတော်နှင့်အမျှ)၊ ဒုတိယနှစ် ၅၄ ပါး (အနန္တငါးပါးနှင့် သစ္စာလေး ပါးတွဲဖက်၍)၊ တတိယနှစ် ၆၄ ပါး (ကမ္ဘာ့ကပ်ကျော်ရန် ရည်ရွယ်)၊ ထိုသို့ ပူဇော်ရာ၌ သံဃာတစ်ပါးတစ်ပါးလျှင် အနည်းဆုံး ရှစ်သောင်းခန့်၊ ဆုမဲပေါက်သံဃာက တစ်သိန်းခန့်အထိ အလှူခံရရှိတော်မူသွား၏။ ဖယောင်းတိုင် ထုပ်ကပင် သောင်းဂဏန်း။' (သံဝေဂလမ်း၊ စာ-၁၄၆)
အားလုံးသော သံဃာတော်များ သာဓုခေါ်ကြသလို အားလုံးသော ဆရာသမားများလည်း ဝမ်း မြောက် မဆုံးဖြစ်ကြပါတယ်။ သို့သော် တစ်ပါးသော သံဃာတော် ကားအားလုံးနှင့် ဆန့်ကျင်ဖက်၊ သံဃာပူဇော်ပွဲမှာ ငွေကြေးလောင်းလှူမှု ပိတ်ပင်ထားတယ်ဆိုပြီး လာဘ်လာဘပိတ်ပင်မှုဖြင့် နိုင်ငံ တော်မဟနအထိ စာပို့တိုင်ကြားကာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကို ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတော့ အတွင်းဂေါစဂါမ်ရွာတစ်ရွာမှာလည်း တစ်ရွာတည်းမှာ တောင်ကျောင်း၊ မြောက်ကျောင်းကွဲနေ ရာ တောင်ကျောင်းဘုန်းကြီးက ဆရာတော်ကြီးကို လာရောက်ဖူးမြော်လေ့ရှိရာ မြောက်ကျောင်းဘုန်း ကြီးက မကျေနပ်၊ ဒါ့ကြောင့် သံဃာ့ဒါနပွဲကို မလာဘဲ သပိတ်မှောက်ခဲ့ပါတယ်။
လမ်းဖောက်တဲ့ကိစ္စမှာလည်း ကိုယ်တိုင်လာ ရောက်ကန့်ကွက်ပါတယ်။
'လောကကို လှန်မိသဖြင့် လောကဒဏ်အထိ ခံရခြင်းများတည်း။ အကောင်းလုပ်တိုင်း အကောင်းပေကပဲဟူ၍ လူတိုင်းလက်မခံနိုင်ကြပါတကား။ ကောင်းတိုင်းလည်း လူတိုင်း မကြိုက် နိုင်ကြပါတကား'လို့ သံဝေဂလမ်း ကျမ်းစာအုပ်မှာ မှတ်ချက်ရေးသားတော်မူခဲ့ပါ တယ်။
နတ်တလူရဲ့ နောက်ဆုံးနှစ်မှာ နှစ်လတရား စခန်းကို နောက်ဆုံးအကြိမ်အဖြစ် ကြေညာဖွင့် လှစ်ခဲ့ရာ နယ်ပေါင်းစုံမှ လူပေါင်းစုံ ယောဂီသုံးရာနီးပါးလာရောက် အားထုတ်ကြပါတယ်။ ဒါ့ကြောင့် ယောဂီဆောင်တွေ ပြည့်ကျပ်ကုန်ပြီး နှစ်ယောက်ခန်းကို သုံးယောက်၊ လေး ယောက်ထားရတဲ့အထိ ဖြစ်ကုန်ပါတယ်။ ဆွမ်းစားဆောင်မှာရော ဓမ္မာရုံမှာပါ ကျပ်ကျပ်တည်းတည်းပါပဲ။ သံဃာဆောင်များလည်း ထိုနည်းလည်းကောင်းဆိုတာ လိုပါပဲ။ တရားစခန်းနဲ့ပတ်သက်ပြီးတော့ ...'ယောဂီ တိုင်း ယူသလောက် ရမသွားကြ၊ ငါတို့ဘက်က ပေးသလောက်လည်း သူတို့ ယူမသွားနိုင်ကြ'လို့ မှတ်ချက်ရေး သားထားတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာ ယောဂီထိန်း(စည်းကမ်းထိန်းသိမ်းရေး)မရှိဘဲ ဆရာတော်တစ်ပါး တည်း ကုန်းကြုံးရုံးခဲ့ရတဲ့အတွက် တရားဘက်က လစ်ဟာသွားတယ်လို့ ဆိုနိုင်ပါ တယ်။
ဒီလိုနဲ့ နှစ်လတရားစခန်းပြီးတာနဲ့ ဆရာတော် ဘုရားဆုံးဖြတ်လိုက်တာကတော့ နတ်တလူကို စွန့်ခွာ သွားဖို့ပါပဲ။
'ယင်းကား ကျန်သော သက်တမ်းကို ၆၀ ကျော်မှ မသေမီကလေးအတွင်း မိမိအတွက်မျှသာ လူ မလာဖျာမခင်း တစ်ကိုယ်ချင်းကျင့်ရန်အတွက် ဝပ်ကျင်း ပြင်ဆင်ခြင်းပင်။' (သံဝေဂလမ်း၊ စာ-၁၅၁)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ၁၃၆၁ ခုနှစ် (၂၀၀၀ ပြည့်နှစ်)မှာ နတ် တလူမှ ထွက်ခွာတော်မူခဲ့ပြီးနောက် ယနေ့အချိန်ထိ နှစ်ပေါင်း ၂၀ ကျော်ကြာလာသည့်တိုင်အောင် နတ်တလူသို့ တစ်ခါတစ်ခေါက်မျှ ပြန်လည်ကြွရောက်ခြင်း မရှိတော့ပါပေ။ ပုလဲမြို့နယ် ဝါးသုံးရုံတော စခန်းမှသည် ပုံတောင်ပုံညာ၊ ထိုမှ မဟာမြိုင်တောကြီးမှာ ကိုးနှစ်ကြာ အားထုတ်တော်မူပြီးနောက် မိုးမိတ်နယ်သို့ ရက်ပိုင်းလပိုင်းမျှ ကြွရောက်သီတင်းသုံး သာသနာပြုတော်မူခဲ့ပါတယ်။ မိုးမိတ်ကနေ ယခု သီတင်းသုံးရာ ဉေယျဓမ်တောရသို့ ၁၃၇၄ (၂၀၁၃)ခုနှစ်မှာ ပြန်လည်ကြွချီတော် မူခဲ့ပါတယ်။ ဉေယျဓမ်တောရဆိုတာ နတ်တလူနဲ့ နီးနီးလေး၊ ကားဖြင့် နာရီဝက်ထက်ပိုမမောင်းရပါ။ သို့ပါသော် လည်း နတ်တလူသို့ တစ်ကြိမ်တစ်ခါမှ ကြွလာသည်ဟု မကြားမိပါ။
နတ်တလူမှာ ဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်တည်ထားတော်မူခဲ့တဲ့ 'မင်းဘိသိက်ခံ ဘုရား' ကို ဉာဏ်တော်အတောင် ၁၈၀ ပြည့်အထိ တိုးမြှင့်တည် ထားရေးကိုတော့ ဉေယျဓမ်တောရကနေ သြဝါဒပေး စီစဉ်ဆောင်ရွက်တော်မူခဲ့ပြီး ဖြစ်ပါတယ်။ မင်းဘိသိက်ခံ ဘုရားကြီး တည်ဆောက်ပြီး စီးမှု အခြေအနေပေါ်မှာ မူတည်ပြီး ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ နတ်တလူသို့ ပြန်လည် ကြွချီ ချီးမြှောက်တော်မူလိမ့်မည် လို့ မျှော်လင့်နေကြောင်းပါခင်ဗျား။ ။ ( မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )