၂၀၂၄ စက်တင်ဘာ ၁၆
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ နှောင်းပိုင်းပြုစုတဲ့ ကျမ်းစာအုပ်များမှာ 'ဓာတ်သားနှင့် ဇာတ်သား'ဆိုတဲ့ အသုံးအနှုန်းကို လေးလေးနက်နက် ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဓာတ်သားဆိုတာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ ဓာတ်လေးပါးနဲ့ တည်ဆောက်ထားတဲ့ ပုထုဇဉ်တွေ ဓာတ်အကြိုက်လိုက်လုပ်နေရပုံတွေကို ရည်ညွှန်းပါတယ်။ ဇာတ်သားဆိုတာက ပုထုဇဉ်ဘဝကို လွန်မြောက်သွားပြီး အရိယာဇာတ်ထဲ ရောက်သွားတဲ့ သူတော်စင်သူတော်ကောင်းများကို ရည်ညွှန်းပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ဓာတ်သားဇာတ်သား နှစ်ပါးနှင့် သက်ဆိုင်သောစကားများ' စာအုပ်မှာလည်း ပုထုဇဉ်နှင့် အရိယာသူတော်ကောင်းတို့ရဲ့ ခြားနားတဲ့ ဘဝလမ်းကြောင်းများကို ပြဆိုထားပါတယ်။
ထူးခြားတာကတော့ ပုထုဇဉ်ဇာတ်ကောင်တို့ရဲ့ အရိုင်းဘဝတွေကို ဆရာကြီး 'ရာဟုလာ သံကိစ္စည်း'ရဲ့ 'ဗော်လဂါမှ ဂင်္ဂါသို့' စာအုပ်ကြီးကို ကိုးကားညွှန်းဆိုဖော် ပြသွားတာပဲ ဖြစ်ပါတယ်။ ဗော်လဂါမှ ဂင်္ဂါသို့ စာအုပ်ကို ဆရာပါရဂူနှင့် ဆရာကြီးဆန်းထွန်း(မန်းတက္ကသိုလ်)တို့က ဘာသာ ပြန်ဆိုခဲ့ကြပြီး အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို 'ငါတို့ လွန်ခဲ့သော အနှစ် ၄၀ လောက်က ဖတ်ခဲ့ဖူးသော စာအုပ်'လို့ ဖော်ပြထားပါတယ်။
'ထိုစာအုပ်ပါ အကြောင်းအရာများသည် ကျောက်ခေတ်က ဓာတ်သားများ၏ လူနေမှုစနစ်ကို ဖွဲ့ဆိုထား၏။ တစ်ဖန် ဗော်လဂါမြစ်ဝှမ်းကို ကျောမှီပြုဖွဲ့ ဆိုထား၏။' (စာ-၃၇)
အဲဒီမှာ 'ကျောက်ခေတ်က လူသားများ}လို့ မရေးဘဲ 'ကျောက်ခေတ်က ဓာတ်သားများ'လို့ ရေးထားပုံကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ကျောက်ခေတ်က လူယောက်ျားဟာ ကျောက်လက်နက်စွဲ ကိုင်ပြီး ဆောင်းနှင့်နွေမှာ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာရင်း မိုးများချိန်မှာ ကျောက်ဂူထဲမှာနေတယ်။ ကျောက်ခေတ်ဦးမှာ မီးကို အသုံးမပြုတတ်သေး။
'သို့ဖြစ်ရာ သားကောင်များတွေ့က ကျောက်လက်နက်ဖြင့် သတ်ဖြတ်ဖျက်ဆီးကာ သွေးရဲရဲ သံရဲရဲ အစိမ်းအတိုင်း စားသုံးကြ၏။ ဓာတ်ရိုင်းများ ထွန်းကားနေသဖြင့် အလိုရမ္မက်ကြီး၏။ ဓာတ်ရိုင်းများ သွေးထိုးကြမ်းသဖြင့် ရန်လိုအဖျက်ကြီး၏။ အသားစိမ်းစားထား ကြသဖြင့် ရက်စက်ကြမ်းကြုတ်ကြ၏။' (စာ-၃၇)
ကျောက်ဂူကြီးထဲမှာ လူယောက်ျားနဲ့ လူမိန်းမတို့ တွေ့ဆုံပေါင်းဖက်နှီးနှော မိကြတယ်။
'ဖိုကလည်း လေထန်နေရာမှ မçသွေးဆာနေ၏။ မကလည်း သွေးကြွနေသဖြင့် ဖိုသွေး လိုအပ်နေ၏။ ထိုစဉ် ဖို၏အရိပ်ပြကို မက ခေါင်းညိတ်ပြလိုက်ရာ အလုပ်ဖြစ်ကြပြီ။ ဤအတွဲကဲ့သို့ အာဒမ်နှင့် ဧဝများမြေအနှံ့ ပေါ်ထွန်းနေကြပြီး အာဒမ်၊ ဧ၀ အတွဲပေါင်း ကမ္ဘာပေါ်ဝယ် သောင်းကျန်း လာကြပြီ။ သည်သို့ နှစ်ဖက်လုံး ကိုယ်စီသွေး၊ လေမြူးမှ နှစ်ဦးသဘောတူ ကူးလူးဆက်ဆံခွင့်ရ ကြသောကြောင့် ယင်းကို (မေထုန သေဝန) မေထုန် မှီဝဲခြင်းဟူ၍ နောင်တွင် မှတ်တမ်းထိုးရသည်။' (စာ-၃၉)
ဖိုမ ဆက်ဆံရေးကြားက နောက်တိုးလူသားများ ပေါက်ဖွားလာရာ သူတို့ကို သားအဖြစ်၊ သမီးအဖြစ်လည်း မသိမှတ်ကြ။ ဒါ့ကြောင့်လည်း သူတို့ ကြီးပြင်းလာတော့ မွေးလိုက်တဲ့အမေကိုလည်း အမေမှန်းမသိ၊ မိခင်ကိုပင် သားမယားအဖြစ် ပြုကျင့်တဲ့အထိ ဓာတ်ရိုင်းတွေ အားကောင်းခဲ့တဲ့ ဓာတ်သားတွေ ...။ ဖခင်ကလည်း သမီးမှန်းမသိလို့ ကိုယ်မွေးခဲ့တဲ့ သမီးနဲ့ မေထုန်မှုပြုလိုပြုနဲ့ အမှောင်ထုကြီးစိုးတဲ့ အရိုင်းခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြပါတယ်။
'ကမ္ဘာကြီးကလည်း အသစ်တည်စဖြစ်၍ ဓာတ်ရိုင်းများ လှိုင်းထနေ၏။ ဓာတ်တို့၏ ဖိုမကြားက ဖွားမြင်လာရသူများကလည်း အရိုင်းကံ ပြင်းထန်နေကြ၏။ လူရော၊ တိရစ္ဆာန်များပါ ဓာတ်လေးပါးတို့ဖြင့် ဖွဲ့စည်းပေးထားသော ခန္ဓာဖြင့်နေခွင့်ရကြ၏။ ဓာတ်ငွေ့ ပေးစနစ်ဖြင့် အသက်ဝင်ခွင့်ရကြ၏။ ဓာတ်သက်ဝင်စိတ်ကို ဓာတ်သက်ငင် အကုသိုလ်စေတသိက်ဖြင့် ထိန်းပေးထား၏။ ဓာတ်သက်ဝင်ရုပ်ကို ဓာတ်သက်ဝင်စိတ်က ခိုင်းစေပေး၏။' (စာ-၄၈)
ဒီလိုနဲ့ ကမ္ဘာ့သက်တမ်း အရွယ်ရောက်လာချိန်မှာ လူရော၊ တိရစ္ဆာန်တွေပါ ပွားများလာကြပါတယ်။ အချင်းချင်း အနိုင်ကျင့်မှု၊ လုယက်မှုတွေလည်း အရိပ်ပမာ လိုက်ပါလာခဲ့ပေပြီ။
'ဓာတ်ပင်းအဓမ္မရာဂကြောင့် တရား၊ မတရား၌ အသိမဝင်နိုင်ကြ၊ ဓာတ်ပြင်းဝိသမလောဘကြောင့် သင့်မသင့်လည်း အသိမဝင်နိုင်ကြ၊ ဓာတ်သွင်း မိစ္ဆာဓမ္မကြောင့်လည်း သဘာဝကျမကျ အတပ်မသိနိုင်ကြ။ သို့ဖြစ်ရာ လူတို့သည် ကိုယ့်မိသားစုချင်းဖြင့် ဖိုမအရာ မတင်းတိမ်ကြတော့ဘဲ နီးရာအုပ်စုတွင်းဝင်၍လည်း အတင်းအဓမ္မပြုကျင့်ကြ၏။ မနီးမဝေးသွားကြ၍လည်း အတင်းအဓမ္မ ကာမ စပ်ယှက်ကြ၏။ သို့ကြောင့် အချင်းချင်း တိုက်ခိုက်လာကြရ၏။ အချင်းချင်း လုယက်လာကြ၏။} (စာ-၄၉)
ဒီလိုနဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီး အားအကြီးဆုံး အုပ်စုဗိုလ်က 'မင်း' ရယ်လို့ဖြစ်လာတယ်။ မင်းလုပ်သူဟာ အမှုအခင်းတွေလည်း စီရင်ပေးရ၊ လက်အောက်ငယ်သားတွေကိုလည်း အကာအကွယ်ပေးရတယ်။ တဖြည်းဖြည်း လူနေမှုစနစ်ရယ်လို့ ဖြစ်ပေါ်လာရာ တိုင်း၊ ခရိုင်၊ မြို့၊ နယ်၊ ရွာ စတဲ့ ဖွဲ့စည်းမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အရိုင်းခေတ်ကို ပြန်ကြည့်လိုက်တော့ လူ့ကျင့်ဝတ်ဆိုတာ 'အိပ်၊ စား၊ ကာမ'ဆိုတဲ့ တိရစ္ဆာန်အဆင့်မှာပဲ ရှိသေးတယ်။ အရိုင်းခေတ်မှာ တစ်ကိုယ်ကောင်း(ငါစွဲ) စိတ်က ဦးဆောင်ပြီး တဏှာ၊ မာနတို့က နောက်ယောင်ခံလိုက်နေကြတယ်။ ဣဿာ၊ မစ္ဆိရိယစိတ်များလည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြလေပြီ။ အလေ့ကျင့်ပေါက်တဲ့ မြက်ရိုင်းတောကြီးနဲ့ ချုံနွယ်ပိတ်ပေါင်းတွေကို ဘယ်သူကမှ ရေလောင်းပေါင်းသင် မြေတောင်မြှောက်ပေး စရာမလိုပါ။
'ဓာတ်ငွေ့တို့ အတွေ့နောက်လိုက်ကြရာမှ ပေါက်ဖွားလာကြသော ဓာတ်သူဓာတ်သားများ၌ ဓာတ် အလေ့ကျဖြစ်သော ရာဂဖြစ် ဖိုမကိစ္စ ဆရာသင်ပြပေး စရာမလို၊ ဒေါသဖြစ် ပဋိပက္ခဆရာ သင်ပြပေး စရာမလို၊ မောဟဖြစ် မိုက်ကန်းကျင့်ကိစ္စ ဆရာသင်ပြပေးစရာမလို၊ ဓာတ်တို့၏ အလေ့ကို ဓလေ့ဟုဆိုသည်။ ဓာတ်အလေ့အတိုင်း အသိဝင်နေခြင်းက ဉာဉ်၊ ဉာဉ်အတိုင်းလိုက်ပါ ပြုကျင့်နေ သည်က စရိုက်၊ ထိုစရိုက် ဓာတ်တို့၏ အငွေ့ရိုက်ကြောင့် တစ်ဘဝမှ တစ်ဘ၀ ကူးဆက်လိုက်ပါလာ သောအခါ ဝါသနာဆိုရပြီ။' (စာ-၅၇)
ဘဝအဆက်ဆက် ဓာတ်သက်ကျရာအတိုင်းကြံ၊ ပြော၊ လုပ်လာခဲ့ကြတာ ကမ္ဘာအသင်္ချေအနန္တ၊ ဘုရားမှတစ်ပါး ဉာဉ်၊ စရိုက်၊ ဝါသနာတို့ကို အရိယာသူတော် ကောင်းကြီးများပင်လျှင် ခါချပစ်နိုင်စွမ်း မရှိကြ၊ ဓာတ်မှ လွန်မြောက် အနာပျောက်သော်လည်း အမာရွတ်ကျန်နေသည့်ပမာ၊ ပညာအရာတွင် ဧတဒဂ်ရ အရှင်သာရိပုတ္တရာသည်ပင်လျှင် မျောက်ဘဝများကပါလာသော အမူအကျင့် ဝါသနာများ တစ်ခါတစ်ရံ ပေါ်လာတတ် တယ်ဆိုပါတယ်။ ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောဆို တဲ့ဓာတ်ပြောသမျှ နာခံနေရတဲ့ ဓာတ်ကျွန်ဘဝက ရုန်းထွက်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာအသင်္ချေ သံသရာရှည်လာခဲ့ရတာ ဖြစ်ပါတယ်။
'တစ်ကမ္ဘာလုံးရှိ ဓာတ်ငွေ့ဝင်သက်ရှိသက်မဲ့ အားလုံး သူတို့အစည်းအရုံးချည်းဖြစ်နေ၏။ ထိုတစ်ကမ္ဘာလုံးရှိ ဓာတ်ငွေ့ဝင်သက်ရှိ သက်မဲ့အားလုံးကလည်း ဓာတ်အပို့အယူတို့ဖြင့် ဝိုင်းဝန်းထောက်ပံ့နေကြ၏။ သို့ဖြစ်ရာ ဓာတ်အပေါ် တော်လှန်လိုသော ဓာတ်သူဓာတ်သားတစ်ယောက်အဖို့ စိတ်ဖြင့်ပင် မကြံစည်ရဲလောက်အောင် အန္တရာယ်ကြီးသည်။ နေဆယ်စင်း၏ အပူအား အလင်းအား တမျှ ဓာတ်တေငွ့များ သွယ်တန်းပို့လွှတ် ထားသည်။ ကိလေသာ ဆယ်ပါးကလည်း နေဆယ်စင်းသို့ ပူပြင်းစေသည်။ သံယောဇဉ် ဆယ်ပါးကလည်း နေဆယ်စင်းကဲ့သို့ ပူပြင်းစေသည်။ ဒုစရိုက် ဆယ်ပါးက လည်း နေဆယ်စင်း သို့အပူ အပူသွင်းပေးနေသည်။'
'တစ်ရက်လည်းမဟုတ်၊ တစ်သက်လည်းမဟုတ်၊ ဓာတ်သက်နှင့် မကင်းမချင်း တစ်ကမ္ဘာလည်း မဟုတ်၊ နှစ်ကမ္ဘာလည်းမဟုတ်၊ ခတ်ဖတ်ကြားဖွားခွင့်ရ သမျှ၊ သို့ကြောင့် ဓာတ်ကြီးစိုးရာ နယ်မြေသည် နွေပမာ နေပမာ၊ သာသနာပ ကာလမျိုးသည်လည်း နွေပမာ၊ နေပမာပင်၊ မသိသောအသိကို အရှိ ထင်လိုက်စားရခြင်းလည်း နွေပမာ နေပမာပင်။' (စာ-၆၄)
ဒါကြောင့် ဓာတ်သူဓာတ်သားဆိုတာ ဘယ်ကလာ၍ ဘယ်ကိုပြန်ရမည် အတိအကျမသိ၊ ဝိနိပါတိက ဘေးဆိုတဲ့ သူကျချင်ရာကျ၊ သူလိမ့်ချင်ရာ လိမ့်စဉ်သွားရာ သေချာတာကတော့ အောက်ရပ် အပါယ်ဘုံသို့ ထိုးကျသွားခြင်းသာပါပဲ။ အဲဒီလို ဓာတ်ကျွန်ဘဝက လွန် မြောက်ပြီး အရိယာသူတော်ကောင်း သူတော်စင်ဇာတ် အနွယ်ဝင်ဖြစ်ဖို့ ဘုရားဆိုတာ ပွင့်ပေါ်လာခဲ့ရပါတယ်။
'ဘုရားပွင့်ရာ ထိုခေတ်သည် လူ့သက်တမ်း တစ်သိန်းနှင့် တစ်ရာတို့အကြား၌သာ ပွင့်ရိုးရှိဆို၏။ တစ်သိန်းတမ်း၏ အထက်သည် ရုပ်ဓာတ်စိတ်ဓာတ်ခွန်အား အလွန့်အလွန်ကြီးလွန်းရကာ ထိန်းမ လွယ်သိမ်းမရ၊ အားလွန်ကာလဖြစ်နေသေး၏။ သို့ကြောင့် ပွင့်ဉာဏ်အရ ယူရန်လည်း မလွယ်၊ လိုက်နာ ရန်လည်း မလွယ်ကူကြ၊ တစ်ဖန်ဒုက္ခအကြောင်း မြင်ဖို့ရန်လည်းမလွယ်၊ သုခအကြောင်း ဆင်ခြင်ဖို့ ရန်လည်း မလွယ်၊ စာတို့၌ကား သုခအားကြီးနေသဖြင့် ယှဉ်ပြစရာဒုက္ခ မတွေ့သောကြောင့် ဆို၏။ တစ်ဖန်တစ်ရာ တမ်း၏ အောက်သည် ရုပ်ဓာတ်ရော စိတ်ဓာတ်ပါ အလွန်အမင်းအားနည်းလွန်းရကား ထိန်းမလွယ်၊ သိမ်းမရ အားလိုကာလဖြစ်သွားပြန်၏။ သို့ကြောင့် ပွင့်ဉာဏ်အရယူရန် လိုက်နာရန် မဆိုထားဘိ၊ ပူပျံ့သွားသော စိတ်အစဉ် ခန္ဓာပြန်ဝင်ရန် သိမ်းသွင်းရာ၌ပင် မကွယ်၊ ဖိအားသုံး၍ ဓာတ်ရိုင်းမှ အမယဉ်၊ ဒုက္ခမှ သုခသို့ ပြောင်းပေးရန်လည်းမလွယ်၊ စာတို့၌ကား ဒုက္ခကို ဒုက္ခမှန်း သိသော်မှလည်း အလွတ်ထွက်ရန် မလွယ်သောကြောင့်ဆို၏။' (စာ-၆၅)
ပြီးတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ဖောက်ပြန်နေချိန် အပူဝိုင်း၍ လှိုင်းထနေသော ဓာတ်အားပေး အေးစေရန်မလွယ်၊ ကာမအာရုံကို ဓမ္မအာရုံအဖြစ်ပြောင်းပေးဖို့ ပိုပြီးမလွယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဘုရားပွင့်ချိန်ဟာ လူ့သက်တမ်းတစ်သိန်း အထက်ဘုရားမပွင့်၊ တစ်ရာတမ်း အောက်ဘုရားမပွင့်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဘုရားတစ်ဆူပွင့်လာပြီဆိုရင်လည်း ကမ္ဘာပေါင်း တစ်သောင်းရှိ လူနတ်တွေကို ချေချွတ်ရတဲ့အပြင် အထက်ဘုံရပ်နေ နတ်ဗြဟ္မာတွေကိုပါ အရိယာ ဖြစ်စေရပါတယ်။ ဘုရားတစ်ပါးတည်းက အဲဒီလောက် အသင်္ချေ အနန္တသတ္တဝါတွေကို ချေချွတ်ရမှာ ဖြစ်လို့ ဘုရားရှင်တို့ ကိုယ်တော်တိုင်လည်း ...လေးသင်္ချေ၊ ရှစ်သင်္ချေ၊ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် ပါရမီတော် များဖြည့် ကျင့်တော်မူခဲ့ရပါတယ်။
ဒါနပါရမီတစ်ခုတည်းမှာပင် ခြေ၊ လက်၊ မျက်လုံးစတဲ့ ကိုယ်အင်္ဂါများ အပြင်အသက်ကိုပင် ပေးလှူရဲ ရတယ်။ မိမိရဲ့ ချစ်မြတ်နိုးလှသော ဇနီးမယား သားသမီးများကိုလည်း ပေးစွန့်နိုင်ရတယ်။ ရွှေငွေ ဥစ္စာပစ္စည်းတွေကိုလည်း ပေးလှူနိုင်ရတယ်။ ဒီလို စွန့်လွှတ်ပေးလှူခြင်း ဖြင့် ဒိဋ္ဌိနဲ့ တဏှာကို ဘဝတိုင်း ပယ်သတ်လာခဲ့တယ်။ ဒါနပါရမီ အောင်ပြီပဲထား သီလပါရမီ မပြည့်သေးရင် လည်း ဘုရားမဖြစ်နိုင်သေးဘူး။ သစ္စာ၊ အဓိဋ္ဌာန်၊ ဝီရိယ၊ နိက္ခမစတဲ့ ပါရမီ ၁၀ ပါးလုံး ပြည့်ပြီဆိုမှ ဘုရား အဖြစ်နဲ့ ကမ္ဘာတစ်သောင်းက လူ၊ နတ်၊ ဗြဟ္မာတွေကို ချေချွတ် ကယ်တင်နိုင်မှာဖြစ်ပါတယ်။ ပညာဓိက ဘုရားက လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ သဒ္ဓါဓိကဘုရားက ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဝီရိယာဓိက ဘုရားကတစ်ဆင့် ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ကျင့်ပြီးမှ ဘုရားအဖြစ်သို့ ရောက်တော်မူကြပါတယ်။
ဘုရားရှင်တို့မည်သည် ဓာတ်ရိုင်းဟူသမျှ မြူတစ်မှုန်မျှ မကုန်အောင် သန့်စင်တော်မူပြီးချိန်မှာ ဓာတ်ရိုင်းဓာတ်လှိုင်းတွေကြားက ဓာတ်သားများကို အရိယာနွယ်ဖွားဇာတ်သားများအဖြစ်သို့ ဆောင်ဖို့ မဟာကရုဏာ ပြဋ္ဌာန်းကာ သတ္တဌာန အဓိဋ္ဌာန်ဝင်တော်မူပါတယ်။ ဒီနေရာမှာ မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးရဲ့ သတ္တ ဌာန ညွှန်းဆိုချက်များဟာ တစ်မူထူးခြားနေတာ တွေ့ရပါတယ်။
ဒခုနစ်နေ့နံတို့ရှိ ဓာတ်သက်များကို ချေဖျက် ပေးနိုင်ရန်၊ ခုနစ်ရက်သား ခုနစ်ရက်သမီးအားလုံး သိမ်း ကျုံးမိစေရန် သတ္တဌာန အဓိဋ္ဌာန်ဝင်တော်မူ၏။ တစ်ဌာနလျှင် ခုနစ်ရက်ကျစီဖြင့် ခုနစ်ချီဝင် တော်မူ၏။ ဤ အဓိဋ္ဌာန်တော်သည် ဓာတ်သက်ဝင် နေ့နံသား ခုနစ်ရက် သားခုနစ်ရက်သမီးများကို ချီးမြှောက်ရန်အတွက် သက်သက်သာ၊ သို့ သတ္တဌာန အဓိဋ္ဌာန်ဝင်ရောက်ရာ၌...
(က) ပ၊ ဒု၊ တ သုံးဌာနသည် မြေကမ္ဘာ၌ အမြစ်ဆင်း၍ အားလုံးသို့ အရိပ်ပေးနေသော မဟာဗောဓိကို သာသနာ တည်သမျှ အသက်ဝင်နေစေရန် အသက်သွင်းပေးနေသော ဌာနများ၊
(ခ) စတုတ္ထ သတ္တာဟာက သဗ္ဗညုတဉာဏ် စားကျက်ဖြန့်ပေးသော ဌာန၊
(ဂ) ပဉ္စမက ကုန်းနေများသို့ စိတ်ညွတ်၍ စံနေရာဌာန၊
(ဃ) ဆဋ္ဌမက ရေနေများသို့ စိတ်ညွတ်၍ စံနေဌာန၊
(င) သတ္တမက ကုန်း၊ ရေ၊ လေ အားလုံးသို့ ဗြဟ္မာဓာတ် ပို့လွှတ်၍ စံရာဌာန၊
အထက်ပါ ၄၉ ရပ်လုံး ဖလသမာပတ်(ဖိုလ် ဝင်စားခြင်း)သည်သာ အစာရှိ၏။ ဖလသမာပတ်ကိုလျှင် အစာအဖြစ်သုံး၏။ ဘာမှမစားဘဲ ဖိုလ်ဝင်စားပြီး မေတ္တာ၊ ကရုဏာဖြင့် နေတော်မူခြင်း ဖြစ်ပါသည်။ ဘုရားအဖြစ် ရောက်တော်မူခြင်းဟာ ကြွေးပေး၊ ကြွေးယူ မရှိသောနေရာသို့ ရောက်တော်မူခြင်း ဖြစ်ပါတယ်။ ဓာတ်ဖို၊ ဓာတ်မတို့ဖြင့် ဖွဲ့စည်းထားတဲ့ ဓာတ်ကောင်တွေမှာ ဓာတ်ဖိုဖြစ်က ဓာတ်မသွေး အမြဲဆာလောင်နေတတ် တယ်။ ဓာတ်မဖြစ်က ဓာတ်ဖိုသွေးကို တမ်းတဆာလောင် နေတတ်တယ်။
'မိမိ၌ မရှိသည်ကို တမ်းတသောကြောင့် တစ်ဖက်သွေး အကြွေးယူခံစားနေကြရ၏။ အကြွေးနောက် အတေးပါမြဲဖြစ်၏။ ပေးထားလျှင် ရရန်ရှိအဖြစ် တေးထား၏။ ယူစားလျှင် ပေးရန်ရှိအဖြစ် အတေးခံထားရ၏။ သည်သို့ ဘုတ်အဖွဲ့(ဓာတ်ကြီးလေးပါး)က သတ္တလောကကြီးကို ဖိုမခွဲခြား၍ ပေးစား၊ ယူစားဖန်တီးပေးထား၏။ အလွတ်ဓာတ်အဖမ်းဓာတ်ကိုယ်စီ တပ်ဆင်ပေးထားကာ အလွတ်အဖမ်းလုပ်စေ၏။ အလွှတ်ဖြင့် ကြွေးပေး၍အဖမ်းဖြင့် ကြွေးယူကာ အပေးအယူလုပ်စေ၏။ ဓာတ်က မလွယ်သမျှ ကြွေးပေးကြွေးယူ ဘယ်တော့မှမလွတ်၊ ဓာတ်သက်ကို မွေးပေးနေသမျှ ဓာတ်ကောင်အဖြစ်မှလည်း မလွတ်ကြ။' (စာ-၈၄)
အကြွေးကင်သော ဘဝနေနည်းကတော့ အကြိုက်နှင့် မကြိုက်တို့အကြား သတိထားပေးရုံသာ၊ အကြိုက်နှင့်မကြိုက်တို့ကြားရောက်နေတဲ့ စိတ်ကိုအသိနဲ့ တွဲပေးရမှာပါ။ ကြိုက်အာရုံ မကြိုက်အာရုံတွေက လွတ်သွားပြီဆိုရင် ...
'အချို့ ငါဖြင့်ယူထားသော ဒုစရိုက်အကြွေး ပေးစရာ(ယူစရာ)မလိုတော့၊ အချို့သူဖြင့် ယူထားသော ကာမကြွေးပေးစရာ(ယူစရာ)မလိုတော့။ အချို့ဘဝအတွက် ယူထားသော ဘဝကြွေး ပေးစရာ(ယူစရာ)မလိုတော့။ ကြွေးအေးတော့ သွေးအေး၊ သွေးအေးတော့ စိတ်တည်၊ စိတ်တည်တော့ အကြည်ဓာတ်အားကောင်း၊ ချမ်းသာစီးကြောင်းကြီး ဆိုက်လာပြီ။' (စာ-၈၅)
အဲဒီချမ်းသာစီးကြောင်းကြီးဟာ ကမ္ဘာပေါင်းများစွာက လိုက်ပါလာတဲ့ ဓာတ်ရိုင်းတွေကို ဆေးကြောသုတ်သင် သန့်စင်ပစ်လိုက်ပြီး ဓာတ်သားဘဝမှ အရိယာအနွယ်ဝင် သူတော်စင် ဇာတ်သားအဖြစ်သို့ ပြောင်းလဲ ပစ်လိုက်တယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက နိဒါန်းသွယ်တန်း လမ်းပြတော်မူခဲ့ပါတယ်။ ဓာတ်သားမှ ဇာတ်သားဖြစ်အောင် ကျင့်ဆောင်ပုံများကား ခက်ခဲနက်နဲ ကျယ်ဝန်းလှပါတယ်။ ။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )