၂၀၂၄ ဖေဖော်ဝါရီ ၁၃
သာစည်ရွှေကျောင်းကုန်းတော်တွင် (၁၃၅၀ မှ ၁၃၅၂ )အထိ ဒုတိယမ္ပိသာသနာပြု အတွေ့အကြုံရှိ ၂၀၀၁ ခုနှစ် အောက်တိုဘာလထုတ် 'ရတနာစစ်တမ်း' ကျမ်းစာတွင် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ပြန်လည်သုံးသပ်ထားပါတယ်။
'ငါ၏ သုံးနှစ်သာသနာပြု အဓိဋ္ဌာန်သည် ယခုနှစ် ဝါဆိုလျှင် ပြည့်မြောက်၏။ ထို သုံးနှစ်တာ အတွင်းသည် စိတ်မော၊ လူမောခြင်းမှသာ အဖတ်တင်၏။ တရားဓမ္မကျင့်ကြံမှုနှင့် သာသနာ့အမွေကိုလည်း ဟုတ်တိပတ်တိ ခံယူရန် မကြံရွယ်၊ ဝေယျာဝစ္စကိုယ်ကျိုးစွန့် ဝါဒဖြင့် သာသနာ့အမွေကိုလည်း ခံယူရကောင်းမှန်းပင်မသိ။ ထိုနေရာမျိုး ဦးဆောင်ရခြင်းသည် ခံနိုင်ရည်ပြည့် မရှိသေးသူတို့ ချုံးပွဲချရုံသာရှိ၏။
'စစ်တိုက်ရာ၌ လူ၊ လက်နက်၊ ရိက္ခာလုံလောက်မှုသည် အဓိက၊ ဤကိလေသာစစ်၌လည်း နောက်ပါ ပရိသတ်၊ ထိုပရိသတ်၌ ဓမ္မဉာဏ်ရည်ပြည့်ဝမှု၊ ပြင်ပသာသနာ၏ အမာခံငွေကြေးပြည့်စုံမှု ထိုသုံးမျိုးတို့ မလုံလောက်က အနတ္တသာသနာ မကျယ်ပြန့်နိုင်၊ ဝိဇ္ဇာနိုင်ငံလည်း မထူထောင်နိုင်၊ ယုတ်စွအဆုံး တည်ပြီးသာသနာနှင့် ဝိဇ္ဇာနယ်မြေကိုလျှင် တည်တံ့ခိုင်မာစွာ မထိန်းသိမ်းနိုင်' (စာ-၁၀၁)
'အများမှ အများသို့' အများဖြင့် သာသနာပြုနည်းမျိုး ကြိုးစားကြည့်ခဲ့ရာ အဆင်မပြေတာတွေနဲ့ပဲ ကြုံခဲ့ရပါတယ်။ ဒါ့ကြောင့် တောရသစ်ဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်ဒကာများက တောင်ငူဘက်မှာ ကျောင်းနေရရှာထားပြီး ဖြစ်တယ်ဆိုပေမယ့် အစီအစဉ်ပျက်သွားလေရာ 'ဝမ်းတွင်း'နှင့် 'ပျဉ်းမနား' နှစ်နေရာ အပြိုင်ပေါ်လာပါတယ်။ ဝမ်းတွင်းမြို့အနီး မြတောင်သူသာသနာပြုစခန်းမှ စခန်းပိုင် ဆရာတော်ကိုယ်တိုင် ကြွရာက်လာပြီး စခန်းကြီးတစ်ခုလုံးကို အပ်နှင်းခဲ့ပါတယ်။ ဒါပေမဲ့ 'တစ်ပါးတည်းအားထုတ်ခွင့်မရ' ဆိုတဲ့ ခြွင်းချက်လည်း ပါလာပါတယ်။ ဝမ်းတွင်းနဲ့ ပျဉ်းမနား အတွင်းနေ မမြင်အပ်သော ပုဂ္ဂိုလ်များကတော့ ဆရာတော်ကို အလုအယက်ပင့်ဆောင်ရင်း 'အတွင်းအတွင်းချင်း အခင်းပွား'နေကြပါတယ်။ ဝမ်းတွင်း ပျဉ်းမနားနှစ်ဌာနလုံးကပင် အိပ်မက်ပေးကြပါတယ်။
'ဝမ်းတွင်းဌာနကား အတွင်းကလည်း အားကောင်း၏။ ယခင်သီတင်းသုံးသွားသော ဆရာတော်ကြီးကပင် လိုလားစွာ ပင့်ဖိတ်၏။ ထိုဆရာတော်ကြီးကား ဓမ္မာရုံကြီးအတွင်း ရှိလျက်ပင်ဆို၏။ သာသနာပြုမည်ဆိုက အထူးစည်ကားမည်ဆို၏။ ဝမ်းတွင်းတစ်မြို့လုံး၏ ကိုးကွယ်မှုကို ခံယူရမည်ဆို၏။ လောလောဆယ်လာမည်ဟူ၍ ကတိပြုသည်နှင့် ငါတို့ရောက်သော အဆင်သင့်နေရန် တိုက်နှစ်လုံး ဒကာပေါ်နေပြီဖြစ်၏။ ရဟန်းလောင်း ၁၀ ပါးနှင့် ရဟန်းဒကာကလည်း အဆင်သင့် စသည် ကောင်းသတင်းချည်းတည်း'
'တစ်ဖန် ပျဉ်းမနားလက်လုပ်တောင်ဌာနကား အတွင်းအားကောင်းသော်လည်း အစောင်းမခံဆို၏။ နေသဖြင့် တရားဟောသော် ဌာနေသံဃာများ၏ အတိုက်အခံရမည်ဆို၏။ မမှန်၍လော မေးသော် မှန်ကားမှန်၏။ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ (ဒကာဒကာမပရိသတ်)နှင့် လာဘ်သဝန်တိုသောကြောင့်တို့ ဖြစ်သည်။ ဘယ်လိုတိုက်မည်နည်း ထပ်ဆင့်မေးသော် ဘုရားဟော ပါဠိမပါဘဲ ဟောမှုဖြင့်ဆို၏။ နောက်တစ်ချက်ကား ပျဉ်းမနားရောက်လျှင် သေမည်ဟူ၍လည်း အိပ်မက်ပေးသေး၏။' (၂၀၁၂၊ စက်တင်ဘာထုတ်၊ ဘဝကန္တရသင်္ကေတ ကထာ၊ စာ-၃၃၈)
ဝမ်းတွင်းက အကောင်းချည်း၊ ပျဉ်းမနားက အဆိုးချည်း။ အကောင်းကို ရွေးလိုက်ပါက အကြိုက်မပယ်ရာ ရောက်ပေလိမ့်မည်။ ပြီးတော့ ဆိုးမယ်ဆိုတဲ့ ပျဉ်းမနားကို ရှောင်လိုက်ခြင်းဟာ ကြောက်ရာကျတယ်လို့ ဆိုနိုင်တယ်။ ဒါ့ကြောင့် အဆိုးများတဲ့ ပျဉ်းမနားလက်လုပ်တောင်ကိုပဲ ရွေးဖြစ်လိုက်ပါတယ်။
- ကိုယ့်ကိစ္စ မပြီးစီးမီ မည်သူ့ကိုမျှ မငဲ့ညှာခြင်းသည်သာ အကောင်းဆုံး။
- ကိုယ့်ကိစ္စပြီးစီးလျှင် ကိုယ့်အတွက် မငဲ့ညှာခြင်းသည်သာ အကောင်းဆုံး။
ထိုထုံးကို နှလုံးမူလျက်က ၁၃၅၃ ခုနှစ် ကဆုန် လဆန်း ၁၀ ရက် ပျဉ်းမနားရောက်ခဲ့၏။ ထိုတောင်၌ တရားမဟော၊ အဖူးတွေ့မခံ၊ ဆွမ်းခံရုံမှတစ်ပါး ဘာမှမချီးမြှောက် ဝန်ခံချက်ဖြင့် ထိုပျဉ်းမနားမှ ဒကာဒကာမများ ပင့်ဆောင်ခွင့်ရကြ၏' (ရတနာစစ်တမ်း၊ စာ-၁၀၃)
သို့သော် ရွှေကျောင်းကုန်းတောင်မှာ 'အရိယာရွှေပြည်ဆည်တော်ကြီး'က အစပျိုးထားရုံပဲ ရှိသေးတာမို့ ပြီးစီးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆရာတော် ဦးဆောင်မှသာ ဖြစ်နိုင်ပေလိမ့်မယ်။ ဒါ့ကြောင့် သာစည်ကိုလည်း လုံးလုံးပစ်ထားလို့ မဖြစ်၊ သာစည်သုံးလ၊ ပျဉ်းမနားကိုးလ ဟူ၍ ခွဲတမ်း ချပေးလိုက်ပါတယ်။ ရွှေကျောင်းကုန်းတောင်ပေါ်မှ ဆင်းလာခဲ့ပြီး 'လှိုင်းတက်' မှာ တစ်နေ့နှင့်တစ်ည တရားဟောခဲ့ပါသေးတယ်။ သာစည်မြို့ပေါ်မှာ သုံးရက်၊ သုံးညတရားမိုးကြီး သွန်းဖြိုး တော်မူခဲ့ပါတယ်။ သာစည်မြို့ပေါ်မှာ ရပ်ကွက်ကြီး ခုနစ်ရပ်ကွက်အနှံ့ မြို့လုံးကျွတ် ဆွမ်းခံကြွတော်မူရာ တစ်မြို့လုံးဟာ အုန်းအုန်းကျွက်ကျွက် တစ်ခဲနက်ကြီး ဖူးမြော်ကြ၊ ဆွမ်းလောင်းကြနဲ့ မကြုံစဖူး ကုသိုလ်ထူး တွေရခဲ့ကြပါတယ်။
ပျဉ်းမနားရောက်လျှင် 'သေမယ်'လို့ အိပ်မက်ပေးထားလေရာ ...လာခဲ့ပစေ၊ မွှေချင်ရာကမွှေ၊ သေ ချင်ရာကသေ ဆရာတော်ကို သေမှာကိုလုံးဝ(လုံးဝ) ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပါပေ။
'သေမျိုးသည်' လူသေ၊ မူသေ၊ ကိလေသာသေ' ဟူ၍ သုံးမျိုးရှိရာ လူသေကာ ခန္ဓာစဲခြင်းကို ဆို၏။ မူသေကား အကျင့်လဲသွားသည်ကို ဆို၏။ ကိလေသာသေကား ရဟန်းကိစ္စ ပြီးစီးပြတ်စဲသွား သည်ကိုဆို၏။ မည်သည့်နည်းဖြင့်သေသေ ငါသေလျှင် ငါ့ဝေနေယျများအတွက် ငါသိစေလိုသော အချက်များ ရေးပြခဲ့ချင်ပါသေး၏။ မဟောမပြ အဖူးအတွေ့လည်း မခံလျှင် ခမျာများ ငါ့ကိုမှီ၍ ဘာမျှ အမွေရကြတော့မည်မဟုတ်' (ရတနာ စစ်တမ်း၊ စာ-၁၀၃)
ဒါ့ကြောင့် တပည့်ဒကာဝေနေယျများ အားလုံးအတွက် ဝိပဿနာအလုပ်ပေးကျမ်းကြီးကို 'ပဋိဘာန ဉာဏဒဿနကထာ'ဟု အမည်ပေး ရေးသားပါတော့တယ်။

'ဤစာစဉ်ကို လေ့လာပါက ဉာဏ်ပဋိဘန်ရင့်သန်စေခြင်းဟူသည့် ခန္ဓာအရှိကို တင်းတင်းနှင့် ပြင်းပြင်း ကြည့်ရာမှ ပေါ်ထွက်လာသော ပြချက်များကို ချက်ချင်းသော ရိပ်မိဉာဏ် အမြင်သန်စေခြင်းကို အားပေးစေမည်။ ကိုယ်တွေ့ဖြင့် ရင်းပြီးသော် တင်းတင်းတွေး၍ တင်းတင်းပင် ခဏချက်ချင်း ပြောတတ်၊ တွေးတတ်၊ အဖြေပေးတတ်စေမည်။ အာဝဇ္ဇန်းဉာဏ်၊ တင်္ခဏုပ္ပတ္တိ ဉာဏ်ခေါ်ဆင်ခြင်မှု မြန်ဆန်ခြင်း၊ တစ်ခဏအတွင်း အဖြေပေါ်စေခြင်းများကြီးထွားစေမည်ကို ရည်၏။ တော်သလင်း လပြည့်နေ့တွင်ပြီး၏။ နှစ်လတိတိရေးရပြီး စာမျက်နှာ ငါးရာနီးပါးရှိ၏။ နောင်အချောကူးပြီး တိပိဋကဓမ္မရက္ခိတ အသင်းသို့ သာသနာပြုအတွက် ရည်၍လှူလိုက်သည်။' (ဘဝကန္တာရ၊ စာ-၃၄၁)
အထက်ပါ 'ပဋိဘာနဉာဏဒဿနကထာ' ကျမ်းကြီးမှာ ဆရာတော်ဘုရား ၁၃၅၃ ခုနှစ်တွင် ရေးသားအပြီး နောင်ခုနစ်နှစ်အကြာ ၁၃၆၀ ပြည့်နှစ် တပို့တွဲ(၁၉၉၉၊ ဖေဖော်ဝါရီ)မှာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲခွဲ၍ ပုံနှိပ်စာအုပ်ကြီးအဖြစ် ထုတ်ဝေနိုင်ခဲ့ပါတယ်။ နောင် ၁၂ နှစ်အကြာ ၁၃၆၅ ခု (၂၀၀၄ သြဂုတ်လ)မှာ နှစ်တွဲပေါင်း တစ်အုပ်တည်းဖြင့် ဉေယျဓမ်စာပေက ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒီကျမ်းစာအုပ်ကြီးဟာ ဆရာတော်ဘုရားရဲ့ ကိုယ်တွေ့ဉာဏ်မြင် ဓမ္မကျင့်စဉ်များကို တစ်ဆင့်ချင်း အသေးစိတ်ရှင်းလင်းဖော်ပြထားရာ ဝိပဿနာသမားတို့အတွက် လမ်းပြမြေပုံလို့ပင် ဆို နိုင်ပါ တယ်။
ဒီကျမ်းစာအုပ်ကြီးအပေါ် ဆရာတော်ဘုရား ကိုယ်တိုင် ဘယ်လောက်အားရတော်မူသလဲဆိုရင် 'သေချင်ရာသေဟေ့၊ င့ါမျိုးစေ့ မြေပေါ်ကျသွားပြီ'လို့ ဥဒါန်းကျူးခဲ့တဲ့ အထိပါပဲ။ (ရတနာ စစ်တမ်း၊ စာ-၁၀၄)
'ထို့နောက်တွင်ကား ငါ့အလုပ်တွင်တွင်လုပ်တော့၏။ တံခါးမဖွင့်စတမ်းပင်။ ဖွင့်သည်နှင့် တားမြစ် ဆိုင်းဘုတ်များက ဝဲယာနံရံတို့မှ စောင့်နေ၊ တားနေကြ မည်သာ။'
'ပျဉ်းမနားသည် အရှေ့အနောက် ရိုးမတောင်ကြီးများအကြား ညှပ်ပိတ်ခံထားရသော ဒေသတစ်ခုဖြစ်ရာ မိုး၌ ပူအိုက်လှသော ဒဏ်သည် ချွေးပြိုက်ပြိုက်ကျစေ၏။ ကြာသော် ညှင်းကွက်ကြီးများ ထလာ၏။ တန်ဆောင်မုန်းအထိ အလူးအလဲ ခံနေရ၏။ တန်ဆောင်မုန်း ကျော်သော ဆောင်းလတို့ တွင်ကား အေးသဖြင့် ခံသာ၏။ သို့သော် တစ်ပါးတည်း လွတ်လပ်မှုမရှိတော့။ ဇင်းကျိုက်၊ ပဲခူး၊ ရန်ကုန်တို့မှ ရဟန်းတော်များ၊ ဒကာများ တရားနည်းခံရန်ဟုဆိုကာ လာရောက်နေထိုင်ကြသဖြင့် မိမိစားမည့် အစားအစာ အချိန်တစ်ဝက်မျှ ပေးနေရပါ၏။' (ရတနာစစ်တမ်း၊ စာ-၁၀၅)
'တပေါင်းမှ ကဆုန်၊ နယုန်အထိကား ရွှေကျောင်းကုန်းပြန်ရပြန်ချေပြီ။ ထိုရွှေကျောင်းကုန်းဝယ် အပြီးမသတ်ရသေးသော အရိယာ ရွှေပြည်ဆည်တော်ကြီး အပြီးသတ်ပေးရ၏။ ပန်းရန်ငှား၍ မရ၊ ငါသည်ပင် ပန်းရန်၊ ငါသည်ပင် ခေါင်းဆောင်တည်း။ ထိုမျှမကသေး မဟောပြောပါ၊ တရားမပြပါဆိုသည့်ကြားမှ အတင်းလာရောက် အားထုတ်ကြသော ရဟန်းရှင်လူ ၅၀ ခန့်တို့ကိုလည်း ဟောပြောချိန်နှင့် စစ်ဆေးပြသချိန်များ ပေး ရသေး၏။ အဝေးမှအနီးမှ လာရောက်ဖူးတွေ့လိုသူများကိုလည်း ဖူးတွေ့ခံရသေး၏။ နံနက်အရုဏ်မှ ည ၁၁ နာရီခန့်အထိ အများအတွက် မတ်မတ်ကြီးနှင့်ပြုကျင့်နေခဲ့ရာ ကျန်ညအချိန်များကား မခံနိုင်တော့သော အစာအိမ်ရောဂါဖြင့် ဗိုက်မှောက်အိပ်ခဲ့ရချေပြီ' (၎င်း၊ စာ-၁၀၅)
အစာအိမ်ရောဂါက စစ်ကိုင်းတောင် အရှေ့ပရက္ကမချောင်မှာ ရခဲ့တာပါ။ သပိတ်တစ်ဝက်ပင် မပြည့်တတ်သော ခံလို့ရသမျှ ဆွမ်းတို့ကို အခြားသံဃာများသို့ လှူဒါန်းလေ့ရှိခဲ့လေရာ ဆရာတော်ဘုရားမှာ တစ်ပတ်လုံးလုံး ဆွမ်းတစ်လုတ်မျှ မစားခဲ့ရပါလေ။ အစာအိမ် ရောဂါမဖြစ်ခံနိုင်ပါရိုးလား။ အစာမရှိဘဲ ဟောရပြောရသော ဒဏ်ကလည်း ပိမှိန်းမသိ ပိလာခဲ့ပါတယ်။ ပျဉ်းမနား လက်လုပ်တောင်မှ သာစည်ရွှေကျောင်းကုန်းတောင် ခေတ္တပြန်ကြွလာစဉ် ချစ်ချစ်တောက်ပူတဲ့ နွေနေအောက်မှာ ဖိနပ်မပါ၊ ထီးမပါဖြင့် ဆည်တော်ကြီးအပြီးသတ်ရေး ကိုယ်တိုင်လုပ်ဆောင်ခဲ့ရလေရာ ၁၃၅၂ ခု နယုန်လပြည့်ကျော် ၇ ရက်ကစတင်ပြီး ဆီးပူညောင်းကျ ရောဂါစွဲကပ်လာပြန်ပါတော့တယ်။
ပျဉ်းမနား ပြန်ရောက်တော့ ရောဂါပိုသည်းလာပါတယ်။ အစာအိမ်လည်း မီးနဲ့ရှို့မြှိုက်ထားသလို ပူလောင်နေတော့ရာ ရုပ်ဖောက်ပြန်မှု နောက်လိုက်ပါ သွားတဲ့စိတ်ကို အတော်ထိန်းယူနေ ရပါတယ်။ 'ပျဉ်းမနားရောက်ရင် သေမယ်'ဆိုတာ ဟုတ်များဟုတ်နေလေရော့သလား။ ဆရာတော်ဘုရားကား ဘယ်တုန်းကမှ အရှုံးပေးခဲ့ရိုး ထုံးစံမရှိခဲ့ပါလေ။ ရောဂါ၏ နှိပ်စက်ခြင်းဒဏ်၊ ဥတုရဲ့ပြင်းထန်မှုတွေကြား စိတ်တပိုတပါးမသွားအောင် စာ၊ ကဗျာ ရေးခြင်းဖြင့် ထိန်းညှိထားလိုက်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဆရာတော်ရဲ့ သတိဖြင့် အသက်သွင်းထားတဲ့ သီလပန်းကား မညှိုးနွမ်းခဲ့ပါပေ။ ဒါကြောင့်လည်း နတ်ရောလူပါ ကြည်ညိုသဒ္ဓါပိုနေကြဆဲ ဖြစ်ပါတယ်။ အဓိကမှာ လူသေ ချင်သေ၊ မူမသေအောင်(ဝါ) ကျင့်စဉ်မသေအောင် စိတ်ကို ကုစားတဲ့အနေနဲ့ အလကားမထားတော့ဘဲ စာ၊ ကဗျာတွေ ရေးဖြစ်ခဲ့ပါတယ်။
'ဆွမ်းခံပြန်၊ ယမန်နေ့က စားခဲ့သော တစ်တပ်မျှ ဆွမ်းရိက္ခာ၏ အထောက်ပံ့ကုန်ခန်းနေချိန်၊ တရားအမှတ်စိုက်ခြင်း၊ စပ်ခြင်းဖြင့် ပြန်ထိုင်မရချိန် ဓမ္မသံဝေဂနှင့် စပ်ဆိုင်ရာ ကဗျာများကို ရေးစေ၏။ လောက၌ ယနေ့ဖြစ်ဆဲတို့၏ မှတ်သားစရာ သံဝေဂယူစရာ နီတိများကို ရေးစေ၏။ ယနေ့ဘာသာရေး အချင်းချင်း ကြင်နာသူကို နာကျင်စေခြင်းဖြင့် ဆွဲဆောင်ဖျက်ဆီးခြင်း၊ ဖော်ရွေခြင်းလျှင် အရင်းတည်ထားသော ဗုဒ္ဓဘာသာ မိဘနှစ်ပါးတို့မှ ဆင်းသက်လာသော သားငယ်၊ သမီးငယ်များ အဖျက်ဆီး မခံရရန် အမျိုး၊ဘာသာကာကွယ်ရေးနှင့်စပ်ဆိုင်ရာ ကဗျာများကို ရေးစေခြင်း၊ လောကဓမ္မနှစ်ဌာနတို့၌ နှောင်းသုတေသီတို့ လေ့လာရန် ပါဠိ ဂါထာများကို ရေးစေ၏' (ရတနာစစ်တမ်း၊ စာ-၁၀၇)
၁၃၅၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ ရက်နေ့၊ လက်လုပ်တောင် ဗောဓိမဏ္ဍိုင်ကျောင်းပေါ် မှာ 'ဝိနယသင်္ခေပကထာ'ကျမ်းကို အပြီးသတ်ရေးနေချိန်သတင်း လှိုင်းလုံးကြီး တဝုန်းဝုန်း ရိုက်ပုတ်လာ ပြန်ပါတော့တယ်။
'လက်လုပ်တောင်ဆရာတော် ဈာန်ပျံတာ လူ နှစ်ရာကျော်ဖူးတွေ့လိုက်ရသတဲ့'
'ဆရာတော်မှ ဆရာတော်အစစ်၊ သင်္ကန်း ရောင်လည်းဒါပဲ၊ ချွတ်စွပ်ပဲ'
'ဆွမ်းခံကြွတာ မြေကြီးပေါ် ခြေမထိ၊ အားလုံး မျက်စိအတွေ့'
'ထိုနေ့တွင် ပျဉ်းမနားကားလမ်းမကြီး ဘေးရှိ ရွှေညောင်ပင် ထမင်းဆိုင်ပိုင်ရှင်ဖြစ်လေသူ မွတ်ဆလင် ဘာသာဝင် ဦးပေါက်စသည် နေ့ ၁၁ နာရီခန့်၊ လုပ်ငန်းများ အေးဆေးစ ပြုလာပြီဖြစ်သဖြင့် ဆိုင်နောက်ဖေးသို့ ထွက်၍ အပေါ့သွားသည်ဆို၏။ ထိုစဉ် ၎င်းခေါင်းပေါ် မှနေကာ အစတွင်နိမ့်နိမ့်၊ မော့ကြည့်မိသည်နှင့်တဖြည်း ဖြည်းနိမ့်ရာမှ မြင့်တက်သွားသော ကောင်းကင်သွား ရဟန်းတစ်ပါးကို တွေ့ရ၏။ ၎င်းင်း၏ တစ်သက်တာအတွင်း အလွန်ထူးဆန်းခြင်းကို ပထမဆုံးမြင်တွေ့ရလေရာ အစတွင် တွေကြည့်နေ၏။ ပြီးသော် လူအများတို့ကို အော်ဟစ်ပြသရာ ဆိုက်ကားသမားအစ လူနှစ်ရာ လောက်ပါ မြင်တွေ့ကြရဆို၏။'
'ငါတို့ ကံဆိုးချင်တော့ ထိုကောင်းကင်သွား ရဟန်းသည် ငါတို့နေရာ လက်လုပ်တောင်တော်သို့ ဦးတည်ကြွသွားနေသည်ကို ထိုလူအားလုံးတို့ မြင်တွေ့ကြလေရာ ဒါလက်လုပ်တောင်ဆရာတော်ပဲ စွပ်စွဲကြချေတော့၏။ မကြာပါချေ။ ထိုသတင်း တစ်မြို့လုံးပျံ့၊ နယ်တကာ့နယ် နှံ့သွားတော့ချေရာ လက်လုပ်တောင်ဝယ် ဖူးလိုသူများ ပျားပန်းခပ်ဖြစ်သွားတော့၏။ ထိုနေ့ထိုအချိန်မှစ၍ လက်လုပ်တောင်သည် ကြက်ပျံမကျဖြစ်လာ၏။' (ရတနာစစ်တမ်း၊ စာ-၁၀၈)

ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ရေတာရှည်၊ ဆွာ စတဲ့ အနီးမြို့ရွာများကသာမက ထားဝယ်၊ ကျိုင်းတုံ စတဲ့ အဝေးမြို့ရွာတွေကပါ ပရိသတ်တွေကြိတ် ကြိတ်တိုး ရောက်လာဖူးမြော်ကြပါတယ်။
'သာသနာ့မြေ လူစည်သဖြင့် သင့်၏။ စည် နည်းမကျသဖြင့် မတော်ချေ။...သွားလမ်းတစ်လျှောက် ခင်းထားသည်မှာလည်း အပြည့်၊ ချဲလက်မှတ်၊ ထီလက်မှတ်၊ ငွေစက္ကူများလည်း အဝတ်ခင်းအောက်သို့ဝှက် ခင်းကျင်းထားသည်မှာလည်း လမ်းတစ်လျှောက်လုံးလုံး၊ တစ်ဖန်ရွှေလက်ကောက်၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်စသည့် ရဟန်းတို့ မသုံးအပ်သည့် ပစ္စည်းများ လက်သို့၊ သပိတ် ပေါ်သို့ လာရောက်တင်သည်ကလည်း အပြည့်၊ ငါကိုယ်တော်ကြီး၏ ကျော်စောမှုကား မကောင်း သတင်းကျော်စောခြင်းမျှသာတည်း' (၎င်း၊ စာ-၁၀၈)
ဈာန်ပျံကိစ္စနှင့်ပတ်သက်ပြီး 'ဘဝကန္တာရ သင်္ကေတကထာ'ကျမ်းစာအုပ်ကြီးမှာတော့ ဒီလိုမှတ်တမ်းတင် ဖော်ပြထားပါတယ်။
'သတင်းအပေါက်ကြမ်း ထောက်လှမ်းရေးဝင်ပြီ။ သတင်းအထွက် ဆန်းစစ်လိုသူလည်း ပေါ်လာပြီ။ ပျဉ်းမနား ထောက်လှမ်းရေးတာဝန်ခံများ ငယ်သားမှ အကြီးစားအထိ တစ်ဆင့်ပြီးတစ်ဆင့် ဝင်လာ၏။ ကိုယ်အမူအရာကို စမ်းခြင်း၊ ခြေလှမ်းအကဲခတ်ခြင်းများမှသည် ငါတို့မရှိမီ (ဆွမ်းခံသွားနေချိန်)အတွင်း ကျောင်းတွင်းအိတ်သွန်ဖာမှောက် မွှေနှောက်ကြည့်ခြင်း၊ အချို့ကား ဆွမ်းခံရွာအထိ နောက်မှ လိုက်ကြည့်ခြင်း၊ အချို့ကား ဆေးပေါ့လိပ်တို့ကို အင်္ကျီဖြင့်အုပ်၍ ငါတို့အား နင်းစေခြင်း၊ အမျိုးမျိုး စမ်းကြ၏။ နောက်ဆုံး ငါတို့နှင့် ညပိုင်းဝင်တွေ့ကာ စကားပြောကြည့်၏။ အသံဖမ်းနား ထောင်ကြည့်၏။' (စာ-၃၄၃)
'ကြည်ညိုချင်လို့ ဆိုလျှင်ရော မကြမ်းလွန်းဘူးလား။ မသင်္ကာလို့ဆိုလျှင်ရော သူ့တစ်ဖက် ဗြောင်ဝင်စွက်ရာမကျလွန်းဘူးလား။ ဤထောက်လှမ်းရေးများနည်းတူ အခြားထောက်လှမ်းရေး သမားများလည်း ခြေချင်းလိမ်နေ၏။ တာဝန်ကြောင့် ထောက်လှမ်းခြင်း၊ ဝါသနာကြောင့် ထောက်လှမ်းခြင်း အမျိုးစုံနေ၏။ ကျောင်းသား၊ အရပ်သား၊ ဘာသာရေးသမား အထိပါ၏။ သဒ္ဓါသက်သက် ပညာမဖက်သူတို့ကြား လမ်းသွားခြင်းငှာ မသင့်တော်ပြီ။'
'စိတ်အလုပ်သမားကား စိတ်ရှုပ်အလုပ်ပျက်၏။ စိတ်ချမ်းသာမှသာ စိတ်တည်ငြိမ်မှုကိုရစေတတ်၏။ စိတ်ချမ်းသာမှုကို ရယူလိုလျှင် စိတ်စင်ကြယ်မှသာ တတ်နိုင်ရာ၏။ စိတ်စင်ကြယ်လိုလျှင်ကား တရားအာရုံမှတစ်ပါး တခြားအာရုံအတိုက်ကြား စိတ်မထားမိမှသာ ရနိုင်ရာ၏။ တခြားအာ ရုံနှင့်ပတ်သက်လာလျှင်ကား စကားအရာမျှပင် မကြားလိုပြီ။ သို့ကြောင့် တကယ်အဟုတ် အဟပ်ကျင့်ဝတ် ပဋိပတ်ဖြင့် အားထုတ်နေကြပါကုန်သော သူတော်ကောင်းအစားစားတို့၏ထံပါး မိမိ၏ အမူအရများ လော်မာခြင်း၊ တခြားသော အမြင်အကြား စကားရုပ်သွင်အာရုံမျှင်များဖြင့် စမ်းသပ်ခြင်း၊ ဖမ်းကပ်ခြင်းမျိုးတို့သည် 'ဓမ္မန္တရာယ်' ဖြစ်စေတတ်လှ၏။ သူတော်ကောင်းတို့ရှိ ဓမ္မဓာတ်တစ်ချက်အလှုပ် မိမိ၌ ဆုတ်ယုတ်မှုတစ်ခု ပွားစေသည်ကို စမ်းရေပြင်ကျ မီးခဲပမာဏဖြင့် နှိုင်းစာကြည့်တတ်ကြရာ၏' (စာ-၃၄၃)
'ထိုမှနောက် တစ်ပေါင်းလ ရွှေကျောင်းကုန်း ကြွနေကျကြွသည်ကိုပင် ဘာကြောင့် ကြွသနည်း။ ဘာကိစ္စနည်း၊ မည်မျှကြာမည်နည်း အမေးစုံလှချေတော့၏။ ငါတို့ခေတ် သူတော်ကောင်း လုပ်စားရတာကလည်း ဘေးကျပ်နံကျပ် ကျပ်လှချေကလား'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက သံဝေဂ စကားဆိုခဲ့ပါတယ်။ ။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )