မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ပြစ်မှုနှင့်ပြစ်ဒဏ် အစွဲသံသရာမှ လွတ်မြောက်ရာ

၂၀၂၄ ဒီဇင်ဘာ ၁၅
    တရားအားထုတ်ရာမှာ (၁) ထိုင်လျက်အားထုတ်ခြင်း၊ (၂) စင်္ကြံလျှောက်ရင်း ရှုမှတ်ခြင်း၊ (၃) ရပ်လျက် ရှုမှတ်ခြင်းနဲ့ (၄) အထွေထွေ အမူအရာများအပေါ်မှာ ရှုမှတ်ခြင်းဆိုပြီး လေးမျိုးလေးနည်း ရှိပါတယ်။ အမှတ်စဉ် ၁၊ ၂၊ ၃ ရှုမှတ်နည်းများကတော့ တရားရိပ်သာများမှာ အတွေ့ရများပြီးတော့ အမှတ်စဉ်(၄) ရှုမှတ်နည်းကတော့ မိမိတို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ အမူအရာ အမူအကျင့်များအပေါ်မှာ ရှုမှတ်ပေးခြင်း ဖြစ်ပါတယ်။ ရိပ်သာမဝင်နိုင်တဲ့ ယောဂီများ အိမ်မှာ နေရင်း၊ သွားရင်း လာရင်း၊ စားသောက်ရင်း ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံရင်း ရှုမှတ်ရတဲ့ ကမ္မဋ္ဌာန်းနည်းကို ပါဠိလိုအား ဖြင့် 'သမ္မဇညာကာရ'လို့ ခေါ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက 'အိမ်လုံးပန်းတို့အတွက် အိမ်သုံးကမ္မဋ္ဌာန်း'လို့ ဆိုပါတယ်။
    အိမ်ရှင်မ တစ်ယောက်ဟာ ထမင်းဟင်းချက်နေစဉ် စိတ်ကို အပြင်မထွက်စေဘဲ ထမင်းဟင်းချက်တဲ့အလုပ်မှာ စိတ်ကို စူးစိုက်ထားတာ၊ ထမင်းဟင်းချက်ရင်း တောင်တွေးမြောက်တွေး အတွေးမပွား စိတ်မလွင့်စေဘဲ ထမင်းဟင်းချက်တဲ့အပေါ်မှာ သတိမြဲနေတာ 'သမ္မဇညာကာရ'ပါပဲ။ လယ်ထွန်ယောက်ျားတစ်ယောက်ဟာလည်း လယ်ထွန်တဲ့ အလုပ်အပေါ်မှာပဲ သတိမြဲနေမယ်ဆိုရင် စိတ်မလေလွင့်တော့ဘူး။ ပဲလှော်ဝါးရင်း၊ လှည်းစီးရင်းဆိုသလို လယ်ထွန်တဲ့ အလုပ်နဲ့ ရှုမှတ်တဲ့ သတိအလုပ်၊ တစ်ပြိုင်နက်တည်းမှာ အလုပ်နှစ်ခု ပြီးစီးစေနိုင်တယ်လို့ လမ်းညွှန်ထားပါတယ်။ ဘာလုပ်လုပ် သတိ ဆိုတဲ့ ရှုမှတ်မှုပါနေရင် ကာယကံ၊ ဝစီကံ၊ မနောကံ ပြစ်မှုတွေ မကျူးလွန်တော့ဘဲ ကုသိုလ်တရား တွေသာ ပွားများလာမှာဖြစ် ပါတယ်။
    သတိဆိုတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုမရှိတဲ့ စိတ်ဟာ ပေါက်လွှတ်ပဲစား သွားချင်ရာသွားပြီး စော်ကား ပြစ်မှားမှုတွေ ကျူးလွန်နေတတ်လေ့ ရှိပါတယ်။ ဘရိတ်ပေါက်သွားတဲ့ ကားတစ်စီးဟာ ဟိုတိုက်ဒီတိုက်နဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ပေးတော့မှာ ဖြစ်ပါတယ်။ သတိလက်လွှတ်နဲ့ ပြစ်မှား ကျူးလွန်မိတဲ့ ပြစ်မှုတွေ အကြောင်းကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက ၁၉၉၉ ဇန်နဝါရီလထုတ် 'သမ္မ ဇညာကာရကထာ' ကျမ်းစာအုပ်မှာ ဖော်ထုတ် အသိပေးထားပါတယ်။ အပြစ်မကင်းတဲ့ အမှုတွေပြုမိတဲ့ အကြောင်းရင်းကတော့ ကာမဂုဏ်အာရုံခံစားစဉ် မေ့မေ့မြောမြောကြီးနဲ့ သတိလက်လွှတ် ခံစားခဲ့လို့ပဲလို့ ဆိုပါတယ်။
    အပြစ်မကင်းတဲ့အမှုတွေဆိုတာ မနောကံ သောင်းကျန်းရာမှ ဖြစ်ပွားလာသော အလိုကြီးခြင်း၊ အလိုကျရာ စိတ်ပူဆာခြင်း၊ ငါကောင်းပြီးရော သဘောထားခြင်း၊ မနော ဒုစရိုက်တို့ရဲ့ မြှောက်ထိုးပင့် ကော်မှုအတိုင်း သူ့အသက်သတ်၍ မတရား ရယူခံစားမည်၊ သူ့ဥစ္စာလုယက်၍ မတရား ရယူခံစားမည် စသည့် လူ့ကျင့်ဝတ်ချိုး ဖောက်မှုများကို လူဖြစ်လျက်က လူကျင့်မကျင့်ဟူသော စွဲချက်ဖြင့် အပယ်သို့ ကျခံရခြင်း၊ လူ့ဘ၀ ရောက်လာပြန် သော်လည်း အောက်တန်းဝင် ကျွန်ဘဝရောက်ရခြင်း စသည့် ပြစ်ဒဏ်များကို ခံရတော့မည်ဖြစ်၍ ၎င်းင်းကို အပြစ်မကင်းသောအမှုဟု ဆိုရ၏။ (စာ-၇၄)
    ဥပမာအားဖြင့် ...လူသတ်မှု၊ ဓားပြမှု ဒါတွေဟာ အကြီးလေးဆုံးသော ပြစ်မှုတွေဖြစ်လို့ 'ပထမ တန်းစားပြစ်မှုများ'လို့ ဆိုပါတယ်။ လောက ကြောင်းအရလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်တွေ၊ ကြီးလေးတဲ့ အပြစ်တွေ ရစေနိုင်ပါတယ်။ သံသရာလည်ရာမှာလည်း ငရဲဘုံမှာ ငရဲဒုက္ခတွေ ခံစားရဦးမှာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ ထောင်ဒဏ်က လွတ်ရက်ရှိနိုင်ပေမယ့် ငရဲဘုံမှာတော့ အကုသိုလ် အရှိန်အဟုန် မကုန်မချင်း ပြစ်ဒဏ်ခံရမှာ ဖြစ်ပါတယ်။
    လူဆိုတာ ကောင်းမှုမှ ဖြစ်သော ကောင်းကျိုးခံစား အမျိုးအစားဖြစ်တဲ့အတွက် ယဉ်ကျေးတယ်၊ နူးညံ့တယ်၊ သိမ်မွေ့တယ်၊ အချင်းချင်းလည်း စောင့်စည်းတယ်၊ ဒါပေမဲ့ အဘိဇ္ဈာတွေ၊ လောဘတွေ ကြွလာတဲ့အခါ စိတ်ထန်ပြီး ကိုယ်ကြမ်းလာတယ်။ စိတ်ကြမ်းပြီး ကိုယ်သရမ်းလာတယ်လို့ ဖော်ပြထားပါတယ်။ လူဆိုတာ လယ်မြေကောင်းမှာ ရောက်ပေါက်တဲ့ စပါး၊ ပဲ၊ နှမ်း ပမာ။ ဒါပေမဲ့ ပေါင်းမြက်တွေ ရောနှောပေါက်လာပြီး သီးနှံကောင်းတွေကို ဖျက်ဆီးပစ်သလို လူရဲ့မူလစိတ်ကောင်း၊ စေတနာကောင်းတွေကို ကိလေသာ အလိုဆိုးတွေက ဖျက်ဆီးပစ်တတ်ပါတယ်။ သီးနှံကောင်းတို့ မည်သည် ယုယပြု စုနိုင်ပါမှ ရှင်သန်ပေမယ့် ပေါင်းမြက်တွေဆိုတာကတော့ အလေ့ကျ တောထနေအောင် ပေါက်လေ့ ရှိပါတယ်။ ဒါ့ကြောင့် စိတ်ကောင်းကလေး ရှင်သန်ဖွံ့ဖြိုးအောင် သတိနဲ့ စောင့်စည်းထိန်းသိမ်းနိုင်ပါမှ၊ တစ်နည်းအားဖြင့် နွားရိုင်းကို နိုင်အောင်ထိန်း ကျောင်းပေးနိုင်ပါမှ သူများစားကျက် သွားမစားမှာလို့ ညွှန်ပြထားပါတယ်။
    လူသတ်မှု၊ ဓားပြမှုတွေလို ဥပဒေနှင့် မငြိစွန်းသော်လည်း သံသရာပြစ်မှုမကင်းတဲ့ 'ဒုတိယတန်းစား ပြစ်မှုများ'လည်း ရှိသေးတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ အာရုံခံစားမှုတွေကို သတိ လက်လွတ်အစွဲနဲ့ ခံစားရာက ဖြစ်ရတယ်လို့ သိရပါတယ်။ ဥပမာ - ကြက်ကို ကိုယ်တိုင်ကား မသတ်၊ သတ်ပြီး သေပြီးသော ကြက်ကို အသက်သွင်း၍ ကြက်အမှတ် ကြက်အစွဲဖြင့် ချက်ပြုတ်ခြင်း၊ စားသုံးခြင်းတို့ဟာ ကြက်စွဲ ကြက်ထဲရောက်စေမယ့် စေတနာပြစ်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြက်သား စားလို့ ထောင်ဒဏ်မကျသော်လည်း ကြက်စွဲက ကြက်ဘ၀ ပို့လိုက်စဉ်မှာတော့ အပါယ်ထောင်မှာ လှလှကြီးကျခံရမှာ မလွဲပါဘူး။ ကြက်ဘဝနဲ့ ကြက်ဝဋ်ပြန်လည်ရတာ ဘယ်သူကမှ တရားစွဲ စီရင်ချက်ချတာ မဟုတ်၊ မိမိစေတနာ မိမိအစွဲက စီရင်ချက်ချတာ ဖြစ်ပါတယ်။ ဒီလို 'ဒုတိယတန်းစားပြစ်မှု'က ပိုပြီး ရှောင်ရခက်လေ့ ရှိတာမို့ အစွဲကိုနိုင်တဲ့သတိ တွင်တွင်သုံးဖို့ ဆရာတော်ဘုရားကြီးက လမ်းညွှန်ပါ တယ်။
    ရှောင်ရအခက်ဆုံး၊ သတိကြပ်ကြပ် အထားအပ်ဆုံးကတော့ 'မိသားစုနှင့် အတူနေများ' အပေါ်ထိ တွေ့ဆက်ဆံရာမှာ ဖြစ်ပါတယ်။ မိမိမယားအပေါ် မိမိသဘောကျ တစ်ဖက်သတ် ဆက်ဆံပေါင်းသင်းခြင်း၊ မိမိသားသမီးနှင့် (တပည့်များ၊ အတူနေများ၊ အလုပ်သမားများ)အပေါ် ကရုဏာလမ်း ချော်ကာ ဒေါသစိတ်ဖြင့်ဆုံးမခြင်းများသည်လည်း အပြစ်မကင်းသော 'တတိယတန်းစားပြစ်မှုများ'လို့ ဆိုပါတယ်။' (စာ-၈၇-ရှု)
    'သားသမီးစသည့် လက်အောက်ငယ်သားများကို ဆုံးမရမည်မှာ ကြီးသူများ၏ တာဝန်သာဖြစ်ရကား ဆုံးမထိုက်၏။ ကောင်း၏။ သို့သော် ကိုယ့်ဒေါသကိုယ် မထိန်းနိုင်သဖြင့် စိတ်လိုက်မာန်ပါ ပြုကျင့်ရခြင်းကား ကလေးများကို အနိုင်ကျင့်၍ တစ်ဖက်သတ် ရန်ဖြစ်နေခြင်းသာ။ သို့ကြောင့် ထိုရာဂ၊ ထိုမာန၊ ထိုဒေါသတို့၏ ပြစ်မှုကား မုချကျခံရမည်သာ။ ထိုပြစ်မှု၏ ပြစ်ဒဏ်ကား ပြိတ္တာဘုံ၊ ပြိတ္တာဘ၀ စသည် ဧကန်ရောက်ရပြီး ကျန်အပြစ်ကျထားရာ ဘုံများကား စေတနာ ကြမ်းလွန်လွန်းမှသာ ရောက်ကြရမည်။' (စာ-၈၇)
    မောဟစွဲ(မသိစွဲ)ကြောင့်ဖြစ်တဲ့ ပြစ်မှုအသေးအမွှားလေးတွေကလည်း တိရစ္ဆာန်ဘုံတွေဆီ ဦးတည်ပို့ ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ အပြစ်ကင်းတဲ့အမှု ဆိုတာကတော့ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းကို ရည်ညွှန်းပါတယ်။ ကုသိုလ်ကံ အရှိန်အလျောက်၊ လူ၊ နတ်၊ ဗြဟ္မာဘဝများမှာ ကံချမ်းသာ၊ ဈာန်ချမ်းသာ ခံစားနိုင်ပါသော်လည်း ကာမသမုဒယကြောင့် ဘဝဒုက္ခ၊ ဈာန သမုဒ ယကြောင့် ဘဝဒုက္ခပြစ်မှုတို့မှကား မလွတ်နိုင်ရာပြီ။ အဝိဇ္ဇာ၊ ကံ၊ ဝိညာဉ်၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ ညှဉ်းဆဲ မှုကိုကား ခံစားကြရပေဦးမယ်။
    ဆင်းရဲတွင်းနက်လှသော အပါယ်ဒုက္ခများမှာ သိသာမြင်သာသည့်အလျောက် လွတ်မြောက်အောင် ကြိုးစားချင်ကြပေမယ့် ကာမ၊ ဈာနဘဝများမှာ သာယာ တပ်ငြိနေသူများကား လွတ်မြောက်အောင် ကြိုးစားချင်မှ မဟုတ်ပါဘူး။ အပြစ်ကင်းတဲ့ ကုသိုလ်ကောင်းမှုများကြောင့် ဘဝကောင်းများ ရလာပါသော်လည်း ဘ၀ တဏှာစွဲလမ်းပြစ်ကြောင့် အပြစ်မကင်းသော အမှုများကို တစ်ဖန်ပြုမိမှား ကြဦးမည်ဖြစ်ရာ သံသရာလည်နေသမျှ ခြောက်ပြစ်မကင်းကြောင်း သိသာလှပါတယ်။
    သူ့အသက်သတ်မှုကြောင့် ဒီဘဝထောင်ဒဏ်၊ နောင်ဘဝငရဲဆိုတဲ့ ပထမတန်းစား ပြစ်မှုမျိုးကို သိမြင်ရှောင်ကြဉ်နိုင်ကြပါသော်လည်း ကြက်သားစားပြီး ကြက်စွဲစွဲ၍ ကြက်တဲရောက်ရပုံ ဒုတိယတန်း စား ပြစ်မှုများကိုကား မသိမောဟဖြင့် နေ့စဉ်လိုလို ကျူးလွန်နေကြ လျက်ရှိပါတယ်။ သားသမီး စတဲ့ လက်အောက်ငယ် သားတို့အပေါ် ဒေါသအလျောက် ကံကျူးလွန်မိပါလျှင် တတိယတန်းစား ပြစ်မှုမြောက်ကာ အပါယ်ဘုံရောက် တတ်ကြောင်းကိုလည်း သတိပြုဆင်ခြင်တတ်ကြဖို့ လိုပါတယ်။ ထင်းကို မီးစွဲလောင်တဲ့အခါ မီးခိုးတန်းဖြစ်ပေါ်လာသလိုပဲ စိတ်စွဲအတိုင်း ဘဝဆိုတာ ဖြစ်ပေါ်လာတယ်။ လေတိုက်ရာ မီးခိုးတန်း လိုက်ပါနေသလို ကြိုက်ရာစွဲရာတွေ နောက်ဘဝဟာ လိုက်ပါနေရတယ်။ ကြိုက်စွဲတွေကြောင့် ဘဝဟာ မြင့်ရာမှ နိမ့်ရာသို့ ရေစီးကြောင်းလို စုန်ဆင်းသွားတယ်။ ဒီလို စီးဆင်းသွားတာ၊ ယိုစီးသွားတာကို 'အာသဝေါ'လို့ ခေါ်ပါတယ်။ ဒီယိုစီးမှုဖြစ်ပေါ်တဲ့ နေရာလေးခု ရှိတယ်။ (အာသဝေါ တရားလေးပါးလို့ ခေါ်ပါတယ်။)
    ၁။ ကာမအာသ၀ ...ခုံမင်လိုချင်တဲ့နေရာကလည်း ယိုစီးတယ်။
    ၂။ ဘဝအာသ၀ ...ကိုယ့်ဖြစ်စဉ်ကို သာယာနေရာကလည်း ယိုစီးတယ်။
    ၃။ ဒိဋ္ဌိအာသ၀ ...ငါကောင်းစား ပြီးရော ဆိုတဲ့ နေရာကလည်း ယိုစီးတယ်။
    ၄။ အဝိဇ္ဇအာသ၀ ...မသိမှုကလည်း ယိုစီးတယ်။

    ကြက်သားဟင်းလေး ကောင်းလိုက်တာဆိုပြီး ကြက်အစွဲနဲ့ငြိပြီး စိတ်ဟာ ကြက်ရှိရာဆီ ယိုစီးသွားတယ်။ ကြက်သားစားရတာကို ကျေနပ်သွားတဲ့ ဘဝအာ သဝ၊ ကြက်သေချင်သေ၊ ငါစားရ ပြီးရောဆိုတဲ့ ဒိဋ္ဌိနဲ့ အဝိဇ္ဇာအာသဝတွေကို ကြက်သားဟင်းထဲမှာ ရှာကြည့်တတ်ပါစေ။ ဘဝတစ်လျှောက်လုံး ကြက်ကြိုက်၊ ကြိုက်စွဲနဲ့စားခဲ့တဲ့ ကြက်သားဖတ်ပေါင်း ဘယ်လောက်များခဲ့ပါပြီလဲ။ မှတ်သားရေတွက်ကြည့်မိမယ်ဆိုရင် ကြက်ပိဿာ ချိန်ပေါင်း ဘယ်လောက်၊ ကြက်အကောင်ရေပေါင်း ဘယ်လောက် ရှိနေပြီလဲ။ ဒီလောက်စားခဲ့တာတောင် ဘယ်ကြက်သားဖတ်ကျရင် နားမယ်ရယ်လို့ ရှိပါသလား။
    စားခဲ့တဲ့ ကြက်တွေလည်း မနည်းတော့ဘူး၊ နောင်လည်း စားဦးမယ်ဆိုတဲ့ ရှေ့ကမ်းနောက်ကမ်း မမြင်တော့ဘူး။ ကြက်စီးကြောင်းကြီးအတိုင်း လိုက်လာခဲ့ကြတာ ကြက်ပင်လယ်ထဲ ရောက်နေပြီ။ ငါးပင်လယ်၊ ဝက်ပင်လယ်၊ အမဲပင်လယ်တွေရော ဘယ်လောက်များသွားခဲ့ပြီလဲ။ ဒါက ရသာအာရုံ ဆိုတဲ့ စားမှုတစ်ခုတည်းက ရှုမြင်သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ (အချစ်ပင်လယ်ဆို တာမျိုးကလည်း ရှိသေးတယ်၊ ဘယ်လောက်ကျယ်ပြီး ဘယ်လောက် နက်လေလိမ့်မလဲ။) ကြိုက်စွဲဆိုတဲ့ ယိုစီးကြောင်းလေး မတားမိခဲ့လို့ ပင်လယ်ထဲရောက်လာကြတာ၊ ဘယ်လိုကူးကြမလဲ။ မကူးနိုင်ရင်တော့ မြုပ်ပြီလို့ ဆရာတော်ဘုရားကြီးက သတိပေးထားပါတယ်။
    ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အရှိန်သတ္တိကလည်း တဖွားဖွား တရိပ်ရိပ် ဖြစ်နေတာ၊ ရှေ့ ကပျက် နောက်ကအစားထိုးနဲ့၊ ရပ်နားတယ် မရှိဘူး။ သွေးလည် ပတ်နေသလောက် သူကလည်း သွားနေတာပဲ။ စီးကြောင်းတို့ သဘာ၀ ...အထက်မှအောက်၊ အမြင့်မှ အနိမ့်သို့သာ စီးသွားမှာပါ။ ချောင်းကနေမြစ်၊ မြစ်ကနေပင်လယ်၊ မြစ်ထဲမှာတောင် နစ်နေတာ၊ ပင်လယ်ထဲရောက်တော့ ကူးနိုင်ပါ ဦးမလား။ လှိုင်းတံပိုးတွေကလည်း ပြင်းထန်ပါဘိသနဲ့။ သတိမပါတဲ့ အာရုံခံစားမှုဟာ အပြစ်ကြီး အပြစ်ငယ် အသွယ်သွယ် ယိုစီးပြီး ဝဲသြဃသမုဒ် ပင်လယ်ထဲ မြုပ်လေပေါ့ ပေါ်မလာ ဖြစ်တော့မယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ကရုဏာကြီး မားစွာဖြင့် ညွှန်ပြတော်မူခဲ့ပါတယ်။
    ဘဝအကျိုးပေးတွေကို မသုံးဆောင်ရ၊ မခံစားရလို့လည်း ပိတ်ပင်တားမြစ်ခြင်း မပြုပါ။ ဘ၀အကျိုးပေး ခံစားရာမှာ သုံးသာသုံးပါ မစွဲပါနဲ့။ အာရုံခံစားရာမှာ အသုံးနောက် အစွဲမပါအောင် သတိပြု သုံးဆောင်ပါ။ အစွဲကိုနိုင်တာ သတိတစ်လုံးပဲရှိပါတယ်။ ရိပ်သာဝင်ပြီး အားထုတ်တယ်ဆိုတာလည်း သတိအကျင့်ကို ရင့်ကျက်အောင် ထူထောင်တာပါပဲ။ ရိပ်သာမဝင်နိုင်သေးတဲ့ အိမ်လုံးပန်းတို့အတွက် အိမ်သုံးကမ္မဋ္ဌာန်းကတော့ ဘာလုပ်လုပ် သတိရှိနေပါစေ၊ ဘာပဲခံစားခံစား သတိပါ တဲ့ခံစားမှုမျိုး ဖြစ်ပါစေ။ လေ့ကျင့်ဖန်များရင် ကြိုက်စွဲ မုန်းစွဲတွေရဲ့ နေရာမှာ သတိကလေး မြဲလာပါလိ့မ်မယ်။ အစွဲအငြိက လွတ်မှသာ ပြစ်မှုပြစ်ဒဏ်က လွတ်မြောက်ပြီး ချမ်းသာရာရနိုင်မယ်လို့ ကျေးဇူးတော်ရှင်မဟာဗောဓိ မြိုင်ဆရာတော်ဘုရားကြီးက ညွှန်ပြတော်မူခဲ့ပါတယ်။

မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 317

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.