၂၀၂၄ မေ ၂
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ 'ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ'ကို 'ဘ၀ကန္တာရ သင်္ကေတကထာ' (ခရီးလမ်းကြမ်း စခန်းဖွေရှာ တစ်သက်တာ) အမည်နဲ့ ၂၀၁၂ စက်တင်ဘာ လမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိ ကျမ်းစာဟာ ၁၃၆၅ ခုနှစ် မဟာမြိုင်တောကြီးသို့ရောက် စအချိန်မှာ အဆုံးသတ်ထားပါတယ်။ ၁၃၆၅ ခုနှစ်မှ သည် ဒီနေ့ ၁၃၈၅ ခု အချိန်အထိ နှစ်ပေါင်းနှစ်ဆယ် အတောအတွင်း ဘဝနှင့်ဓမ္မ အတွေ့အကြုံများကို ထေရုပတ္တိအဖြစ် (ဒုတိယတွဲအနေနဲ့) သီးခြားရေးထားတာ ရှိမရှိ မသိပါ။ ထေရုပ္ပတ္တိခေါင်းစဉ်အောက်မှာ မဟုတ်ပေမယ့် သီးခြားရေးသားပြုစုခဲ့တဲ့ ဘဝနှင့်ဓမ္မ အတွေ့အကြုံများကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်တာ တွေ့ရပါတယ်။
၂၀၂၁ ဒီဇင်ဘာ ပထမအကြိမ်ထုတ် 'တစ်ပါးနေအကျင့်(စာတမ်းနှင့် ဆောင်းပါးပေါင်းချုပ်)' စာအုပ်မှာ မဟာမြိုင်တောကြီးမှာ သီတင်းသုံးခဲ့တဲ့ ၁၃၇၄ ခုနှစ်(မဟာမြိုင်ရဲ့ နှောင်းပိုင်းနေ့ရက်များ) အထိ ကြုံတွေ့ခဲ့ရတဲ့ အနှောင့်အယှက် အတိုက်အခိုက်များအကြောင်း ဖော်ပြထားပါတယ်။ တစ်ဆက်တည်းမှာ မဟာမြိုင်မှ မိုးမိတ်သို့ ရှောင်ခွာတိမ်းခဲ့လေရာ မိုးမိတ်အတွေ့ အကြုံများကိုပါ ဖတ်မှတ်ကြည်ညိုခွင့် ရခဲ့ပါတယ်။ ၂၀၂၁ ဒီဇင်ဘာထုတ် 'သံဝေဂလမ်းမှ အသွားမတော်သော ခြေတစ်လှမ်း' ကျမ်းစာအုပ်မှာလည်း မဟာမြိုင်က ထွက်ခွာလာခဲ့ရတဲ့အကြောင်းရင်း ဖြစ်ကြောင်းကုန်စင်နဲ့ မိုးမိတ်မှာ အထိုးအဆိတ်ခံခဲ့ရပုံများကို ထပ်ကျော့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ၂၀၂၁ ဒီဇင်ဘာ လမှာပဲ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'လောကအလင်း(ဆောင်းပါးပေါင်းချုပ်)'မှာလည်း 'ဆယ်ဘွဲ့ရ ငါတစ်ပါး'ဆောင်းပါးမှာ မဟာမြိုင်နဲ့ မိုးမိတ်တို့ရဲ့ ပုံရိပ်များကို ထင်ဟပ် ရေးသားထားပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ မဟာမြိုင်တောကြီးမှာ ၁၃၆၅ မှ ၁၃၇၄ ခုနှစ်အထိ ကိုးနှစ်တာ သုံးတော်မူခဲ့ရာ မြန်မာပြည် အရပ်ရပ်တွင် ဆောက်တည်ခဲ့သော တောရအသီးသီးမှာ အကြာဆုံး(တစ်ဆက်တည်း) သီတင်းသုံးတော်မူခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ အကြာဆုံး သာမကမဟာမြိုင်မှာ တစ်သက်တာ သီတင်းသုံး ခေါင်းချသွားတော့မည်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အဖျက်အမှောင့်၊ အနှောင့်အယှက်၊ အတိုက်အခိုက်တွေနဲ့ ကြုံလာရတဲ့အခါ မဟာမြိုင်ကို စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 'ဘဝကန္တာရ သင်္ကေတကထာ'အတ္ထုပ္ပတ္တိ စာအုပ်ကြီးမှာ မရေးဖြစ်ခဲ့ သေးတဲ့အကြောင်းအရာတွေကို ၂၀၂၃ မတ်လထုတ် 'လောကပါလ(ဆောင်းပါးပေါင်းချုပ်)'မှာလည်း ကောင်း၊ ၂၀၂၃ မတ်လထုတ် 'ဝဋ်လက်ဆောင် ကျွတ်လက်ဆောင်'ကျမ်းစာအုပ်မှာလည်းကောင်း ဖော်ထုတ် ရေးသားတော်မူခဲ့ပါတယ်။ သမထ၊ ဝိပဿနာတရားတို့ဖြင့် အလွန်အေးချမ်းစွာ နေလိုသော ဆရာတော်ဘုရားကြီးမှာ 'မဟာဗောဓိမြိုင်ဆရာတော်'ဆိုတဲ့ ဘွဲ့တော်ကိုပင် အနု ကြမ်းစီးခံခဲ့ရပါတယ်။ သက်တော်ထင်ရှားရှိနေပါလျက် 'သေပြီ'လို့ သတင်းလွှင့်ခံရပါတယ်။ မဟာမြိုင်မှာ ထောင်သားအကျဉ်းသားတွေကို ပေါ်တာဆွဲပြီး ဘုရားတည်နေပါတယ်လို့ အပုပ်ချတိုက်ခိုက် ခံရပါတယ်။
တိုက်ပုံခိုက်ပုံတွေကတော့ အမှိုက်ပုံကြီးထက်တောင် ပွစာတက်နေပါတယ်။ မဟာမြိုင်မှာ မနေစေချင်လို့ အမျိုးမျိုးတိုက်ခိုက်တာကို မေတ္တာမပျက် ဓမ္မကိုသာ ဦးထိပ်ရွက်ပြီး ခရီးဆက်တော်မူခဲ့ပါတယ်။ သို့သော် သူတို့ထုတ်လွှင့်တဲ့သတင်းတွေ မဟုတ်မှန်ကြောင်းနဲ့ သူတို့ ဘာကြောင့် ဒီလို တိုက်ခိုက်ကြတယ်ဆိုတာတွေကို အားလုံးသော တပည့်ဒကာ ဝေနေယျများ၊ သုတေသီများနှင့် နောင်လာနောက်သားတို့ သိမှတ်စေရန် ဟုတ်တိုင်းမှန်ရာကို ဆရာတော်ဘုရားကြီးက ခေါင်းစဉ် အမျိုးမျိုးနဲ့ ဖွင့်ဖော်ရေးသားတော် မူခဲ့ပါတယ်။ (ဒီအကြောင်းတွေကို TRENDဂျာနယ်မှာ ဆောင်းပါးများ ရေးသားပြီး ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။)
မဟာမြိုင်နဲ့ မိုးမိတ်ပုံရိပ်များဟာ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးရဲ့ ဘဝဓမ္မ ထေရုပ္ပတ္တိ ဆိုင်ရာ အကြောင်းအရာတွေလည်း ဖြစ်နေပါတယ်။ ဆရာတော်ဘုရားကြီးဟာ ထေရုပ္ပတ္တိ ပထမပိုင်းကို ၁၃၆၅ ခုနှစ်အထိ ရေးသားပြီးစီးခဲ့ကြောင်း အထက်မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယပိုင်း (ဉေယျဓမ်တောရနှင့် ရွှေနှစ်တောရအကြောင်းများကို)ပြည့်ပြည့်စုံစုံ သိခွင့်မရသေးပါ။ ဒုတိယပိုင်း ယခုသက် တော် (၈၀) ကျော်အထိ အကြောင်းအရာများကို ရေးပြီးသားလည်း ဖြစ်ချင်ဖြစ်မည်၊ ပုံနှိပ်ထုတ်ဝေခြင်း မပြုသေးတာလည်း ဖြစ်နိုင်ပါတယ်။ 'ဘဝကန္တာရသင်္ကေတကထာ'ကျမ်းစာအုပ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ၁၃၅၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၄ ရက်အင်္ဂါနေ့တွင် သုဝဏ္ဏသျှမ်တောင်မှာ သီတင်းသုံးတော်မူစဉ်က အပြီးရေးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် 'ပြတ်ကျန်နေခဲ့သော အပိုင်းအစများ (ထေရုပ္ပတ္တိကထာ၏ နောက်ဆက်တွဲ) ကို ၁၃၇၁ ခုနှစ်တွင် မဟာမြိင်တောကြီးမှာ ဖြည့်စွက်ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
'ဘဝကန္တာရသင်္ကေတကထာ'ကျမ်းဦးအဖွင့်မှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တငါးပါးတို့အား အထူးပင် ဦးတင်ညွတ်တွားပြီးနောက် ... မြန်မာပြည်အရပ်ရပ်၌ လှည့်လည်၍နေပါသောကြောင့် 'ဝနဝါသီဉေယျဓမ္မသာမိ' အမည်လျှင်ရှိသော၊ ထေရပါ ဒါနံ 'သင်္ကေတံ - သိက္ခာနွယ်ဝင် ထေရ်အရှင်၏ ကျင့်စဉ်ဖြစ်စဉ် မှတ်တမ်းကို၊ အပေစ္စက္ခသုတေသီနံ-နောက် နှောင်းနွယ်ဝင် သိက္ခာ ရှင်သုတေသီတို့အား၊ သုတဝါ ဟိနိ-ဗဟုသုတ အကြားအမြင် အ၀၀တို့ကို ဆောင်ကြည်းပေးခြင်းဖြင့်၊ ဟိတာယ-အကျိုးများ ပွားစေခြင်းအကျိုး ငှာလည်းကောင်း၊ ဝေရမဏိနာနုဂတာယ-ရှောင်သင့်ရာ ကို ရှောင်ရှားစေခြင်းငှာလည်းကောင်း၊ သမ္မာ-မကွယ် မထောင့်ဖြောင့်စွာ၊ အသေသံ-မချန်မချွင်းအကြွင်းမဲ့၊ စရိတလိင်္ဂကမ္မေနဝါ-စရိုက်အသွင်အပြင် အမူအကျင့် အားဖြင့်လည်းကောင်း၊ လက္ခဏေနဝါ-သဘာဝဓမ္မတာ လက္ခဏာအားဖြင့်လည်းကောင်း၊ စက္ကနဝါ-လောကဓံ အချက်လှည့်လည်ခဲ့ရာ စက်အားဖြင့်လည်းကောင်း၊ ဝယကဏ္ဏံ-အရွယ်အစားအလိုက်၊ ပဗ္ဗံပဗ္ဗံ-အပိုင်းအပိုင်း တစ်ဖြတ်စီ တစ်ဖြတ်စီ၊ သန္တတိ-ဖြစ်စဉ်အလိုက် သြဝိသြဓိ-အကန့်အကန့် တခြားစီ တခြားစီ၊ ရစိဿံ ရေးသားပြုပြင် စီရင်ပေးခဲ့အံ့သတည်း}လို့ ရည်ရွယ်ရာ ဦးတည်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြထား ပါတယ်။
'နိဒါန်း'မှာ ဖွင့်ဆိုပြတဲ့ ဘဝနဲ့ပတ်သက်တဲ့ ဆရာတော်ဘုရားကြီးရဲ့ ဓမ္မဒဿနအမြင်ဟာ အလွန်လေးနက်လှပါတယ်။
'ဘဝဟူသည် ဝန်ထုပ်ဝန်ပိုးကြီးများကို ထမ်းစေပိုးစေ၍ အပြေးခိုင်းခံရရာ နေရာဒေသတည်း။ ဘဝဟူသည် ဒဏ်သင့်သူတို့ ထားရာသိုရာ နေရာဒေသတည်း။ သတ္တဝါတို့သည် ကမ္ဘာပေါင်း အနှောင်းများစွာဖြင့် အနေကြာညောင်းလာခဲ့ကြချေရာ စုဆောင်းမိနေပြီဖြစ်သော ကိလေသာ ဝန်ထုပ် ဝန်ပိုးကြီးများသည်လည်းကောင်း၊ ပြုကျင့်မိနေပြီးဖြစ်သော ကောင်းကံ၊ ဆိုးကံ၊ ကောင်းပြစ် ဆိုးပြစ် ဝန်ထုပ်ဝန်ပိုးကြီးများသည်လည်းကောင်း ကြီးမားသော ထုထည်ကြီးများဖြင့် အရှိန်လိုက်လျက်ရှိချေ၏။ ထိုကိလေသာ့အရှိန်၊ ကံရှိန်များ ဖိစီးလွှမ်းမိုးထားသည့်အတိုင်း စွဲရာဖြစ်ရ ဘဝဟူသော ခန္ဓာ့ဝန်ထုပ်ကြီးကလည်း အချိန်နှင့်စက် နာရီမပြတ် နေ့ဆက်ရက်ဆက် အသက်မကုန်မချင်း ထမ်းရွက်လျက်ကသာ သွားလာနေ ကြရပါ၏။' (ဘဝကန္တာရ၊ စာ-၅)
အဲဒီ ကိလေသာ့ဝန်၊ ကမ္မဝန်၊ ခန္ဓာ့ဝန်ဆိုတဲ့ ဝန်ထုပ်ကြီးသုံးထုပ်တို့ဟာ အာရုံနှင့် စိတ်အစဉ်၊ ခန္ဓာစဉ်ပေါ်မှာ ခွစီးလိုက်ပါနေပြီး ရပ်နားခြင်းမရှိတဲ့အတွက် ထမ်းထားပိုးထားရတဲ့ ဘဝရှင်လည်း အားသည်မရှိတော့ဘဲ စားရာသွားရာတွေမှာ ဒီဝန်ထုပ်ကြီးသုံးခုကို ထမ်းပိုးပြီး စားနေသွားနေရတယ် ဆိုပါတယ်။ မိတ်ဆွေများနဲ့ ရယ်ရယ်မောမော ပြောပြောဆိုဆို အချိန်များ၊ ရန်သူတွေနဲ့ ငြင်းခုံတိုက်ခိုက်နေရတဲ့ အချိန်များ၊ ယုတ်စွအဆုံး အိပ်မောကျအနားယူနေတဲ့ အချိန်များမှာပင် အဲဒီဝန်ထုပ်ကြီး သုံးထုပ်ရဲ့ ဖိစီးမှုကို ခံနေရပါတယ်။
ကောင်းဆိုးနှစ်တန် မည်သည့်ကံအလှည့်က အကျိုးပေးပေး၊ ကောင်းဒဏ်ဆိုးဒဏ်နှစ်မျိုး တစ်မျိုးမျိုးသော ဒဏ်သင့်ခံရသည်သာဖြစ်သဖြင့် ဘဝဟူသမျှ အကောင်းဟူ၍ မသုံးနှုန်းထိုက်၊ နုညက်သောဘဝဟူ၍လည်း မဆိုနိုင်။ စင်စစ်အကောင်းအဆိုး နှစ်မျိုးသော အာရုံတို့၏ အတိုက်အခိုက်ကို ချည်းသာ အလူးအလဲခံနေရသဖြင့် ဆိုးရွားသောဘဝ၊ ကြမ်းတမ်းသော ဘဝဟူသော အမည်နာမ ပညတ်သည်သာ အသင့်လျော်ဆုံး ဖြစ်ချေ၏။ ကံအစီအရင်၊ စိတ်အစီအရင်၊ ဥတု တိုက်ကွက်၊ အာဟာရ တိုက်ကွက်တို့ကိုချည်းသာ နေ့ဆက်ရက်ဆက် အသက်ဆက်အားဖြင့် အလူးအလဲခံနေ ရခြင်းကြောင့်လည်း အထက်ပါအမည်သာ အသင့်လျော်ဆုံး ထင်၏။ ဤသည်မှာ ဘဝဟူသော ဇစ်မြစ်၏ သဘောရင်းတည်း။'
'ဤသဘောရင်းမှ ငါတို့သည်လည်းမကင်း၊ ထိုမကင်းလေသော ငါတို့၏ ဘဝဖြစ်စဉ်ကြီးသည်လည်း ရေဘေးကြောင့် ဆွေးရိသောအဖြစ်မျိုး၊ မီးဘေးကြောင့် ပြာကျစေသောအဖြစ်မျိုးပမာ ကောင်းဒဏ်သင့်၊ ဆိုးဒဏ်သင့်ခြင်းတို့မှ မလွတ်၊ ထိုမလွတ်သောဘဝဖြစ်စဉ်ကြီး သည် ပြုံးတစ်လှည့် မဲ့တစ်လှည့်အားဖြင့်၊ နှေးတစ်ခါ မြန်တစ်ခါအားဖြင့်၊ အမြင့်တစ်လှည့် အနိမ့်တစ်လှည့်အားဖြင့် မရပ်မနားဖြစ်ပွားနေလေ့ရှိချေရာ ယင်းသည် ပင် သဘောသဘာဝအလိုက် ဝဋ်ဆိုက်ခြင်း၏ သင်္ကေတ များဖြစ်ကြသဖြင့် အတ္ထုပ္ပတ္တိ ဆိုရချေ၏။'
'အတ္တ - အနက်ခေါ်သော သဘောသဘာ၀ ဖြစ်စဉ်များ၊ ဥပ္ပတ္တိ - ဖြစ်ပေါ်လာခြင်း'
ထိုဘ၀ ဖြစ်စဉ်ခေါ် အတ္ထုပ္ပတ္တိ စာတမ်းပြုစုရာ၌ မှတ်တမ်းတင်သူသည် သစ္စာစောင့်ထိန်း ရချေ၏။ မည်သည့် သစ္စာနည်းမေးသော် 'ဘက်မလိုက်သစ္စာ' တည်း။ ဘဝရှင်အပေါ်လိုလားသဖြင့် ၎င်း၏ ဆိုးကွက်ကို မြှုပ်၊ ကောင်းကွက်ကိုချည်း ဖော်ထုတ်လျက်က မှတ်တမ်းတင်ခြင်း၊ ဘဝရှင်အပေါ် အထင်အမြင်သေးမွှား၊ မလိုမလားဖြင့် ၎င်း၏ ကောင်းကွက်ကိုကား မသိကျိုးကျွန်လုပ် ဆိုးကွက်ကို ချည်း ဖော်ထုတ်လျက်က မှတ်တမ်းတင်ပေးထားခြင်း၊ ထိုနှစ်မျိုးလုံးပင် နောက်နှောင်းသု တေသီတို့အား လိမ်လည်ခြင်း၊ ကာယကံရှင်အား ကြိုက် စော်ကား၊ မကြိုက်ပြစ်မှားတို့ဖြင့် ပုတ်ခတ်ခြင်း၊ အမှုနှစ် မှုတို့ကို ကျူးလွန်သူများချည်း ဖြစ်စေတော့၏။ သစ္စာမဲ့ ဘဝလှလှကြီး ရောက်စေတော့၏။ လာဘ် မျှော်မကင်းသော အမှုထမ်း အကျင့်ပျက်စာရင်း တေးထားခြင်း ခံရချေတော့၏။} (စာ-၆)
ဆရာတော်ဘုရားကြီးဟာ မိမိရဲ့ ထေရုပ္ပတ္တိကို အကောင်းအဆိုး နှစ်မျိုးလုံးဖြင့် မှတ်တမ်းတင်ထားခဲ့ ခြင်းဖြစ်လေရာ မကောင်းလို့ ကာယကံရှင် ငြိုငြင်မှာစိုး ရိမ်ရခြင်း၊ အကောင်းရေးလို့ အရေးပေးခံရမှာကို မျှော်လင့်ခြင်းတို့က လုံး၀ ကင်းစင်လျက်ရှိတယ်လို့ ဆိုပါတယ်။
'သုတေသီတို့အား ငါတို့သတိပေးလိုသည်မှာ ဤဘဝကန္တာရ သင်္ကေတကထာခေါ် ဘဝခရီးကြမ်း မှတ်တမ်းလာစကားကို လေ့လာရာ၌ ပွဲကြည့်ရာတွင် ဇာတ်ဆောင်တို့၏ ဝတ်စားပြင်ဆင်ပုံ၊ ဟန်ပန်တို့အပေါ်မှာသာ (ကလေးပွဲကြည့်နည်းပမာ) မေးတင်မထားလေဘဲ ထိုဇာတ် ဆောင်တို့ ခေါ်ဆောင်သွားသော ဇာတ်လမ်း (ပညာပေးသင်ခန်းစာ)၏ အနှစ်အသားသို့ ဆိုက်စေသည်အထိ လူကြီးပွဲကြည့်နည်း၏ အကြည့်ပေါ်တွင် အသိတင်ကြည့်လေသည့် နည်းတူ ငါတို့သိစေလိုသော မှားသော စိတ်ဓာတ်နှင့် ထိုစိတ်ဓာတ်ပုံဖော်ရာ ဘဝဖြစ်စဉ်၏ သဘာဝ၊ မှန်ကန်သော စိတ်ဓာတ်နှင့် ထိုစိတ် ဓာတ်ပုံဖော်ရာ ဘဝဖြစ်စဉ်၏ သဘော၊ ထိုကျောရိုးနှစ်ခု သူလုကိုယ်လု အလုအယက် ပေါ်ထွက်လာသော ဘဝဖြစ်စဉ်၏ ဓမ္မတာတို့အပေါ် ရိပ်မိÓဏ်ဝင်စေသည်အထိ လေ့လာရန် သတိပေးလို၏။'
'အမှားဘက် အမှန်ဘက်၊ ထိုဘက်နှစ်ဖက်တို့ ကွက်ကွက်ကွင်းကွင်း မြင်သိပြီးက ရှောင်စရာရှိက ရှောင်၊ ဆောင်စရာရှိကဆောင်ပါချေသော် သင်သည် မဇ္ဈိမစိတ်လတ်ပိုင်းသို့ ရောက်လာစေခြင်းဖြင့် သင်၏ လမ်းမှန်ရွေးသင့်လာမည်ဖြစ်ချေ၏။ ဤသို့ လမ်းရွေးမှန် အပြန်ကောင်း အစောင်းကင်းသို့ ဆိုက်ကြမည်ဆိုသော် ဤအတ္ထုပ္ပတ္တိထားခဲ့ရကျိုး နပ်ပေပြီဟူ၍ ငါတို့ ထင်မြင်ယူဆမည်ဖြစ်ပါ ကြောင်း ...။' (စာ-၇)
အတ္ထုပ္ပတ္တိတစ်ပုဒ်ကို ရေးသားဖော်ထုတ်နည်း၊ ဖတ်မှတ်ဆင်ခြင် နှလုံးသွင်းပြုပြင်နည်းတို့ကို နိဒါန်းအစမှာ ဖော်ပြခဲ့ပြီးနောက် နိဂုံးပိုင်း အနှစ်ချုပ်ပေးပုံကလည်း မှတ်သားစရာတွေချည်း ဖြစ်နေပါတယ်။ ဆရာတော်ဘုရားကြီးဟာ မိမိရဲ့ ဘဝဖြတ်သန်းမှုကို 'တဏှာခေတ်၊ မာနခေတ်၊ ဒိဋ္ဌိခေတ်' ခေတ်သုံးခေတ်ဖြင့် ဆစ်ပိုင်းပြဆိုခဲ့တာ အလွန်ထူးပါတယ်။ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ဒီမိုကရေစီခေတ်ဆိုတဲ့ လောကီသုံးစကားတွေ ရဲ့ နေရာမှာ တဏှာခေတ်၊ မာနခေတ်၊ ဒိဋ္ဌိခေတ်လို့ သုံးသွားတာ မှတ်သားစရာဖြစ်ပါတော့တယ်။ အဲဒီ တဏှာ၊ မာန၊ ဒိဋ္ဌိခေတ်သုံးခေတ်ကို ပြန်လည် တော်လှန်ရာမှာ သမထခေတ်၊ ဝိပဿနာခေတ်တို့ဖြင့် စိစစ်သုံးသပ်လျှင် ပြည့်စုံလုံလောက်ရာ၏လို့ ဆိုပါတယ်။
'ငါတို့ကိုယ်တိုင် ဝန်ခံထားသော ဤ 'ဘ၀ ကန္တာရသင်္ကေတကထာ'သည် အပိုမရှိ၊ အလိုမရှိ၊ ကွက်တိဟူ၍ပင် မှတ်ယူစေလိုပါ၏'လို့ ဆိုထားပါတယ်။ ဆရာတော်ဘုရားကြီးအပေါ်မှာ နောင်လာ နောက်သားတို့အနေနဲ့ အထင်ကြီးခြင်း၊ အထင်သေးခြင်းဆိုတဲ့ အစွန်းနှစ်ဖက်က ရှောင်ရှားပြီး အရှိပကတိအမှန်ကို သိမြင်စေ လိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။' ဘဝကန္တာရ သင်္ကေတကထာ'ကိုလည်း ဒီလိုဖွင့်ဆိုထားပါတယ်။
ဘဝဟူသည် ...ရုပ်ဓာတ်နာမ်ဓာတ်များ၏ ဖြစ်စဉ်တည်း။
ကန္တာရကား ...ထိုဖြစ်စဉ်များကား ကိလေသာတို့အကြားမှသာ တိုးဝင်ထွက်သွားခြင်းများ ပြုကျင့် ခွင့်ရချေရာ ခက်ခဲသော ခရီးလမ်းကြမ်းနှင့်တူလှသဖြင့် တင်စားထားသော ခရီးခဲလမ်းတည်း။
သင်္ကေတကထာကား ...အချို့ကားသညာ အမှတ်ဖြင့်၊ အချို့ကို သတိအမှတ်ဖြင့် စွဲကပ်ထားမိ သော အခြေအနေများကို စာထက်အက္ခရာအားဖြင့် မှတ်တမ်းတင်စကား ရေးသားထားရှိခြင်းတည်း။ အားလုံးပေါင်း သော် ...ခက်ခဲကြမ်းတမ်းလှသော ဘဝဖြစ်စဉ်၏ မှတ်တမ်းတင်စကား၊ ၎င်းတို့ကို လေ့လာရာ၌ အရွယ်ပိုင်းအလိုက် ဖြစ်ပွားခဲ့သောခဲ့သော ကောင်းဉာဉ်ဆိုးဉာဉ်များ၊ ထိုဉာဉ်သွားအ လိုက် လိုက်လံကျင့်ကြံခြင်းစရိုက်၊ ထိုဉာဉ် စရိုက်အလိုက် သိမ်းပိုက်ထားရာ ဝါသနာတို့ကို စာပေါ်ကို မျက်စိဖြင့်ကြည့်သောအစား၊ ထိုစာ၏ နောက်ကွယ်ရှိ မြှုပ်ကွက်သဘာဝတရားများကိုသာ ဉာဏ်မျက်စိ အလွှာသားဖြင့် ဉာဏ်ကစားစေလို၏။ သို့မှသာ ...ဥကား အကောင်းဆောင်သင့်၏။ ဆောင်မည်၊ အောင်ပြီ။ တစ်ဖန် ဤကား အဆိုး-ရှောင်သင့်၏။ ရှောင်မည်၊ အောင်ပြီ။ ထိုနှစ်ခုခွဲခြားလျက်က စုခြင်းနှင့်တုခြင်းကို ကြိုးစားနိုင်ရာ၏။ ထိုသို့ ကြိုးစားမှသာ ဤစာစဉ်၏ သဘာဝစေလိုရာ ညွှန်းခွင့် ရချေမည်။ ထိုသို့ ညွှန်းခွင့်ရမှသာ ငါတို့ ကြိုးစားရခြင်း၏ဘာ၀ ပင်ပန်းကျိုးနပ်ရချေမည်။' (စာ-၃၅၉)
အဲဒီနောက် ကျမ်းပြီးနိဂုံးစကား ပလ္လင်ဖုံးကို ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် ရေးသားကာ ထပ်မံအသိပေးထားတော်မူရာ နောက်ဆုံးအပိုဒ်ကို ကောက်နုတ်ဖော် ပြပေးလိုက်ပါတယ်။
'တံ- ထိုဘဝဖြစ်စဉ် ဇာတ်လမ်းခွင်ကို၊ တုမှေ- ဗဟုသုတမိရစုံစေ့ လေ့လာသိရှိကြပါကုန်သော နောက် နှောင်းနွယ်ဖွား သင် သိက္ခာရှင်များတို့သည် ဟာရံ - ဆောင်သင့်ရာရာကို၊ ဓမ္မကံ - တရားနှင့် လျော်ညီစွာ၊ ဟာရေန္တု - စိတ်မှာလည်းဆောင်၊ နှုတ်လည်းဆောင် လျက်၊ လုပ်ဆောင်ကိုယ်တွေ့၊ ရလဒ်စုံ အကုန်တွေ့သဖြင့် မွေ့ရစ်နိုင်ကြပါစေ။ ဝါရံပိ - ရှောင်သင့်ရာရာကိုလည်း၊ လာမကံ- ယုတ်မာ အစု ညစ်ပတ်မှုဖြစ်သည်အားလျော်စွာ၊ ဓာရေန္တု- စိတ်မှလည်းရှောင်၊ နှုတ်လည်းရှောင်လျက်၊ ကိုယ်ရှောင်ဓလေ့၊ ပလပ်စုံ အကုန်ဝှေ့သဖြင့် မေ့ပစ်နိုင် ကြပါစေ။} (စာ-၃၆၀)
တဏှာခေတ်၊ မာနခေတ်၊ ဒိဋ္ဌိခေတ်ရဲ့ ကိလေသာ တော်လှန်ရေးသမား ရဟန်းတစ်ပါးရဲ့ ဘဝဇာတ် ကြောင်းကား ကောင်းဆိုး လောကဓံတို့မှ လွတ်မြောက်ရာဆီ ဦးတည်လျက်ရှိနေတာကို တစ်ထွာတစ်ညို စာတိုတိုဖြင့် ကြည်ညိုသဒ္ဓါပွားများကာလျှင် ကန်တော့ပန်း ဆင်လိုက်ရပါတယ် အရှင်မြတ်ကြီးဘုရား ...။ ( မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )