မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ လောဘသမားတို့ သွားရာလမ်း

၂၀၂၄ နိုဝင်ဘာ ၁၆

    ၂၀၀၄ အောက်တိုဘာလက ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ 'သုညသင်္ခါရ ကထာ(သုညမှ စခဲ့ရသော ဘဝသင်္ခါရတို့အကြောင်း' ကျမ်းစာအုပ်ဟာ သတ္တဝါတို့ရဲ့ မူလအစကို ဖော်ထုတ်ရင်း အဆင့်ဆင့်ရင့်ကျက်ကာ သံသရာလည်ရပုံ၊ ဘဝကူးပြောင်းပုံများနဲ့ ဘဝဒုက္ခမှ လွတ်မြောက်အောင် ဘယ်လိုကျင့်ရတယ်ဆိုတာတွေကို လေးလေးနက်နက် ဖော်ပြထားတဲ့ ကျမ်းတစ်စောင် ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ စိတ်ကို ညစ်နွမ်းညှိုးနွမ်းပင်စေတဲ့ ကိလေသာ ၁၀ ပါးထဲက လောဘ၊ ဒေါသ၊ မောဟတို့ ဘယ်ပုံအ လုပ်လုပ်တယ်ဆိုတာကိုလည်း သရုပ်ခွဲပြထားပါတယ်။
    လောဘဆိုတာ 'ကြိုက်စိတ်'ကို ခေါ်ပါတယ်။ လောဘအုပ်စုမှာ 'တဏှာ၊ မာန၊ ဒိဋ္ဌိ'တို့ ပါဝင်နေပြီး အဲဒီ တဏှာ၊ မာန၊ ဒိဋ္ဌိတို့က လောဘကို မီးလောင်ရာ လေပင့်ပေးပြီး သံသရာနယ်ချဲ့ရေးသမားတွေလို့ ဆိုပါတယ်။ တဏှာက အဆန်းမှန်သမျှကို ငမ်းပြီးရအောင် ဖမ်းယူခိုင်းတယ်။ ဒီနေ့ခေတ် ပစ္စည်းအသစ်တွေ တစ်ခုပြီးတစ်ခုပေါ်နေရာ တဏှာရဲ့လုပ်ကွက်က ပိုပြီးနယ် ကျယ်လာပါတယ်။ မာနကလည်း လိုချင်စရာမှန်သမျှ အပြိုင်အဆိုင် ငါနိုင်ရမယ်ဆိုပြီး လုယက်ပေးနေသလို ဒိဋ္ဌိကလည်း 'ငါပိုင်' ဖြစ်ရေး သိမ်းသွင်းပေးနေပါတယ်။ လောဘအုပ်စု တဏှာ၊ မာန၊ ဒိဋ္ဌိဟာ 'ရာထူးမက်သော နိုင်ငံရေးသမားတို့ လူထုကြီးအား စည်းရုံးနည်းပမာ သတ္တဝါတစ်ဦး၏ ဟာကွက်ကို ကြည့်ဖြည့်ပေး၍လည်း သိမ်းသွင်းတတ်၏။ သတ္တဝါတစ်ဦး၏ အညှာအထာကို လိုက် အကြိုက်ပေး၍လည်း စည်းရုံးတတ်ကြ၏။' လို့ ဆရာတော်ကြီးက ညွှန်ပြပါတယ်။ (စာ-၆၉)
    'သတ္တဝါတို့သည် မိမိကို ခုတုံးလုပ်၍ ထိုလော ဘအုပ်စုက အကြိုက်စုပ်ယူသွားပါသည်ကိုလည်း ရန်သူဟူ၍ မမြင်ကြသည့်အပြင် မိတ်ဆွေပင်ထင်ကာ ကျေးဇူး ပင်တင်နေကြသေး၏။ ထိုမျှ ပိရိလိမ္မာပါး နပ်သော ကမ္ဘာရင့် သမ္ဘာရင့် အုပ်စုကြီးတည်း။' (စာ-၆၉)
    ဓာတ်လေးပါးနဲ့ တည်ဆောက်ထားတဲ့ကံအိမ်မှာ ဓာတ်လေးပါးထဲက တစ်ပါးပါးကို အမာခံထား ပြီး ဖွဲ့စည်းထားရတာပါ။ အမာခံဓာတ်အား လျော့သွားရင် ဖြည့်ပေးဖို့ 'အလို'ဆိုတာ ပေါ်လာတယ်။ အရံဓာတ်များ အားနည်းသွားရင်လည်း ဖြည့်ပေးဖို့ လိုလာပါတယ်။ လိုအပ်ချက်တွေဖြစ်ပေါ်လာတိုင်း (ဓာတ်အား မပြည့်တိုင်း) ဓာတ်ချောက်ချားမှုတွေ ဖြစ်ပေါ်လာကာ သွေးတောင်းလာတာကို 'ကံနှင့်အတူနေ စိတ်ကသိ၏'လို့ ဆိုပါတယ်။ သိစိတ်က ဓာတ်စာဖြည့်ပေးရန် ကံသင်္ခါရကို ပူဆာ၊ ကံသင်္ခါရက လောဘစေတသိက်ကို တိုက်တွန်းဖြစ်ပါတယ်။ လောဘက လိုချင်တာပဲသိတယ်၊ ဘာလိုချင်တယ်ဆိုတာမသိ၊ ဒါကြောင့် ကံသင်္ခါရက အစွဲသိနှင့် သညာစေတ သိက်ကို ထပ်မံ တိုက်တွန်းရပြန်တယ်။ ဘာလိုချင်တယ်ဆိုတာ ပိုပြီးတကျသေချာအောင် ဝေဒနာနှင့် အစွဲမှီဝိညာဉ်စုတို့ကို ကံသင်္ခါက နှိုးဆော်တိုက်တွန်းရပါတယ်။ အဲဒီမှာ လောဘရဲ့ လိုအပ်ချက် ရုပ်လုံးပေါ် ပြည့်စုံသွားပါပြီ။ ကြိုက်တာကို အကောင်းထင်နေတာ လောဘရဲ့သဘာဝ။
    'လူသားတိုင်း ကောင်းစားချမ်းသာချင်ကြ၏။ သို့ကြောင့်လည်း ကောင်းစား ချမ်းသာမည်ထင်သော အရာများကိုချည်း ရွေးဆယ်ကာ အလုပ်လုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း အကောင်းကိုအကြိုက်ဖြင့်လိုက်၍ နှိုက်မိကြလေသောအခါ ကံဖျက်ငါးနှိုက်မှုပေါ်လာသဖြင့် အမှုရင်ဆိုင်ကြရတော့ကာ နောက်ဆုံးတွင် မကောင်းမှုဖြင့် အပြစ်ပေးခံကြရရှာ၏။' (စာ-၇၂)
    အကြိုက်ကို အကောင်းထင် စားသုံးမိရာက ကိုယ်သုံးစားရာတွေက ကုန်ခန်းသွားပေမယ့် အစွဲက ကျန်နေခဲ့တယ်။ အရက်ကို အကောင်းထင်ဖြင့် ကြိုက်စိတ်နဲ့ သောက်လိုက်တယ်။ အရက်ကုန်သွားပေမယ့် အရက်စွဲက ကျန်နေခဲ့တယ်။ ဆေးလိပ်၊ ကွမ်းမှသည် မူးယစ်ဆေးဝါးအထိ သုံးပြီးနောက် အစွဲကကျန်နေခဲ့တယ်။ ဖိုမချစ်ခြင်းကိစ္စ စသည်တို့မှာလည်း တစ်ခါနှင့် မပြီးဘဲ အစွဲခရီးကို သွားနေကြတယ်။ အစွဲက ကြွေးတောင်းသလို လိုက်တောင်းနေတယ်။ လောဘထန်သ လောက် ကြိုက်စွဲသန်သူတွေ သေဆုံးတဲ့အခါ 'ပြိတ္တာ ဘဝ'သို့ ရောက်ရတယ်လို့ ဆိုပါတယ်။
    'ပြိတ္တာဆိုသည်မှာ သေသည်နှင့်တစ်ဆက်တည်း ဤလူ့ဘ၀ လူရုပ်အသွင်ဖြင့် စွဲရာသွား ရောက်ရခြင်းပင်။ သေခါနီးကာလက ရုပ်သွင်နှင့် မိမိအစွဲက ပစ်ချရာ နေရာဒေသသို့ သွားရောက်နေ ရခြင်းကို ဆို၏။ မယားစွဲ၊ လင်စွဲသမားများက ထိုမယား၊ ထိုလင်နှင့် တစ်စပ်တည်းနေခွင့်ရဒေသမှာ၊ သားစွဲ သမီးစွဲသားများက ထိုသားထိုသမီးများနှင့်တစ်ဆက်တည်း နေခွင့်ရရာဒေသမှာ၊ ပစ္စည်းစွဲသမား များက ထိုပစ္စည်းမြှုပ်နှံထားရာ၏ အနီးအပါးဒေသမှာ လယ်ယာနှင့် ပြင်ပပစ္စည်းစွဲသမားများက ထိုလယ်ထိုယာထိုပြင်ပ ပစ္စည်းထားရာသိုရာ ဒေသမှာ၊ ထိုသို့ အာရုံ၏ အစေးရှိနှင့် မိမိ၏ အစေးရှိတို့ ထိမိပြီး တစ်ဦးနှင့်တစ်ဦး (တစ်ခုနှင့်တစ်ခု) ငြိကပ်နေကြရာ နေရာဒေသနှင့် တစ်စပ်တည်း အနီးအပါး မှာပင် ကပ်ငြိနေကြရရှာ၏။ ကြိုက်စိတ်စွဲစိတ်တို့ရဲ့ သွားရာဟာ ကာမသမုဒယ၊ ဘဝဒုက္ခတို့ဖြင့် ဒဏ်ထားရာ နှိပ်စက်ခန်း ဖြစ်နေရှာခဲ့ပြီလို့ ဆိုပါတယ်။ (စာ-၇၃၊ စာ-၇၄)
    လူ့လောကမှာ အုပ်ချုပ်ရေးအဆင့်ဆင့်ရှိသ လို ပြိတ္တာလောကမှာလည်း သူ့အုပ်ချုပ်ရေးနဲ့သူ ရှိနေပါတယ်။
    ရွာပိုင်(၎င်းင်းလက်အောက်၌ အိမ်၊ ခြံ၊ လမ်းပိုင်များလည်း ရှိနေကြသေးသည်။) ကွင်းပိုင်၊ ကုန်းပိုင်၊ နယ်ပိုင်မှ အဆင့်ဆင့် မြေတစ်ပြင်တည်းဝယ်ရှိကြ၏။
    ၁။ ထို့အထက်တွင်ကား ကိုယ်ထင်ရုပ်ဘုံသား အားလုံးတို့ကို အုပ်ချုပ်သော နတ်မင်းကြီး။
    ၂။ နတ်(အောက်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုးစသည်)များကို အုပ်ချုပ်သောနတ်မင်းကြီး။
    ၃။ မြွေ၊ နဂါး၊ နတ်နဂါး အားလုံးတို့အပေါ် အုပ်ချုပ်သော နတ်မင်းကြီး။
    ၄။ သားရဲ၊ သဘက်၊ ဘီလူး၊ ရက္ခိုက် ဂုမ္ဘာန်အားလုံးတို့ အပေါ်အုပ်ချုပ်သော နတ်မင်းကြီး ...
    အရပ်လေးမျက်နှာတို့မှနေ လောကကို စောင့်ရှောက်ပေးနေကြသောကြောင့် 'စတုလောကပါလ'ခေါ် ထိုနတ်မင်းကြီး လေးပါးတို့ကား မြင့်မိုရ်တောင်၏ ချိုးတစ်ဝက် အရပ်တွင်ရှိနေကြ၏။ ထိုအထက်တွင်ကား နတ်တို့၏ နှစ်ပြည်ထောင်ပိုင်(စတုမဟာရာဇ်နှင့်တာ ဝတိံသာပိုင်) သိကြားမင်းနှင့် တကွသောနတ်များ မြင့်မိုရ် တောင်၏ ထိပ်ဝတွင် ရှိနေကြ၏။ ထိုသို့ အဆင့်ဆင့်ရှိ ကြရာတွင် ပြိတ္တာတို့နှင့် လက်ပွန်းတတီး အုပ်ချုပ်နေကြ သူများကား ရွာကွင်းကုန်းပိုင်းများပင်တည်း။
    ထိုစဉ်ရွာတွင်းရှိ မယားစွဲ၊ သားစွဲငြိ ပြိတ္တာများစွာသည် မိမိတို့ အစွဲကျရာ မယားနေသားရှိ အိမ်ဂေဟာ သို့လှည့်ပတ်နေလိုကြ၏။ သို့သော် စည်းကြပ်ဒိုင်နှင့်တူသော အိမ်တွင်းနတ်၊ ခြံတွင်းနတ် စသည်များက မောင်းထုတ်ပစ်နေကြ၏။ သို့ကြောင့် လမ်းပေါ်ကနေ ယောင်ပေယောင်ပေလုပ်ကာ မယားအပေါ်၊ သားအပေါ် မျှော်ကြည့်နေကြရရှာ၏။ ထိုထိုယောင်ပေ၊ မယောင်ပေများကို လမ်းပိုင်တို့က သူလမ်း၊ ကိုယ့်လမ်းမှနေ ညှပ်စောင့်ပေး၊ ရွာတော်ရှင်(ရပ်ကွက်ပိုင်)နှင့် အဖွဲ့တို့ကလည်း နောက်မှ ပိတ်၍ မောင်းထုတ်ပစ်နေကြတော့ရာ ခမျာများရွာ ပေါက်၀သို့မဟုတ် ရွာပေါက်ဝရှိ သစ်ပင်ကြီး များတွင် (စစ်ဘေးဒုက္ခသည်များ ခိုနည်းပမာ)ခိုလျက်က ... အချို့လည်း သည်အချိန် မယားထွက်လာ ချိန်ကွဆိုကာ အားခဲမျှော်ကြည့်နေကြရရှာ၏။ သားကလေး မြင်ရနိုး မျှော်ကြည့်နေကြရှာ၏။
    မသေချာသောအရာ၊ ချိန်းမထားသောသူကို ကိုယ့်တွက်ကိန်းဖြင့် စောင့်မျှော်နေရသည်ထက် ကြီးလေးသော ဒုက္ခဘယ်မှာမှ မရှိချေပြီ။' (စာ-၇၆)
    ပြိတ္တာများခမျာ မွန်းတည့်ဆဲ၊ နေဝင်ဆဲ၊ နေ ထွက်ဆဲ ...ဆိုတဲ့ 'ဆဲသုံးဆဲ' အချိန်အခိုက်အတန့် ကလေးမှာသာ ရွာထဲဝင်ခွင့်ရကြတယ်ဆိုပါတယ်။ အဲဒီ 'ဆဲသုံးဆဲ' အချိန်များမှာ လမ်းစောင့်နတ်၊ ရွာစောင့်နတ် တာဝန်ခံများ ဂျူတီချိန်း အပြောင်းအလဲလုပ်ချိန် ကြားခုလပ် 'ဟ'နေတဲ့အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
    'ထိုပြိတ္တာတို့ဘဝသည် အစွဲဖြင့် ဘဝကိုဖြစ်စေကြရပြီး ကြိုက်စော်ကား၊ ကြိုက်အားကိုးစသည် အကြိုက်ပါအားလုံးတို့ဖြင့်ကား ဘယ်သောကာလမျှ အလိုမတိတ်ခြင်း၊ ဒုက္ခခံစားကြရ၏။ သုံးလိုရာ အစာရသော်မှ ပါးစပ်ပေါက်ကျဉ်းအစာသွင်း မရသောဒုက္ခလည်း ခံကြရ၏။ လောဘအောင်းသော ဝမ်းခေါင်းကကျယ်၍ ကံရိက္ခာ ဖြည့်တင်းရာ ပါးစပ်ပေါက်ကား ကျဉ်းကျဉ်းလေးဆို၏။' (စာ-၇၈)
    နေဝင်ရီတရောမှာ ပြိတ္တာတွေ ရွာထဲအတင်း တိုးဝှေ့ဝင်ရောက်လာတတ်ကြတယ်။ သားမယား လင်တို့ကို တွေ့လိုဇောရယ်၊ အစာရှာဖွေချင်တာရယ်ကြောင့် ရွာထဲ ဝင်လာတတ်ကြတယ်။ မယားတွေ့လို့ အနားကပ်ပြီး လိုက်လာကာမှ ထဘီခါချ၊ တံတွေးထွေးပြနဲ့ ဝမ်းနာ ပန်းနာ ကျန်ခဲ့ရရှာတယ်။ သားသမီးတွေ့လို့ အနားကပ် သွားပြန်တော့လည်း သားသမီးတွေက လူကြီးတွေသင် ပေးထားတဲ့အတိုင်း ခြေဖမိုးက ဖုန်မှုန့် နဖူးမှာသုတ်လိမ်းကာ တန်ပြန် တားမြစ်လိုက်ကြတယ်။ တံတွေးထွေးပြီး တော့လည်း နှင်ထုတ်ကြပြန်တယ်။ ထမင်းကျန် ဟင်းကျန်လေးများ စားရနိုးနဲ့ ခြံစည်းရိုးကပ်မိပြန်တော့ ... 'ဟဲ့ ...ထမင်းကျန်တွေ အပြင်မပက်နဲ့၊ နာနာဘာ၀ မကောင်းဆိုးဝါးတွေ လာတတ်တယ်'ဆိုတဲ့ အသံက ရင်၀ဆောင့်ကန်လိုက်သလို ရှိပါတော့တယ်။
    အိမ်စောင့်က တင်းပုတ်နဲ့ထုလို့ ထွက်ပြေးခဲ့ရတာလည်း ရှိတယ်။ လမ်းပေါ်မှာ ထမင်းကျန်ဟင်းကျန်တွေတွေ့လို့ ဝမ်းသာအားရနဲ့ ယူမယ်လုပ်တော့ ထမင်းတစ်စေ့ကိုမျှ သယ်နိုင်သော ခွန်အားမရှိ၊ တစ်ယောက်တည်း မသယ်နိုင်လို့ အဖော်တွေ သွားခေါ်ကာ မနိုင့်တနိုင် ထမ်းထွက်ခဲ့ရတယ်လို့ ဆိုတယ်။
    'ရွာရိုးကိုးပေါက် ခေါက်တုံ့ခေါက်ပြန် သွားလာရှာဖွေပါလျက်ကမှ ဘာမျှမရရှိပါသော် လမ်းပေါ်ဝယ် လူတို့ စွန့်ချထားသော ချွဲကဏ်းသလိပ်များကို စားလျက်က ပြန်ထွက်လာရသည်လည်းရှိ၏။ ချွဲကဏ်းသလိပ်မျှ စားခွင့် မရခဲ့ပါသော်ကား ရွာပြင်တောစပ်လူတို့ စွန့်ထားသော မစင်များကိုသာ စားကြရသည်များလည်း ရှိ၏။ မှတ်ချက် ။   ။ ထိုအခြင်းအရာ စကားများသည် ကျမ်းထွက်ကြည့်၍ ဆိုခြင်းလည်းမဟုတ်၊ စိတ်ကူးယဉ် မှန်းဆချက်လည်း မဟုတ်၊ ပြိတ္တာဘဝမှ ပြန်လာသူတို့၏ ဖွင့်ဟချက်များချည်းသာ။' (စာ-၈၀)
    ပြိတ္တာဘ၀ ဒုက္ခအဖြစ်ဆိုးများဟာ လောဘရဲ့ အကျိုးဆက်များပဲ ဖြစ်ပါတယ်။
    'အလို(လောဘ)သည် စိတ်လည်းပူဆာ၊ ဝမ်းပူဆာဖြင့် ခန္ဓာကို ညှဉ်းဆဲတတ်၏။ အလို (လောဘ)သည် မိမိလိုသလောက် တစ်ဖက်တွန့်တိုတတ်ရာ ထိုစေတနာ၏ အပြန်ကိုလည်း ခံရတတ်၏။ အလို(လောဘ) သည် ကောင်းမှု၏ 'ကံပေးစမ်း'ကို ခန်းစေတတ်ရာ ကောင်းကျိုးရပ် အငတ်ဘေး ကြုံတတ်၏။ သို့ကြောင့် အကြိုက်(လောဘ)သည် မိမိသူတစ်ပါး နှစ်ဦးသား၏ စိတ်ကိုပူပန်စေတတ်၊ နှိပ်စက်တတ်သော ကံကိလိဋ္ဌ၊ သံ ကိလေသိက အယုတ်တရားများပင်ဖြစ်ရာ လောဘနှင့်ပေါင်း ကျောင်းပင် ဆောက်မလှူမိကြစေရာ။ ကျောင်းကြိုက်ကျောင်းခိုက်သောအားဖြင့် သေသောကာလ ထိုကျောင်းဒကာ ကိုယ့်ကျောင်းကိုယ် ပြန်စောင့်နေရသော ]ကျောင်းပြိတ္တာ} ဖြစ်တတ်သောကြောင့်တည်း။'
    'လောဘပွား ဘုရားပင် မတည်မိကြစေရာ၊ ဘုရားစွဲ ဘုရားထဲ အစွဲလဲကျနေတတ်ရာ သေသောကာလ ထိုဘုရားဒကာ ကိုယ့်ဘုရားကိုယ် ပြန်စောင့်နေရသော ဘုရားစောင့်ပြိတ္တာ ဖြစ်တတ်သော ကြောင့်တည်း။ ထိုသို့ အကြောင်းခံကုသိုလ်က အကျိုးပေး အကုသိုလ် ဘက်လှည့်ထွက်သွားရခြင်းမှာ စေတနာနောက်ပါး လောဘအဖော်ထည့် မှားသွားခြင်းကြောင့်တည်း။' (စာ-၈၁)
    အကြိုက်(လောဘ)နောက်လိုက်ကာ အိမ်ထောင်မှုသုခရှာပါမှ ဘဝဒုက္ခတွေ ပိုကြီးလာတတ်ပုံကိုလည်း မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ညွှန်ပြ ထားပါသေးတယ်။
    'အကြိုက်ရက်စက် ရမ္မက်ထန်သူတို့၏ ထုံးစံသည် မိမိကြိုက်သောအရာကို သူကြိုက်သောအရာဖြင့် သဘောတူလဲလှယ်ကြရန် အကြိုက်ပေးဖျက်ဆီးခြင်းပင်။ ခြူစဉ်၊ မြူစဉ်ကာလ၌လည်း နှစ်ဦးနှစ်ဖက်ပုံမှန်ထက် သွေးပျက်ပိုစေကြ၏။ အခြူအမြူမှ ယူခွင့်ရကာလ၌လည်း နှစ်ဦးနှစ်ဖက် ပုံမှန်ထက် အသက်တိုစေ၏။' (စာ-၈၅)
    အိမ်ထောင်သည်ဘဝမှာ ဉာဉ်စရိုက်ချင်းမတူမှုနဲ့ အခြားသော အဖုအထစ်များလည်း ရှိနိုင်သေးသလို 'ထမ်းပိုးတို လမ်းကျဉ်း ဘက်မညီ နွားတစ်ရှဉ်း ဝန်ရုန်းပုံ များကိုလည်း ကြုံတွေ့ကြရဦးမည်}လို့ ဆိုပါတယ်။ သားသမီးတွေ ပွားစည်းလာတော့ မီးပွားကလေးများအတွက် စီးပွားရေးဘက်ကလည်း ပိုပြီး ရုန်းကန်ရဖွယ် ရှိလာပါတယ်။ လူမှုရေးဘက်မှာလည်း အလုအယက် တကျက်ကျက်နဲ့ ပွဲဆက်များ နေကြဦးမှာပါ။
    'ယနေ့လူသားအားလုံး ဖြစ်ပွားနေကြရသော ဒုက္ခပေါင်းစုံ ရင်ဝယ်ခုနေရခြင်းများသည် အကြိုက် နောက်လိုက်မိ၍ချည်းတည်း။ နောက်နောင်ဘဝများတွင်လည်း အလိုသည် လိုမြဲလိုနေမည်သာ ဖြစ်သည်က တစ်ကြောင်း၊ ခိုမြဲခိုနေမည်သာ ဖြစ်သည်ကတစ်ကြောင်းများ များကြောင့် သူရောကိုယ်ပါ ဆာလောင်ခြင်း အပူဒဏ်ကို ဘဝတစ်ဖက်ကူး၍ပင် အလူးအလှိမ့် ခံကြရဦးတော့မည်။ လောဘနှင့် ပေါင်းခြင်းကြောင့် ကောင်းခြင်းက တစ်ခဏမျှသာတည်း။ လောဘဖျက်၍ ပျက်ရခြင်းကား အသက်ကမ္ဘာဆက် သူရောကိုယ်ပါ နှစ်ပျက်တည်း။' (စာ-၈၆)
    'အကြိုက်ကို အကောင်းလုပ်၍ ခွက်စောင်း ခုတ်လုယက်နည်းဖြင့် အသက်မွေးသူတိုင်းကား (ခိုးမှု၊ လုယက်မှု၊ တိုက်ခိုက်မှုအကြိုက်လွန်များဖြင့် အသက်မွေး သူတိုင်း)ပစ္စက္ခမှာပင် အကြိုက်၏ မကောင်းပုံ ဇာတ်စုံ ခင်းပြနေကြပြီ မဟုတ်လား'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘု ရားကြီးက ရေးသားဖော်ပြထားပါကြောင်း ...။ မောင်သွေးချွန်

Total Views ~ 73

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31242

© 2022 - 2024 News. All Rights Reserved.