မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ သိုက်ထွက်သိုက်ဆက်များအကြောင်း

၂၀၂၄ အောက်တိုဘာ ၇

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ သမထဝိပဿနာဆိုင်ရာ ကိုယ်တွေ့ကျင့်စဉ်တွေကို ဖွင့်ဆိုရှင်းပြရာမှာ ထူးထူးခြားခြား အကြောင်း အရာတွေ ပါဝင်လာတတ်ပါတယ်။ ဥပမာ ရဟန္တာလို့ ကျော်ကြားတဲ့ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရား ကြီးနဲ့ အဘဘိုး တော်အောင်မင်းခေါင်ကြီးတို့ရဲ့အတွင်း ပိုင်းဆက်သွယ်မှုတွေ၊ အရိယာနှင့် ဝိဇ္ဇာအပ်နှင့်ချည် ပမာတွဲဖက်ပြီး သာသနာတော်ကြီးအတွက် လုပ်ဆောင် သွားပုံတွေကို ၂၀၁၂ စက်တင်ဘာထုတ် ဘ၀ကန္တာရ သင်္ကေတကထာ 'ကျမ်းကြီးမှာ နက်နက်ရှိုင်းရှိုင်း ဆစ်ဆစ်ပိုင်းပိုင်း ရေးသားခဲ့တာ တွေ့ရပါတယ်။ ဒီအကြောင်းတွေကို ၂၀၂၃ နိုဝင်ဘာ ၂၃-၂၉ ထုတ် TREND News ဂျာ နယ်မှာ ကျွန်တော်ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
    မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ကျမ်းစာအုပ်တွေမှာ အကြောင်းတိုက်ဆိုင်တိုင်း ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးနဲ့ ဆက်စပ်ရာ အကြောင်းအရာများကို အားကျကြည်ညို ဖွယ်ဖော်ပြလေ့ရှိပါတယ်။ ဝေဘူဆရာတော်ကြီးဟာ သမထပိုင်းကို ခိုင်မာအောင် ထူထောင်ပြီး သမထအားကိုယူကာ ဝိပဿနာအလုပ်တွေကို မဆုတ်မနစ်လုပ်သွားပုံတွေဖတ်ရတာ အလွန်မှတ်သားစရာ ကောင်းပါတယ်။ သာသနာပြုရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ သိုက်နဲ့သိုက်ဆက်များ အကြောင်းကို အလျဉ်း သင့်တိုင်း ရှင်းပြလေ့ရှိပါတယ်။ ၂၀၀၁၊ အောက်တိုဘာထုတ် 'ရတနာစစ်တမ်း'စာမျက် နှာ ၂၆၅ မှာ ...
    'သိုက်မှထွက်လာစဉ် အိပ်လျက်ကထွက်ခြင်း၊ ထိုင်လျက်ကထွက်ခြင်း၊ ရပ်လျက်က ထွက်ခြင်းဟူ၍ သုံးမျိုးရှိရာ နောက်ဆုံးသူသည်သာ သိုက်ကြိုးပြတ်၏။ ရှေ့နှစ်ဦးကား မိမိသိုက်သို့ ပြန်လည် ဝင်ရောက်ရဦးမည့် ကြိုးတန်းလန်းသမားချည်း ဖြစ်ကြ၏။ ထို ကြိုးတန်းလန်းနှစ်ဦးတွင် ထိုင်ထွက်သည် လူ့ဘဝဖြင့်ပင် အချိန်မရွေး ထိုသိုက်တွင်းသို့ ဝင်နိုင်ထွက်နိုင်ခွင့်ရှိ၏။ ထိုသူသည် မျက်စိမှိတ်ကြည့်ရုံမျှဖြင့် မြင်နိုင်၊ ကြားနိုင်စွမ်းလည်းရှိ၏။ အိပ်ထွက်ကား ဘုရားအာရုံမိပါမှ မြင်ရကြားရ၏။ သိုက်တွင်းဝယ် အပြင်စည်းစောင့်ဖြစ်လာသူကား သီလလုံခြုံမှသာ မြင်ခွင့်၊ ကြားခွင့်ရတော့၏။ ဤကား သိုက်ထွက် ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက် ခြားနားမှုတည်း'လို့ သိုက်ထွက်တွေအကြောင်း မိတ်ဆက်ပေးထားပါတယ်။
    ၂၀၀၄ သြဂုတ်လ ဒု-အကြိမ်ထုတ် 'ပဋိဘာနဉာဏဒဿနကထာ'ကျမ်းကြီးမှာလည်း တရားစခန်းတွေမှာ သိုက်ဆက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်လို ကာကွယ်ထားရမယ်ဆိုတာ အသိပေးရေးသားထားပါတယ်။ သိုက်ဆက်သိုက်ကြွေးရှိသူတွေ တရားစခန်းဝင်မည် (သို့မဟုတ်) ဘုရားတရားအလုပ်တွေ လုပ်တော့မည်ဆိုလျှင် အဖျက်ဝင်တတ်ပုံတွေကို သတိပေးရေးသား ထားပါတယ်။
    'သိုက်ဆက်အကြွေးခံသမားတို့အတွက်မှာမူ အချို့ကားသိုက်မှ ထွက်စဉ်ကပင် နောက်ထပ် ပြန်လာခဲ့ပါမည့်အကြောင်း သစ္စာဆိုလျက်က ထွက်ခဲ့ရချေ၏။ သိုက်မှ ထွက်စဉ်ကာလ အချို့ကား အိပ်ပျော်လျက်က ထွက်ခဲ့ကြရ၏။ ၎င်းတို့ကို ဆိုင်ရာတို့က အချိန်မရွေးခေါ် နိုင်၏။ အချို့ကား ထိုင်လျက်က ထွက်ခဲ့ကြ၏။ ၎င်းတို့ ကိုကား ခေါ်ချင်တိုင်းလည်းခေါ်၍ မရ၊ ၎င်းကိုယ်တိုင်ကား လူ့ဘဝနှင့်ပင် သိုက်တွင်းသို့ ဝင်လိုဝင်၊ ထွက်လို ထွက်လုပ်နိုင်ချေသေး၏။ ဤ၌ အိပ်လျက်ကား သိုက်စောင့်အနုစားတည်း။ ထိုင်လျက်ကား သိုက်၌ အာဏာရှိသော အရင့်စားတည်း။ ထိုသိုက်သမားအားလုံးတို့ပင် သစ္စာဆို၍ ထွက်ခဲ့သူများချည်းတည်း။ တစ်ဖန် အချို့ကား ရပ်လျက်က ထွက်ခဲ့၏။ ၎င်းကိုကား ဆိုင်ရာတို့က လုံးဝခေါ်ပိုင်ခွင့် မရှိတော့ပြီ။ ၎င်းင်းကိုယ်တိုင်က အစွဲမစင်၍ ဝင်ရောက်နေလိုမှသာ လက်ခံရချေတော့၏။ ၎င်းကား သစ္စာဆိုထွက်ခဲ့သူလည်း မဟုတ်ပြီ။ သို့ပါ၍ တာဝန်အပြီး ကျေသွားသူတည်း။' (စာ-၄၁၀)
    'ထိုတွင် နောက်ဆုံးသူသည်သာ ကမ္မဋ္ဌာန်းအလုပ်၌ အဟုတ်အဟတ် အားထုတ်က အကျွတ်အလွတ်ဘဝသို့ ကူးခပ်နိုင်ချေ၏။ ထိုသူ၌ နောက်ယောင်ခံ လိုက်လံဖျက်ဆီးနေသော အဖျက်အဆီးလည်း မခံရတတ်။ ကျန်လက်ဦးနှစ်ယောက်တို့မှာမူကား မိမိတို့ တာဝန်မကျေသေးသည်က တစ်ကြောင်း၊ သစ္စာဆိုထားသည်က တစ်ကြောင်းများကြောင့် 'အကျွတ်လမ်း'ဆို လိုက်လံဖျက်ဆီးကြတော့မည်။ 'အသွတ်လမ်း'ဆိုက ဝိုင်းအုံလျက် အားပေးကြတော့မည်။ ထိုစဉ်ကာမရာဂတို့ ထူပြောဗွက်ထနေသော လမ်းဆိုသော်ကား အထူးထက် အထူးအားပေးမည်။ လူ့ဘဝ၊ လူ့အခွင့်အရေးဖြစ်သော အမြင့်ဘ၀ တက်လမ်းကိုကား ထိုသူမေ့လေလေ သူတို့အကြိုက်တွေ့လေလေပင်။ စင်စစ်ကြိုက်စွဲကြောင့် ရောက်ကြရသော သိုက်ဆက်ကြိုက်ကြွေးကား သင့်အဖို့ ချေလေထွေလေသာ ဖြစ်ချေတော့သည်။'
    'ထိုအကြွေးသမားတို့သည် ဗီဇကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ဘဝအထိနာနေ၍ဖြစ်စေ၊ ဓမ္မဖြင့် ဘဝတစ်ဆင့် အမြင့်ဘက်သို့ ကူးထွက်တော့မည် ကြံစည်မိလျှင် နောက်ယောင်ခံများက မဖြစ်ဖြစ်သည့်နည်းဖြင့် ဝိုင်းအုံဖျက်ဆီးပစ်ကြချေတော့မည်။ ထိုသို့ ဖျက်ဆီးရာ၌ အကြောင်းနှစ်မျိုးရှိသည်ကိုလည်း သတိမူရာ၏။ ကျွတ်ခဲ့သော် လူစားမရမည်စိုး၍၊ အကယ်တိတိ မကျွတ်မလွတ်ဘဲ သိုက်ထဲသို့ ပြန်ဝင်လာသော် မိမိထက် အဆင့်မြင့်လာမည်စိုး၍တည်း။ ထိုအကြွေးသမားတို့ ဓမ္မခေါ်လွတ်မြောက်ရေး တရားအားထုတ်ရာတွင် အချို့ကား စခန်းတွင် မဝင်ဖြစ်အောင် ကြိုတင်တားဆီးလေ့ရှိ တတ်၏။ ဝင်ဖြစ်သော် တရားမမှတ်နိုင်အောင် ပိတ်ပင်တတ်၏။ အာရုံလွှဲသောအားဖြင့် အမြင်၊ အကြားဘက်သို့ စိတ်ဦးတည်၍လည်း ပေးတတ်၏။ မှတ်သိနိုင်သော် ဆရာ့ထံ တရားအစစ်ခံမသွားနိုင်အောင် နှောင့်ယှက်တတ်၏။ ခြေများရွှေ့မရသည်အထိ တွေ့သိခဲ့ရဖူး၏။ သွားဖြစ်ခဲ့သော် မလျှောက်ထားတတ်အောင် တားမြစ်တတ်၏။ ဆရာ့ရှေ့ရောက်သည်နှင့် နှုတ်ဖွင့်၍မရ၊ ဆရာကို ကြောင်တောင် တောင်ကြည့်လျက်က ပြန်ခဲ့ရသည် သာများ၏။ ဆရာကို ကြည့်လျက်က မျက်ရည်တသွင်သွင် စီးကျလျက်ကပင် စိမ်းစိမ်းကြီးလည်း ကြည့်နေတတ်သေး ၏။} (စာ-၄၁၁)
    သိုက်ဆက်တွေ တရားစခန်းဝင်ရင် အနှောင့် အယှက်တွေ၊ အဖျက်အမှောင့်တွေ ပေါ်လာတတ်လို့ တရားစခန်းနဲ့ တရားပြဆရာဘက်က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်တယ်လို့ ဆိုပါတယ်။
    'မိမိ၏ ကယ်ဆယ်ရေး ကမ္မဋ္ဌာန်း စခန်းမဖွင့်မီ ရှေ့အဖို့ကပင် ကြိုတင်၍ သူ့ဆိုင်ရာတို့နှင့်ဖြေရင်း ထားရမည်။ ဖြေရှင်းနည်းမှာ ၎င်းတို့ ခွင့်မပြုနိုင်သော ယောဂီမျိုးဖြစ်ခဲ့လျှင် စခန်းတွင်းသို့ ရောက်မလာခင်က တည်းက တားဆီးထားရန်နှင့် အကယ်တိတိ စခန်းတွင်း ချဉ်းနင်းဝင်ရောက်လာ ကာမှ ယောဂီတစ်ဦးအား နှောင့်ယှက်ခဲ့သော် ဘုရားအားစော်ကားရာရောက်ခြင်း၊ တရားတော်အား စော်ကားရာရောက်ခြင်း၊ သံဃာတော်အပေါင်းအား စော်ကားရာ ရောက်ခြင်းဖြစ်၏။ ဘုရားရန်သူ၊ တရားရန်သူ၊ သံဃာရန်သူအစစ်ဖြစ်ကြောင်း စစ်ကြေညာထားနှင့်ရာ၏။ သို့မဟုတ် ၎င်းကို အလှူ ခံထားနှင့် ရာ၏။'
    'ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးသည် လည်းကောင်း၊ ကျေးဇူးရှင်မဟာစည်ဆရာတော်ကြီးသည် လည်းကောင်း၊ ထိုဆရာတော်နှစ်ဆူလုံးပင် မိမိတို့ရိပ်သာ ပရဝဏ်၏ အရပ်လေးထောင့်တို့၌ အရံအတားများ မြှုပ်နှံထားလျက်ရှိပါကြောင်း ကိုယ်တိုင်ပန်းရန်လုပ်ခဲ့ရဖူး သူ ပိဋကတ်မောင်ထွန်း ကြိုင်ဆိုသူက ငါတု့ိအားလျှောက် ထားခဲ့ဖူးချေ၏။ ဝေဘူဆရာတော်ကြီးသည် ရွှေဘိုရှိ မဟာအောင်မြေစခန်း မဟာရာမ်တံတိုင်းကြီး ဝင်းခတ်စဉ်ကာလ လေးထောင့်ကြေးပြားပေါ်တွင် ]ဓာတ်စီးဓာတ်နင်း လုံးဝလက်မခံ'ဟူသော စာတန်းထိုးစေ၍ ထိုမဟာရာမ်တံတိုင်းကြီး၏ ထောင့်လေးထောင့်ရှိ အုတ် တံတိုင်းကြီးများအတွင်း၌ မြှုပ်နှံစေသည်ဆို၏။'
    'မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း  ရန်ကုန်မဟာစည်သာသနာ့ရိပ်သာ မဟာရာမ်တံတိုင်းကြီးခတ်စဉ်က ဤနည်းအတိုင်းပင်လုပ်ဆောင်စေသည် ဆို၏။ မဟာစည်၌ ထူးခြားသည်မှာ ထိုသာသနာ့ဝေယျာ ဝစ္စတော်များ မဆောင်ရွက်မီ ညညများ၌ ပန်းရန်သမား အားလုံး အဓိဋ္ဌာန် တော်ဖြင့် တရားရှုမှတ်စေခြင်းပင် ဖြစ်၏။ ဆရာတော်ဘုရား၏ ကျောင်းခန်းတွင် ဆရာတော်ဘုရား ကြီးကားရှေ့မှာ ကုလားထိုင်ကြီးပေါ်တွင် ပန်းရန် တို့ဘက် မျက်နှာမူလျက်က ရှုမှတ်တော်မူပြီး ပန်းရန်တို့ ကားဆရာတော်ဘုရားကြီးနှင့် ဘုရားဘက် မျက်နှာမူ လျက်က ထိုင်ကြရသည်ဆို၏။ ဤသို့ဖြင့် သုံးရက်မျှရောက်သောအခါ ပန်းရန်ခေါင်းဆောင် မောင်ထွန်းကြိုင်၏ ဘေး၌ကား ချောမောလှပသော မိန်းကလေးတစ်ယောက် အမြဲလာရောက်နေသည် မြင်တွေ့နေရသည်ဆို၏။ 'ငါ ဒါမလိုချင်လို့ သာသနာ့ဝေယျာဝစ္စ ပြုလုပ်နေတာ၊ နင်ဘာလာရှုပ်သလဲဟု နှုတ်ထွက်မာန်မိငေါက် မိလေရာ 'ဟဲ့ ကိုယ့်အလုပ်ကိုယ်လုပ်လေ'ဟူ၍ ဆရာတော်ကြီးက သတိပေးတော်မူသည်ဆို၏။}
    'တစ်ယောက်သည်ကား နွားကြီးတစ်ကောင် နှုတ်သီးဖြင့် လာလာပြီး ထိုးနမ်းနေသဖြင့် စိတ်မထိန်းနိုင် ဖြစ်ကာ လက်သီးဖြင့် ထထိုးသည်ဆို၏။ ထိုအခါ ဆရာတော်ကြီးက 'ဟဲ့ ကိုယ့်အလုပ် ကိုယ်လုပ်လေ'ဟူ၍ သတိပေးတော်မူပြီး 'သည်နေရာ အတော်အနှောင့်အယှက်ပေါသကိုး' ဟူ၍လည်း ညည်းတွားကာ မှတ်ချက်ချတော်မူသေးဆို၏။ ဤသို့ဖြင့် ကိုးရက်မျှ ကြာလာရာ ထိုကိုးရက် မြောက်တွင်ကား ခန္ဓာပြင်တစ်ခုလုံး အောက် ခြေမှစ၍ တဖျင်းဖျင်းနှင့် အပူငွေ့များ တက်လာသည်ဆို၏။ ဆေးလိပ်မီးဖွား အကျခံရသော ဒဏ်ချက်ထက် ပြင်းထန်သည်ဆို၏။ ခါးဆစ်ရိုးမှတစ်ဆင့် ကျောရိုးအတိုင်း အစဉ်လျှောက်တက်လာသောအခါတွင် အထူးမခံရပ် နိုင်ဖြစ်ပြီး ထွက်ပြေးချင်စိတ် ပေါက်လောက်အောင် ခံရသည်ဆို၏။'
    'ထိုအခါ ခေါင်းရင်းမှာ ထိုင်လျက်ရှိသော မဟာစည်ဆရာတော်ဘုရားကြီးသည် ...'မလျှော့နဲ့၊ အားတင်းထား၊ သည်းခံပြီး နာနာရှု'ဟူ၍ အားပေးတော် မူသည်ဆို၏။ တစ်နာရီကျော်ကျော်မျှ ကြာလွန်သွားသော အခါတွင်မှ ငယ်ထိပ်မှနေ၍ အပူခိုးများထွက်သွားသည်ကို မျက်စိနှင့်ပင်မြင်ရ သည်ဆို၏။ ဆရာတော်ဘုရားကြီးကလည်း 'အေးအောင်သွားပြီပဲ'ဟူ၍ မျက်ချက်ချတော် မူသည်ဆို၏။ နောက်တစ်နေ့ နံနက်တွင်ကား မဟာစည် ရိပ်သာဝင်းအတွင်းရှိ ထိန်းပင်ကြီးကိုးပင်သည် အလိုအလျောက် လောင်းမီးအကျခံရသည့်ပမာ ထူးဆန်းစွာသေ ဆုံးနေသည်ကို တွေ့ကြရ သည်ဆို၏။ ထိုမှနောက်တစ်နေ့တွင်မူကား ပွင့်ကောင်းကုမ္ပဏီသူဌေး ဦးပွင့်ကောင်း ရောက်လာပြီး လိုအပ်သော ပစ္စည်းလေးပါး အလှူခံ တော်မူပါရန် လျှောက်ထားသည်ဆို၏။ ဤသို့ဖြင့် မဟာရာမ်တံတိုင်းကြီးနှင့်တကွ မုခ်ဦးကြီးများကို တည်ဆောက်ခဲ့ကြရသည်ဆို၏။ ဤသည်မှာ ပိဋကတ် မောင်ထွန်းကြိုင်ဆိုသူ၏ ပြောကြားချက်များသာ ဖြစ်ချေ၏။ ငါတို့ တပ်အပ်သိကား မဟုတ်ချေပြီ။' (စာ-၄၁၃)
    ပိဋကတ်မောင်ထွန်းကြိုင်ဆိုတာ (၅)နှစ်သား အရွယ်ကပင် ပိဋကတ်သုံးပုံ ဟောပြောနိုင်တဲ့အတွက် ဓမ္မကထိက ပိဋကတ်တော် မောင်ထွန်းကြိုင်အဖြစ် ကျော်ကြားခဲ့သူဖြစ်ပါတယ်။ အဘဦးမြဇင်၊ အမိဒေါ်နှင်းမြတို့မှပန်းတနော်မှာ မွေးခဲ့တယ်ဆိုပါတယ်။ ဓမ္မကထိက ပိဋကတ်အာဂုံဆောင် မောင်ထွန်းကြိုင်အဖြစ် နိုင်ငံကျော်ခဲ့လေရာ နိုင်ငံကလည်း သူ့ကို မျှော်လင့်လာလေတော့ရာ အင်္ဂလိပ်အစိုးရက မောင်ထွန်းကြိုင်နောက် တကောက်ကောက်လိုက်ပါ စုံစမ်းခြင်းတွေပြုပါတော့တယ်။ (၁၅)နှစ်သားမှာ ဇာတ်မြှုပ်တဲ့အနေနဲ့ ရွှေဘိုအောင်မြေရှိ ဝေဘူဆရာတော်ကြီးထံမှာ သာမဏေဝတ်ခဲ့တယ်ဆိုပါတယ်။ ဘွဲ့တော်မှာ ကိုရင်တိဿ၊ အဲဒီအချိန် ကရင်သူပုန်ထကြွပြီး ရဟန်းတော်များကို သတ်ဖြတ်ညှဉ်း ဆဲနေကြောင်း ကြားသိရတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး စစ်ထဲဝင်ခဲ့တယ်ဆိုပါတယ်။
    'စစ်တပ်ထဲတွင် မောင်ထွန်းရှိန် အမည်ခံယူခဲ့သည်ဆို၏။ တိုက်ပွဲ၌ ရှေ့မှနေ၍ အတင့်ရဲစွာ တိုက်ခိုက်ခြင်းကြောင့် (၁၈)နှစ်သားတွင် ဗိုလ်ဘဝရောက်ပြီး 'ဗိုလ်တံမြက်လှည်း'ဟူ၍ ချစ်စနိုးခေါ်ဝေါ် ကြသည်ဆို၏။ ထိုစဉ် ပန်းတနော်ယွန်းကျောင်းမှ ဆရာဘုန်းတော်ကြီး လိုက်လံခေါ်ယူသဖြင့် လိုက်ပါလာခဲ့ရာ ၎င်းအား ဘယ်သူကမှတပ်ပြေးအဖြစ် ဖမ်းဆီးခြင်းမရှိဆို၏။ ယခုလူ့ ဘဝတွင်ကား မောင်ထွန်းရှင်ဟူသော အမည်ဖြင့် မှတ်ပုံ တင်ရှိသည်ဆို၏။ ငါတို့တွေ့သော ၁၃၄၇ ခုနှစ်လောက် တွင်ကား အသက်အားဖြင့် (၅၇)ခုနှစ်မျှ ရှိချေပြီ။' (စာ-၄၁၄)
    ဒီအကြောင်းတွေကို ၂၀၁၂ စက်တင်ဘာလထုတ် 'ဘဝကန္တာရ သင်္ကေတကထာ' ကျမ်းကြီးမှာ အကျဉ်းချုပ်ရေးသားခဲ့တာ တွေ့ရပါတယ်။ ပိဋကတ် မောင်ထွန်းကြိုင်ဟာ ဝေဘူဆရာတော်ကြီးနှင့် မဟာစည် ဆရာတော်ကြီးတို့ အနီးအပါးမှာ နေခွင့်ရခဲ့တာလည်း ကံထူးတယ်လို့ ဆိုနိုင်ပါတယ်။ မဟာ ဗောဓိမြိုင်လောင်းလျာနဲ့ပါ ထပ်မံဆုံစည်းခဲ့လေရာ အချိုပေါ်သကာလောင်း လိုက်သလိုသာ ရှိပါတော့တယ်။ ပိဋကတ်မောင်ထွန်း ကြိုင်ပြောပြတဲ့ အကြောင်းအရာတွေကို မဟာစည်ဆရာ တော်ကြီးရဲ့ ထေရုပ္ပတ္တိနဲ့ မဟာစည်ရိပ်သာသမိုင်းတို့မှာ ကွက်လပ်ဖြစ်နေရင် ဖြည့်ဆည်းပေးသင့်တယ်လို့ ဆိုချင် ပါတယ်။ အဲဒီလို ဝေဘူဆရာတော်ကြီးနှင့် မဟာစည်ဆရာတော်ကြီးတို့ရဲ့ လုပ်ဆောင်ချက်များဟာ အရံအတားပြုလုပ်တဲ့သဘောဖြစ်တဲ့အတွက် နမူနာယူသင့်တယ်လို့ မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက တိုက်တွန်းထားပါတယ်။
    'ထိုသို့ မလုပ်ဆောင်မိဘဲ သိုက်ဆက်ယောဂီများကို လက်ခံမိခဲ့လျှင်ကား ထိုအနှောင့်အယှက်မျိုးတွေက ဆိုင်ရာတို့သို့ မေတ္တာပွားပို့ခြင်း၊ အမျှဝေခြင်း၊ မိမိ၏ သာသနာပြုရည်ရွယ်ရင်းထားအတိုင်း သစ္စာပြုခြင်းများ စိတ်မှပြုလုပ်ပြောဆိုပြီးနောက် မေတ္တာရပ်ခံခြင်း၊ အလှူခံခြင်း နှစ်မျိုးတို့ဖြင့် ပြုပြင်ပေးခြင်းက ထိုယောဂီ၏ ခရီးလမ်းဖြောင့်တန်းစေနိုင်၏။ ထိုယောဂီ၏ လူ့ဘဝနှင့် သာသနာကြုံခိုက် ၎င်းရထိုက်သော လူ့ဘဝအခွင့်အရေး ဘုရားသားတော် သမီးတော် ဖြစ်ရခြင်း၏ အခွင့်အရေးများ မပိတ်ပင်ကြရန် မေတ္တာရပ်ခံလျက်က ကြားဝင်ပေးတတ်ကြ၏။ ထိုသိုက်ဆက်ယောဂီ၏ လက်ရှိ လူ့ဘဝ၊ လူတို့သက်တမ်းအမျှ လူ့ဘဝတွင် နေထိုင်ခွင့်ရရေးကို လည်း အလှူခံပေးတတ်ကြရ၏။ ထိုသို့ ဘဝနှင့်သာသနာ့ အခွင့်အရေးရနိုင်သမျှရယူပြီးကာမှသာ မိမိတို့ ကတိသစ္စာအလျောက် ပြန်လည်ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်းကိုလည်း ထပ်လောင်းကတိပေးတတ်ကြရ၏။ သို့မှသာ ထိုယောဂီအတွက် ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်သည်ကို ငါတို့ဖူးကြီးသံသုမာရတောင်နေစဉ်က ကြုံခဲ့ရဖူး၏။' (စာ-၄၁၄)
    သမထလမ်းကို ကမ်းကုန်အောင်လျှောက်ခဲ့ပြီးမှ ဝိပဿနာတရား အားထုတ်တော်မူခဲ့လို့သာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ သိုက်အကြောင်း၊ ဓာတ်အကြောင်း၊ နတ်အကြောင်းတို့ကို ကောင်းကောင်းကြီး ပြောပြနိုင်တာ ဖြစ်ပါတယ်။     ။ မောင်သွေးချွန်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 369

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.