မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ သေခြင်းတရားအပေါ် တုံ့ပြန်သဘောထား

၂၀၂၄ မေ ၂၃

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရာကြီးဟာ သက်တော် (၈၃) နှစ်တွင် ခန္ဓာဝန်စွန့် ပျံလွန်တော်မူခဲ့ရာ ယခင်ဘဝနှင့်စာလျှင် လေးဆခန့်မျှ အသက်ပိုရှည်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ စက်တင်ဘာထုတ် ဆရာတော်ကြီးကိုယ်တိုင်ရေး 'ဘဝကန္တာရ သင်္ကေတကထာ'မှာ ဒီလိုဖော်ပြထား ခဲ့ပါတယ်။
    'ငါတို့ ပဋိသန္ဓေနေသောညက မိခင်ကြီးမြင်မက်သော အိပ်မက်ကား ပိတ်ဖြူစင်ကြယ်နှင့် လူကြီးတစ်ယောက်လာခဲ့ပြီး အရိုးအိုး(ဘုန်းကြီးပျံပွဲများ၌ မီးသင်္ဂြိုဟ်ပြီး အရိုးလက်ကျန်များကို ထည့်သိမ်းထားရာအိုး)တစ် လုံးလာရောက်ပေးအပ်သည်ဆို၏။ မိခင်ကြီးကလည်း ဘုမသိ၊ ဘမသိရာမှပင် 'ဟုတ်ကဲ့' ပြောကာ လက်ခံထားလျက်က လန့်နိုးလာခဲ့သည်ဆို၏။ ဤကား ငါတို့ ပဋိသန္ဓေနေစက အိပ်မက်တည်း။ စင်စစ် ငါတို့ဘဝအကြောင်း သုံးသပ်ရချေသော် နောက်ဘဝအကြောင်းလည်း ထည့်သွင်းပြောမှ ပြည့်စုံရာ၏။ ဥပါဒါနပစ္စယော ဘဝေါသရုပ်လည်း ပေါ်လွင်ရ၏။ ယခင်ဘဝက ငါတို့သည်ကား ရဟန်းတစ်ဝါအရတွင် ကျောက်ရောဂါဖြင့် ပျံလွန်ခဲ့ရာ အစ်ကို၏အပေါ် အစွဲမပြတ်သဖြင့် အစ်ကို့ ထံ လူပြန်ဖြစ်ရခြင်းတည်း' (စာ-၉)
    ယခင်ဘဝက ရဟန်းတစ်ဝါအရမှာ ပျံလွန်တော်မူခဲ့တာဆိုတော့ သက်တော်(၂၁) မှာ တစ်ဘ၀ ဇာတ်သိမ်းခဲ့ရတာမို့ အသက်တိုခဲ့ပါတယ်။ ဒီဘဝမှာတော့ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် သေခြင်းတရားကို အဆင့်ဆင့် ဖွင့်တိုက်ခဲ့ရာ ယခု သက်တော်(၈၃) ရောက်မှ ခန္ဓာဝန် စွန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။ အမှန်စင်စစ်တော့ ဆရာတော်ဘုရားကြီးဟာ ဒီဘဝမှာလည်း ရဟန်းဖြစ်စ တစ်ဝါအရ တောထွက်စမှာ ပင် သေဘေးကြီးနှင့် ကြုံခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း သေဘေးနဲ့ နှစ်ကြိမ်၊ သုံးကြိမ် ထပ်ကြုံရပြန်ပါတယ်။ သေဘေးကြုံလျက် မသေခဲ့ဘဲ သေကံမရောက် သက်မပျောက်ခဲ့တာကတော့ ဒီဘဝမှာ တရားထူးဧကန်ရမည့် အကြောင်းရင်းကံကြောင့်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
    ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ 'ဘဝကန္တာရသင်္ကေတကထာ'ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကျမ်းစာအုပ်ကြီးကို ရေးခဲ့သလို အဲဒီစာအုပ်ကြီးရဲ့ အကျဉ်းချုပ်(သင်္ခေပ)ကို 'ဘဝကန္တာရ သင်္ခေပကထာ'ဆိုတဲ့ အမည်နဲ့ မှတ်စုရေးခဲ့ပါသေးတယ်။ အဲဒီ မှတ်စုလက်ရေးမူကို 'ဓမ္မလမ်းမှ မှတ်တမ်းအကျဉ်း'လို့ ခေါင်းစဉ်ပေးပြီး လက်ကမ်းစာစဉ် စာအုပ်ငယ်လေးအဖြစ် ကျွန်တော်ပဲ ဓမ္မဒါနပြုခဲ့ဖူးပါတယ်။ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကပင် ဆရာတော်ဘုရားကြီး အကြောင်းရေးတဲ့ စာပေတွေမှာ အချက်အလက်အမှားတွေ ပါလာတတ်ပါတယ်။ အထူးသဖြင့် ဆရာ တော်ဘုရားကြီး ဆောက်တည်ခဲ့တဲ့ တောရအသီးသီးနဲ့ ဝါဆိုတော်စဉ်များကို ရေးသားရာမှာ အချက်အလက်များ လွဲမှားနေတတ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက 'ဝနဝါသီ တောရပ်မှီရာ ဝါဆိုစဉ်များ'ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရဟန်းဖြစ်စမှသည် ပုံတောင်ပုံညာ ပုလဲနယ် ကျော်တောကျေးရွာအနီး 'စံရိပ်ငြိမ်တောရ'မှာ ဝါကပ်တဲ့ ၁၃၆၄ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အားထုတ်ခဲ့တဲ့ တောရအသီးသီးကိ ခုနှစ် သက္ကရာဇ်၊ တည်နေရာတို့နှင့်တကွ ဖော်ပြထားခြင်းဖြစ်ပါ သည်။
    'နောက် နှောင်းသူတို့ အမှတ်မမှားကြစေရန်အမှန် ဖော်ထုတ်ရာ၌ တိကျရန်၊ ဤ၌ အသေးစိတ်မှတ်တမ်းတင်ထားပေးခဲ့သည်။ ကိုယ်တိုင်ရေးဖြစ်သဖြင့် မှားယွင်းစရာမရှိ'လို့ ရည်ညွှန်းထားပါတယ်။ ဥပမာ-ရန်ကုန် (၁)၊ သာစည်(၂)၊ ဇင်းကျိုက်(၃)၊ ဖူးကြီး(၄)၊ စစ်ကိုင်း(၅) စသည်ဖြင့် အစဉ်လိုက် ဖော်ပြထားပြီး ...
    သာစည်(၂) ၁၃၄၂ ခုနှစ် သာစည်မြို့ ရွှေကျောင်းကုန်းတောင်ဝယ် ဝါကပ်သည်။ တစ်ဝါမျှသာ။ နောက်တစ်ခါ စစ်ကိုင်း(၅)မှ သာစည်သို့ တစ်ကျော့ပြန် ဝင်ခဲ့ရာ 'သာစည်(၆)'လို့ ခေါင်းစဉ်ငယ်တပ်ပြီး ...'ဒုတိယအကြိမ် ဝင်ရောက်ခြင်း၊ ၁၃၅၀၊ ၁၃၅၁၊ ၁၃၅၂ စတင်တောထွက်ရာ သာစည်ရွှေကျောင်း ကုန်းတောင်မှာ ပင် ဝါကပ်တရားပြသည်။ သုံးဝါဖြည့်'လို့ ရေးထားပါတယ်။ ဒါက မှတ်စုအကျဉ်းရေးပုံ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ ပထမအကြိမ် သင်္ကန်းဝတ်စဉ်ကပင် သေဘေးနှင့် ရင်ဆိုင်တွေ့ခဲ့ရပြီး ဒုတိယအကြိမ် ရဟန်းဝတ်ပြီး တောထွက်လာစဉ်မှာပင် သေဘေးကြုံအန္တရာယ်များနှင့် ပက် ပင်းတိုးခဲ့ရပြန်ပါတယ်။ ဒီအကြောင်းတွေကို 'ဘဝကန္တာရသင်္ခေပကထာ'မှာ အောက်ပါအတိုင်း မှတ်စုရေးထား ပါတယ်။
သေဘေးကြုံရောဂါများ
- ၁၃၁၉ ခုနှစ် ရွှေဘို ဝေဠုဝန်တက္ကသိုလ်နေစဉ် ကျောက်ရောဂါ ဖြစ်ပွားရာ သေမင်းကြီးနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။ (၁၇ နှစ်သားအရွယ်)
- ၁၃၄၄ ခုနှစ် ဇင်းကျိုက်မင်းတစ်ရာ့တစ်ပါးတောင်နေစဉ် လည်ကုပ်၌ ဆင်ငိုလည်ပြတ်ခေါ် အနာပဆုပ် ၁၅ လုံး၊ တစ်ကိုယ်လုံးတို့၌ ကျွဲအသားမာခေါ် အစိမ်းလိုက် ဖောက်ထွက်လာသော အနာ ၁၂ လုံး ပေါင်း ၂၇ လုံးတို့ကို ခြောက်လခန့်မျှ အလူးအလဲခံစားခဲ့ရရာ သေမင်းနှင့် ရင်းနှီးခဲ့ရပြန်သည်။ (၄၁ နှစ်အရွယ်)
- ၁၃၅၇ ခုနှစ် သုဝဏ္ဏသျှမ် ဘုန်းတော်ပြည့်မှအတက် မဟာဗောဓိမြိုင်အရောက်တွင် ခြေမ၌ အဆိပ်သင့်ပြန်ရာ သေမင်းကြီးနှင့် ရင်းနှီးခဲ့ရပြန်သည်။ (၅၅ နှစ်အရွယ်)
(သေဘေးနှင့် ရင်ဆိုင်ခဲ့ရသော ရောဂါဖြစ်ပွားမှုသုံးကြိမ်)
သေဘေးကြုံအန္တရာယ်များ
    ၁၃၄၁ ခုနှစ် တောထွက်အဖြစ်ဖြင့် ရွှေ ကျောင်းကုန်းတောင်(သာစည်)ရောက်စ ...
(က) ရွှေကျောင်းကုန်းတောင်မှ သာယာကုန်းဆွမ်းခံအသွား တောကြားတွင် ကျွဲအကောင် ၃၀ ခန့်နှင့် တွေ့မိကြ၏။ မျက်စိမှိတ်ရပ်လျက်ကနေစဉ် ထိုကျွဲများ ရှောင်ကွင်းသွားကြသည်။
(ခ) ယင်းနှင့် လပိုင်း(ရက်ပိုင်း)မျှအကွာတွင် ရွှေကျောင်း ကုန်းတောင်မှ ရေကွင်းကြီးရွာသို့ ဆွမ်းခံလှည့်၏။ အပြန်တွင် အင်တိုင်းသာလမ်းပေါ်ဝယ် ကြီးမားသော မြွေကြီးတစ်ကောင်နှင့် ပက်ပင်းတိုးမိရာ ထိုမြွေကြီးကပင် နောက်ပြန်လှန်ချကာ ထွက်ပြေးသွားသည်။
(ဂ) ၁၃၄၅ ခုနှစ် ဇင်းကျိုက် ကျောက်ခမောက်ဂူ၌နေစဉ် ဆွမ်းခံလမ်းဝယ် တောနွားကြီးတစ်ကောင်နှင့် တွေ့ရာ ရုတ်တရက် လန့်ပြေးပြီးသော် ပြန်လှည့်လာကာ ရင်ဝသို့ ချိုနှင့်ထောက်ထားရာ 'ဟ ...ကောင်ရ၊ ငါပါဟ'ဆိုမှ နောက်လှည့် ထွက်ပြေးသွားခဲ့သည်။
(ရင်ဆိုင်အန္တရာယ်လည်း သုံးကြိမ်ပင်)
    ဒီဘဝမှာ တရားထူးတရားမြတ်ရပြီး သာသနာပြုရမည့် ပုဂ္ဂိုလ်တို့မည်သည် သေဘေးကြုံသော်မှ သေဘေးကြီးကို ခုန်ကျော်နိုင်ခဲ့ကြသည်သာ ဖြစ်ပါသည်။ တရားထူးတရားမြတ်ရမည့် ပုဂ္ဂိုလ်ဟာ မိုးနှင့်မြေညှပ်ပြီး သတ်တောင်မသေဘူးလို့ ဆိုပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာလည်း တောထွက်စမှာပင် သေဘေးကြီးအပါအဝင် အခြားသော ဘေးဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ခဲ့ပါသော်လည်း ဓုတင် အကျင့်မြတ်ကို မစွန့်လွှတ်ဘဲ ဇွဲလုံ့လဝီရိယကြီးစွာအား ထုတ်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ပထမဆုံးတောရ သာစည်မြို့နယ်ထဲက ရွှေကျောင်းကုန်း တောင်ဆိုတာ ပင်လယ်ရေမျက်နှာပြင်ထက် ပေနှစ်ထောင်ကျော် မြင့်ပါတယ်။ လူသူအရောက် အ‌ပေါက်မရှိ အခြောက်အလှန့်ကလည်း ကြီးမားလှဘိသော အဲဒီတောင်ထိပ်ပေါ်ကနေ ဆရာတော်ဘုရား နေ့စဉ်ဆမ်းခံကြွလေ့ရှိပါတယ်။ တောင်ခြေမှာရှိတဲ့ အနီးဆုံးရွာသည်ပင် ငါးမိုင်ခန့်ဝေးပါ တယ်။ အသွားအပြန်အားဖြင့် ၁၀ မိုင်၊ အသွားအပြန် မိုင် ၃၀ လောက်ဝေးတဲ့ ရွာများအထိ ဆွမ်းခံကြွ ခဲ့ပြီး ဆွမ်းစားချိန်အမီ တောင်ပေါ်ပြန်ရောက်တာလည်း အလွန့်အလွန် အံ့သြဖွယ်ဖြစ်ပါတော့တယ်။
    ရွှေကျောင်းကုန်းတောင်ထက်ပိုမြင့်တဲ့ ပေခြောက်ထောင်ကျော်အမြင့်ရှိတဲ့ သုဝဏ္ဏသျှမ်တောင်ကြီးပေါ်ကနေ သံလွင်မြစ် အရှေ့ခြမ်းရှိ တိုင်းရင်းသားကျေး ရွာများဆီ ဆွမ်းခံကြွခဲ့ပုံတွေ၊ သုဝဏ္ဏ သျှမ်တောင်ပေါ်သို့ ဆွမ်းစားချိန်အမီ ပြန်ရောက်ခဲ့ပုံတွေကို ဒေသခံမုဆိုးကြီးများပင် အံ့သြမကုန် ဖြစ်ခဲ့ ရပြန်ပါတယ်။ ဆွမ်းစားပြန်တော့လည်း တစ်နေ့လုံးမှ တစ်ထပ်တည်းသာ၊ ခုနစ်ရက် သားသမီးများ ၁၁ မီးငြိမ်းစေရန် ရည်ရွယ်လျက် ဆွမ်း ၁၁ လုတ်သာ ဘုဉ်းပေးပါတယ်။ ၁၁ လုတ်စားတာတောင်များသေးတယ်။ ဗိုက်လေးတယ်။ ကျင့်လို့ မကောင်းဘူးဆိုပြီး တစ်နေ့လုံးမှ ဆွမ်းငါးလုတ်သာစားပြီး ကျင့်ခဲ့ပြန်ပါတယ်။
    ၁၃၄၈-၄၉ စစ်ကိုင်းတောင်မှ အားထုတ်ခဲ့စဉ်က ဆွမ်းခံရာက ရလာသမျှ ဆွမ်းတွေကို အခြားသော သံဃာတွေကို လှူပစ်လေ့ရှိလို့ ကိုယ်တိုင်စားဖို့ ဆွမ်းတစ် စေ့တောင် မကျန်တော့လို့ ဆွမ်းမစားဘဲ ကျင့်ခဲ့တာလေး၊ ငါးရက်ကြာခဲ့ပါတယ်။ စစ်ကိုင်းတောင်မှာ ထုံးကျောက် ရေကိုသာ သောက်ခဲ့ရတဲ့အတွက်လည်း ဆရာတော် ဘုရားကြီးရဲ့ အစာအိမ်အနာတရ ဖြစ်ခဲ့ရပါတယ်။ တောပေါင်းစုံက ပါလာတဲ့ ငှက်ဖျားရောဂါကလည်း အစဉ်အမြဲ တိုက်ခိုက်နေတတ်ပါတယ်။ မဟာမြိုင်တောကြီးသို့ ရောက်စ သက်တော် (၆၃) နှစ်တုန်းကလည်း ငှက်ဖျားဒဏ် အလူးအလဲ ခံနေရချိန်မှာ ...
    'နင်မပေါ့နှင့် သတိကျပ်ကျပ်ထား၊ နင့်ဝမ်းတွင်းမှာ လူသတ်သမားရောက်နေပြီ။ ထိုလူသတ်သမားက ဓားတဆဆနှင့် ချက်ကောင်းစောင့်နေပြီ သတိထား။ ယင်းမှာ မဟာမြိုင်ရောက်စကတည်းက ငှက်ဖျားဝင်လာ နေသောကြောင့် သတိပေးခြင်းဖြစ်ရာ ငှက်ဖျားကလည်း ဖျားပြ၏။ ငါတို့ကလည်း သတိထားပြ၏။ သို့နှင့်ပင် ထို ငှက်ဖျား သူ့အား ပျူပျူငှာငှာ ဧည့်ခံသူမရှိရကား သူ့ဘာသာဝင်လာ၊ သူ့ဘာသာပြန်သွား၊ တို့ဆီမှာ အနားယူခွင့် ရမသွားရှာပါ။} (၂၀၂၃ မတ်လထုတ်၊ လောကပါလ၊ စာ-၂၇၃)
    ဆရာတော်ကြီးက ရောဂါဒေဝနာကို ထီမထင်ဘဲ သာသာလေးရေးပြသွားတာလည်း အံ့သြစရာ ပါ။ သေခြင်းတရားအပေါ် ဆရာတော်ဘုရားကြီးရဲ့ တုံ့ပြန်သဘောထားကလည်း မှတ်သားစရာဖြစ်ပါ တယ်။ သာ သနာဝင်စ၊ သိမ်ကထွက် ဦးစကာလကတည်းက ...
    'ဤခန္ဓာကား ငါမပိုင်တော့ပါ။ ယခုက စတင်ကာ သာသနာပိုင်(ရတနာပိုင်)ဖြစ်သွားပြီ။ သို့ေ ကြာင့် ထိုသည့်ငါ ...ဤခန္ဓာကိုယ်ကို ဘုရားရှင်အား အပြီးအပ်နှင်းပါ၏။ တရားတော်အား အပြီးအပ်နှင်း ပါ၏။ သံဃာအားလည်း အပြီးအပ်နှင်းပါ၏။ ယခုမှစ၍ ဤ ခန္ဓာကိုယ်သည် ငါပိုင်(လုံးဝ) မဟုတ်တော့ရ ကား ... သည်မှာသေ၊ သည်မြေမှာပင် ချထားခဲ့ပါအံ့။ တခြားမှာ နေ၍ တခြားမှာသေလည်း သေရာ၌ပင် ချထားခဲ့ပါအံ့။'
    'ဘုရားလှူ ဆွမ်းတော်ခွက် စွန့်ချပြီးသည်နှင့် ကျီးစားစား၊ ခွေးစားစား ဆွမ်းတော်တင်သမား မည်သို့မျှ မလှုပ်ရှားသည့်ပမာ ငါသည်လည်း ဘာကြုံကြုံ တုန်လှုပ်လိမ့်မည်မဟုတ်။ ဘယ်သူက ဘယ်လို တောင်းတောင်း ခေါင်းယမ်းပြလိမ့်မည်မဟုတ်။ ဤစိတ်အကြံက ဖြစ်သော အဓိဋ္ဌာန်များ ကြောင့်လည်း ထိုသည့်ငါ ဘယ်သွားသွား၊ ဘာဖြစ်ဖြစ် စိတ်ညစ်၏ မဖြစ်ခဲ့စဖူးချေ။ ဘယ်နေနေ၊ ဘယ်သေသေ နေရာရွေးခြင်းလည်း မရှိ ချေ။ ဘယ်လောကဓံ ဘာနှင့်ပင်လှန်လှန် ခုခံခြင်း၊ တင်း ခံခြင်း အလျဉ်းမရှိခဲ့ချေ။' (၎င်း၊ စာ-၂၇၄)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ မိမိရဲ့ဆန္ဒတော်ကို ဒီလို ထုတ် ဖော်ခဲ့ပါတယ်။
    "ငါတို့သည် နေရင်းဇာတိမြေ ရပ်ရွာနယ်ပယ်နှင့် စိတ်နီးလူဝေးအဖြစ်နေလို၏။ သို့ကြောင့်လည်း မွေးရပ်မြေနှင့် ဝေးထက်ဝေးရာသို့ချည်း သွားရောက်နေထိုင် လေ့ရှိ၏။ မဟာမြိုင်၊ မဘိမ်းဆိုသည်ကပင် မွေးရပ်မြေနှင့် နီးသေးဆိုရ၏။ သို့စဉ်လျက် ယခုသော် ထိုဒေသများမှ ဝေ့ကာဝဲကာဖြင့် နေရင်း ...နေရင်းသို့ ပျံကျလာတော့ရာ သည်နေရာ၊ သည်ဒေသမှာ မွေးသော ငါ သည်နေရာ၊ သည်ဒေသမှာပင် သေစာရင်းပေးပါ ပြောနေသည့်ပမာ ...၊ သည်နေရာ မရောက်လိုပါဘဲလျက်က ရောက်လာ ရခြင်းကြောင့် ...၊ သည်နေရာ (ဉေယျဓမ်တောရ)ရောက်ကတည်းက ခန္ဓာကိုယ် အအိုဖောက် လာ တော့ခြင်းကြောင့် ...။} (စာ-၂၇၀)
    နေရာက ကျောက်သားများ ကြီးစိုးပြီး သဲများ မင်းမူနေကြ၏။ မိုးခေါင်ရေရှားအပြင် လေကလည်း တဟူးဟူး တိုက်ခိုက်နေသေး၏။ ထိုစဉ် ခန္ဓာတွင်းနေ အစာအိမ်ရောဂါများ လှုပ်ရှားလာကြပြီ။
    'တစ်ဖန် အသက်(၇၀)တန်းရောက်ကတည်းကပင် သွေးသားရှိ အင်အားသတ္တိများ နောက်ဆုတ်ပေးတိုင်း လေ၊ မီး အင်အားသတ္တိတို့က အတင်းဝင်ရောက် နေရာယူလာကြတော့ရာ ...ဇိရကာ တေဇောအရွယ်ကို ရင့်အိုပြိုကျအောင် ရှို့နေသော အပူဓာတ်၊ ဘဝင် လေခန္ဓာ့ဖြစ်စဉ်ကို အသက်သွင်းပေးနေသော လေ၊ ယင်းတို့ နှစ်ပါး ကြီးထွားလာကြပြီး ဝမ်းတွင်းကို မွှေနှောက်နေကြ၏။ သို့ကြောင့် ဝမ်းတစ်ပြင်လုံး နေ့ညမ ရွေး အပူတိတ်၏ဆိုသည်မရှိ၊ အစာစားပြီးစ အချိန်ခဏ တိတ်၏။ အစာသစ်နှင့်ဝေးလျှင် ဝေးသလောက် ပူလာနေ၏။ သည်အထဲ ပူလွန်းသော အစာ၊ ခါးလွန်းသော အစာများနှင့် တွေ့က ဆွေ့ဆွေ့ခုန်ပြကြပြီ။'
    ခေါင်းမူးခေါင်းကိုက် ဝေဒနာများနှင့်အတူ မျက်စိ၊ နား၊ နှာခေါင်းစတဲ့ အကြည်ဓာတ်ခြောက်ပါး အားကုန်လာပါတယ်။ သွားလာလှုပ်ရှားလို့လည်း မ ကောင်းတော့၊ စားလို့လည်း မကောင်းတော့။
    'ငါသည် သေရဦးမည်၊ သေဖို့ရာ အချိန်ပိုင်းမျှသာ လိုတော့သည်။ နေဖို့ဆိုသည်ကလည်း အချိန်ပိုင်းမျှသာ ကျန်တော့သည်။ ထိုသည့် သင် ...မမေ့နှင့်၊ မဝေ့နှင့်၊ မရွေ့နှင့်၊ အရှေ့နှင့်သင် အဝင်တူပါစေ။ ဤ နှလုံးသွင်းက နေရာခင်းပေးထားခြင်းကြောင့် စိတ်မလှုပ် ရှားခဲ့။' (လောကပါလ၊ စာ-၂၇၃)
    'မသေမီအတွင်း သာသနာတော်အတွက် အခင်းအကျင်းများ စီမံဖန်တီးပေးနေပါသည်။ အပြောဖြင့်၊ အရေးဖြင့် အတွေးဖြင့် ဝင်နိုင်သမျှ ဝင်ပေးနေပါ၏။
    ပြည်၊ ရွာ၊ တိုက်၊ ကမ္ဘာ၌ ကျရောက်လာသော ကပ်အားဖျက်ခြားပေးနေပါ၏။ သာသနာ၊ သံဃာ၊ ဒကာဒကာမတို့၌ ဝင်လာမည့် အန္တရာယ်အကာအကွယ် ပေးနေပါ၏။ ယင်းမှာ သီလ၊ မေတ္တာ၊ ခန္တီ၊ သစ္စာတို့ဖြင့် ဝင်ပေးနေခြင်းပင်။ (စာ-၂၇၅)
    လောကဓမ္မနှစ်ဌာနလုံးအတွက် ဆရာတော် ဘုရားကြီးအားသွန် လုပ်ဆောင်ပေးခဲ့ပါတယ်။ မဟာမြိုင်၊ မိုးမိတ်တို့က အပြီးအပိုင် ထွက်ခွာလာခဲ့ပြီဖြစ်ပေမယ့် 'ငါတို့ကို ပတ်သက်သယောင် ပုံမှားရိုက်များကိုလည်း ကြည်ဖြူစွာ ခွင့်ပြုပါ၏'လို့ ဆိုပါတယ်။ ရောဂါအမျိုးမျိုးက စီးပိုးနှိပ်စက်နေတာ ကိုလည်း ကြည်ဖြူစွာ ခွင့်ပြုထားပါ၏။
    'သူသည်လည်း သူ့သဘောသူဆောင်၏။ သူဆောင်ရာ သူ့သဘောအတိုင်း ရှိပါစေ။ ငါသည် လည်း ငါ့သဘော ငါဆောင်ရာ၊ ငါဆောင်ရာ သဘောအတိုင်း သာထားပါ၏။ သို့ကြောင့် နောက်ကျန်များ၏ အမည်ခိုး၊ နေရာလုအား လုံးတို့ကြောင့် မလုံခြုံခြင်း၊ အလယ်မှ ပရိ သတ်များ၏ အချိန်၊ ဓမ္မလုယက်ဖျက်ဆီးပစ်ကြခြင်း၊ လက်ရှိမှ ရောဂါဘေးဖြင့် ထွေးလုံးသတ်ပုတ်ဖျက်ဆီးပစ် နေကြခြင်း ...ထို အားလုံးတို့သည် သူ့သဘော သူ ဆောင်၍ သူ့အလုပ်သူ လုပ်နေကြခြင်းသာ ဖြစ်ကြသဖြင့် ငါတို့နှင့် ဘာမျှမဆိုင်သော နေရာသို့ စိတ်ဖြင့် ပို့ ထားပြီးဖြစ်ရာ မလုံခြုံသည်မှ လုံခြုံ၏သို့ ပြောင်းလိုက်ပြီးပြီ။ လုယက်အသုံးပြုခြင်းအစား အမွေယူစားခြင်းအဖြစ် ပြောင်းလိုက်ပြီးပြီ။ ဘဝဘေး ဒဏ်မှ သဘာဝပေးကံအဖြစ် ပြောင်းလိုက်ပြီးပြီ။ ယနေ့မှစ၍ ထိုအားလုံး ငါတို့နှင့် လုံးဝမပတ်သက်တော့ပါ'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ ပေပြီ။
    အထက်ပါ ရေးသားဖော်ပြချက်များရဲ့ စာပြီးနှစ်မှာ ၁၃၇၄ ခုနှစ်ဖြစ်ရာ လွန်ခဲ့သော ၁၂ နှစ်ခန့် ကပင် ဉေယျဓမ်တောရတွင် ကြိုတင်ရေးထားခဲ့သော အကြောင်းအရာများ ဖြစ်နေတာ တွေ့ရပါတယ်။ ကျေးဇူး တော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ သေရေး၊ နေရေး၊ ဘဝအရေးကို ဓမ္မ အမြင်ဖြင့် လေးနက် ပီပြင်စွာ အဖြေပေးခဲ့ပြီလို့ ဆိုနိုင်ပါတယ်။            ။
( မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 404

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42976

© 2022 - 2025 News. All Rights Reserved.