၂၀၂၄ စက်တင်ဘာ ၃၀
၂၀၀၄ သြဂုတ်လမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ 'ပဋိဘာနဉာဏဒဿနကထာ'ကျမ်းကြီးမှာ သမထဝိပဿနာကျင့်စဉ်များကို အထူးအားပြု ညွှန်ပြထားပါတယ်။ လောကမှလွန်မြောက် လောကုတ္တရာသို့ အရောက်သွားရာမှာ လောကသဘာဝ၊ ဖြစ်စဉ်များကို ဓမ္မအမြင်နဲ့ သုံးသပ်ဖော်ပြထားပုံများဟာ ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဋိဘာနဉာဏဒဿန ကထာကျမ်းကြီးရဲ့ 'ဘာဝနာပိုင်း'မှာ သတိပဋ္ဌာန်တရားတော်ကို မိတ်ဆက်ပေးရာမှာ သတိလက်လွတ် ငှက်တောင်ကျွတ်ဖြစ်စေတဲ့ 'အိပ်ထောင်သည်ဘဝ'များကို စစ်တမ်းထုတ်ပြ ထားပါတယ်။
ထောင်တကာ့ထောင်မှာ အိမ်ထောင်ဟာ ထောင်သက်အရှည်ကြာဆုံး၊ အဆိုးရွားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ပြစ်မှုတစ်ခုခုကို ကျူးလွန်ပြီး ထောင်ကျသွား သူမှာ လွတ်ရက်ရှိပေမယ့် အိမ်ထောင်ကျသွားသူမှာ လွတ်လမ်းမမြင်ပါဘူးတဲ့။ ထောင်ကျအကျဉ်းသားက ထောင်တွင်းဒုက္ခတွေကို မခံစားနိုင်လွန်းလို့ နေ့စဉ်လွတ် ရက်မျှော်နေတတ်ပေမယ့် အိမ်ထောင်ကျနေသူများကတော့ အိမ်ထောင့်ဒုက္ခဘယ်လောက်ပင် ခံရပါစေ။ လွတ် ရက်မျှော်တယ် မရှိပါဘူးတဲ့။
'တစ်ဦးက တစ်ဦးအပေါ် ကြိုက်စိတ်ဝင်လာတိုင်း ရမ္မက်မာန်ထလျက်က ညှဉ်းဆဲဖျက်ဆီး ပစ်လိုက်၏။ သို့တိုင်အောင်လည်း တစ်ဖက်ကား မိမိအား ညှဉ်းဆဲသည်လည်းမထင်၊ မိမိပျက်စီးနေ သည်ကိုလည်းမသိ၊ အကြိုက်ပေး၍ ညှဉ်းဆဲဖျက်ဆီးနေရာ၌ ဆင်းရဲမှန်း၊ ဖျက်ဆီးမှန်း မသိလျှင် ညှဉ်းဆဲဖျက်ဆီးသူအား ကြင်နာသူ၊ ယုယသူအဖြစ် စွဲထင်မိမည်မှာ သေချာပြီ။ ထိုအခါ မိမိကိုယ်ကိုယ် တစ်ဖက်သား ပါရမီဖြည့်နေသူဟူ၍ လည်းကောင်း၊ တစ်ဖက်ကိုကား မိမိ၏ ပါရမီဖြည့်ဘက်ဟူ ၍လည်းကောင်း၊ ထာဝရ အဖော်မွန်ဟူ၍လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် အကြိုက်မွှန်သလောက် ဘွဲ့လွန်သင်တန်းများလည်း တက်နေကြပြီ။ မကြိုက်ပေး၍ ဖျက်ဆီးခံရသော် တစ်ချက်နှင့်ပြီးစီး၏။ အကြိုက်ပေး၍ ဖျက်ဆီးခံရသော်ကား တစ်သက်နှင့်လည်းမပြီး၊ နှစ်သက်နှင့်လည်းမပြီးစီး သို့ကြောင့်လူတို့သည် အိမ်ထောင်မှလွတ်ရမည်ကို သေလုမတတ် ကြောက်ကြလေကုန်၏။' (စာ-၃၀၀)
တစ်ယောက်နှင့်တစ်ယောက် အကြိုက်ပေး ဖျက်ဆီးပစ်ခဲ့ပုံများကိုလည်း ဖော်ပြထားပါတယ်။
'သင်သည်တစ်ဖက်သားသို့ မြူရုပ်ဖြင့် ဆွယ်လျက်က ကြိုက်စိတ်များသွင်းပေးခဲ့သည် မဟုတ်လော။ ထို့အတူ ချွဲသံပေးလျက်က ကြိုက်ရေးကို သွင်းခဲ့၏။ ကြိုက်နံ့ပင်းလျက် ကြိုက်ခြင်းကိုဖြစ် စေခဲ့၏။ အတွေ့နုတို့ဖြင့် တို့လျက်ဖြင့် ကြိုက်စိတ်ကို ပို့လွှတ်ခဲ့၏။ သင်၏ အဆင်းရုပ်ပြ ရမ္မက်နှိုးဆွမှု ကြောင့် တစ်ဖက်သား၏ မျက်လုံးမှတစ်ဆင့် ခန္ဓာတစ်ကိုယ်လုံးတို့တွင် မျက်စိတစ်မှိတ်အတွင်း ရုပ်သက်၏ ပျက်စီးမှုအကြိမ်ပေါင်း ငါး ထောင့်ရှစ်ရာရှစ်ဆယ့်ငါးကုဋေ ငါးသန်းသုံးသိန်းခြောက် သောင်း လေးထောင်ကိုးရာ တစ်ဆယ့်တစ်ချက်ခန့်အထိ သွက်သွက်ခါ ပျက်စီးသွားခဲ့ရချေ၏။ အကြမ်းစားအားဖြင့် သူ့ ရုပ်ဖျက်ဆီးသွားမှု ကုဋေခြောက်ထောင်ခန့်မျှဆို၏။'
'တစ်ဖန်သင်၏ ကြိုက်စိတ်ဖြင့် သူ့ရမ္မက်ကို နှိုးဆွခြင်းကြောင့် တစ်ဖက်သား၏ မြင်သိမှုမှ တစ်ဆင့် နှလုံးသားအတွင်းရှိ စိတ်၏ပျက်စီးသွားမှု အကြိမ်ပေါင်းကား တစ်စက္ကန့်အတွင်း ကုဋေ တစ်သိန်းမျှအထိပင် ဖြစ်ချေ၏။ ဤသည်တို့မှာ မျက်စိတစ်မှတ်ခေါ် စက္ကန့်တစ် ချက်စာမျှအတွင်း၏ ဖျက်ဆီးခံရမှုပင်။ ထို့အတူ အသံကြောင့် နားမှတစ်ဆင့် ခန္ဓာတစ်ခုလုံး ပျက်စီးစေမှု၊ ကြားသိမှုခေါ် နားထောင်မိရာမှ နှလုံးသွေးပွက်ပွက်ဆူ၍စိတ် ပျက်ပြားစေမှုများသည် လည်းကောင်း၊ အနံ့၊ အတွေ့ အထိအရသာတို့၏ ထိပါးတိုက်ဖျက်မှုကြောင့် နှာ၊ ကိုယ် အကြည်များမှတစ်ဆင့် ခန္ဓာပြင်တစ်ခုလုံး ပျက်စီးစေမှု နှလုံးသွေးမှတစ်ဆင့် အသိစိတ်များပျက်ပြားစေမှုများ သည်လည်းကောင်း၊ အဆင်းရုပ်ဖြင့် တိုက်ဖျက်စဉ်တုန်းက အတိုင်းပင် ကုဋေနှင့်ချီလျက် ပျက်စီးဆုံးရှုံးမှုများ တစ်ဖက်သားခံစားသွားရရှာ ချေ၏။' (စာ-၃၀၄)
'သင့်ကြောင့် သူပျက်စီးသွားဘိသို့ သူ့ကြောင့်လည်း သင်ပျက်စီးနေသည်မှာ အမှန်၊ သူ့အ ဆင်း၊ သူ့အသံ၊ သူ့ဟန်စသည့် သူ့အာရုံများ၏ တန်ပြန်ထိုးနှက် ချက်များကြောင့် သင်သည်လည်း ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်ခဲ့ရချေ၏။ ပကတိဖြူစင်တောက်ပနေသော စိတ်၊ ပကတိကြည်လင်အေး မြနေသောစိတ်၊ ပကတိလန်းဆန်း တက်ကြွနေသောစိတ် ချစ်ရည်ကိန်း ချစ်အပူမိချိန်ကစ၍ ညစ်နွမ်းခြင်းပူပန်ခြင်း၊ ကျဆင်းခြင်းများနှင့်အတူ ညစ်ပေလျက်လာချေ၏။ စိတ်မည်းလျက် အရောင်မထွက်တော့လျှင် မိုက်စိတ်များချည်းသာ ပေါ်ပေါက်ရတော့၏။ မိုက်စိတ်နောက်မှ ကြိုက်စိတ်၊ မကြိုက်စိတ်၊ မသိစိတ်စသည်များလည်း တသီတတန်းကြီးပင် ပေါ်လာချေတော့၏။} (စာ-၃၀၅)
အိမ်ထောင်သည်ဘဝကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါ လောကအစဉ်အလာတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဆရာတော်ဘုရား ကြီးကတော့ ပွင့်ပွင့်လင်းလင်း မခြွင်းမချန် အမှန်တရား ကိုဖော်ထုတ်ထားပါတယ်။ အိမ်ထောင်ကျစ အရွယ်ဆိုတာ ...
'ပညတ်နယ်ပယ် အလွန်နက်ကျယ်လာသဖြင့် လည်းကောင်း၊ အင်အားအသွယ်သွယ် ပြည့် ကြွယ်လာသဖြင့်လည်းကောင်း ကာမမိုက်မှောင် လှိုှုင်းရိပ်ထောင်ထ နေချိန်ဖြစ်၏။ ရာဂမိုးမှောင် တိမ်ရောင်တောက်ချိန်ဖြစ်၏။ ကိလေသာမိုး ဖြိုင်းဖြိုင်းတိုး၍ စိုးမိုးချိန်လည်းဖြစ်၏။ ထိုအခိုက်၌ အတိတ်စရိုက် အစုပုံကြီးအတွင်းသို့ လက်ရှိစရိုက်တို့ စုပြုံသွင်းပေးနေချိန်ပင်ဖြစ်ရာ ဒုစရိုက်ဘောင်မှန်သမျှ လက်မလှန်ဘဲ အစွမ်းပြချိန်ဖြစ်နေပြီ။ မယားဇောမွှန်၊ လင်ဇောမွှန်ရသည့်အထဲ သားဇောသမီးဇောတို့ ပါ အဆစ်ရောခံထားရသဖြင့် ဘို့တစ်လုံးမှ ဘို့အလုံးပေါင်းများစွာ ထွက်လာချိန်ပင်။ ခိုင်းနွားကြီးမှာ ဘို့တစ်လုံးသာပါ၏။ ကာမထောင်သားများမှာကား မယားဘို့၊ သားဘု့ိ ...ဘို့ပေါင်များစွာ ပေါက်နေ ပေပြီ။'
'ဘို့ပေါက်လျှင် အရုန်းသန်ပြီးသား ဖြစ်ချေတော့၏။ ငါ့သားကြီး ကြီးမှ၊ ငါ့သမီးကြီး ကြီးမှ စသော ကာမအတွက် မျှော်လင့်ချက်များသည်လည်း လယ်ယာတွင်း၏ ရွှံဗွက်တွင်းမှ ရုန်းကန်ရင်းက အိမ်က စားကျင်း လောင်းခေါင်း မျှော်ကြည့်နေသော ခိုင်းနွားကြီးများပမာသာ ဖြစ်ချေဘိ၏။ လူဟုဆိုရသော်လည်း ကိုယ့်စိတ်က ကိုယ့်ကိုယ်ကိုယ်မသိဘဲ သူတစ်ပါးစိတ်နှင့်သာ သိနေရ ချိန်ဖြစ်၏။ သားမြင်သားစိတ်ပေါက် သားနောက်ပါပြီး နွားမြင်နွားစိတ်ပေါက် နွားနောက်ပါချိန်ပင် ဖြစ်၏။ မယား မြင်မယားစိတ်၊ တခြားမြင် တခြားစိတ်ပေါက်နေ တတ်၏။ လူဟုသာဆိုရသော်လည်း ဝက်မြင် ဝက်စိတ်၊ ကြက်မြင် ကြက်စိတ်သာ ဖြစ်နေတတ်သဖြင့် လူကိုယ်နှင့် တိရစ္ဆာန်စိတ်ဖြစ်နေတတ်၏။ စင်စစ် ထောင်သားဘ၀ မှန်သမျှ ကိုယ်ပြီးကိုယ်ပိုင် မဟုတ်ကြတော့ဟုတ်ကား အမှန်ပင်တည်း။' (စာ-၂၉၈)
အိမ်ထောင်သည်ဘဝမှာ ကိုယ့်စိတ်ကိုယ်မပိုင်တော့ဘဲ သားစိတ်မယားစိတ်တွေနဲ့ နေရပုံ၊ မယားဖြစ်သူမှာလည်း လင့်အလိုကျ၊ လင့်စိတ်တိုင်းကျ လင်စိတ်နဲ့သာ အချိန်ကုန်ရပုံတွေကို ပျစ်ပျစ် နှစ်နှစ်ကြီး ပြောသွားတာဖြစ်ပါတယ်။
'ထိုအိမ်ထောင်သည်များကို ၎င်းတို့ ပြစ်မှုအလိုက် ရရှိထားသော သားသမီးတို့ကလည်း ဝိုင်းဝိုင်း လည် ညှဉ်းဆဲကြလေကုန်သေး၏။ ရယ်ညှဉ်း၊ ငိုညှဉ်း အမျိုးမျိုးတို့ဖြင့် တင်းကြလေကုန်၏။ ထို့အတူ မြို့ဖြစ်သော် ဈေးဆိုင်ကနား ယာဉ်ရထားစသော အခြံအရံ များကလည်း ကူပံ့လျက် ညှဉ်းဆဲကြလေ ကုန်၏။ တောဖြစ်သော် လယ်ယာကျွဲနွား၊ ခွေးဝက်ကြက် စသည်များ ကလည်း ကူပံ့လျက် ညှဉ်းဆဲ ကြလေကုန်၏။'
တစ်ဖန် ရပ်ရေးရွာရေး၊ မင်းရေးစိုးရေးစသည့် လူမှုဒုက္ခ အ၀၀တို့ကလည်း ရွာခေါင်းဆောင်၊ ရပ်ခေါင်းဆောင်၊ ပြည်ခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်များအထိ အပြင်မှ ဖိ၍ချုပ်၍ ညှဉ်းဆဲကြလေ ကုန်သေး၏။ ထိုစဉ် လင်ရေးမယားရေးမှသည် သားရေးသမီးရေး စီးပွားရေး စသော အတွင်းရေးများ ကြောင့်လည်းကောင်း ထိုအိမ်ထောင်သားတို့ တစ်နေ့မှ ကိုယ်ပိုင်စိတ်ဖြင့် နေခွင့်မရ ကြပြီ။ ကိုယ်ပိုင်စိတ်မရှိသလောက် 'အေးစိတ်'လည်း မရှိကြပြီ။ သို့အပြင် အကြိုက်တွေ့လည်း ပူပူလောင် လောင် ဖြင့်သာ ကြိုက်ခဲ့ကြရ၏။ အကြိုက်မတွေ့လည်း ပူပူလောင်လောင်ဖြင့်သာ မကြိုက်ခွင့်ကြုံ ခဲ့ကြရ၏။' (စာ-၃၀၁)
မင်္ဂလသုတ်တော်လာ 'တပေါစ၊ ဗြဟ္မာစရိ ယဉ္စ'ဆိုတဲ့ မင်္ဂလာတရားစုကို ရှင်းလင်းရေးသား ခဲ့ရာမှာလည်း 'အိမ်ထောင်သည်ဘဝ'ဆိုတာ ပါလာပါတယ်။ ၁၉၉၄ အောက်တိုဘာလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'မင်္ဂလာဓာရဏကထာ' ကျမ်းစာမှာ 'ဗြဟ္မာစရိယ မြတ်သောအကျင့်'ကို ဖွင့်ဆိုရာမှာ ကာမဂုဏ်ခံစားမှုကို ယုတ်စိတ်လို့ခေါပြီး 'ယုတ်ကျင့်'လို့ဆိုရမယ်။ ကာမဂုဏ်ရှောင်ကြဉ်မှုကိုတော့ မြတ်စိတ်လို့ခေါ်ပြီး မြတ်ကျင့်လို့ ဆိုရတယ်။
အရွယ်ရောက်စ လင်စိတ်မယားစိတ်တွေ မပေါက်ကြခင်က စိတ်ကြည်လင်လန်းဆန်းနေတယ်။ တစ်ကိုယ်ကောင်းမဆန်တတ်ခဲ့ဘူး။ ကာမဂုဏ်ခံစားလိုစိတ် ဖြစ်ပေါ်လာချိန်ကစပြီး အလိုမကျမှု၊ အားမရမှုတွေကနေ စိုးရိမ်ပူပန်မှု၊ စိတ်မချမှု၊ ငါပိုင်သိမ်းပိုက်လိုမှုတွေ ပေါ် ပေါက်လာတာနဲ့ 'ကြည်စိတ်' ပျောက်လို့ 'နောက်စိတ်' တွေဖောက်လာခဲ့ပြီ။ လန်းစိတ်တွေပျောက် နွမ်းစိတ်တွေ ရောက်လာခဲ့ပြီ။ အချိန်ရှိသရွေ့ သူမှသူ၊ သူ့စိတ်တစ်ခု တည်းဖြစ်လာတယ်။ 'အချစ်အတွက် အသက်ပင်သေသေ' ဆိုတဲ့ မိုက်စိတ် ယုတ်စိတ်တွေ ပေါ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သူ့လောက်မချစ်တော့ဘူးဆိုတော့ သူ့အောက်ရောက်သွားပြီဖြစ်လို့ အောက်ကျစိတ် (ယုတ်စိတ်)မွေးလိုက်တာနဲ့ အတူတူပါပဲ။
လိုတာရလာပြန်တော့လည်း လိုသလောက် လိုနေဦးမှာပါ။ လိုစိတ်သည် ပိုစိတ်ကို ဦးခေါင်းနင်းလျက်က ရှေ့သို့ချည်း ရုန်းနေတတ်တယ်။ လိုစိတ်သည် အားမရမှုကို အပါခေါ်လျက်က ရှေ့သို့ချည်း အတင်းရုန်းနေ တတ်တယ်။ တစ်ယောက်စာမှ နှစ်ယောက်စာ၊ တစ်လစမှ နှစ်လစာသို့ လက်ညှိုးထိုးပြမယ်။ အဲဒီကနေ သားအတွက်၊ သမီးအတွက် လိုဘတွေများလာတယ်။ လိုသမျှ လိုဘပြည့်တယ် မရှိတော့။ လိုလားတော့ နှစ်သက်၊ နှစ်သက်တော့ မြတ်နိုး၊ မြတ်နိုးတော့ တွယ်ကြတာကြပြီ။ သည်အချိန် ဘုရားအာရုံ၊ တရားအာရုံထက် မယားအာရုံက ပိုများနေပြီ။ မယားဘက်က ကြည့်လိုက် တော့လည်း မိသော၊ ဖသော၊ အစ်ကိုသော၊ မောင်သော မရောလို ပြီ။ လင်နဲ့မယား အလိုကျလာ သလောက် မိဘနဲ့နေရမှာ ကို အလိုမကျ။ တို့နှစ်ဦးသား လွတ်လပ်ပျော်ရွှင်စွာနေ ကြဖို့စဉ်းစား၊ ဒီလိုနဲ့ အိမ်ခွဲကား မိဘသပိတ်မှောက်ခဲ့ ကြတာ မဟုတ်လား။ (စာ-၁၅၇)
'သားမယား လုပ်ကျွေးနေတယ်ဆိုတာတွေ၊ လင့်ဝတ်မယားဝတ်ဆိုတာတွေက နောက်မှ ဖြစ်လာတာ၊ အရင်းခံက ကြိုက်စိတ်တဏှာ၊ ကြိုက်စွဲတဏှာ၊ ကာမဂုဏ်ခံစားချင်တာက မူလအကြောင်း၊ တစ်သက်လုံး ကျွေးမွေးသုတ်သင် ပညာသင်ပေးလိုက်တဲ့ မိဘကျတော့ ကျေးဇူးကြီးပါ တယ်ပြောပြီး အနန္တဂိုဏ်းဝင်ဆိုပြီး လုပ်ကျွေးကြလို့လား၊ ပြုစုကြလို့လား၊ လင်မယားချင်းကတော့ ပြုစုလိုက်ကြတာ၊ တယ်ပြီး ဝတ္တရားကျေချင်ကြတာပဲ။ မိဘလုပ်ကျွေး မိဘကျေးဇူးဆပ်တာ မြတ်တယ်ဆိုတာ နားလည်လျက်နဲ့ လင်လုပ်ကျွေး၊ မယားလုပ်ကျွေးနဲ့ အမြတ်မှအရှုံးသို့ ကူးသွားတာ အဲဒီကာမတဏှာက အရင်းခံပဲ'လို့လည်း ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါတယ်။
အိမ်ထောင်သည်ဘဝမှာ လင်စွဲမယားစွဲ၊ သား စွဲသမီးစွဲ အစွဲတွေက ဆွဲချသွားလိုက်တာ အောက်ရပ် အပါယ်ဘုံရောက်တဲ့အထိ၊ အစွဲတွေနဲ့ ငြိနေလျှင် အပါယ်ဒုက္ခနှင့် ဘဝဒုက္ခက မလွတ်နိုင်တော့၊ သမုဒယဆိုတဲ့ အစွဲအငြိပိုကြီးလေလေ ဘဝဒုက္ခပိုကြီးလေလေ။ ဒုက္ခနှင့် သမုဒယဆိုတာ ဝဋ်လည်သစ္စာ၊ ဒုက္ခနဲ့သမုဒယက လွတ်နိုင်တဲ့ 'ဝဋ်လွတ်သစ္စာ' 'ဝဋ်လွန်သစ္စာ'လို့ဆိုတဲ့ နိရောဓနဲ့ မဂ္ဂနှစ်ပါးသို့ ဆိုက်ရောက်ဖို့ဆိုတာ အစွဲအငြိ တွေက လွတ်မှဖြစ်နိုင်ပါတယ်။ အစွဲအငြိတွေများစေဖို့ 'အိမ်ထောင်မပြုရ'လို့ မဆိုလိုပါ။ လောက သဘာဝဖြစ် လို့ သူသူငါငါ အိမ်ထောင်ပြုကြသူတွေက အများစုပါ။ လူတွေ အားလုံးဘုန်းကြီးဝတ်ပါ၊ သီလရှင်ဝတ်ပါလို့ မတိုက်တွန်းပါ။ (၇)နှစ်သမီးနဲ့ သောတာပန်တည်ခဲ့တဲ့ ကျောင်းအစ်မကြီး ဝိသာခါလည်း အိမ်ထောင်ပြုခဲ့တာပါပဲ။ မွေးလိုက်တဲ့ သားသမီးတွေကလည်း ရှင်မွေးလွန်း လို့ခေါ်ရလောင်အောင် များလှပါတယ်။ သို့သော် ဝိသာခါသည် သတိမြဲနေတဲ့အတွက် အစွဲမရှိ၊ ကာမဂုဏ် ခံစားပြီး သူ့အပေါ်စွဲလမ်းနေတဲ့ အစွဲမရှိ၊ သူစွဲ မရှိ၊ ငါ စွဲလည်းမရှိ။
မစွဲမငြိ သတိအသိ အချိန်ပြည့်ရှိနေတဲ့ အိမ် ထောင်သည်ဘဝမျိုးကတော့ ဝိသာခါတို့ခေတ်မှာ ကျန် ခဲ့ပြီထင်ပါတယ်။ ယနေ့ ကမ္ဘာလောကတစ်ခုလုံး ကာမအာရုံတွေ ဖုံးလွှမ်းထားချိန်မှာ လွတ်မြောက်အောင် ရုန်းကန်နိုင်စွမ်းတဲ့ သတ္တိအင်အားကို တရားဓမ္မကသာ ပေးစွမ်းနိုင်တယ်လို့ ဆိုချင်ပါတယ်။ ။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )