၂၀၂၄ ဧပြီ ၈
၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ထုတ် အာရှတိုက်အတွက် ထုတ်ဝေသည့် Time မဂ္ဂဇင်း၌ မျက်နှာဖုံး ဆောင်းပါးသည် 'ဝ'များအကြောင်း ရေးထားသည့် ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါး၌ UWSA 'ဝ'တပ်တွင် တာဝန်ယူနေကြသည့် ထိပ်ပိုင်းခေါင်းဆောင်အရာ ရှိများနှင့် သူတို့၏ အပေါင်းအပါများ၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။ (တင်ညွန့်၊ မြန်မာသူဌေးကြီးများ နောက်ကွယ်ကဖြစ်ရပ်မှန်များနှင့် 'ဝ'ဒေသအတွင်းရေး၊ စာ-၆၁)
ဒီလောက်ဝင်ငွေကောင်းတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းကို စွန့်လွှတ်ဖို့ဆိုကာ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ 'ဝ'တပ်ဖွဲ့ကို အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်ရာမှာ 'ကလေး စစ်သား'တွေ အများအပြား ပါဝင်နေတာ တွေ့ရပါတယ်။
'ဝ'တပ်များသည် အင်အားတောင့်တင်းစေရန် ဒေသခံကလေးများကိုခေါ်ပြီး စစ်သားစုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၂ ခုနှစ် လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့က UWSA 'ဝ'တပ်သည် အိမ်ထောင်စုတိုင်းကို တစ်အိမ်ထောင်လျှင် သားယောက်ျားလေး တစ်ယောက်ပေးရမည်ဟု အမိန့်ထုတ်ထားကြောင်း ပြောဆိုခဲ့သည်။ 'ဝ'တပ်မှ ထွက်ပြေးလာသူ တစ်ဦးကလည်း လူ့အခွင့်အရေး အဖွဲ့ကို 'ဝ'တပ်ထဲရှိ ယောက်ျား ၁၀ ရာခိုင် နှုန်းခန့်မှာ အသက် (၁၈) နှစ်အောက်များဖြစ်ပြီး သုံးရာခိုင် နှုန်းမှ လေးရာခိုင်နှုန်းမှာ (၁၅) နှစ်အောက်များ ဖြစ်ကြောင်း ပြောကြားသည်။ ၂၀၀၇ ခုနှစ် အစီရင်ခံစာ တစ်စောင်တွင်လည်း 'ဝ'တပ်များသည် ရွာများကိုဝင်စီးပြီး အသက် (၁၂) နှစ်အောက်ငယ်သော ကလေးများကို ခေါ်ဆောင်သွားတတ်ကြောင်း ရေးသားထားသည်။' (စာ-၁၉၉)
ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရပြီ။ 'ဝ'လူမျိုးလေးဦးလျှင်တစ်ဦးနှုန်း သေဆုံးနေကြရသည်လို့ ၂၀၀၂ ဒီဇင်ဘာ ၁၆ ရက်ထုတ် Time မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ 'ဝ'စစ်သားကလေးငယ်တွေပါ စတေးပြီး 'ဝ'ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စည်းစိမ်ချမ်းသာနဲ့ အာဏာစက်ဝန်းကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။
'ဝ'ဒေသ တောင်တန်းများပေါ်တွင် ပေါက်ယုကျန်းနှင့် ညီအစ်ကိုများ လွှမ်းမိုးထားသည်။ ပန်ဆန်းနှင့် အခြားမြို့များကိုလည်း သူတို့ ညီအစ်ကိုက ထိန်းချုပ်ထားသည်။ ဗကပတို့ လက်ထက်က တဲအိမ်များနေရာတွင် ခေတ်မီမြို့တော်ကြီးများဖြစ်စေရန် သူတို့ တည်ဆောက်ပြုပြင်ခဲ့ကြသည်။ အစ်ကိုအကြီးဆုံးဖြစ်သူ ပေါ်ယုရီသည် နောက်ဆုံးပေါ် Hummer ကားအမျိုးအစား မော်ဒယ်နံပါတ် Hz-2007 ကို စီးနေသည်။ ထိုကားနံပါတ် သည် ကာလီဖိုးနီးယားပြည်နယ် နံပါတ်ပြားနှင့်ဖြစ်သည်။ ပေါက်ယုရီသည် မူးယစ်ဆေးဝါးလုပ်ငန်းကြီးကို တောင် ပိုင်းရှမ်းပြည်တစ်ခုလုံးတွင် ထိန်းချုပ်လုပ်ကိုင်နေပြီး ညီဖြစ်သူ ပေါက်ယုကျန်းထက် ဝေရှောက်ခန်း(ဝေရှုကျန်)နှင့် များစွာ ဆက်စပ်ပတ်သက်နေ သူလည်း ဖြစ်သည်။' (စာ-၆၃)
နံပါတ်သုံးဖြစ်သူ ပေါက်ယုလင်းကတော့ မြောက်ပိုင်း 'ဝ'တောင်တန်းဒေသမိုင်းမောမှာ ပြည်နယ် တာဝန်ခံအဖြစ် တရားမဝင် စိုးမိုးအုပ်ချုပ်နေပြီး ဝေရှောက်ခန်းကို သူ့ရဲ့ ဘဏ္ဍာရေးလက် ထောက်ရာထူး ပေးထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝေရှောက်ခန်းက သူ့အထက်ကို ရောက်သွားပြီး ဘဏ္ဍာရေးကိစ္စအ၀၀ကို ကြိုးကိုင်သူဖြစ်လာခဲ့ပါတယ်။ ညီအငယ်ဆုံး ပေါက်ယုဟွက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ မျက်နှာချင်းဆိုင် တာချီ လိတ်နယ်ထဲမှာ နေထိုင်ပါတယ်။
'သူ့အိမ်တွင် ငါးကန်၊ မူးယစ်ဆေးဝါးများ သိုလှောင်ရုံ(ဂိုဒေါင်)၊ အချုပ်ခန်းများနှင့် အပြည့်အစုံဖြစ်သည်။ သူ့ကို မူးယစ်ဆေးကြွေးဆပ်ရန် ပျက်ကွက်သူများ၊ သူလျှိုလုပ်သည်ဟု ထင်ရသူများကို ထိုအချုပ်ခန်းအတွင်း ထည့်သွင်းကာ အဆုံးစီရင်လေ့ရှိသည်။ သူက ညီအစ်ကိုများထဲတွင် လက်မရွံ့ လူသတ်သမားတာဝန် ယူထားရသူလည်း ဖြစ်သည်။ ပေါက်ယုဟွသည် အရက်အလွန်အကျွံ သောက်သုံးသူဖြစ်သလို မိန်းမလိုက်စားသူ တစ်ဦးလည်းဖြစ်သည်။ သူတို့ထုတ်သည့် မူးယစ်ဆေးကို ညီအစ်ကိုလေးယောက်ထဲတွင် သူတစ်ဦးသာ ပြန်လည် သုံးစွဲသူလည်း ဖြစ်သည်။ သူက အကောင်း ဆုံးယာဘ ဆေးပြားများကို သုံးစွဲတတ်သည်။ ၂၀၀၇ ခုနှစ်တွင် ဆေးလွန်ပြီး သေဆုံးခဲ့သည်။' (စာ-၆၃)
ပေါက်ယုကျန်းရဲ့ သမက်ဟိုချမ်းဆိုသူကတော့ ပေါက်ယုကျန်းနဲ့ ဝေရှောက်ခန်းတို့ရဲ့ မူးယစ်ဆေးဝါးကရလာတဲ့ ငွေမည်းများကို ငွေဖြူဖြစ်အောင် ခဝါချပေးရ သူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ပေါက်ယုကျန်းရဲ့ သမီးလေးဦးထဲက ဒုတိယသမီးဖြစ်သူ ပေါက်ယီနာနဲ့ လက်ထပ်ထားသူ ဖြစ်ပါတယ်။ ပေါက်ယီနာကလည်း စီးပွားရေးလောကမှာ ထင်ရှားသူတစ်ဦးလို့ ဆိုပါတယ်။ 'ဝ'တပ်ဖွဲ့မှာ ထင်ရှားပြီး အားကိုးရသူတစ်ဦးကတော့ 'ဝ'လူမျိုး ဝေစိုင်းတန်(ခေါ်) တထန်ဆိုတဲ့ အရာရှိတပ်မှူး ကြီးဖြစ်ပါတယ်။ ထိုင်းနယ်စပ်တစ်ဝိုက် သူပုန်ပြိုင်ဘက် တပ်များနဲ့ အစိုးရတပ်များနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း များစွာကို ဦးဆောင်ခဲ့သူလည်း ဖြစ်တယ်။ ပေါက်ယုကျန်းကိုယ်တိုင်က သူ့ကို အတော်ဆုံး တပ်မှူးကြီးလို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ သူလည်း ဒီပုပ်ထဲက ဒီပဲ၊ ယာဘဆေးပြား အများအပြား ထုတ်လုပ် ရောင်းချနေသူ သာဖြစ်တယ်။ ဒါကြောင့် ဝေရှောက်ခန်းက သူ့ကို မဟာရန်သူတော်ကြီးလို့ သဘော ထားတယ်။ မူးယစ်ဆေးဝါး ဈေးကွက်လုရင်း တင်းမာလာတယ်။
ဒါပေမဲ့ ဝေစိုင်းရဲ့ လက်တံက ပိုရှည်လာပြီး တရုတ်နဲ့ မြန်မာငွေစက္ကူတွေ အတုပြုလုပ်ခဲ့ရာက အဖမ်းခံလိုက်ရပြီး ထောင်ဒဏ် ၂၅ နှစ်အပြစ်ပေးခံရပါတယ်။ ပန်ဆန်းထောင်မှာ ငါးနှစ်နေပြီး ပြန်လွတ်လာတော့ UWSA ('ဝ'တပ်ဖွဲ့)ဌာနချုပ်က ပြန်ခေါ်တယ်။ ခွန်ဆာရဲ့ MTA တပ်တွေနဲ့ တိုက်ခိုက်ရာမှာ ဝေစိုင်းကို မရှိမဖြစ် လိုအပ်နေတယ်။ ပေါက်ယုကျန်းက ဂူတစ်ဂူတည်း ခြင်္သေ့နှစ်ကောင်ဖြစ်နေတဲ့ ဝေရှောက်ခန်းနဲ့ ဝေစိုင်းတို့ကို ပြန်ပေါင်းထုတ်စေလိုတယ်။ ဒါပေမဲ့ ဝေရှောက်ခန်းက လက်မခံဘဲ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ (စာ-၆၇)
ဝေစိုင်းဟာ 'ဝ'လူမျိုးဖြစ်ပြီး ပေါက်ယုကျန်းအပေါ်မှာ အလွန်သစ္စာရှိတယ်။ ဝေရှောက်ခန်းက လူမျိုးမတူ တရုတ်ဖြစ်နေလို့ စိတ်မချရဘူး။ အချိန်မရွေး သစ္စာဖောက်သွားနိုင်တယ်လို့ ပေါက်ယုကျန်း ယူဆတယ်။ ပြီးတော့ UWSA ('ဝ'တပ်ဖွဲ့)အတွင်း ပုန်ကန်မှုတွေဖြစ်ပေါ်မလာအောင် ဝေစိုင်းက ထိန်းချုပ်ထားနိုင်တယ်။ တစ်ဖက်ကလည်း ဝေရှောက်ခန်းကို ဘဏ္ဍာရေးအရ အားကိုးနေရတယ်။ (ဝေရှောက်ခန်းမရှိလျှင် တရားမဝင်မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေသည့် ထိုဒေသကို မြန်မာရော၊ နိုင်ငံတကာကပါ ဝင်ရောက် လွှမ်းမိုးထိန်းချုပ်သွားနိုင်သည်)လို့ ဆိုပါတယ်။ (စာ-၆၉)
ဘယ်လိုပဲဖြစ်စေ ဝေစိုင်းနဲ့ ဝေရှောက်ခန်းတို့ရဲ့ အားပြိုင်မှုဟာ ပေါက်ကွဲတဲ့အဆင့်ကိုတော့ ရောက်မလာခဲ့ပါဘူး။ ဝေရှောက်ခန်းဟာ 'ဝ'တပ်ဖွဲ့ကို အသုံးချပြီး စီးပွားရေးအင်ပါယာကို ချဲ့ထွင်ခဲ့ပါတယ်။ သူက အမည်မခံဘဲ အခြားသူများရဲ့အမည်နဲ့ စီးပွားရေးလုပ်ခဲ့ရာမှာ 'ဟုံပန်း' ကုမ္ပဏီဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ ဟုံပန်းဆိုတာ တရုတ်စကားဖြစ်ပြီး 'ကြီးပွားချမ်းသာသော တိုင်းပြည်'လို့ အဓိပ္ပာယ်ရပါတယ်။
'ဟုံပန်း'ကုမ္ပဏီသည် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်းနယ်များတွင်သာမက ရန်ကုန်မြို့တွင်ပါ ကုမ္ပဏီရုံးခွဲများ ဖွင့်လှစ်ထားနိုင်သည်။ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခဲ့ပြီး ဒေါ်လာသန်းချီကာ ကြွယ်ဝလာခဲ့သည့် ဝေရှောက်ခန်း(ဝေရှုကျန်)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သည် ထိုင်းနိုင်ငံ(မြောက်ပိုင်း)နှင့် တရုတ်နိုင်ငံအတွင်း၌ပါ အကြီးအကျယ်လုပ်ကိုင်ထားသည်ဟု ဆိုကြသည်။ သူလှုပ်ရှားနေသမျှသည် သူ့အမည်မခံဘဲ အခြားသူများကို အမည်ခံကာ လုပ်ခိုင်းထားသည်။ ထို့ကြောင့် သူ့ပိုင်ဆိုင်မှုနှင့် လုပ်ငန်းများကိုနောက် ကြောင်းခြေရာခံရန် ခက်ခဲလှသည်။ တစ်နည်းအားဖြင့် လုပ်ငန်းများစွာလုပ်ပြီး ငွေမည်းများကို ငွေဖြူဖြစ်အောင် ကြံဆောင်နေသော်လည်း သူ့ထံတွင် ထိုအခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များကို အပြည့်အဝရထားသလို ဖြစ်နေသည်။'
'ဝေရှောက်ခန်းနှင့် ပေါက်ယုကျန်းတို့ကို အမေရိကန်ပြည်ထောင်စုက အလိုရှိသူများအဖြစ် စာရင်းထုတ်ထားသည်။ ထိုင်းနိုင်ငံရှိ လူ ၁၁ ဦးနှင့် ကုမ္ပဏီ ၁၆ ခုတို့ကို UWSA ('ဝ'တပ်ဖွဲ့)နှင့် ဆက်နွှယ်မှုရှိသည်ဆိုကာ အမေရိကန်က ပိတ်ဆို့မှုများ လုပ်လိုက်သည်။ သို့သော် အမှန်တကယ် နာမည်ထွက်သွားသူက ဝေရှောက်ခန်း၏ ဒုတိယဇနီးဖြစ်သူ ဝါရင်းချိုင် ချမ်ရင်ဖန်နှင့် သူမ၏အစ်ကို ဝီနိုင်ပစ်ချိုင်ယုတို့ ဖြစ်သည်။ အမေရိကန်အစိုးရက ဝေရှောက်ခန်းသည် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဟုံပန်းဆိုသည့် အမည်အားလုံးနှင့် ပတ်သက်နေသူဟု စွပ်စွဲထားသည်။' (စာ-၁၀၇)
ဟုံပန်းရဲ့ လက်အောက်မှာ လုပ်ငန်းစုကြီး ပေါင်း ၃၀ ခန့်ရှိပြီး အခြားအမည်ခွဲတွေနဲ့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေလည်း ရှိသေးတယ်လို့ဆိုပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ဟုံပန်းကို 'ရှင်ဟောင်း'လို့ အမည်ပြောင်းခဲ့ပါတယ်။
'ဝေရှောက်ခန်းသည် ဟုံပန်း၏ ဘော့စ်ဖြစ်ကြောင်း အားလုံးသိကြသည်။ သူ့အပေါင်းအသင်း တစ်ဦးဖြစ်သူ ဘန်ရွန်းသည် ကုမ္ပဏီ၏ တာဝန်ခံအဖြစ် နာမည်ခံထားပြီး မြန်မာ၊ ထိုင်း၊ လာအို နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးကွန်ရက်ကြီးတစ်ခုကို ထူထောင်ထားသည်။ ဟုံပန်းကို အမည် ပြောင်းထားသည့် 'ဂရင်းလန်း'ကို ဘန်ရွန်းသည် လူ ၁၁ ဦးဖြင့် ဖွဲ့စည်းကာ လှုပ်ရှားနေသည်။ သူတို့လက်အောက်တွင် ထိုင်းနိုင်ငံမူးယစ်ကုန်သည် ခြောက်ဦးက လှုပ်ရှားပေးနေသည်။ ထိုအုပ်စုတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ခန့်ထားပြီး သူတို့လုပ်ငန်းများကို အကာအကွယ်ပေးထားသည်။' (စာ-၁၀၈)
ဟုံပန်းရဲ့ ဆောက်လုပ်ရေးကုမ္ပဏီ၊ ကျောက်စိမ်းနဲ့ ပတ္တမြားတူးဖော်ရေး လုပ်ငန်းတွေဟာလည်း အလွန်ကြီးကျယ်လှပါတယ်။ ပန်ဆန်းနဲ့ ကူမင်း(ယူနန်ပြည်နယ်)မှာ ရုံးခန်းဖွင့်ထားတဲ့ Good Health Fine ကျောက်မျက်ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးပတ္တမြားကုမ္ပ ဏီကြီးအဖြစ် ကျော်ကြားပါတယ်။ ကျောက်မျက်ရတနာတွေကို အဲဒီကုမ္ပဏီကတစ်ဆင့် အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဟောင်ကောင်စတဲ့ နိုင်ငံများသို့ တင်ပို့ခဲ့တယ်ဆိုပါတယ်။ 'မြန်မာနိုင်ငံမှ မူးယစ်ဆေး သယ်ယူပို့ဆောင်သူများသည် ကျောက်မျက်မှောင်ခိုလုပ်ငန်းကိုလည်း လုပ်ဆောင်ကြသူများ ဖြစ်သည်။ ရှမ်းပြည်နယ်မှ ပတ္တမြား၊ ကချင်ပြည်နယ်မှ ကျောက်စိမ်းများကိုပါ မှောင်ခိုရောင်း ဝယ်မှုလုပ်ပြီး စီးပွားဖြစ်နေကြသည်'လို့ ဆိုပါတယ်။
'၂၀၀၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် အမေရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့(DEA)က 'ဝ' တပ် UWSA မှ အဆင့်မြင့်အရာရှိကြီး ရှစ်ဦးကို ဘိန်းဖြူနှင့် မက်သာအမ်ဖက်တမင်းဆေးပြားများ ထုတ်လုပ်ရောင်းချမှုဖြင့် စွဲချက်တင်ကာ စာရင်းထုတ်ပြန်ခဲ့သည်။ ထိုစာရင်းထဲတွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ မှ အဆင့်မြင့်အရာ ရှိကြီးတစ်ဦးလည်း ပါဝင်နေသည်။ ထိုအကြောင်းကို နာမည်ကျော် Time မဂ္ဂဇင်းကြီး ၏ အာရှထုတ်မျက်နှာဖုံးကို တင်လိုက်သောကြောင့် ပိုပြီးလှုပ်ခတ်သွားခဲ့ရသည်။ ဘန်ကောက်အခြေ စိုက် သတင်းထောက်များဖြစ်သည့် အင်ဒရူးမာရှယ်နှင့် အန်သိုနီဒေးဗစ်တို့က Time မဂ္ဂဇင်းပါ ဆောင်းပါးကို ရေးသားခဲ့သည်။ 'ဝ'လူမျိုးစုများနှင့် အာရှ၏ မူးယစ်ဆေးဗဟိုဌာနဖြစ်လာပုံ အကြောင်းများကို ဖွင့်ချဖော်ထုတ်ရေးသားထားခြင်း ဖြစ်သည်။' (စာ-၂၀၁)
'ဝ'ခေါင်းဆောင်များဟာ ၁၉၈၅ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးများကို ထုတ်လုပ်နေကြပြီး အမေရိကန်ပြည်ထောင်စုသို့ တင်ပို့နေကြောင်း Time မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(DEA)ကလည်း ယာဘစတဲ့ မူးယစ်ဆေးပြားများကို UWSA ('ဝ' တပ်ဖွဲ့)က ထုတ်တယ်လို့ အခိုင်အမာပြောဆိုလာခဲ့ပါတယ်။ (စာ-၂၀၂)
'DEAကမူးယစ်ဆေးဝါး ထုတ်လုပ်သည့် 'ဝ'တရားခံများစာရင်းတွင် ဝေရှောက်ခန်းကိုလည်း ထည့်သွင်းထားသည်။ သူ့ကို ၁၉၈၅ ခုနှစ်ကတည်း အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေးဝါး တင်သွင်းမှုဖြင့် ၁၉၉၃ ခုနှစ်မှာ တရားစွဲခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်ဇွန်လတွင် ဝေရှောက်ခန်းနှင့် အတူသူ၏ညီနောင်များဖြစ်သည့် ဝေရှုလုံနှင့် ဝေရှုရင်အပါအဝင် ပေါက်ယုကျန်းတို့ ညီအစ်ကိုလေးဦးနှင့် UWSA ('ဝ'တပ်ဖွဲ့)မှ ခေါင်းဆောင်ရှစ်ဦးတို့ကို အမေရိကန် DEA က တရားစွဲဆိုတော့သည်။' (စာ-၂၀၃)
အမေရိကန်တို့က ဆက်လက်ပြီး ၂၀၀၅ ခုနှစ် မှာ တရားခံစာရင်းကို ထုတ်ပြန်ခဲ့ပြန်ပါတယ်။ သူတို့က တရားခံစာရင်းထုတ်ပြန်လိုက်မှပဲ ၂၀၀၆ ခုနှစ်မှာ ဝေရှောက်ခန်ဟာ 'ဝ'တပ်ဖွဲ့(UWSA)ရဲ့ ဘဏ္ဍာရေးမှူးကြီး ဖြစ်လာပါတော့တယ်။ သူဘဏ္ဍာရေးမှူးတာဝန်ယူပြီး နှစ်နှစ်အတွင်းမှာ 'ဝ'တပ်ဖွဲ့ ငွေကြေး ဘဏ္ဍာတွေပိုပြီး တောင့်တင်းလာခဲ့ပါတယ်။
'မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးလောကကို ကြီးစိုးထားသူများမှာ တရုတ်ဂိုဏ်းများဖြစ်သည်။ သူတို့သည် အခြားနိုင်ငံ လူမိုက်ဂိုဏ်းများနှင့် ကွန်ရက်ချိတ် ဆက်ထားနိုင်သူများလည်း ဖြစ်သည်။ အမေရိကန် အစိုးရကလည်း လူမိုက်ဂိုဏ်းရာဇာဝေရှောက်ခန်းကို သတင်းပေးနိုင်သူအား ဆုငွေဒေါ် လာနှစ်သန်းပေးမည်ဟု ကြေညာချက်ထုတ်ထားသည်။ ထိုထုတ်ပြန်ချက်သည် ၁၉၉၃ ခုနှစ်ကတည်း ကဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက သူ့ပုံများကို ထိုင်းနိုင်ငံစည်ကားသည့် နေရာများတွင် 'အလိုရှိသည်'ဆိုသည့် ပုံများကပ်ကာ ကြေညာခဲ့သည်။' (စာ-၂၂၄)
'ဝေရှာက်ခန်းနှင့် ညီအစ်ကိုများသည် ၂၀၀၅ ခုနှစ်လောက်ကတည်းက အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေးဝါးများ တင်သွင်းခဲ့သည်။ သူတို့ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခဲ့သည့် ဘိန်းဖြူပမာဏမှာ တစ်တန်ခန့်ရှိမည်ဟု ဆိုသည်။
ကာလပေါက်ဈေးနှင့်ဆိုလျှင် ဒေါ်လာတစ်ဘီ လီယံခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စုက UWSA ('ဝ'တပ်ဖွဲ့)ကို ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအကြီးကျယ်ဆုံး မှောင်ခိုကူးနေသည့် တပ်ဖွဲ့ကြီးဖြစ်ကြောင်း စွပ်စွဲလိုက်သည်။ ၂၀၀၆ ခုနှစ် တစ်နှစ်တည်းမှာပင် UWSA ('ဝ'တပ်ဖွဲ့) သည် ဘိန်းဖြူသန့် စင်ထုတ်လုပ်မှု သုံးတန်ခန့်ရှိသည်။ သူတို့ထုတ်လုပ်ခဲ့သည့် အမ်ဖက်တမင်းဆေးပြားများကလည်း ဈေးကွက်တွင် ကျယ်ပြန့်နေပြီဖြစ်သည်။
အနီးဆုံးဈေးကွက်က ထိုင်းနိုင်ငံဖြစ်ပြီး ကုန်တင်ကားမောင်းတဲ့ ဒရိုင်ဘာများ ရာနှုန်းတစ်ရာနီးပါး ဆေးစွဲနေကြတယ်လို့ ဘန်ကောက်ရမ္မာသီဗောဓိ ဆေးရုံကြီးမှ ဆရာဝန်များရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
'မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများမှာ ထိုင်းနိုင်ငံစီးပွားရေးကို နောက်ကွယ်က များစွာချုပ်ကိုင်နေကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးစွဲနေသူ သန်းချီပြီးရှိ နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ယာဘဆေး အနည်းဆုံးသုံးစွဲသူပင် တစ်နေ့နှစ်ပြားခန့် သုံးစွဲနေကြသည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံတွင် ယာဘဆေးအတွက် တစ်ရက်သုံးစွဲနေကြသည့် ငွေကြေးပမာဏမှာ ဘတ်ငွေ သန်း ၁၉၀ ခန့် ဖြစ်နေသည်။ တစ်နှစ်လျှင် ယာဘဆေးအတွက် သုံးစွဲနေကြသည့် ငွေကြေးပမာဏသည် ၆၉ ဒသမ ၃၅ ဘီလီယံဖြစ်သည်။ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄၄ ဘီလီယံခန့်)} (စာ-၂၃၂)
'မူးယစ်ဆေးဝါးမှရသည့် ငွေကြေးများဖြင့် အာဏာကို ထူထောင်၍ရသည်။ တန်ခိုးသြဇာရှိအောင် လုပ်နိုင်သည်။ မူးယစ်ရာဇာကြီးများနှင့် လုပ်ငန်းရှင်ကြီးများ ပူးပေါင်းပြီး ပြည့်တန်ဆာလုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ၊ လူမှောင်ခိုကူးခြင်းများ သစ်မှောင်ခိုနှင့် လက်နက်ထုတ် လုပ်တင်ပို့ရောင်းချခြင်းတွေပါ လုပ်ကိုင်လာကြတယ်ဆိုပါတယ်။
'ပန်ဆန်းနှင့် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက် လာမှုသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုကြောင့်ဖြစ်ကြောင်း သိသာလှသည်။ ထိုဒေသတစ်ဝိုက်တွင် ဘိန်းဖြူချက်သည့် စက်ရုံတွေများစွာရှိ နေသည်။ ဘိန်းဖြူလုပ်ငန်းများကြောင့်လည်း လူချမ်းသာတွေ ပေါများလာခဲ့သည်။ ဘိန်းဖြူထုတ်လုပ်မှုသည် ၁၉၇၀ လောက်ကတည်းက ပေါ်ထွန်းလာသည်။ ၁၉၉၀ ပြည့်နှစ်ပိုင်းလောက်တွင် မက်သာ အမ်ဖက်တမင်း ထုတ်လုပ်မှုများကို ပြုလုပ်လာကြသည်။'
'စစ်တပ်အုပ်စိုးမှုကို ဆက်လက်ဆန့်ကျင်နေကြသည့် သူပုန်များစွာသည် နယ်စပ်ဒေသများတွင် ရပ်တည်ပြီး တော်လှန်ပုန်ကန်နေကြဆဲ ဖြစ်သည်။ ထိုသူပုန်တပ်များ ရပ်တည်ရန်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုကလွဲပြီး အခြားနည်းလမ်းမရှိကြောင်းကိုလည်း တွေ့ရသည်။' (စာ-၂၄၄)
'မြန်မာနိုင်ငံကို မကြာသောကာလတွင် မူးယစ်ကင်းစင်နိုင်ငံဖြစ်စေရန် မျှော်လင့်ဆောင်ရွက်လာကြသော်လည်း လက်တွေ့တွင် မအောင်မြင်ခဲ့ဟု ဆိုရမည်။ ကုသလမဂ္ဂ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးခြင်း လုပ်ငန်းများ ပြန်လည်ခေါင်းထောင် လာခဲ့ပြီး ထုတ်လုပ်မှုများလည်း တိုးပွားလာခဲ့သည်ဟုဆိုသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို ဆန်းစစ်ကြည့်သည့်အခါ ဘိန်းဖြူသည် ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းများ တိုးတက်လာသည်။ (ဆေးပြား ထုတ်လုပ်ရောင်းချခြင်းက အကျိုးအမြတ် ရာခိုင်နှုန်း ၃၀၀ အထိ ရှိလာသည်) ဘိန်းဘုရင်ကြီးများအတွက် အကျိုးအမြတ်များ သည့် ဘိန်းလုပ်ငန်းကို မစွန့်နိုင်ကြသေး။'
'ထိုအချိန်တွင် တိုင်းရင်းသားလူမျိုးစု သူပုန်တို့ကလည်း မြန်မာနိုင်ငံအစိုးရကို လက်နက်စွဲကိုင် တော်လှန်ပုန်ကန်နေချိန်ဖြစ်သည်။ တိုင်းရင်းသား သူပုန်တို့အနေဖြင့် လက်နက်များဝယ်ယူပြီး ရပ်တည်နိုင်ရေးအတွက် ဘိန်းလုပ်ငန်းကလွဲပြီး အခြားအဖြေမရှိဖြစ်ခဲ့ရသည်။' (စာ-၂၁၉)
ဒါကြောင့် 'ဝ'ဒေသရဲ့ အတွင်းရေးဆိုတာ ဘိန်းနှင့်မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းသာ ဖြစ်တယ်လို့ ဆရာတင်ညွန့်ရဲ့ စာအုပ်က ကွက်ကွက် ကွင်းကွင်း ဖော်ပြထားပါကြောင်း တင်ပြလိုက်ရပါတယ်။ ။ ( မြန်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )