မဲဆောက်ရောက် ဇော်ကန့်လန့်များနဲ့ ငှက်ကင် ခိုးစားကြသူများ

၂၀၂၄ မတ် ၂၁

    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘုန်းတန်ခိုးအာဏာပါဝါကို မနာလိုသူတွေ ရှိနေသည်။ နွေဦးကာလ ဖုန်ထတုန်းက တော်လှန်ရေးခေါင်းဆောင်ကြီးတွေလိုပဲ တော်လှန်ရေးမှာပါဝင်၊ တပ်ကို ကလော်တုတ်ရင် အမေရိကားရောက်တယ်ဆိုပြီးအထင်နဲ့ လွတ်မြောက်နယ်မြေဆိုတာတွေ၊ မဲဆောက်နယ်မြေဆိုတာတွေကို အလုံးအရင်းနဲ့ပြေးကြသည်။ ဟိုလည်းရောက်ရော  တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ပိုအပြေးသန်တော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အမေရိကားကို ရောက်သွားကြသည်။ ပြဿနာက အဲ့ဒီမှာစတာ ဖြစ်သည်။ အမေရိကားဆိုတာကလည်း တွေ့ကရာလူ နူနူဝဲဝဲ ကျိုးကျိုးကန်းကန်း ခေါ်တာမျိုးမဟုတ်ဘဲ ထိပ်တန်း အဆဲနိုင်ဆုံး၊ အတော်လှန်နိုင်ဆုံးလူတွေကို ရွေးခေါ်တာ ဖြစ်သည်။ ဒီတော့ အထက်လည်းမရောက်၊ အောက်လည်းမရောက် ဇော်ကန့်လန့်တွေဖြစ်ပြီး တော်လှန်ရေးခေါင်းဆောင်ငယ်လေးတွေမှာ မဲဆောက်ဗီလာတို့၊ UN အိမ်ရာတို့ကနေ ရရာလက်နက် ဘတ်ငွေစွဲကိုင်ကာ တော်လှန်နေကြရှာသည်။
    ဒီလိုနဲ့ တော်လှန်သက်တမ်းလေးကလည်းရလာတော့ တော်လှန်ရေး လူတန်းစားကွဲပြားမှုကြီး ဖြစ် လာရတော့သည်။ အမေရိကားက တော်လှန်ရေးခေါင်း ဆောင်ကြီးတွေကတော့ တိုက်နဲ့ကားနဲ့၊ အိုင်ဖုန်းအသစ် တွေနဲ့ဆိုတော့ မဲဆောက်ချောင်ကလောင်မှာ ခိုကပ်နေရတဲ့ တော်လှန်ရေး ခေါင်း ဆောင်လေးတွေမှာ ခေါင်းဆောင်ကြီးတွေကို မနာလိုတိုရှည် ဖြစ်လာကြသည်။ ဒီကြားထဲ တော်လှန် ရေးခေါင်းဆောင်မကြီးက အမေရိကား နိုင်ငံကြီးအကြောင်းကို ဘုန်းတော်ဘွဲ့တွေ ရေးပြတော့ ဇော် ကန့်လန့်ခေါင်းဆောင်လေးတွေ မနာလိုအား ကျဖြစ်လာကြသည်။ ဒါတင်ပဲလားဆိုတော့ အမေရိကားမှာ ဒေါ်လာသန်းချီတန် အိမ်ကြီးတွေဝယ်ဖို့ ဘယ်လိုကြိုးစားရတာ၊ ဘယ်လိုအလုပ်တွေလုပ်ရတာ၊ ဘယ်လိုအရစ်ကျတွေ၊ ဝယ်လို့ရတယ်။ တော်လှန်ရေးမှာ သွေးအေးရင် အိမ်မဝယ်နိုင်ဘူးတို့ စာအရှည်ကြီးတွေရေးပြတော့ ပိုလို့တောင်ဆိုးသွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။တော်လှန်ရေး အတူတူလုပ်လာပြီး ခေါင်းဆောင်ကြီးတွေကျတော့ အမေရိကားမှာ ကြီးပွားနေကြသည်။ ထိုင်းက ခေါင်းဆောင်ငယ်လေးတွေတောင် တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်း မတူကြပေ။ အချိန်တန်ရင် Zoom မီတင်လေးတက်လိုက်၊ လက်ကလေးသုံးချောင်းထောင်ပြရုံနဲ့ အမေရိကားက လစာပေးထားတဲ့ သူတွေကြတော့ ဘတ်သိန်းချီ တစ်လတစ်လရကြသည်။ တချို့ကြတော့ မဲဆောက်က UN အိမ်ရာ ဆယ်ပေအခန်းကျဉ်း လေးထဲမှာ ဟိုနိုင်ငံကခေါ်နိုးနိုး၊ ဒီနိုင်ငံကခေါ်နိုးနိုး မျှော်တော် ယောင်ဖြစ်နေသည်။ ဒီတော့လည်း တော်လှန်ရေးကြီးက နှစ်ပိုင်းအတွင်း လူတန်းစား ဗြန်းဗြန်းကွဲလေ တော့သည်။
    ဒီတော့ မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ အမေရိကန်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ အလှူခံနေတဲ့ခေါင်းဆောင်ကြီးတွေကို သင်္ကာမကင်း ဖြစ်ကုန်ကြသည်။ ခေါင်းဆောင်ကြီးတွေ တော်လှန်ရေးဆိုပြီး အလှူခံတဲ့ငွေတွေများ ခိုးသလား၊ ဖွက်သလားဆိုပြီး မေးခွန်း ထုတ်ကြသည်။ ဒီတော့ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေကလည်း ငါတို့ခိုး၊ မခိုးသိချင်ရင် အမေရိ ကန်လာခဲ့ စာရင်းပြမယ်ဆိုပြီး ဖြစ်ကုန်ကြသည်။ နဂိုကတည်းကမှ အမေရိကန်ကို သွားချင်နေတာ ဟိုက မခေါ်တာကြောင့် ဆင့်အဟွာ ခွေးမျှော်ဆိုသလို ဖြစ်နေကြတဲ့အထဲ စာရင်းစစ်ချင်ရင် အမေရိ ကန်လာဆိုတော့ ဒေါသူပုန်တွေ ထကုန်ကြသည်။ ဒီတော့ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေ ကြီးပွားတိုးတက်နေတာ မနာလိုတော့  ဖေ့စ်ဘုတ်မှာ စောင်းမြောင်းရေးကုန်ကြသည်။ သို့သော် တော် လှန်ရေးခေါင်းဆောင်ကြီးတွေကိုတော့ နာမည်တပ်မပြောရဲကြပေ။ တော်လှန်ရေးခေါင်းဆောင်ကြီး တွေဆိုတာလည်း ဖော်လိုဝါသန်းချီရှိတော့ ဖော်လိုဝါသန်းချီက ဆဲနည်းသန်းချီနဲ့လာဆဲရင် ဒုက္ခတွေ့နိုင်သည်။ ထူးမြတ်တို့လည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ဖေ့စ်ဘုတ်ပေါ်တက် ဝေဖန်ဖို့နေနေသာသာ စိတ်နဲ့တောင် မပြစ်မှားရဲပေ။ ဘုန်းတန်ခိုးက ကြီးတာကြောင့်ဖြစ်သည်။
    အဲဒီလို ခေါင်းဆောင်ကြီးတွေ အမေရိကားမှာ သာသာယာယာ တော်လှန်နေတာကို မဲဆောက် လောက်ကနေ မိုင်ထောင်ချီ လှမ်းမနာလိုသူတွေကြတော့  ဖေ့စ်ဘုတ်တွေမှာ ရိသလို၊ ရွဲ့သလိုတွေ ရေးကြသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကလည်း ချက်ဆိုနားခွက်က မီးတောက်တော့ သူခိုးလို့ သူတို့ကိုပြောတာ၊ တော်လှန်ရေးငွေတွေ ဗုန်းနေတာလို့ သူတို့ကိုပြောတာကို တန်းသိကြလေ သည်။ ဒီလိုဆိုရင် ခေါင်းဆောင်ကြီးတွေက သူတို့ဘယ်လောက်ဖြူစင်ကြောင်း၊ တော်လှန်ရေး ကြီးကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အမေရိကားကိုပြေးပြီး ရွပ်ရွပ်ချွံချွံ အလှူခံတာဖြစ်ကြောင်း စာအရှည် ကြီးရေးကာ ရှင်းပြကြလေတော့သည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေက ပန်းနုသွေးလုပ်လေ မဲဆောက်ကလူတွေက ခင်မို့မို့အေးဖြစ်ကုန်ကြသည်။ ခေါင်းဆောင်ကြီးတွေ တိုက်နဲ့ကားနဲ့၊ မယားနဲ့ သားနဲ့ နိုင်ငံခြားမှာ တက္ကသိုလ်တွေထားတော့ ဘယ်ကငွေတွေလည်း ခိုးရင်ခိုးတယ်ပြောနော်ဆိုပြီး ခပ်ရွဲ့ရွဲ့လေးတင်ကြသည်။
    မဲဆောက်က ဇော်ကန့်လန့်တွေဘဝကို ပုံပမာနှိုင်းရရင် သစ်ခေါင်းထဲအော်ပြောရတဲ့ မုဆိုးကြီး ပုံပြင်ကို သွားသတိရမိသေးသည်။ ရှေးသရောအခါ ပြည်ဗာရာ၌ ဗာမင်းကြီးစိုးစံလေသည်။ ထိုခေတ်ကာလက ပြည့်တန်ဆာဆိုတဲ့ အမျိုးသမီးတွေကို ဘုရင်က တိုက်ရိုက်ခန့်ထားပြီး ပြည်ရဲ့ တန်ဆာလို့ဆိုကာ တန်ဖိုးထားကြသည်။ ပြည့်တန်ဆာဆိုတာ တိုင်းပြည်ရဲ့ လည်ဆွဲတန်ဆာသဖွယ် လည်း ဖြစ်သူတို့ကိုလည်း ဘုရင်က ခန့်တာဆိုတော့ ကြောက်ကြရသည်။ ဒီတော့ ဗာမင်းကြီး လက်ထက်မှာ အင်မတန်တန်ခိုးထွားတဲ့ ပြည့်တန်ဆာကြီးတစ်ယောက်ရှိသတဲ့၊ အဲဒီ ပြည့်တန်ဆာကြီး က မေဒိကန္တပြည်ကို အလည်သွားတုန်း လမ်းခရီးမှာ လူကွဲသွားပြီး နှစ်ရက်လောက် တောထဲ ထမင်းမစားရဖြစ်နေသတဲ့၊ အဲဒီမှာ ကံအားလျော်စွာပဲ မုဆိုးတစ်ယောက်အိမ်ကို ရောက်သွား တယ်၊ မုဆိုးကတောလည်တုန်းဆိုတော့ အိမ်မှာ မရှိဘူး၊ ပြည့်တန်ဆာမကြီးလည်း မုဆိုးပြန်လာရင် စားဖို့ ကင် ထားတဲ့ ငှက်ကင်ကြီးကိုတွေ့တော့ ဗိုက်ဆာဆာနဲ့ ခိုးစားလိုက်ပါရော။
    မုဆိုးပြန်လာတော့ သူ့ငှက်ကင် ခိုးစားထားတာတွေ့ပေမယ့် ဘုရင့်ပြည့်တန်ဆာဆိုတော့ ဘာမှ မလုပ်ရဲဘူး၊ ပြည့်တန်ဆာကြီးကလည်း ငါငှက်ကင်ခိုးစားတာ သူများပြောရင် နင့်ခေါင်းအပြတ်ပဲလို့ ကြိမ်းသွား သတဲ့၊ ခုခေတ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို ခိုးတယ်ပြောရင် ပြန်ဆဲသလို ဖြစ်နိုင်သည်။
    ပြည့်တန်ဆာကြီး ပြန်သွားတော့ မုဆိုးလည်း ပြောချင်စိတ်က မျိုသိပ်မရ အပြစ်ပေးခံရမှာ ကြောက်တော့ ရသေ့စိတ်ဖြေသဘောနဲ့ တောထဲက သစ်ပင်ကြီးတစ်ပင်ရဲ့ သစ်ခေါင်းထဲမှာ ဘာသယ်မကြီး ငှက်ကင်ခိုးစားတယ်ဟေ့...လို့ သုံးခါအော်လိုက်မှ စိတ်ပြေသွားသတဲ့။ ဖြစ်ချင်တော့ ဘုရင်ကြီးစည်တော်က ကွဲသွားလို့ စည်အသစ်ရှာဖို့ မင်းချင်းတွေက တောလည်ရှာတော့ အဲဒီသစ်ပင်ကြီးကို ခုတ်ပြီးစည်တော်လုပ်သတဲ့။ စည်တော်လုပ်လည်းပြီးရော စည်တော်ကြီးက စည်တော်သံ မထွက်ဘဲ ''ဘာသည်မကြီး ငါ့ငှက်ကင်ခိုးစားတယ်"ဆိုတဲ့ အသံသာ ထွက်နေတော့သည်။ ခုလည်း မဲဆောက်က တော်လှန်ရေး ဇော်ကန့်လန့်လေးတွေမှာ သစ်ခေါင်းထဲမှာ "အမေရိကန်က ဟိုကောင်မကြီး ငှက်ကင်ခိုးစားနေတယ်"၊ "အမေရိကန် ကဟိုကောင်မကြီး ငှက်ကင်ခိုးစား နေတယ်" လို့သာ အော်နေရရှာလေသည်။

 ( ထူးမြတ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 471

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42956

© 2022 - 2025 News. All Rights Reserved.