၂၀၂၅ ၊ ဧပြီ ၂၅
ရှမ်း(မြောက်)မြို့တော်ဖြစ်တဲ့ လားရှိုးနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းကြားရတဲ့ သတင်းတွေက ပြည်သူတွေအတွက်တော့ ဝမ်းသာစရာတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်။ အထူးသဖြင့်တော့ ဒေသခံ စစ်ရှောင်ပြည်သူတွေအတွက်ပေါ့လေ။ တကယ်တော့ လားရှိုးကနေ ကိုးကန့်တပ်တွေ ပြန်ဆုတ်မယ်ဆိုတဲ့ သတင်းက တရုတ်နှစ်သစ်ကူးနေ့ လောက်ကတည်းက ခပ်ပါးပါးကြားနေရတဲ့ သတင်းတွေပါပဲ။ ကောလာဟလ သတင်းတွေမှာတော့ လားရှိုးကနေ ပြန်ဆုတ်ဖို့ ကိုးကန့်တပ်တွေက အချိန် ခြောက်လ ယူတယ်ဆိုတဲ့ သတင်းတွေ ကြားနေရပေမယ့် ခုမြင်ရတဲ့ ပုံစံအတိုင်းဆိုရင် ခပ်မြန်မြန်ပဲ အကောင်အ ထည်ဖော် နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ တကယ်တော့ စစ်ရေး ကိစ္စတွေဆိုတာ နိုင်ငံရေးအရ မဖြေရှင်းနိုင်ကြလို့သာ မလွဲမသွေ ဖြစ်လာရတဲ့ ကိစ္စတွေချည်းပါပဲ။ ခြွင်းချက်အနေနဲ့ကတော့ ဥပဒေကို ကျော်လွန်တဲ့ ပြည်နယ်လိုလား ချက်ဆန္ဒတွေနဲ့ စီးပွားရေးအရ ပိုင်ဆိုင်ချင်တဲ့ မတော် လောဘတွေကလွဲရင်ပေါ့။
လားရှိုးနဲ့ပတ်သက်ရင် တရုတ်ကြားဝင်စေ့စပ်မှုကြောင့် ပြန်ရတယ်လို့ပဲပြောပြော မြို့မနာဘဲ ပြန်ရလိုက်တာကတော့ အမြတ်ပါပဲ။ ဒီနေရာမှာ တိန့်ရှောင်ဖိန်ရဲ့ အဆိုအမိန့်ကိုပဲ ပြန်သုံးရမယ် ထင်တယ်။ ကြောင်ဖြူဖြူ၊ မည်းမည်း ကြွက်ခုတ်ဖို့သာ အဓိကဆိုသလို တိုက်ပဲယူယူ၊ ညှိနှိုင်းပြီးမှ ယူယူ အဓိက ပြည်ထောင်စုဆိုတဲ့ မူလပိုင်နက် ဧရိယာတွေဟာ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား လက်အောက်ထဲရောက်ဖို့ အရေးကြီးတယ်လို့ပဲ မြင်မိတယ်။ နောက်ထပ်တစ်ခု တွေးရမှာက တရုတ်လို အင်အားကြီးတဲ့ စူပါပါဝါနိုင်ငံတစ်ခုဟာ မြန်မာနိုင်ငံအတွက် ရေရှည်ပေါင်းဖက်ရမယ့် အိမ်နီးချင်းဆိုတဲ့ အနေအထား ကို မေ့ထားလို့ မဖြစ်ဘူးဆိုတဲ့ ယူဆချက်ပါပဲ။ ဒီလိုပြောလို့ တရုတ်ကို မှီခိုရတယ်၊ တရုတ်ကို ကြောက်ရတယ်ဆို တာမျိုးမဟုတ်ဘဲ ဘယ်နိုင်ငံရဲ့သြဇာကိုမှ မခံတဲ့၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ၊ နိုင်ငံစုံနဲ့ အဆင်ပြေစေမယ့် ဆက်ဆံရေးမျိုးကိုပဲ လိမ္မာပါးနပ်စွာနဲ့ တည်ဆောက်ကြရမှာပါ။ ဒီနေရာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်တုန်းက AFP သတင်းဌာနကနေ တရုတ်နိုင်ငံခြားရေးကို လားရှိုးကိစ္စမေးတဲ့အချိန် တရုတ်နိုင်ငံခြားရေးဘက် ကဖြေတဲ့ စကားလုံးတွေကလည်း နှစ်နိုင်ငံလုံးရဲ့ သံတမန်ဆက်သွယ်ရေးအတွက် အထောက်အကူဖြစ်နေတာ တွေ့မိတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးကဖြေတဲ့ စကားလုံးတွေထဲမှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုမှာ အိမ် နီးချင်းကောင်းပီသစွာ ရပ်တည်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲနဲ့ ပံ့ပိုးကူညီမယ်ဆိုပြီး ပြောခဲ့တာ သတိထားမိတယ်။ တကယ်လို့ပေါ့၊ တရုတ်ကြားဝင် စေ့စပ်မှုနဲ့ ၁၀၂၇ မတိုင်မီက အခင်းအကျင်းမျိုး ပြန်ဖြစ်ခဲ့ရင်တော့ အတိုင်းအထက် အလွန်လို့ပဲ ဆိုရမယ်။ ဘာ ဖြစ်လို့ ဒီလိုပုံစံမျိုး လိုအပ်သလဲဆိုရင် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ မြို့တွေဟာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုလက်အောက်မှာမှ ရှိမနေခဲ့ရင် နှစ်နိုင်ငံလုံးအနေနဲ့ ကုန်သွယ်မှု ပြန်စနိုင်မယ့် အခြေအနေက ပိုပြီး ကြန့်ကြာသွားနိုင်မယ်လို့ ခန့်မှန်းမိတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က ဖြစ်ခဲ့တဲ့ မန္တလေးမြေငလျင်ရဲ့ အကျိုးသက်ရောက်မှုက ကိုယ်တွေနိုင်ငံရဲ့ နိုင်ငံရေးကိုပါ ကြီးကြီးမားမား အကျိုးသက်ရောက်စေခဲ့တာ တွေ့ရတယ်။ အထူးသဖြင့်တော့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ထဲထဲဝင်ဝင် ကူညီမှုတွေအပြင် အိန္ဒိယနဲ့ ရုရှားတို့လို မိတ်ဆွေနိုင်ငံတွေက အင်တိုက်အားတိုက်ကူညီခဲ့တဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိတယ်။ ဒီနေရာမှာ အကောင်းဘက်ကတွေး ရင်တော့ ကိုယ်တွေမြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြားမှာ နီးစပ်တဲ့ဆက်ဆံရေးတစ်ခု (တစ်နည်းအားဖြင့်) နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို ပြန်ပြီး ထူထောင်နိုင် မလားဆိုတဲ့အချက်ကို မျှော်လင့်မိတယ်။ ဒီလိုတွေးတော ယူဆချက်တွေက ဘယ်အချက်တွေကို အခြေခံသလဲလို့မေးရင် ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်မှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင့်တစ်ယောက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မလေးရှားနိုင်ငံကို တရားဝင်သွားတဲ့ ခရီးစဉ်နဲ့လည်း အနည်းငယ် သွယ်ဝိုက်ပတ်သက်နေခဲ့ မလားဆိုပြီး ယူဆမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အချိန်မှာ အမေရိကန်နဲ့ ကုန်သွယ်စစ် အပြိုင်ဖြစ်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ အနာဂတ်မှာ အာဆီယံ ဒေသကိုပိုပြီး အာရုံစိုက်လာနိုင်တဲ့သဘောလို့လည်း ရှုမြင်မိတယ်။ စာရင်းအချက်အလက်တွေအရ ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံရဲ့ နှစ်နိုင်ငံကုန်သွယ်မှုက ပြီးခဲ့တဲ့နှစ်မှာ ရင်းဂစ် ၄၈၄ ဒသမ ၁ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ဘီလီယံ ၁၁၀)အထိရှိခဲ့တယ်။ ဆိုတော့…သမ္မတရှီရဲ့ မလေးခရီးစဉ်ဟာ မလေးရှားအပြင် ဒေသတွင်း နိုင်ငံတွေအပေါ်မှာ ပိုပြီး အာရုံစိုက်လိုတယ်ဆိုတဲ့အချက်ကို သိသာထင်ရှားစေတယ်။
သမ္မတရှီရဲ့ ခရီးစဉ်နဲ့ အပြိုင်တိုက်ဆိုင်မှု မဟုတ်တဲ့ ဖြစ်ရပ်တစ်ခုကတော့ ဧပြီ ၁၇ ရက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ရဲ့ အကြံပေး သက်ဆင်ကတစ်ဆင့် မလေးရှား ဝန်ကြီးချုပ်နဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ထိုင်းနိုင်ငံက Rosewood Bangkok ဟိုတယ်မှာ တွေ့ဆုံခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခု အချိန်ကိုက် ဖြစ်ပေါ်လာခဲ့တာပဲ။ ဒါပေမဲ့ ဒီတွေ့ဆုံမှုရဲ့ ထူးခြားချက်ကတော့ အိမ်ရှင်ထိုင်းနိုင်ငံအပြင် တွေ့ဆုံခဲ့ကြတဲ့ နှစ်နိုင်ငံလုံးက ခေါင်းဆောင်တွေ အနေနဲ့ ဘယ်ဘက်ကမှ ဒီတွေ့ဆုံမှုအပေါ်မှာ တရားဝင်သတင်းထုတ်ပြန်မှုတွေ လုပ်ခဲ့တာ မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ နစကက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ NUG အဖွဲ့နဲ့ မလေးရှားဝန်ကြီးချုပ် တွေ့ဆုံခဲ့တဲ့သတင်း တွေကိုတော့ သတင်းမီဒီယာတွေမှာ ထင်ထင်ရှားရှား ထုတ်ပြန်လာခဲ့တာ သတိပြုမိတယ်။ ဒီအနေအထားမှာ တွေးစရာရှိလာတာက မလေးရှားဝန်ကြီးချုပ် အန်နဝါနဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့အနေနဲ့ တကယ်ပဲ မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် ကြားဝင်စေ့စပ်သူတွေအဖြစ် စိတ်ရင်းမှန်နဲ့ ကူညီနေတာလားဆိုတဲ့ အချက်ကတော့ စိတ်ဝင်စားစရာကောင်းလိမ့် မယ်လို့ထင်မိတယ်။
နစကအစိုးရဘက်ကို ကြည့်မယ်ဆိုရင်တော့…မကြာသေးခင်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းနိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေနဲ့ ထိတွေ့မှု ပြန်ယူနိုင်ခဲ့တာ တွေ့ရတယ်။ ခုချိန်မှာလည်း မြေငလျင်ကို အကြောင်းပြုပြီး အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ အာဆီယံဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံက ကြိုးစားလာမှုဟာ တကယ်ပဲ အလုပ်ဖြစ်လာနိုင်မလား ဆိုတာကတော့ အချိန်တစ်ခု စောင့်ကြည့်ရလိမ့်မယ်လို့ ထင်မိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်အရာမှ တိတိကျကျခန့် မှန်းလို့မလွယ်တဲ့ အခြေအနေတစ်ခုမှာ မိုးမပြို၊ ပြိုခဲ့သည်ရှိသော်ပေါ့။ တကယ်လို့သာ အပစ်အခတ်ရပ်စဲရေးထက် ကျော်လွန်ပြီး နိုင်ငံရေးဆွေး နွေးမှုတွေ ဖြစ်လာနိုင်ရင်တော့ ဒီနှစ်ကုန်မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲက အန္တရာယ်ကင်းကင်း ဖြစ်လာလိမ့်မယ်လို့ တွေးမိတယ်။ ဒီလို အခင်းအကျင်းမျိုး ပေါ်ပေါက်လာ မှပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တရားဝင်အုပ်ချုပ်ရေးဆိုတဲ့ အခန်းကဏ္ဍတစ် ခုဆီကို ရောက်ဖို့ လမ်းပွင့်သွားစေလိမ့်မယ်လို့ ယူဆရမယ်။
လားရှိုးဖြစ်စဉ်ကို နမူနာယူပြီး ကျန်တဲ့ လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်းကနေသာ လျှောက်လှမ်းနိုင်ဖို့အတွက် ကြိုးစားသင့်တယ်လို့ တိုက် တွန်းချင်မိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ 'ရွေးကောက်ပွဲနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်'တွေနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ အခမ်းအနား တစ်ခုမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြောခဲ့တဲ့ အမှာစကားထဲ အစိုးရရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်တယ်။ အစိုးရ ကိုယ်တိုင်က နိုင်ငံရေးဆွေးနွေးပွဲတွေ ဆွေးနွေးကြဖို့ တိုက် တွန်းထားသလို၊ ဒီလို ဆွေးနွေးကြတဲ့အခါမှာလည်း ဘာသတ်မှတ်ချက်မှ ကြိုတင်သတ်မှတ်ထားတာမျိုး မရှိဘူး"လို့ ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ထားတာလည်း တွေ့ရမှာ ဖြစ်တယ်။
အချုပ်ဆိုရရင်တော့ နိုင်ငံရေးနဲ့ စစ်ရေးကဏ္ဍတွေမှာ ဘယ်လိုအနေအထားနဲ့ပဲ ဆောင်ရွက်တာ မျိုးပဲဖြစ်ပါစေ "လားရှိုးမြို့မှာ မူလအတိုင်း နိုင်ငံတော်အလံကို ပြန်ပြီး လွှင့်ထူနိုင်တဲ့ အခြေအနေမျိုး ပြန်ရတာကိုတော့ ဝမ်းပမ်းတသာ ကြိုဆိုရမှာပါပဲ။ ကိုးကန့်တပ်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ရဲ့ ပေးထားချက်ကို လေးစားသင့်တယ်၊ လိုက်နာ သင့်တယ်လို့ပဲ တိုက်တွန်းချင်တယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ နိုင်ငံရေးလိုလားချက်တွေဟာ လွှတ်တော်ကနေပဲ တစ်ဆင့် ဖြေရှင်းသင့်တယ်။ မဟုတ်ရင်တော့ တိုင်းရင်းသားလို့သာ ဆိုပေမယ့် အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ ခေစဉ်ါင်းအောက်မှာသာ နေရမယ့် အခင်းအကျင်းမျိုး ဆိုတာကို သဘောပေါက် နားလည်ထားဖို့ လိုလိမ့်မယ်။ ဒါက ကိုးကန့်မှ မဟုတ်ဘူး။ လက်ရှိ ပဲခူးတိုင်းအထိ နယ်မြေချဲ့နေတဲ့ အကြမ်းဖက် AA နဲ့ TNLA တွေအနေနဲ့လည်း ဒီအနေအထားကို သဘောပေါက်ဖို့ လိုလိမ့်မယ်။ တပ်မတော်အနေနဲ့ လားရှိုးကို ပြန်ရပြီးခဲ့ရင် ]ပြည်ထောင်စုလမ်းမပေါ်က မြို့တွေကလည်း အနှေးနဲ့အမြန် အစိုးရထိန်းချုပ်မှု အောက်ကို ရောက်လာလိမ့်မယ်။ အနုနည်းနဲ့ စကားပြောမလား၊ အကြမ်းနည်းနဲ့ ဖြေရှင်းမလား ဆိုတာကတော့ 'သက်ဆိုင် ရာဘက်အသီးသီးက စဉ်းစားဖို့လို လိမ့်မယ်။ နှစ်နိုင်ငံလုံးအတွက်အရေးကြီးတဲ့ ကုန်သွယ်ရေး လမ်းမပေါ်က မြို့တွေဟာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိသင့်တယ်ဆိုတဲ့ အမြင်တစ်ခုက တရုတ်အစိုးရဆီမှာ သာရှိနေခဲ့ရင်' မြန်မာ့နိုင်ငံရေး အခင်းအကျင်းရဲ့ ပုံစံသစ် အလှည့်အပြောင်းဟာ သိပ်မဝေးတော့ဘူးလို့ပဲ ဆိုရတော့ မှာဖြစ်တယ်။ သိသိသာသာ ဖိအားပေးလာတဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကိုရော ဘယ်သူတွေက ငြင်းပယ်ရဲကြမလဲ။ အာဆီယံကပါ အနီးကပ် ထိတွေ့ဆက် ဆံလာတဲ့ အနေအထားတစ်ခုအောက်မှာ မြန်မာ့နိုင်ငံရေးရဲ့ Soft Power အခင်းအကျင်း ပုံစံသစ်ကို ဘယ်သူတွေက နောက်ကျ ကျန်ရစ်မလဲဆိုတဲ့ မေးခွန်းကိုတော့ အချိန်မီ အဖြေရှိကြဖို့လိုပြီလို့ပဲ သတိပေးချင်မိတော့တယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )