ရည်မွန်ဖျက်၍ ဈေးပျက်သွားသည့် ထိုင်းရောက် မြန်မာများနှင့် PDF တို့၏နောင်တ ဦးတင်ပါသည်ဘုရား     

၂၀၂၄ မေ ၁၂
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးနှင့်ပတ်သက်၍ ထူးခြားသည့် အကြောင်းအရာ များပြောရလျှင် ကုန်နိုင်ဖွယ်မရှိဟု ဆိုရမည်ဖြစ်သည်။ ဆရာတော်ဘုရားကြီးသည် ၃၀-၄-၂၀၂၄ ရက်တွင် ခန္ဓာဝန်ချသွားလေသည်။ ဆရာတော်ဘုရားကြီးခန္ဓာဝန် မချမီအချိန်နှင့် ခန္ဓာဝန်ချပြီးချိန်ထူးခြားမှုအချို့ကို သတိထားမိသည်။ သည်နှစ်နွေသည် တော်တော်ပူသည်ဆိုသည်ထက် အလွန်ကိုပူသည်ဟု ဆိုရမည်ဖြစ်သည်။ချောက်မြို့သည် ကမ္ဘာ့အပူဆုံးမြို့အဖြစ်ပင် စံချိန်တင်သွားသည် မဟုတ်ပါလား။ ထို့အတူ မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင်လည်း အပူချိန် အတော်ပင် မြင့်မားခဲ့ကြသည်။ ထိုအရာနှင့်ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီး ခန္ဓာဝန်မစွန့်မီက ခန္ဓာဝန်ချမည်ကို သိသော သမ္မာဒေဝနတ်ကောင်းနတ်မြတ်များသည် ပူဆွေးသော ကရောက်သောကြောင့် ဥတုရာသီပို၍ပူသည်ထင်ကြောင်း မိတ်ဆွေတစ်ဦးက မှတ်ချက်ပြုသည်။ ထိုမှတ်ချက်သည်လည်း ဖြစ်နိုင်သည်ဟုထင်မိပါ၏။ သူတော်ကောင်းတို့၏တန်ဖိုးကိုသိသော သမ္မာဒေ ဝနတ်ကောင်း နတ်မြတ်များက ယူကြုံးမရဖြစ်ကြမည်မှာ မလွဲပင်ဖြစ်၏။ မကောင်းသောသူများသည်သာ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားသည့်အပေါ် အမြတ်ထုတ်ရန်၊ အကုသိုလ်လုပ်ရန် ကြံဆောင်နေကြမည်ဖြစ်သည်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားသည့်အချိန် ဆရာတော်ဘုရားကြီ၏ ရုပ်ကလာပ်တော်ကို ပူပူနွေးနွေးဖူး မြော်လိုသူ အများအပြား ရှိခဲ့ကြသည်။ ထိုအထဲတွင် ကျွန်တော်နှင့် အသိမိတ်ဆွေ အများအပြားပါဝင်ခဲ့သည်။ သိသည့်အတိုင်းပင် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်သည် နေထိုင်၍မကောင်းသကဲ့သို့ သွားလာလျှင်ပင် စိတ်အေးချမ်းမြေ့မှုမရှိသည့် အထဲပါဝင်နေသည်။ သို့မိုကြောင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကို ဖူးမြော်လိုသူများက လမ်းခရီးအခြေအနေ ကို ဆက်သွယ်မေးမြန်းကြရ၏။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်မစွန့်မီကတည်းက မန္တလေးမှ မြစ်ကြီးနားကို သွားသူများသည် မန္တလေး၊ ရွှေဘိုအကျော် ခင်ဦးခရိုင်အတွင်းကို တစ်ရက်ခွဲခရီး ကြာမြင့်ကုန်ကြ၏။ အကြောင်းက PDF ဂိတ်နှင့် လုံခြုံရေးဂိတ်များက စစ်ဆေးရေးများလွန်းသော ကြောင့်ဟု စုံစမ်းသိရှိထားရသည်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်စွန့်သွားချိန်တွင် PDF များက လုံခြုံရေးအ ကြောင်း ပြုပြီး ဂိတ်များပိုမိုဖွင့်လှစ်ထားသည်ဟု ဆိုလေသည်။ အကြောင်းက တာဝန်ရှိလူကြီးများ လာရောက် မည်ဟု တွက်ဆထားသောကြောင့် သူတို့အကွက်ဆိုက် ပြီဟုဆိုကာ ပိုမိုတင်းကျပ်ရန် အားထုတ်ကြခြင်းဖြစ်သည်။ ရွှေဘိုအထိ တပ်မတော်မှ လုံခြုံရေးအပြည့်ယူထားပြီး ရွှေဘိုကျော်လျှင် ယခင်က PDF ခြောက်ဂိတ် ခန့်ရှိရာက ယခုဆိုလျှင် ဂိတ်ပေါင်း ၂၀ ခန့်တိုးချဲ့ကြကုန်၏ဟု စုံစမ်းသိရ သည်။ ထို့အတူ ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော ဉေယျဓမ်ကျောင်းသို့သွားသည့်လမ်း ကိုလည်း PDF များ ကြီးစိုးထားသည်ဟုဆို၏။ ယခင် သွားနေကြ ဘူးကုန်းရွာမှ ဉေယျဓမ်သို့ သွားသည့်လမ်းသည်ပင် ပုံမှန်သွားခွင့်မရှိတော့ဟု စုံစမ်းခဲ့သည့်ဒေသခံ ကပြောပြသည်။ PDF တို့ခွင့်ပြု သည့် လမ်းကြောင်းအသစ်ကသာ သွားခွင့်ရမည်ဟုဆိုလေသည်။ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို လာရောက်ဖူးမြော် မည့်သူများထဲတွင်လည်း နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်းပါလျှင် အာမခံချက်မရှိဟု ဆိုလေသည်။ မှတ်ပုံတင်နှင့် ဖုန်းကို အဓိကထား၍ စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက ဆွဲချထားမည်ဟု PDF များက ကြိမ်းဝါးထားသည်ဟုဆိုလေသည်။ ဤကဲ့သို့ အဝန်းအဝိုင်းတွင် ဆရာ တော်ဘုရားကြီးက သိသောကြောင့် ခန္ဓာဝန်ချသွားခြင်း ပင်ဖြစ်နိုင်ကြောင်း မိတ်ဆွေတစ်ဦးက မှတ်ချက်ပြုလေသည်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားပြီး မကြာမီ အချိန်အတွင်းတွင် စစ်ကိုင်း တိုင်းအတွင်းမှာ လေပြင်းများ တိုက်ခတ်၊ မိုးများသဲကြီးမဲကြီး ရွာချသွားသည်ကို သတိထားမိကြရဲ့ မဟုတ်လား။ မြို့မုံရွာဆိုလျှင် ဓာတ်တိုင်များပင် အလဲလဲအကွဲကွဲနှင့် ပျက်စီးမှုများလည်း များပြားခဲ့သည်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူအ ပြီး ဆရာတော်ဘုရားကြီး မိန့်ခဲ့သည့်စကားကို သတိရမိ ပါ၏။ 'ငါသည် အမှားကိုမကြောက်၊ မှားမှန်းမသိမည်ကိုသာ ငါကြောက်၏။ ရန်သူကိုလည်း ငါမကြောက်၊ ရန်သူမှန်း မသိမည်ကိုသာ ငါကြောက်၏။ တစ်ဖန် ထိုမသိခြင်းနှစ်ပါးကိုပင် ငါမကြောက်၊ ငါကြောက်သည်မှာ ငါ့ လက်ရှိ သတိမရှိမှာပင်တည်း'ဟု မိန့်မြွက်စကားပင်ဖြစ်သည်။ ရန်သူမိတ်ဆွေ ခွဲခြားနေသည့်သည်ကာလကြီးတွင် ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့သည့်စကားအတိုင်း နေထိုင်နိုင်ရန် ကြိုးစားရမည်ဟု အသိဝင်ကာ ဆရာတော်ဘုရားကြီးအား အဝေးမှခြေတော်စုံ ဦးခိုက်ရှိခိုးပါ၏ ဘုရား။


ကိုမွှေတို့၏ လက်ရာရှောင်၍မရ
    ငယ်ငယ်ကတည်းက စွဲစွဲလမ်းလမ်းကစားခဲ့သည့် ကစားနည်းတစ်ခုရှိခဲ့သည်။ လက်တောက်ခုံ ခေါ် ဇယ်တောက်ကစားခြင်းဖြစ်သည်။ စွဲစွဲလမ်းလမ်းကစားစဉ်က မိုးလင်းမိုးချုပ် ထမင်းမေ့ဟင်းမေ့ ကစားခဲ့ခြင်းဖြစ်သည်။ ကျောင်းတွင် အရိုက်ကြမ်းသည့် ဆရာသမားနှင့်လည်း အတူထိုင်၍ ကစားခဲ့ဖူး သည်။ သူကကျောင်းတွင် အရိုက်ကြမ်းသကဲ့သို့ ဇယ်ခုံတွင် ကျွန်တော်နှင့်သူငယ် ချင်းက အရိုက်ကြမ်း သည့်ဆရာကို သူ၏ ၁၀ တန်အနီ (ထိုခေတ်က ၁၀ တန်အနီ)အသစ်ကျပ်ချွတ်များ ကုန်သွားသည်အထိ အနိုင်ရအောင် တောက်ခဲ့ကြသည်။ ဆရာက ထိုနေရာတွင် ကျွန်တော်တို့ကိုမယှဉ်နိုင်ပေ။ နောက်ရက်ဘာပြောကောင်းမလဲ ကြိုတင်မပြောဘဲ စာမေးပွဲစစ်၍ ကျွန်တော်နှင့်သူငယ်ချင်း စာမေးပွဲမအောင် ကြပေ။ ရိုက်ခံလိုက်ရသည်မှာ ၁၀ တန်အနီပြန်ပေး၍ရလျှင် ပြန်၍ပင် ပေးချင်စိတ်ပေါက်မိပါ၏။ ယခု ပြောချင်သည့်အကြောင်းက ငယ်ငယ်ကစွဲလမ်းခဲ့သည့် ဇယ်ခုံမတောက်ဖြစ်တော့ပေ။ သို့သော်လည်း အွန်လိုင်း ခေတ်ဖြစ်သောကြောင့် ဇယ်ခုံကို အွန်လိုင်းတွင်တောက် ဖြစ်သည်။ ထိုဇယ်တောက်သည့် နေရာတွင် ဇယ်တောက်သည်က အကြောင်းမဟုတ် ဇယ်ကစားနေသည့် အချိန် ဝင်လာသည့် ကြော်ငြာ များကြောင့် အံ့သြထိတ် လန့်မိ၏။ “Carrom Pool” ဆိုသည့် Application တွင်ဖြစ်သည်။ ကြော်ငြာသည့် အကြောင်းရာက 'ရုရှားစစ်သား တွေဘက်ပြောင်းနေကြပြီ'၊ 'ပူတင်ရဲ့အစိုးရစနစ်ကို ဆန့်ကျင်တိုက် ခိုက်မှုမှာ ပါဝင်နေကြပါပြီ'၊ 'ရုရှားလူမျိုး တွေတောင် ရုရှားနိုင်ငံကို မယုံကြပါဘူး'၊ 'ဘာဖြစ်လို့ တရုတ်က သူတို့ရဲ့ ကိုယ်ပိုင်တွင်းထွက်တွေကို မတူးတာလဲ'၊ 'တရုတ်က မြန်မာအပေါ်ဘာတွေကြံစည်နေလဲ' စသည့် ကြော်ငြာစာတန်းအတိုလေးများ မကြာခဏ ပေါ်ပေါ်လာလေသည်။ ဆိုလိုချင်သည်က ဇယ်တောက်တမ်းဂိမ်းကစားခြင်းနှင့် ထိုကြော်ငြာများမည်သည့် ဆက်စပ်မှုရှိသနည်း။ ရုရှားကို မုန်းတီးစေရန်၊ တရုတ်ကို မုန်းတီးစေရန် အိမ်ပေါက်စေ့၊ လူတိုင်းစေ့ မမြင်မြင်စေရန် ကြံဆောင်နေကြသည်ဟု တွေးထင်မိ၏။ ရုရှားနှင့်၊ တရုတ်နှင့် ရင်းနှီးကျွမ်းဝင်မည်ကို အလွန်စိုးရိမ်နေကြသည့် နိုင်ငံကြီးများ ရှိနေကြောင်း သတိချပ်သင့်သည်ဟုလည်း တွေးထင်မိ၏။ မည်သူ့လက်ချက်လဲဟု နတ်မေးလျှင် ဆန်ကုန်မည်ဖြစ်သည်။ မွှေကြီးတို့ အနောက် အုပ်စုလက်ချက်ဟုလည်း မပြောချင်ပါခင်ဗျာ။


P တို့၏ပေါက်ကွဲသံ
    သူငယ်ချင်းတစ်ဦးမှတ်ချက်ကို မည်သို့ပြောရ မည်ပင်မသိ။ သနား၍လား၊ မသနား၍လားဟု မခွဲခြားတတ်၍ ထိုကဲ့သို့ ပြောရခြင်းဖြစ်သည်။ 'နှစ်တုံးကုန်မှ သိတဲ့ကောင်တွေ'ဟု သူက မှတ်ချက်ပြု ခြင်းဖြစ်သည်။ အကြောင်းက ကရင်ပြည်နယ်တွင်းသို့ ရောက်ရှိနေသည့်  PDF များ၏ ပေါက်ကွဲသံကို အခြေခံ၍ဖြစ်သည်။ "ငါတို့က အသက်ရင်းပြီး တိုက်သမျှ မင်းတို့က ငါတို့ကို အရေးမလုပ်ခဲ့ဘူး။ သိပ်ရှက်စရာကောင်းတဲ့ တော်လှန်ရေး၊ ငါနဲ့ တော်လှန်ရေးလမ်းခွဲမှဖြစ်မယ်"ဆိုသည့် P တို့ ၏ ပေါက်ကွဲသံကို မြင်တွေ့ချိန် အထက်တွင်ဆိုခဲ့သည့် သူငယ်ချင်းက မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးခေါင်းစဉ်အောက်က ကရင်ပြည်နယ်ရောက် ထိုးကျွေးခံ PDF တို့၏ ရင်တွင်းစကားဖြစ်သည်။ တစ်ခါတုန်းက ချစ်ခင်ရသည့် မိတ်ဆွေတစ်ဦးကို အကြံပေးဖူးသည်။ "ငယ်တော့တဲ့အရွယ်မှ မဟုတ်တာ၊ ကိုယ်လုပ်ချင်ရာကိုလုပ်၊ ကိုယ်ရွေးချယ်ပြီး လုပ်ချင်ရာလုပ်ပြီးမှ နောင်တမရနဲ့"ဟု အကြံ ပေးခဲ့သည်။ နောင်တ တစ်ဖန်ဆိုသည်မှာ ပူလောင်တတ်၏။ ထိုကဲ့သို့ မပူလောင်စေရန် အကြံ ပေးခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည်လည်း နောင်တမရစေရန်အတွက် ပြုဖွယ်၊ ဆောင်ရွက်ဖွယ်များကို မိန့်ကြားခဲ့သည်က ကုသိုလ်ကို အရင်လုပ်ခိုင်းခြင်းမဟုတ်၊ မကောင်းမှုကို ဦးစွာရှောင်ရှားခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်ကို နာကြားဖူးသည်။ လမ်းမှားကို စမ်းတဝါးဝါးနှင့်သွားနေသူများ နောင်တတစ်ဖန် မပူပန်စေရန် လမ်းမှန်ပြောင်းရန် နောက်ကျသည်ဟူ၍ မရှိဟုဆိုချင်ပါသည်။


ရည်မွန်ဖျက်၍ ဈေးပျက်ရသည်
    ထိုင်းရောက် မိတ်ဆွေတစ်ဦးက ရင်ဖွင့်ရှာသည်။ သူပြောသည့်စကားက NUG ၏ ရည်မွန်ပင် ငမူးမဟုတ်၊ သူ့လက်အောက်ငယ်သားများသည်လည်း ငမူးပင်ဖြစ်သည်ဟု အကြောင်းသိ၍ဆိုလေသည်။ ရင်ဖွင့် သည့်မိတ်ဆွေက ထိုင်းနိုင်ငံဟု ဆိုသော်လည်း ထိုင်းနယ် စပ်ကဖြစ်သည်။ သူပြောပြသည်က ထိုင်းရဲများသည် မြန်မာမှန်သမျှ NUG ဟု ထင်နေကြသည်ဟုဆို၏။ NUG ကလူမှန်လျှင် ငွေတောင်း၍ကောင်းသည်၊ လွယ်လွယ်ရသည်ဟု မှတ်ယူထားလေသည်ဟု ဆိုလေသည်။ ယခင်က ထိုင်းတွင် ဆိုင်ကယ်အဖမ်းခံရရင် ဘတ်တစ်ရာ ပေးလျှင် ထိုင်းရဲနှင့်အဆင်ပြေသွားလေသည်ဟု ဆို၏။ နောက်ပိုင်း NUG မှလူများထင်ကာ ဘတ်နှစ်ရာပေးမှ အဆင်ပြေတော့သည်။ ထို့ထက်ပို၍ ရည်မွန်၏ တပည့် ငယ်သားများမူးပြီး ဆိုင်ကယ်စီးချိန် အဖမ်းခံရသောအခါ ရည်မွန်က ဘတ်နှစ်ထောင်ပေး၍ ရွေးသောကြောင့် ထိုင်းရဲများပျော်ရွှင်သွားပြီး မြန်မာအများစု ဒုက္ခရောက် ကြရသည်ဟုဆိုလေသည်။ 'မြန်မာမှန်သမျှ NUG ကထင်ပြီး ငွေတောင်းသလောက် ရနေတယ်များထင်နေ လားမသိဘူး။ ရည်မွန်ဖျက်လို့ ဈေးကပျက်သွားတာကိုး၊ အခုဆို မြန်မာတွေက  ဆိုင်ကယ်တောင် တော်တော်များများ  မစီးရဲပါဘူး။ ဈေးကွက်ပျက်သွားပြီကိုး"ဟု ရင်ဖွင့်ရှာလေသည်။ သူပြောမှ ပြည်တွင်းကို ဒုက္ခပေးရုံအား မရ၍ ပြည်ပထိပါ မြန်မာများကို ဒုက္ခပေးနေပါလားဟု စဉ်းစားမိပါသည်။ ထိုအရာသည် နီနီတို့၏ လမ်း စဉ်ပင် ဖြစ်ကြောင်းလည်း တွေးမိပါ၏။ 

 (ရွှေထီး )


(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

 

Total Views ~ 468

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.