၂၀၂၄ ဇူလိုင် ၅
တချို့ကလည်း ထူးမြတ်ကိုတွေ့ရင် အငေါ်တူးပြီး မေးကြသည်။ ဘယ်နှယ့်လည်း တော်လှန်ရေးဘက်တော်သားကြီး ထူးမြတ်ရဲ့ မင်းတို့တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ အိမ်ပြန်လမ်းက ကြာလိုက်တာကွာ မန်ယူပြန်လာပြီ ဆိုက်ကားနဲ့မို့ နည်းနည်းကြာမယ်ဆိုတာ ထက်တောင် ဆိုးနေပြီဟု အရွဲ့တိုက်မေးကြသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်ကလည်း ငါတို့ အတူတူ အိမ်ပြန်ကြမယ်၊ ဘယ်သူမှ စောမပြန်ကြေး၊ ပြည်တော်ဝင်မယ်ဆိုပြီး ဟစ်ကြွေးလာလိုက်တာ သုံးနှစ်ထဲ ရောက်ပြီဖြစ်သော်လည်း အိမ်ပြန်မလာတဲ့အပြင် မဲဆောက်မှာနေတဲ့ တော်လှန်ရေးခေါင်းဆောင် ပေါက်စလေးတွေတောင် အမေရိကားတို့၊ သြဇီတို့ကို ထပ်လိုက် သွားကြတော့ မေးစရာဖြစ်လာသည်။ ဒီတော့လည်း ထူးမြတ်တစ်ယောက် မနေသာတော့ဘဲ တို့တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ခုတလော ဘာများလုပ်နေကြသလဲဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ လေ့လာရပြန်သည်။ တော်လှန် ရေးခေါင်းဆောင် ဆရာကြီးဆိုသူကတော့ တီမောနိုင်ငံ ရောက်နေပြီး ဟိုအန်တီကြီးမွေးနေ့ပွဲကို ကိတ်မုန့်ခွဲပေး နေသည်။ ဟိုအန်တီကြီးများ ငါ့မွေးနေ့ကိတ်မုန့်ကို တီမောအထိ တကူးတက သွားခွဲပေးတာ သိရင်ပျော်နေရှာမှာ သေချာသည်။ ဝတ်ကောင်း စားလှတွေဝတ်ပြီး နှင်းဆီပွင့်ကြီး တွေကိုင်ကာ ကိတ်မုန့်တွေများ ခွဲနေလိုက်တာ အားရစရာကောင်းလှသည်။ ဒီတော့ ထူးမြတ်ကို အငေါ် တူးပြီး လာမေးနေသူတွေကို ငါတို့ခေါင်းဆောင်ကြီးတွေ အပြည်ပြည်ဆိုင်ရာ ကိတ်မုန့်ခွဲပွဲကြီး ကျင်းပနေတာ မအားသေးဘူးလို့ ပြန်ဖြေရသေးသည်။
ခေါင်းဆောင်ကြီးတွေလည်း အတော်အလုပ် များနေပုံရသည်။ တီမောလို နိုင်ငံကို ရောက်တာ တောင်မြန်မာနိုင်ငံကို ခဏလေးလှည့်မဝင်လာကြပေ။ ဟိုတလောက ခေါင်းဆောင်ကြီးတစ်ယောက် ပြောသလို ရာခိုင်နှုန်း ၇၀ လောက် သိမ်းထားတယ်ဆိုတော့ သိမ်းထားတဲ့ မြို့တွေလာပြီး ကိတ်မုန့်လေး တစ်လုံးလောက် လာခွဲပေးရင် ပြည်သူတွေ ပိုအားတက်ကြမှာ ဖြစ်သည်။ဘာပဲပြောပြော ဟိုအန်တီကြီးမွေးနေ့ကိတ်တွေကတော့ ကမ္ဘာအနှံ့မှာလိုက်ခွဲပေးနေကြသည်။ ဒါကလည်း ခေါင်း ဆောင်ကြီးတွေ နှစ်စဉ်နှစ်တိုင်းလုပ်ပေးရသည့် မဟာဗျူဟာမြောက် အလုပ်ကြီးတစ်ခုလို ဖြစ်နေသည်။ ထူးမြတ်ကတော့ ခေါင်းဆောင်ကြီးတွေ ပြည်တော်ဝင်မယ်ဆိုပြီး စပြောပြီးကတည်းက လည်တဆန့်ဆန့်နဲ့ မျှော်နေရတာ ဖြစ်သည်။ နီးစပ်ရာကိုလည်း ငါတို့ခေါင်းဆောင်ကြီးတွေ လာတော့မှာ ကြိုဖို့ပြင်ထားကြ စံပယ်ပန်းတို့၊ သပြေပန်း တွေ ပြင်ထားကြဆိုပြီး မှာထားရတာကြာတော့ ရပ်ကွက်ထဲမှာ မျက်နှာပျက်လာသည်။ ခေါင်းဆောင်ကြီးတွေက လမ်းအားလုံး ဘယ်ဆီသို့ဆိုလို့ သူတို့ပြောတဲ့မြို့ကိုလည်း ခဏခဏ သွားဖြစ်သေးသည်။ ခုတော့လည်း မန္တလေးကို ဦးတည်မယ် ပြောကြပြန်သည်။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကြီးတွေ တယ်လီပသီနည်းနဲ့ပဲ ပြည်တော်ပြန်ပြန်၊ နာမ်ခွာရုပ်ခွဲပြီး ပြည်တော်ပြန်ပြန် ထူးမြတ်တို့က ကြိုဖို့ အသင့်ဖြစ်နေသည်။
မဲဆောက်က တော်လှန်ရေးခေါင်းဆောင် ပေါက်စလေးတွေ အမေရိကားတို့၊ သြဇီတို့ လိုက်သွားတယ်ဆိုတာကလည်း ခေါင်းဆောင်ကြီးတွေ ပြည်တော်ဝင်လာရင် မနိုင်မနင်းနဲ့ လက်ဆောင်ထုတ်ကြီးတွေသယ် လာမှာစိုးရိမ်လို့ သွားကူသယ်ပေးတာလည်း ဖြစ်နိုင် သည်။ တချို့ကလည်း ဒါကို အလိုက်ကန်းစိုးမသိ ဟော ထွက်ပြေးကြပြန်ပြီ၊ ငါတို့ကြတော့ မဲဆောက်မှာထားခဲ့တယ်၊ သူတို့ကြတော့ မိသားစုလိုက် ပြေးကြတယ်ဆိုပြီး အပြစ်တင်ကြသေးသည်။ အခုတလောလည်း စစ်တွေဖြစ်နေတော့ စစ်သတင်းတွေဘက် လှည့်ကြည့်ရသေးသည်။ တောင်တွင်းရှင်ငြိမ်းမယ် ကဗျာထဲကလို 'သူများမောင်မှာ စစ်သံကြားရင် နာဖျားဥပါယ်ခိုကြတယ်'ဆိုပြီး နေမကောင်းယောင် ဆောင်နေတဲ့ ခေါင်းဆောင်တွေများ ရှိမလားဆိုပြီး ကြည့်တာဖြစ်သည်။ တော်လှန်ရေး ခေါင်း ဆောင်ပေါက်စတွေများ စစ်သွေးစစ်မာန်တွေ တက်ကြွလိုက်ပုံများ အားရစရာ ကောင်းလှသည်။ ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်နေတယ် အသံကြားရုံဖြင့် မဲဆောက်မှာ ယူနီဖောင်းတွေဝတ်ပြီး လမ်းသလားကြကုန်တော့ သည်။ အင်မတန်စစ်ရေးအသင့်ရှိသော ခေါင်းဆောင် ပေါက်စလေးများပင် ဖြစ်သည်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုရ်က နွားမကြီးပေါင်ကျိုးတာဆိုသလိုပင် အင်မတန်မှ လိုက်ဖက်လှပေသည်။
ဒီတစ်ချီတော့ဖြင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပိုအာချောင်လို့ ကောင်းမည်ထင်သည်။ ပထမ တစ်ချီတုန်းကတော့ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၇၀လောက်ကို သိမ်းထားကြောင်း ပြောထားတာဆို တော့ ခုတစ် ခေါက်ဆိုရင် ၁၀၀ ရာခိုင်နှုန်းလောက် သိမ်းပြီးပြီဟု ခေါင်းဆောင်ကြီးတွေ ကမ္ဘာကို အာချောင်လို့ရပြီဖြစ်သည်။ ခက်တာက ထူးမြတ်တစ်ယောက် အပေါင်းအသင်း မိတ်ဆွေတွေကြားမှာ မျက်နှာငယ်ရတာ ဖြစ်သည်။ ခေါင်းဆောင်ကြီးတွေ ပြန်လာတော့မယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကတည်းက ပြောထားပြီး ဒီနေ့အထိ ပြန်မလာကြတော့ အငေါ်တူးပြီး မေးကြရင် ဖြေစရာမရှိတာ ဖြစ်သည်။ ဒါကြောင့် လမ်းလေးများကြုံရင် ခဏတဖြုတ်ပြန်လာစေချင်သည်။ အခုကာလမှာ စစ်ဘေးရှောင်ရင် နယ်မြေအေးချမ်းတဲ့ ဒေသတွေကိုသာ ရှောင်ကြသည်။ ခေါင်းဆောင်ကြီးတွေ သိမ်းထားတဲ့ နယ်မြေတွေကို ပြည်သူတစ်ယောက်မှ မတိမ်းရှောင်ကြတာဖြစ်သည်။အကယ်၍များ ခေါင်းဆောင်ကြီးတွေက သိမ်းထားတဲ့ နယ်မြေတစ်နေရာမှာ ရောက်ပြီဆိုတာနဲ့ ဖေ့စ်ဘုတ်မှာ ထောက်ခံကြသူတွေကို သိမ်းထားတဲ့ နေရာတွေကို အစိုးရက အခမဲ့ပို့ပေးမည်ထင်သည်။
အမေရိကားက ခေါင်းဆောင်မကြီးကလည်း စစ်ရေးကို မျက်ခြည်မပြတ်ကြည့်နေသည်။ ဟိုမြို့ ကိုသိမ်းလိုက်ပြီ၊ ဟိုကုန်းကို သိမ်းလိုက်ပြီ၊ သိမ်းစရာရှိတာ သိမ်းပြီးရင် ဘယ်မြို့ကို ထပ်သိမ်းပါလား ဆိုပြီး ညွှန်ကြားနေသည်။ မအားလပ်သည့်ကြားက မိုင်ထောင်ချီခရီးနှင်ပြီး တော်လှန်ဂီတဖျော်ဖြေပွဲကို သွားပြန်သည်။ တစ်ဖက်ကလည်း ဖလားလေးတစ်လုံးကိုင်၊ တစ်ဖက်ကလည်း ဖေ့စ်ဘုတ်ပေါ်မှာ တိုက်ပွဲတွေကို ကြီးကြပ်ကွပ်ကဲနေရရှာသည်။ တော်လှန်အနုပညာဖျော်ဖြေပွဲဆိုတာက မြန်မာပြည်က ထွက်ပြေးသွားသည့် အနုပညာရှင်ကြီးတွေ စုစည်းပြီး ဖျော်ဖြေကြတာဖြစ်သည်။ ခုကာလမှ မြန်မာပြည်က အနုပညာရှင်တွေ နည်းနည်းလေး လှုပ်လိုက်ရင် အဆဲခံရသော်လည်း ပြည်ပမှာလှုပ်ရင်တော့ ဝိုင်း ချီးမြှောက်ခြင်းခံရသည်။ သြဇီက မင်းသားကြီးဆိုရင် ခု ဂျပန်ကိုခရီးနှင်နေသည်။ လက်မှတ်တွေ ရောင်းပြီး တော်လှန်အနုပညာကို ပရိသတ်ကို ချပြနေသည်။ အနုပညာရှင်က အနုပညာလုပ်လို့ ထိုမင်းသားကြီးကိုယ်တိုင် ဆဲထားဆူထားပြီး ခုမင်းသားကြီး ဂျပန်သွားဖျော်ဖြေတော့ အနုပညာရှင်တွေ ငြိမ်နေရသည်။ သူက တော်လှန်ရေး ဆရာတစ်ဆူဆိုတော့ မပြောရဲမဆိုရဲကြတာဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အသက်ကလေးနည်းနည်းရလာတော့ ရှေ့ပြော နောက်မေ့တွေ ဖြစ်ကုန်ကြပြီထင်သည်။ အဆုံးသတ်နှစ်တို့၊ အဆုံးဖြတ် နှစ်တို့၊ လမ်းအားလုံး ဘယ်ဆီသို့၊ ညာဆီသို့လို့ပြောပြီး ပြည်တော်လည်း ပြန်မဝင်ဘဲ နိုင်ငံတကာကို ပတ်သွားနေကြသည်။ ခေါင်းဆောင်ကြီးတွေကလည်း နည်းမျိုးစုံနဲ့ အလှူခံနေကြသလို ခေါင်းဆောင်လေးတွေကလည်း နည်းပေါင်းစုံနဲ့ အလှူခံမြဲဖြစ်သည်။ ခေါင်းဆောင် ပေါက်စလေးတွေကလည်း မိုးတွင်းရိက္ခာဆန်ပရော ဂျက်ဆိုပြီး လိုက်အလှူခံနေကြပြန်သည်။ ခေါင်းဆောင်ကြီး တွေ ရေခြားမြေခြားကနေ အလှူခံနေမယ့် အစား ပြည်တော် မြန်မြန်ပြန်ဝင်လာပြီး ပြည်တွင်းမှာတူတူစု ခွက်ခေါက်ကြရင် တော်လှန်ရေးရန်ပုံငွေတွေ စုစုစည်းစည်း ရမှာဖြစ်သည်။ သိမ်းထားတဲ့ နယ်မြေတွေဆီ ပြည်တော် ပြန်လာကြပြီး တော်လှန်ရေးအိမ်ရာတွေ၊ တော်လှန်ရေး ဟိုတယ်ပရောဂျက်တွေ၊ နွေဦးထီအရောင်းဌာနတွေ၊ နွေဦးဘဏ်တွေ တည်ထောင်ပြီး မြို့ရွာဖွံ့ဖြိုးရေးတွေလုပ်သင့်ချိန် တန်ပြီဖြစ်သည်။ ခေါင်းဆောင်ကြီး တွေနောက် အပြန်ခရီး အထုတ်သယ်ပေးဖို့ လိုက်သွားကြသူတွေ သတင်းအစအန ပျောက်နေသည်။ လေယာဉ်များမှားစီး မိသလားဟု စိုးရိမ်မိသေးသည်။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကြီးတွေ ပြည်တော် ပြန်ရင် တူတူစုပြန်စေလိုသည်။ဘယ်သူမှ စောမပြန်ကြေးလို့ပြောထားတာ သတိရမိသေးသည်။ ။
( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )