ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနဲ့ EAOs များရဲ့ အခန်းကဏ္ဍ

၂၀၂၄ ဒီဇင်ဘာ ၂၉

    ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၀ ကျော် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ် ပါတီတော်တော်များများ အဓိက တင်ပြကြသည်မှာ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စကို အဓိက ဆွေး‌နွေးသွားကြသည်ကို တွေ့ရသည်။ လက်နက်ကိုင် တိုက်ပွဲဖြစ်စဉ်များ ရှိနေသည့် ဒေသနေ ပြည်သူများနှင့် တိုက်ပွဲပဋိပက္ခ ရှောင်နေကြရသူများ မဲပေးခွင့် မဆုံးရှုံးစေရေး မဲဆန္ဒနယ် သတ်မှတ်ချက်၊ ရွေးကောက်ပွဲစနစ်အပါအဝင် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို  တင်ပြဆွေး‌နွေးခဲ့ကြသည်။ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုရှိမှသာ ပြီးပြည့်စုံသည့် ရွေးကောက်ပွဲတစ်ရပ်ကို အောင်အောင်မြင်မြင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိနယ်မြေဒေသအချို့တွင် ဖြစ်ပေါ်နေသော အခြေအနေများအရ စိုးရိမ်စရာ များဖြစ်နေပြီး ရွေးကောက် ပွဲအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲ စိန်ခေါ်မှု ရှိနိုင်သည့် အခင်းအကျင်း ဖြစ်နေသည်ဟု သုံးသပ်နေကြသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်ငါးရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲတွင် ပါတီစုံပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်နေပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေ ရောက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ "ရွေးကောက်ပွဲကာ လများမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကို တွက်ဆပြီး လုံခြုံရေး ကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက် သွားမှာဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ပါအတိုင်း ကဏ္ဍအလိုက်ဟန်ချက်ညီ ရှေ့ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်း မှုရှိမှသာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်"ဟူ၍ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ NCA စာချုပ်ချုပ်ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။
    ရွေးကောက်ပွဲကျင်းပရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လျှင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)? NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲတို့ သြဂုတ်လပိုင်းက နေပြည်တော်တွင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ခဲ့ကြသေးသည်။ ထိုတွေ့ဆုံမှုတွင် လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး‌နွေးခဲ့ကြပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်စေလိုသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် ဒေသများအတွင်း ရွေးကောက် ပွဲများ ပြုလုပ်ရာတွင် EAO များဘက်မှ လိုအပ်သည့် ပူးပေါင်းမှုများ ဆောင်ရွက်ပေးရေး သဘောထား အမြင်များကို ဆွေးနွေးခဲ့ကြသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် EAO များက ကူညီပံ့ပိုးပေးရေးကိစ္စမှာ ၂၀၂၂ ခုနှစ် အတွင်းကတည်းက ဆွေးနွေးလာခဲ့သည့် အကြောင်းအရာဖြစ်ပြီး ထိုအခြေအနေအရ နစကအစိုးရ၏ ရွေးကောက်ပွဲအပေါ် NCA ရေးထိုးထားသော EAO များက လက်ခံထားကြပြီးသားဟု ဆိုနိုင်ပါသည်။
    လွှတ်တော်ပြင်ပလမ်းကြောင်းနှင့် လွှတ်တော် နိုင်ငံရေးလမ်းကြောင်း ထိုနှစ်ခုသည် တစ်ထပ်တည်းမကျ‌၊ သို့သော် ဒီမိုကရေစီရေးရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုတို့တွင် တိုင်းရင်းသားအရေး ကိစ္စများ၏ အရေးပါမှု ရှိနေသည်ကို မျက်ကွက်ပြု၍ မရပေ။ ထို့ကြောင့်ပင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို NCA လက်မှတ်ရေးထိုးထားသော EAO များက လက်ခံထားကြသည်။ ရွေးကောက်ပွဲလုပ်ငန်း စဉ်သည် ဒီမိုကရေစီစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်‌ပြီး  မရှိမဖြစ်၊ ရှိသင့်ရှိထိုက်တဲ့ လုပ်ငန်းစဉ်တစ်ခု အဖြစ်လည်း NCA-EAO များက ရှုမြင်ထားကြသည်။
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-EAO များက လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက နေပြည်တော်တွင် NSPNC ကော်မတီနှင့် တွေ့ဆုံခဲ့ကြသည်။ တစ်ဖွဲ့ချင်းစီ တွေ့ဆုံသည့် အခင်းအကျင်းဖြစ်သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ နားလည်သဘောတူထားသော အချက်တစ်ချက် ရှိခဲ့သည်။ ယင်းအချက်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့၏ ဒေသအခြေအနေ၊ ၎င်းတို့ လက်လှမ်းမီသည့် ပံ့ပိုးမှုပုံစံတို့ဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူထားသည့် အချက်ဖြစ်သည်။
    "ဆိုလိုချင်တာကတော့ ဟိုးမန္တလေးမှာလုပ်တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ပံ့ပိုးပေးဖို့ကလည်း အခက်အခဲရှိမှာ သေချာတယ်၊ လက်တွေ့လည်း မကျဘူးပေါ့။ ညှိနှိုင်းဆွေးနွေးခဲ့မှု အခြေအနေအရက တကယ်လို့ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေမှာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကူညီဆောင်ရွက်ဖို့ သဘောတူထားပါတယ်" ဟု ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူး ကြီး စောကျော်ညွန့်က မှတ်ချက်ပြု သည်။
    ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် ပြည်သူလူထု‌၏ စိတ်ဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို မျက်ကွယ်ပြု၍ မရသလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကလည်း မရှိမဖြစ် လိုအပ်သည့် အခင်းအကျင်းတစ်ခုဟူ၍ KNU/KNLA-PC က လက်ခံထားသည်။ သို့သော် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် မေလကတည်းက သဘောတူညီခဲ့မှုများမှာလက်ရှိ နိုင်ငံ၏ အခြေအနေကာလနှင့် ချိန်ဆကြည့်မည်ဆိုလျှင် အချိန်ကာလအားဖြင့် နှစ်နှစ်ကျော် ကြာသွားခဲ့ကြောင်း၊ အလားတူ ယင်းကာလများတွင် နိုင်ငံ၏အခြေအနေ အရပ်ရပ်တို့သည်လည်း ပြောင်းလဲလာခဲ့သလို ထိုပြောင်းလဲ ဖြစ်ပေါ်လာသည့် အခင်းအကျင်းအရ ၂၀၂၂ နှင့် ၂၀၂၄ တို့၏ အခြေအနေတို့သည် အများကြီး ကွာခြားသွားသည်ဟု ၎င်းက ရှုမြင်သုံးသပ်ထားသည်။
    "၂၀၂၂ က ကျွန်တော်တို့ နားလည်သဘောတူတဲ့အချက်က မိမိတို့ နယ်မြေအခြေအနေတွေအပေါ်မှာ အခြေခံပြီးတော့ ပံ့ပိုးကူညီမှုတွေ လုပ်နိုင်မယ့် အရာတွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ သဘောတူညီခဲ့တာ ရှိပါတယ်။ သို့‌သော်လည်း ၂၀၂၂ နဲ့ ၂၀၂၄ တို့ရဲ့ အခြေအနေတွေက အများကြီး ကွာခြားသွားသလို ကျွန်တော်တို့ဒေသမှာလည်း အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ လာမယ့် ၂၀၂၅ အခြေအနေက ပြည်သူလူထုတွေရဲ့ စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေက ဘယ်လိုဖြစ်လာမလဲပေါ့။ လက်ရှိ ပြည်သူလူထုတွေက နိစ္စဓူ၀ တိုက်ပွဲပဋိပက္ခဒဏ်တွေကို ခံစားနေကြရတဲ့အချိန်မှာ အဲဒီရွေးကောက်ပွဲကို စိတ်ပါဝင်စားမှု ဘယ်လောက်ရှိမလဲ၊ ပူးပေါင်း ဆောင်ရွက်မှု၊ စိတ်အားထက်သန်မှု ဘယ်လောက်ရှိမလဲ ဆိုတာကလည်း အဓိက စိန်ခေါ်မှု အခက်အခဲ ဖြစ်လာမယ်လို့ နားလည်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးပေါ့။ ဒါကလည်း ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ စစ်ရေးဘောင်က ကျယ်နေပြီး နိုင်ငံရေးဘောင်က ကျဉ်းနေတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုတာကလည်း ပကတိရှိနေတဲ့ အခင်းအကျင်း အခြေအနေအရ အခက်အခဲစိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်"ဟူ၍ ဗိုလ်မှူးကြီး စောကျော်ညွန့်က မှတ်ချက်ပြုခဲ့သည်။
    လက်ရှိ နိုင်ငံအခြေအနေအရ တိုင်းရင်းသားနယ်မြေများနှင့် နယ်စပ်ဒေသ အခြေအနေများမှာ တစ်နေ့တစ်မျိုး ပြောင်းလဲဖြစ်ပေါ်နေ၍ ထိုဒေသများတွင် ရွေးကောက်ပွဲဖြစ်နိုင်ခြေ အလားအလာ၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် EAO များ၏ ပူးပေါင်းပါဝင်ပေးနိုင်မည့် အခန်းကဏ္ဍတို့အပေါ် တစ်ချိန်တည်း တစ်ခါတည်းဖြင့် သုံးသပ် ပြောကြားရန် ခက်ခဲမည်ဟု ဆိုကြသည်။ လက်နက်ကိုင် အဖွဲ့အစည်းများ ရှိ‌နေသည့် တိုင်းရင်းသားနယ်မြေများတွင် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေမှာ တခြားနေရာများနှင့် အခြေအနေ ကွာခြားနေခြင်းကြောင့် ရခိုင်ပြည် နယ်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ပို၍ပင် သုံးသပ်ရန် ခက်ခဲနေသည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စော မြရာဇာလင်းက မှတ်ချက်ပြုသည်။ အလားတူ ရခိုင်ပြည်နယ်နှင့် အနီးစပ်ဆုံးနေရာဖြစ်သည့် ချင်းပြည် နယ်အနေအထားသည်လည်း နေရာတချို့တွင် ရွေးကောက်ပွဲ ကျင်းပရန်ခက်ခဲသည့် အနေအထား ရှိလာနိုင်ပြီး အပိုင်းလိုက်ကျင်းပခြင်းမျိုး ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်ထားသည်။
    "ဒါကြောင့် ရခိုင်ရဲ့ အခြေအနေတွေက အခုအချိန်မှာပြောဖို့ ခက်နေသေးတယ်။ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတယ်ဆိုတဲ့ နယ်မြေတွေဆိုရင်တော့ ခက်ပါတယ်။ ထိန်းချုပ်မှုမရှိတဲ့ နေရာတွေမှာ မြို့ပေါ် ဒေသတွေမှာတော့ ရနိုင်တယ်လို့ သုံးသပ်တယ်။ မြို့ပေါ်တွေမှာ ရွေးကောက်ပွဲကို အတိုင်းအတာတစ်ခုအထိ ကျင်းပနိုင်မှာပါ။ ဒါပေမဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာဆိုရင် အဲဒီ EAO တွေနဲ့ညှိမှရမယ်။ အစိုးရနဲ့ အဲဒီ EAO တွေ ညှိနိုင်တဲ့ အနေအထားရောက်မှ ပြီးပြည့်စုံတဲ့၊ ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်။ အဲဒီလို မဟုတ်ဘူး၊ မညှိတော့ဘူး။ ကွက်ကျား၊ ကွက်ကျားပဲ လုပ်မယ်ဆိုလို့ ရှိရင် NCA လက်မှတ်ရေးထိုးထားကြတဲ့ တချို့သော EAO က ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်ပြီးတော့မှ ပံ့ပိုးပေးတဲ့ ပုံစံမျိုးတွေရှိလာနိုင်တယ်။ EAO နှစ်ဖွဲ့ရှိတဲ့ ဒေသလည်း ရှိသလို EAO သုံးဖွဲ့ရှိတဲ့ ဒေသလည်းရှိနေတဲ့အတွက်ကြောင့် တချို့နေရာတွေမှာတော့ ခက်တဲ့အနေအထား ရှိကောင်းရှိလာနိုင်တယ်"ဟု ဒေါ်စောမြ ရာဇာလင်းက ဆက်ပြောသည်။
    ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို EAO များက မည်သည့်ပုံစံဖြင့် ပူးပေါင်း ပါဝင်ပေးနိုင်မည်လဲ ဟူသည့် ကိစ္စမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းများ၏ နယ်မြေဒေသ Influence (လွှမ်းမိုးမှု) ကြီးမားသည့် အနေအထားအပေါ် မူတည်နေသည်ဟု သုံးသပ်နေကြပြီး Influence မရှိလျှင် လုံခြုံရေးအရ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး ခက်ခဲနိုင်သည်ဟု မှတ်ချက်ပြုကြသည်။ 
    "ပအိုဝ်းမှာကတော့ တခြားသော ပြည်နယ်တွေထက် အနေအထားတွေ ကောင်းနေတာ ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိသလို PNO ပြည်သူ့စစ်က ထိန်းချုပ်ထားတဲ့ နေရာတွေလည်းရှိတယ်။ ရှမ်းပြည်ရဲ့ အနေအထားအရက ပအိုဝ်းဘက်မှာဆိုရင် အားလုံးသော နယ်မြေတွေ ကောင်းနိုင်တဲ့ အနေအထားရှိတယ်။ RCSS ထိန်းချုပ်ထားတဲ့ နယ်မြေ‌တွေမှာ ဆိုရင်လည်း RCSS နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်လာမယ့် အပိုင်းတွေ ရှိပါတယ်။ မွန်ပြည်နယ်ဘက်မှာဆိုရင်တော့ လက်လှမ်းမမီဘူး။ မွန်ပြည်နယ်ရဲ့ လက်နက်ကိုင်အဖွဲ့လေးဖွဲ့ကလည်း အသံတစ်မျိုး ထွက်လာတာတွေရှိတယ် မဟုတ်လား။ အဲဒါကြောင့် မွန်ပြည်နယ်ဘက်ကျတော့ သုံးသပ်ဖို့ လက်လှမ်းမမီဘူး။ ရှမ်းပြည်နယ်မှာကျတော့ ပအိုဝ်းနဲ့ RCSS ရှိတဲ့ နေရာတွေမှာကျတော့ အတိုင်းအတာတစ်ခုအထိကတော့ ရနိုင်ခြေရှိပါတယ်။ ချုံပြီးတော့ ပြောရမယ်ဆိုရင် ရခိုင်ကတော့ ထူးခြားမှုပိုများတယ်။ ကရင်ပြည်နယ်မှာကတော့ ထိန်းချုပ်တဲ့ နယ်မြေဧရိယာတွေက အပိုင်း၊ အပိုင်း ရှိနေတာပေါ့။ KNU ထိန်းချုပ်နယ်မြေတွေရှိတယ်။ DKBA ထိန်းချုပ်တဲ့နယ်မြေ တွေရှိတယ်။ DKBA ထိန်း ချုပ်တဲ့ နယ်မြေတွေမှာလည်း အသွင်သဏ္ဌာန်နှစ်မျိုး၊ သုံးမျိုးရှိနေတယ်။ KNU/KNLA-PC ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ရှိတယ်။ အဲဒီလို အပိုင်း၊ အပိုင်း ရှိနေတဲ့ အနေအထားမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောနေကြတဲ့ အဖွဲ့တွေရှိတဲ့ နေရာမှာတော့ ရနိုင်လောက်ပါတယ်။ ဒါပေမဲ့ KNU ထိန်းချုပ်နယ် မြေမှာကတော့ အခက်အခဲ ရှိနိုင်တယ်လို့ မြင်ပါတယ်"ဟူ၍ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက သုံးသပ်ထားသည်။
    ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့်ပတ်သက်လျှင် ပြည်နယ်ကို ဦးစားပေးပြီး စဉ်းစားချက်၊ နိုင်ငံတစ်ခုလုံး၏ အခြေအနေကိုကြည့်ပြီး စဉ်းစားချက်ဟူ၍ စဉ်းစားပုံ ကွာဟနိုင်ကြောင်း၊ နိုင်ငံတော်ဆိုသည့် ပုံစံဖြင့်ကြည့်ကာ နိုင်ငံတော်အတွက် ပံ့ပိုးရမည်ဆိုသော အမြင်များရှိနေသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများရှိရာဒေသနှင့် မိမိပြည်နယ် မိမိဒေသအရေး ၎င်းတို့ ထိန်းချုပ်နယ်မြေအရေး ကြည့်ကြသည့် ပုဂ္ဂိုလ်အဖွဲ့ အစည်းများရှိရာ ဒေသဟူ၍ အနေအထား တစ်မျိုးစီ ဖြစ်လာနိုင်၍ ခန့်မှန်းသုံးသပ်ရန် ခက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် အဓိက အခြေပြုလှုပ်ရှားရာ နယ်မြေများ ရှိထားကြသည်။ သို့သော်လည်း NCA လက်မှတ် ရေးထိုးပြီးနောက်ပိုင်းမှစ၍ NCA အကောင်အထည်‌ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်သည့် ၂၀၂၀ကုန်တဲ့အထိ NCA စာချုပ်တွင် ပါရှိသည့် တပ်ပိုင်းဆိုင်ရာ နေရာချထားမှု ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် ဆွေးနွေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းများ မရှိခဲ့ဟု KNU/KNLA-PC အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က မှတ်ချက်ပြုသည်။
    "ကျွန်တော်တို့ KNU/KNLA-PC အနေနဲ့ကတော့ NCA အကောင်အထည်ဖော်မှု လုပ်ငန်းမှာပါတဲ့ တပ်ပိုင်းဆိုင်ရာ နေရာချထားမှု ကိစ္စရပ်တွေက တစ်ခါမှ မဆွေးနွေးနိုင်ခဲ့သေးသလို ကျွန်တော်တို့ရဲ့ အခြေအနေအရ ကျွန်တော်တို့ရဲ့ နယ်မြေဆိုတာ Bilateral (ပဏာ မအပစ်ရပ်စာချုပ်) အရကတော့ ထို့ကော်ကိုးဒေသမှာပဲ အခြေချနေထိုင်ပါမယ်လို့ ပြောကြခဲ့ပေမယ့်လည်း ပကတိရှိနေတဲ့ အခြေအနေက KNU ထဲမှာဆိုရင် တပ်မဟာ (၇)နယ်မြေ ဖြစ်တယ်။ ထိုနည်းတူ ထို့ကော်ကိုးဆိုတာ ဘယ်လောက်အထိ ကျယ်ပြန့်တယ်၊ ဧရိယာ ဘယ်လောက်အထိ ရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သတ်သတ် မှတ်မှတ် တစ်ခါမှ မလုပ်နိုင်ခဲ့ပါဘူး။ တကယ်လို့ SAC ကနေပြီးတော့ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ခဲ့မယ်ဆိုရင် ၂၀၂၂ အချိန်တုန်းက နားလည်သဘောတူခဲ့တဲ့ အခြေခံအချက်တွေအပေါ်မှာ ကျွန်တော်တို့  ပကတိရှိနေတဲ့ SAC တပ်မဟာ(၇) နယ်မြေလည်း ဖြစ်တဲ့၊ အစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ဒေသအခြေ အနေအပေါ်မှာ အကောင်းဆုံးညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ပံ့ပိုးမှုတွေ လုပ်ဆောင် နိုင်မှာပါ"ဟူ၍ ၎င်းက ဆက်ပြောသည်။
    ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် EAOs များ၏ အခန်းကဏ္ဍများနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ယူသူများ၏ အမြင်သဘောထားများ ဖြစ်ပါသည်။ လုံခြုံရေးဟုဆိုလျှင် အားလုံးအတွက် အရေးကြီးပါသည်။ နိုင်ငံရေးပါတီများနှင့် ပါတီကိုယ်စားလှယ်များအတွက် လုံခြုံရေးလိုအပ်သလို UEC နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က ဝန်ထမ်းတွေအတွက်လည်း လုံခြုံရေး အထူးလို အပ်ပေမည်ဖြစ်သည်။ အလားတူ မဲရုံလုံခြုံရေး၊ ဆန္ဒမဲပေးသူများ၏ လုံခြုံရေးအထူး လိုအပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲလုံခြုံရေးနှင့် ပတ်သက်လျှင် UEC က ဆောင်ရွက်ပေး၍မရ၊ နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ရမည့် အပိုင်းဖြစ်သည်။ အလားတူ ရွေးကောက်ပွဲမတိုင်ခင် လူဦးရေကောက်ယူရေး လုပ်ငန်းစဉ်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များတွင် အစိုးရ၏ လုံခြုံရေးအစီအမံများဖြင့် ဆောင်ရွက်နေခြင်းဖြစ်၍လည်း ရွေးကောက်ပွဲလုံ ခြုံရေးနှင့်ပတ်သက်ပြီး အစိုးရက စီမံ‌ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားထားသည်။ လုံခြုံရေးနှင့်ပတ်သက်ပြီး UEC က  နိုင်ငံတော်အစိုးရကို တရားဝင် တင်ပြပေးမည်ဖြစ်သလို နိုင်ငံတော် အစိုးရကလည်း ရွေးကောက်ပွဲ ကို အောင်မြင်ဖို့ လိုလားသည့် အဖွဲ့အစည်းဖြစ်၍ လုံခြုံရေးကို ဆောင်ရွက်ပေး မည်ဖြစ်သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။ လက်ရှိအချိန်သည် သန်းခေါင်စာရင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေဆဲ အခြေအနေဖြစ်ပြီး သန်းခေါင်စာရင်း လုပ်ငန်းစဉ် ပြီးစီးသွားသည်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စသည် ဦးစားပေးလုပ်ဆောင်မည်၊ ၂၀၂၅ အတွင်း UEC အနေဖြင့် ပစ္စုပ္ပန်လုပ်ငန်းစဉ် ဖြစ်လာမည့် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး၊ ဥပဒေနှင့် ညီညွတ်သည့် ရွေးကောက်ပွဲဖြစ်ရေးကိုသာ အာရုံစူးစိုက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်သည်။
    လက်ရှိအခင်းအကျင်းအရ ဂုဏ်သိက္ခာရှိသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဖြစ်ဖြစ်အောင် ဆောင်ရွက်မည့် အဖွဲ့အစည်းနှင့် ရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည့်အဖွဲ့တို့  ထိပ်တိုက်လာတွေ့မည့် အခင်းအကျင်းဖြစ်၍ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုရှိလာမည်ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက်  အရေးကြီးသည့် အချက်တစ်ချက်ကို  ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက  ဤသို့ အကြံပြုထောက်ပြခဲ့သည်။
    "အမှန်ကတော့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ လုံခြုံရေးက လုံခြုံရေးပဲ တာဝန်ယူရမှာ။ ဘာလို့လဲ‌ဆိုရင် ပြည်သူတွေ လွတ်လပ်စွာမဲပေးနိုင်မှ ရွေးကောက်ပွဲက ကောင်းမွန်မှန်ကန်မှာလေ။ တိုင်းရင်းသားလက်ကိုင်အနေနဲ့ လုံခြုံရေးတာဝန်ယူတဲ့နေရာမှာလည်း သူတို့ရဲ့ ခြိမ်းခြောက်မှုမပါစေရ ဘူး။ လွတ်လွတ်လပ်လပ် ဖြစ်ရမယ်။ အဲဒါမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ။ မဲရုံလုံခြုံရေး၊ ပါတီကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးဆိုပြီး ရွေးကောက်ပွဲလုံခြုံရေးက အများကြီး ရှိပါတယ်။ EAO တွေက သူတို့ရဲ့ဒေသမှာ ရွေးကောက်ပွဲ လုပ်တဲ့အခါ ပြည်သူတွေ လွတ်လပ်စွာ မဲပေးနိုင်အောင် မဲရုံလုံခြုံရေး၊ ပြည်သူတွေရဲ့လုံခြုံရေး ဒီလောက်ပဲလုပ်ပေးရမှာ။ နောက်အရေးကြီးတာက အကြမ်းဖက် လက်နက်ကိုင်တွေက ရွေးကောက်ပွဲကို ဖျက်မှာ။ အဲဒီရန်ကို သူတို့ကအဓိက ကာကွယ်ရမှာ။ မြေပြန့်မှာလည်း အဲဒီလို ရွေးကောက်ပွဲကို ဖျက်ကြမှာပဲ။ အဲဒီရန်ကိုပဲ ကာကွယ်ရမှာ။ နစက အစိုးရက အောင်မြင်အောင် လုပ်မယ်၊ တစ်ဖက် ဆန့်ကျင်ဖက် အဖွဲ့တွေကလည်း ပျက်အောင် ဖျက်မယ် ပြောနေတယ်။ အဲဒီကြားထဲမှာ ပါတီကိုယ်စားလှယ်တွေက ဝင်ပြိုင်မယ် ပြည်သူတွေက အဓိက ပါဝင်ကြမယ်။ ဒါကြောင့် အဲဒီပြည်သူ ပြည်သားတွေရဲ့ လုံခြုံရေး သိပ်အရေးကြီးတဲ့ အချက်ပဲ။ မဲပေးတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဦးစားပေး လုပ်ပေးရမှာပါ"ဟူ၍ ဖြစ်သည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 228

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42974

© 2022 - 2025 News. All Rights Reserved.