၂၀၂၄ ဖေဖော်ဝါရီ ၂
ဥက္ကဋ္ဌကြီးထူးမြတ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကား အိမ်ခြံမြေရောင်းဝယ်ရေး ဝန်ဆောင်မှုအသင်းချုပ် ခံ့ညားထည်ဝါလှပြီး ပြောင်လက်နေအောင် ခြယ်သထားသည့် ကျွန်းစားပွဲကြီး၏အလယ်ရှိ ရွှေရောင်ဖောင်းကြွစာလုံးဖြင့် ရေးထားသည့် ရာထူးအမည်ဖော် ပြထားသည့် စားပွဲတင်ဆိုင်းဘုတ်ငယ်လေးတွင် အထက်ပါ စာသားများကို ရေးထိုးထားသည်။ သန့်ရှင်းသပ်ရပ်လှသော အခန်းနံရံတွင်လည်း လာရောက်သူအပေါင်း စိတ်အားတက်ကြွစေသည့် စာသားများရေးထားသည့် နံရံကပ်စာများကလည်း အထင်အရှား တွေ့မြင်နေရသည်။ အခန်းအတွင်းသို့ ဝင်ရောက်လာသည့်နှင့် ပထမဆုံး မြင်တွေ့ရမည့်စာသားက ဥက္ကဋ္ဌကြီး၏ ကျောဘက်တွင် ရေးသားထားသည့် "မပြီးသေးဘူး ငါတို့အိမ်ဝယ်ဖို့ အလှည့် ကျန်သေးတယ်"ဆိုတဲ့ စာတန်းကြီးဖြစ်သည်။ ထို့အပြင်ဥက္ကဋ္ဌကြီး၏ လက်ယာဘက် နံရံတွင်လည်း "အဆန်လှေဖြစ်သည် ဝေစုတောင်းရင် အိမ်တစ်လုံးရမည်"ဟူသော စာတန်းရေးထိုးထားသလို၊ လက်ဝဲဘက်တွင်လည်း "ငါတို့အတူတူ အမေရိကားက အိမ်ပြန်ကြမယ်"ဟူသော စာတန်းကြီးက အခန့်သားပင်ဖြစ်သည်။ ဥက္ကဋ္ဌကြီးထူးမြတ်တစ်ယောက် ကျွန်းစားပွဲကြီးနောက် ပေါ်လစ်ပြောင်နေ အောင် သုတ်ထားသည့် ဆိုဖာဆုံလည် ကုလားထိုင်ကြီးတွင် ထိုင်လိုက်ပြီး စားပွဲခုံပေါ်က ဘဲလ်ကို အသာတီးလိုက်သည်။
"ဥက္ကဋ္ဌကြီး ခေါ်လိုက်သလားဗျ"
"ဟုတ်တယ်ဒုဥက္ကဋ္ဌကြီးရေ ပြောစရာလေးရှိလို့ လာထိုင်ဗျာ"ဟု ခရီးဦးကြိုပြုလိုက်ပြီး ထိုင်ခုံနေရာသို့ ညွှန်ပြလိုက်သည်။
"ဒီလို ဒုဥက္ကဋ္ဌကြီး ဦးရွှေထီးရဲ့ အခုကျွန်တော်တို့ အသင်းကြီးက မြန်မာလူမျိုးတွေ စိတ်ဝင်စားနေတဲ့ အမေရိကားက အိမ်ခြံမြေဈေးကွက်ကို စတင်ထိုးဖောက်မှာဆိုတော့ အမေရိကားမှာ အိမ်တစ်လုံးလောက်တော့ ပိုင်ထားဖို့ကောင်းတယ်ဗျ။ ဒါမှလည်း ကျုပ်တို့ အသင်းခွဲတွေကို အမေရိကားမှ ာသွားဖွင့်လို့ရမှာပေါ့လေ။ ဒုဥက္ကဋ္ဌကြီး သဘောကရော"
"ကျုပ်ကတော့ အမေရိကားထက် ရွာက စပျစ်ခြံလေးပဲ...."ဟု စကားမဆုံးသေး
"ဒုဥက္ကဋ္ဌကြီးကလည်း မြန်မာပြည် အထင်ကရမြို့ကြီးမှာ တိုက်နဲ့မြေကွက်တွေ ဒီလောက်ပိုင်နေတာ အညာက စပျစ်ခင်းလေးကို သတိရနေသေးတယ်။ ကျုပ်တို့ အတွေးအခေါ်တွေကို ရွာကိုစွန့်ခွာ အမြန်လမ်းပေါ်တက် လေဆိပ်ကနေ အမေရိကားထိ ဖြန့်ထားရတော့မယ့် အချိန်ပဲဗျ"
"မဟုတ်ပါဘူး ဥက္ကဋ္ဌကြီးရယ် ရွာကစပျစ်ခြံလေး ပြန်ရောင်းလို့ရတဲ့ ငွေလေးနဲ့ အမေရိကားမှာ အိမ်ဝယ်လို့ရပါ့မလားလို့ မေးမလို့ပါ"
"ဒါကတော့ စိတ်မပူနဲ့ဗျို့ အမေရိကားအရင် ရောက်ဖို့တွေးတာ အမေရိကားရောက်ရင် ပထမဆုံးလုပ်ရမှာက အမေရိကားကလူတွေက မြန်မာအစားအသောက်တွေ အင်မတန်ကြိုက်ပုံရတယ်။ ဒါကြောင့် ခင်ဗျားရွာကထွက်တဲ့ ထန်းရည်၊ ထန်းလျက်တွေ၊ ထန်းပင်မြစ်တွေယူပြီး ထန်းရည်တစ်ပုလင်း ၁၀ ဒေါ်လာဆိုပြီး အမေရိကားမှာ ရောင်းဗျာ။ အမေရိကားမှာ ငါးပိ၊ ငါးခြောက်ရောင်းတဲ့လူ တောင်တစ်လကို အမြတ်က အမေရိကန်ဒေါ်လာ ငါးသောင်းကျော်လောက်ရတာဆိုတော့ သေချာတာကတော့ အမေရိကားကလူတွေ မြန်မာအစားအစာ အင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေ ဖြစ်မယ်ဗျာ။ ဒါကြောင့် ခင်ဗျားတို့အညာက အစားအသောက်လေးတွေရောင်း သုံးနှစ်လောက်ဆို အိမ်ပိုင်ပြီပေါ့ဗျာ"
"ဒါနဲ့အမေရိကားမှာ အိမ်ဝယ်တာက ဘဏ် က ငွေချေးပြီးဝယ်ရတာဆိုဗျ"
"ဒီမှာ ဒုဥက္ကဋ္ဌကြီး ကျုပ်တို့အလုပ်က အင်တာနေရှင်နယ်ကို သွားတော့မှာဆိုတော့ တချို့စကားတွေ ပြောတဲ့အခါမှာ လူပြိန်းတွေ အထင်ကြီးအောင် အင်္ဂလိပ်စကားလေးတွေ ညှပ်ညှပ်ပြီးပြောဗျ။ ဒါဆိုရင် လူပြိန်းတွေက အင်္ဂလိပ်စကားနားလည်သယောင်နဲ့ ညာလို့ရတော့ပေါ့။ ချေးငွေလို့ ပြောမယ့်အစား Loan တို့၊ ဘာတို့ ညှပ်ပြောတော့ ငပိန်းတွေ အထင်ကြီးတာပေါ့။ ပိုအထင်ကြီးအောင် Down Payment တို့၊ ဘာတို့ ထပ်ပြီးညှပ်ပြောရင် ငပိန်းတွေက ပိုတောင်အထင်ကြီးသေးတာ။ သူတို့က အင်္ဂလိပ်စာ မဖတ်တတ်၊ အဓိပ္ပာယ်မသိတော့ ကိုယ်ပြောတာအမှန်ထင်ပြီး နားလည်သယောင် ခေါင်းလေးတ ညိတ်ညိတ် လုပ်နေလိမ့်မယ်ဗျ"
"သြော် ဒါနဲ့ ကျုပ်ကြားဖူးတာက အမေရိကားမှာက ဆူရှီကြိုက်ကြတယ်ဆိုဗျ။ တချို့အမေရိကား ရောက်နေတယ် သူတွေက ဆူရှီဆိုင်ဖွင့်တာတို့၊ ဆူရှီလိပ်တာတို့ လုပ်နေတယ်ဆိုပဲဗျ"
"ဒုဥက္ကဋ္ဌကြီးကလည်း ဆူရှီလိပ်တာတို့၊ ဆူရှီဆိုင်ဖွင့်တာတို့က သိပ်စီးပွားဖြစ်ပုံ မရဘူးဗျ။ အမေရိကား သွားတာချင်းအတူတူ ဆူရှီလိပ်တဲ့သူတွေ၊ ကားမောင်းတဲ့သူတွေ၊ ငါးကြော်ရောင်းစားတဲ့သူတွေ အိမ်ဝယ်နိုင်တယ်လို့ ကြားမိလို့လား။ အခုဟာက ရယ်ဒီမိတ် မြန်မာအစားအသောက်တွေကို မြန်မာပြည်ကတစ်ဆင့် ပြန်ယူရောင်းတဲ့သူပဲ ကြီးပွားချမ်းသာသွားတာလေ။ ဒါကြောင့် ကျုပ်တို့ အသင်းကနေ မြန်မာလူမျိုးတွေ ကြီးပွားချမ်းသာပြီး အမေရိကန်မှာစီးပွားဖြစ် အိုးပိုင်အိမ်ပိုင်ရအောင် ဆောင်ရွက်ပေးရမယ့် တာဝန်ရှိသဗျို့"
"ကျုပ်ကရွာက စပျစ်ခြံလေးရောင်း အမေရိကားကို ရောက်တယ်ပဲထား ခြံရောင်းရတဲ့ငွေက လမ်းစရိတ်ပဲရှိမှာလေ ဟိုရောက်ရင် ဘယ်လိုလုပ်ရမလဲ"
"ဒါများ ဒုဥက္ကဋ္ဌကြီးရယ် မြန်မာလူမျိုးတွေ သဒ္ဓါတရား မနည်းပါဘူး။ တောင်းရမ်းစားသောက်လို့ ရပါတယ်။ တောင်းရမ်းတာတောင် အထက်စီးကနေ တောင်းလို့ရတဲ့နည်းက ဘာပဲလုပ်လုပ် ခေါင်းစဉ်ရှေ့မှာ တော်လှန်ရေးဆိုတာပဲ ထည့်ရေးရုံပဲဗျ။ ရှေ့မှာလည်း ကျုပ်တို့ရဲ့ ခေါင်းဆောင်ကြီးတွေ ဒီလိုပဲ အလှူခံစားခဲ့တာပဲလေ။ ပရောဂျက်ပေါင်းစုံ၊ နာမည်ပေါင်းစုံနဲ့အလှူခံတာ ကုန်သလောက်နီးပါးရှိပြီဆို ပေမယ့် နည်းတွေက ကျန်ပါသေးတယ်ဗျ။ ကျုပ်စဉ်းစားမိတာကတော့ ပထမခေါင်းဆောင်ကြီးတွေ အိမ်ပြန်မယ် တကဲကဲလုပ်နေရာကနေ အခုတော့ တော်တော်လေးနဲ့ အိမ်မပြန်လာနိုင်လောက်သေး ဘူးထင်တယ်ဗျ။ ဒါကြောင့် ကျုပ်တို့က အမေရိကားကို တော်လှန်ရေးသိပ်ကြိုက်တဲ့ အသိုင်းအ ဝိုင်းကြီးတစ်ခုလုံးရောက်သွားဖို့ အကျိုးဆောင်ပေးရမှာပဲ"
"ခေါင်းဆောင်ကြီးတွေပြောတော့ အဆုံးသတ် နှစ်တို့၊ ဘာကြီး နိဂုံး ၂၀၂၃ တို့ ဆိုပြီးပြောထားတော့ ပြန်လာတော့မယ် ကျုပ်က ထင်နေတာ"
"ဒုဥက္ကဋ္ဌကြီးပဲ စဉ်းစားလေ ခေါင်းဆောင်ကြီးတွေ အမေရိကားမှာ အိမ်ဝယ်တာက အကြွေးနဲ့ဝယ်တယ် ပြောတာပဲလေ။ အကြွေးကလည်း နှစ် ၃၀ ဆပ်ရမှာဆိုတော့ နောင်နှစ် ၃၀ လောက်တော့ ပြန်မလာသေးဘူးဆိုတဲ့ သဘောပဲလေ။ ဒါကြောင့် သူတို့ပြန်မလာနိုင်သေး ယ့်အတူတူ လိုက်သွားချင်တဲ့သူတွေ လိုက်သွားလို့ရအောင် ကျုပ်စဉ်းစားထားတဲ့ ပရောဂျက်တွေရှိတယ်ဗျ။ Top Secret ပေါ့ဗျာ။ ကျန်တဲ့ အိမ်ခြံမြေပွဲစားတွေမသိအောင် ကျုပ်တို့နှစ်ကိုယ်ကြား ပြောချင်လို့ခေါ်လိုက်ရတာ ဗျ"
"အကြံရှိရင်ပြောစမ်းဗျာ မြန်မြန်အကောင်အထည်ဖော်ရအောင်"
"အခုချိန်မှာ ဂျင်းထပ်ထည့်ဖို့ဆိုတာက အရင်ကလို ဘွန်းတွေထုတ်ရောင်းတာတို့၊ ဘာတို့ လုပ်လို့မရဘူး။ ဒီတော့ နည်းအသစ်တွေ ထုတ်ရမယ်။ ပထမဆုံး ဂူဂဲလ်မတ်ကနေ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အခုအိမ်ဝယ်တဲ့နေရာရဲ့ မနီးမဝေးမှာ လွတ်နေတဲ့မြေကွက်ပုံတွေကို ထုတ်ရမယ်။ ပြီးရင် ခေါင်းဆောင်ကြီး တွေနဲ့ အတူနေရမယ့်အခွင့်အရေးဆိုပြီး "တော်လှန်အိမ် ရာစီမံကိန်းဆိုပြီး ပေ 40 × 60 မြေကွက်တွေ ရိုက်မယ်ဗျာ။ ရောင်းရပါ့မလားမမေးနဲ့။ ပြင်ဦးလွင်က သစ်တော မြေတွေတောင် ဝယ်တဲ့လူရှိသေးတာပဲဗျာ။ အဲ့ဒီလိုဆိုရင် အမေရိကားရူးရူးနေတဲ့သူတွေ စိတ်ဝင်စားလာကြမှာ။ အဲ့ဒီတော့မှ ကျုပ်တို့က ဘိုလိုညှပ်ပြီး Down Payment ကဘယ်လောက်ဆိုပြီး ငွေချခိုင်းပြီးရောင်းမယ်။ ဒါကို တစ်နှစ်စီမံကိန်းနဲ့ အပြီးလုပ်ပြီး 'ခေါင်းဆောင်တွေဆီ လိုက်လို့သွား နှစ်ထောင့်နှစ်ဆယ့်ငါး-၂၀၂၅'ဆိုပြီး ဆော် သြပေးလိုက်ရင် သွားကြမှာပဲဗျ။ ခင်ဗျားကစားပွဲပေါ်မှာ ထိုင်ပြီး ရုပ်တည်ကြီးနဲ့ Loan Officer ထိုင်လုပ်ရုံပဲ။ ဘဏ်ကနေ Loan ရဖို့ကလည်း စိတ်ပူမနေနဲ့ ကျုပ်က မြန်မာပြည်ကဘဏ်တွေနဲ့ အလုပ်မ လုပ်ဘူးဗျ။ အမေရိကားက နွေဦးဘဏ်နဲ့ချိတ်ပြီး ချေးငွေယူမှာ။ အခုတော်လှန်ရေးခေါင်းဆောင်ကြီး တော့ အိမ်ဝယ်တာ ဘယ်ဘဏ်ကယူတယ် မပြောပေမယ့် ကျုပ်ကနွေဦးဘဏ်က ယူတယ်ဆိုတာ ကြိုသိနေတယ်ဗျ။ ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲဖိတ်ပေါ့ဗျာ"
"ဒါဆို ကျုပ်တို့က လိမ်ရောင်းသလိုဖြစ်နေမှာပေါ့ဗျ"
"ဟာ ဟေ့လူ ဒါလိမ်တာမဟုတ်ဘူးဗျ တော်လှန်ရေးဆိုတဲ့စကား ရှေ့ကခံထားရင် လိမ်လို့ လိမ်သွားမှန်းတောင် မသိလိုက်တဲ့လူတွေ အများကြီးပါဗျာ။ ဒါကြောင့် ရှေ့ကခေါင်းဆောင်ကြီးတွေ နည်းအတိုင်း ဘာလုပ်လုပ် နွေဦးဆိုတာလေးကို စီးပွားတက်တဲ့ဂါထာလို ရွတ်ပြီးသာလုပ် အောင်မြင်ပြီ သာမှတ်တော့ ကိုယ့်လူရေ။နောင်နှစ် ၃၀ လောက်မှ ပြန်လာမယ့်ခေါင်းဆောင်ကြီး တွေကို သတိရနေတဲ့သူတွေ လိုက်သွားလို့ရအောင် ကျုပ်တို့က အကျိုးဆောင်ပေးရတာဗျ။ ကျေးဇူးတောင် တင်ရဦးမှာ။ ဒီတော့ ခင်ဗျားကို ဒီနေ့ကစပြီး - Officer ရာထူးခန့်လိုက်ပြီဗျာ။ ဒီတော့ ခင်ဗျားကစကား ပြောတဲ့အခါမှာ လူအထင်ကြီးအောင် Financial Statement, Loan Qualify,Tax Return , Credit Score, Knowledge, Knowledge Share, Business ဒီအင်္ဂလိပ်စာလေးတွေသာ ညှပ်ညှပ်ပြီးပြော ဒါလေးတွေပြောတတ်ရင် ဒေါ်လာသန်းချီပြီး လိမ်စားလို့ရပြီဗျာ"
"ဒါဆိုကျုပ် ရွာပြန်ပြီးကျုပ်ရဲ့ Business ဖြစ်တဲ့ စပျစ်ခြံ Vineyard ရောင်းပြီး Spring bank ကနေ့ ချေးငွေ Loan လေးရအောင်လျှောက်ပြီး ရွာကလူတွေကို အမေရိကားမှာ အိမ်ဝယ်လို့ရတဲ့အကြောင်း Knowledge Share လုပ်ပြီးရင် ပြန်လာမယ်ဗျာ အပြန်လက်ဆောင် Palm juice ထန်းရည်ယူလာမယ်"ဆိုပြီး အခန်းထဲက ထထွက်သွားလေတော့သည်။
ဥက္ကဋ္ဌကြီး ထူးမြတ်တစ်ယောက် ထိုင်ခုံကိုကျောမှီလိုက်ပြီး မျက်နှာကြက်ကိုမော့ကြည့်တာ ဘိုလိုတီးတိုးရွတ်လိုက်မိသည်။
"I will go home from America"
ထူးမြတ်
( TREND News ဂျာနယ်အတွဲ (၃)၊ အမှတ် (၃) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )