ရှမ်းပြည်အရေး ဆွေးနွေးအဖြေရှာခြင်း လမ်းစဉ်သည်သာ အကောင်းဆုံးဖြစ်မည်

၂၀၂၄ မေ ၁၂

    မြန်မာနိုင်ငံ၏ ပြည်ထောင်စုနိုင်ငံအဖြစ် ဖြစ်တည်လာပုံကို ပြည်ထောင်စုသားများ မှန်မှန်ကန်ကန် သိထားသင့်ပါသည်။ ထို့အပြင် ပြည်ထောင်စု စတင်ဖွဲ့စည်းချိန်ကစပြီး နိုင်ငံရေးသမားများ၏ အာဏာရရှိရေးဆောင်ရွက်ချက်များ၊ အာဏာမစွန့်လွှတ်လိုသည့်တိုင်း ရင်းသားပဒေသရာဇ်များ၏ အာဏာထိန်းသိမ်းထားလို မှုပြဿနာများ၊ လူမျိုးရေးအမြင်ဖြင့် လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ခဲ့ရာမှ တိုင်းရင်းသားများကြားတွင် တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်မှုပြဿနာများ၊ ထိုပြဿနာများအပေါ် အခြေခံပြီး ထိုပြဿနာများကြားတွင် တပ်မတော်မှ ပါဝင်ထိန်းသိမ်းခဲ့ရသည့် အခြေအနေမှန်များကိုလည်း သိထားသင့်ပါသည်။ တပ်မတော်သည် ခေတ်အဆက်ဆက် ထိုပြဿနာ များအပေါ် အခြေခံပြီး ပုံသ ဏ္ဌာန်အမျိုးမျိုးရှိသည့် ထိုအဖွဲ့အစည်းအသီးသီးတို့၏ ဘုံရန်သူသဖွယ် ဖြစ်လာခဲ့ရခြင်းသည် တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် များစွာနစ်နာ လှသည်ဟု ဆိုရပေမည်။
    ၂၀၂၄ ခုနှစ် မေလ ၃ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ((SSPP/ SSA)) ၏ Facebook account ဖြစ်သည့် SSPP info account မှ 'နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်း လမ်းဖြင့်အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီး'ဆိုသည့် Post တစ်ခုတင်ခဲ့ရာမှ လူမှုကွန်ရက်နှင့် ပြည်သူလူထုကြားတွင် SSPP/SSA မှ နစကနှင့် တပ်မတော်ကို စစ်ကြေညာခြင်းဖြစ်ပြီး တော်လှန်ရေး တွင်ပါ ဝင်လာခြင်းဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးအတွက် တစ်တပ်တစ်အားပင်ဖြစ်ကြောင်း၊ SSPP/SSA  ၏ နောက်တွင် UWSA ရှိသည့်အတွက် UWSA ၏ ထောက်ပံ့မှု၊ ပါဝင်ပတ်သက်မှုများ ရှိမှာဖြစ်ကြောင်း၊ ရှမ်းပြည်(မြောက်ပိုင်း)မှာ မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်များ အာသာမှုရှိခဲ့သလို တော်လှန်ရေးတွင် UWSA ၏ထောက်ပံ့မှုနှင့်အတူ SSPP/SSA ပါဝင်လာပါက ရှမ်းပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တိုင်းရင်းသားအဖွဲ့များ စိုးမိုးထားနိုင်တော့မှာဖြစ်ကြောင်း"ဟူ၍ သုံးသပ်ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်ကို တွေ့ရပါသည်။
    ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး  SSPP info Account  မှာ SSPP/SSA  ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ၂၀၂၄ ခုနှစ်ဧပြီလ ၂၄ ရက် SSA တည်ထောင်ခြင်း နှစ် (၆၀)ပြည့်အခမ်းအနားမှာပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လျစ်လျူရှုပစ်ပယ်ကာ တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုလိုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးလမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ နှစ်ပေါင်း ၇၇ နှစ်ကြာခဲ့ပြီဖြစ်ကြောင်း၊ စစ်အုပ်စုအဆက်ဆက်က တိုင်းရင်းသားလူ နည်းစုတွေကို ဝါးမျိုပြီး ပင်လုံစာချုပ်မှာ သဘောတူလက် မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြကြောင်း၊ စစ်ကောင်စီအာဏာ သိမ်းပြီးနောက်မှာလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ နည်းလမ်းတွေ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့ကြောင်း၊ အခြေအနေ လုံး၀ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ကျွန်တော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာလိုတာဖြစ်ကြောင်း၊ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်လုံးဝမရှိတော့ကြောင်း၊ ဒါကြောင့် တိုက်ပွဲဖြစ်ရတော့မှာဖြစ်ကြောင်း၊ မနက်ဖြန်စစ်မဖြစ်ချင်ရင် ဒီနေ့စစ်ဖြစ်ရမှာဖြစ်ကြောင်း"စသဖြင့် ပြောကြားခဲ့သည်ဟု ဆိုပါ သည်။
    ထိုကိစ္စနှင့်ပတ်သက်ပြီး မေလ ၅ ရက်မှာ Than Lwin Times သတင်းဌာနက SSPP/SSA ၏ပြော ခွင့်ရပုဂ္ဂိုလ်  ဗိုလ်မှူးကြီး စိုင်းစု၏ ပြောဆိုချက်ကိုပြန် လည်တင်ပြထားတာ တွေ့ရပါသည်။ ဗိုလ်မှူးကြီး စိုင်းစုက "တော်လှန်မှာတို့၊ တိုက်ပွဲဝင်မှာတို့ကို ၎င်းတို့နိုင်ငံရေးဦးသျှောင်အဖွဲ့တွေက ဆုံးဖြတ်ထားတာ မရှိကြောင်း၊ ဒီမိန့်ခွန်းပြောတဲ့နေရာမှာ ရှမ်းပြည်တပ်မတော်ရဲ့သမိုင်းကြောင်းကို နှစ် (၆၀) ပြည့် ရှင်း လင်းဆွေးနွေးသွားတာ၊ မိန့်ခွန်းပြောသွားတာသာ ဖြစ်ကြောင်း၊ တခြားစစ်ရေး စစ်ရာတွေ ပြင်ပြီးတော့ တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့ အဆင့်လိုမျိုး မရှိသေးဘူးလို့ပဲပြောချင်ကြောင်း၊ အဲဒီလိုမျိုးအဆင့် ဆုံးဖြတ်ထားတာမရှိကြောင်း" ပြောဆိုခဲ့ပါသည်။ 
    ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောဆိုချက်နှင့် ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်၏ ပြောဆိုချက်များကို ယှဉ်ထိုးကြည့်လျှင် လက်ရှိအခြေအနေကို ညွှန်းဆိုခြင်းမဟုတ်သည်မှာ မှန်ကန်သည်ဟု မြင်ပါသည်။ စဝ်ခွန်ဆိုင်၏ပြောဆိုချက်သည် ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သော်လည်း ပျက်ပြားသွားခဲ့သည့်အတွက် ၎င်းင်းတို့အနေဖြင့် လက် နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုလိုပုံရပါသည်။ သတင်းတင်သူက အနှစ်ချုပ်ကို လိုရာကောက်ယူတင်ပြခြင်းဖြစ်ပြီး ဝေဖန်သူများက ၎င်းတို့ဖြစ်စေချင်သည့် လိုလားချက်အတိုင်း ပြောဆိုဝေဖန်နေ ခြင်းဖြစ်သည်ဟုမြင်ပါသည်။ သို့မဟုတ် နှစ်ဖက်ခွသွေးတိုးစမ်း တင်ပြခြင်းလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ အချိန်တန်လျှင်တော့ အခြေအနေမှန် ပေါ်လာမှာပဲဖြစ်ပါသည်။
    မည်သို့ပင်ဆိုစေ။ SSPP ဒုဥက္ကဋ္ဌ၏ 'ပင်လုံ ညီလာခံသဘောတူညီချက်နှင့် စစ်အုပ်စုအဆက်ဆက်က ပင်လုံသဘောတူညီချက်ကို မလိုက်နာခဲ့ကြောင်း၊ ပြည်ထောင်စုနိုင်ငံ ထူထောင်မည့် ပင်လုံသဘောတူညီချက်ကို စစ်အုပ်စုက မလိုက်နာဘဲ တစ်ပြည်ထောင်စနစ်ထူထောင်ခဲ့သည်"ဆို သည့်အပြောများသည် ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်း၏ ပကတိအခြေအနေနှင့် ကိုက်ညီခြင်းမရှိဘဲ ရှုမြင်သူ၏ အမြင်အရ တစ်ဖက်သတ်ပုံချခြင်းသာ ဖြစ်သည်ကိုတော့ သိထားဖို့လိုပေလိမ့်မည်။ ပင်လုံညီ လာခံနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အတော်များများ ပြောနေကြတာ သတိထားမိကြ ပါလိမ့်မည်။ အမှန်တကယ်တွင် ထိုပြောဆိုနေသူများသည် ပင်လုံညီလာခံတွင် ပါဝင်သူများမဟုတ်ကြ ဘဲ ဆွေးနွေးမှုများ၊ သဘောတူမှုများ၊ စာချုပ်ပါအချက်အလက်များကို  တိတိကျကျ ထဲထဲဝင်ဝင်သိသူ များ မဟုတ်ကြပါ။ တပ်မတော်ကို အပြစ်ပုံချလိုသည့်အတွက် တစ်ဖက်သတ်ေ၀ ဖန်ပြစ်တင်နေခြင်းသာ ဖြစ်ပါသည်။ ပင်လုံညီလာခံတွင် ဗမာကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်းလူမျိုးကိုယ်စားလှယ်အဖြစ် စော်ဘွားများနှင့် ရှမ်းလူငယ် နိုင်ငံရေးသမားများ၊ ကချင်လူမျိုးစုနှင့် ချင်းလူမျိုးစုကိုယ် စားလှယ်များသာ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါ သည်။ လေ့လာသူအဖြစ် ကရင်နီ(ကယား)နှင့် ကရင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း လက်မှတ်ရေးထိုးရာတွင်မပါပါ။ အင်္ဂလိပ်လက်ထက်မှာ တောင်တန်း၊ ပြည်မ အခွင့်အရေးမတူ သွေးခွဲအုပ်ချုပ်ခဲ့သည့်ပုံစံအရ ထိုဒေသ သုံးခုက တိုင်းရင်းသားများ ဗမာနှင့်ပူးပေါင်းပြီးလွတ်လပ်ရေးရယူလိုခြင်းရှိမရှိ အင်္ဂလိပ်က ထစ်ထား သည့်အတွက် ပင်လုံညီလာခံဖြစ်တည်လာခြင်းဖြစ် ပါသည်။ မြန်မာပြည်ကိုသိမ်းစဉ်က အခြေအနေနှင့် အဝန်းအဝိုင်းအတိုင်း ပေးအပ်ခဲ့လျှင် ယခုဖြစ်ပေါ်နေသည့် ပြဿနာများရှိမည်မထင်ပါ။ ပင်လုံညီလာခံ၏ အနှစ်သာရနှင့် စာချုပ်ပါအချက်အလက်များသည် အတူပူးပေါင်းပြီး လွတ်လပ်ရေးရယူဖို့နှင့် ဗိုလ်ချုပ်အောင် ဆန်း၏ ဘုရင်ခံကောင်စီတွင် တိုင်းရင်းသားကိုယ်စား လှယ်များပါဝင်ရန် ထည့်သွင်းခြင်းသာ ဖြစ်ပါသည်။ ပြည်ထောင်စုကို မည်သို့ထူထောင်မည်၊ မည်သို့ခွဲထွက် ခွင့်ပြုမည်ဟူ၍ တစ်ခုမှ မပါပါ။ ပြည်နယ်ခွဲထွက်ခွင့်သည် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့် နှုတ်ကတိအရ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ထည့်သွင်းပါရှိလာခြင်းသာ ဖြစ်ပါသည်။ ခွဲထွက်ဖို့ တောင်းဆိုခဲ့သူများက လည်း ညောင်ရွှေစော်ဘွားနှင့် ရှမ်းစော်ဘွားတချို့သာ ဖြစ်ပါသည်။ ကျန်တိုင်းရင်းသားများမပါပါ။  ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ကိုယ်စားလှယ် ရွေးချယ်ရာတွင် ရှမ်းစော်ဘွားများ၊ ကချင်ဒူဝါများ၊ ချင်းခေါင်းဆောင်များသည် အချိုးကျခွဲတမ်းဖြင့် အလိုအလျောက်ကိုယ်စား လှယ်အဖြစ်ရွေးချယ် ပါဝင်စေခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ  ထိုပုဂ္ဂိုလ်များ အတူပါဝင်ရေးဆွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ 
    ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် သီးခြားနယ်မြေရရှိရေး လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့်  KNDO ကိစ္စနှင့် ပတ်သက်ပြီးရှမ်းပဒေသရာဇ် တချို့ခွဲထွက်ဖို့ စတင်မျက်စိကျနေကြပြီဖြစ်ပါသည်။  တောင်ကြီး၊ လွိုင်လင်နှင့်ရှမ်းပြည်နယ်ရှိ စော်ဘွားနန်း စိုက်ရာ မြို့တချို့ကို KNDO များက တိုက်ခိုက်သိမ်းပိုက်ရာတွင် ရှမ်းစော်ဘွားများအနေဖြင့် ခုခံတိုက်ထုတ်တွန်း လှန်ခြင်း မရှိခဲ့ဘဲ တပ်မတော်ကသာတိုက်ထုတ်ခဲ့ပြီး စော်ဘွားများ၏ အသက်အိုးအိမ် စည်းစိမ်များကိုစောင့်ရှောက်ပေးခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ခဲ့ ခြင်း မဟုတ်ပေဘူးလား။ KNDO ၏ စည်းရုံးပံ့ပိုးမှုအရ ပအိုးဝ်တိုင်းရင်းသားများသည် လက်နက်ကိုင်တပ် ဖွဲ့စည်းပြီးရှမ်းစော်ဘွားများကို တော်လှန်ခဲ့ရာမှာ တပ်မတော်က ကြားဝင်ဖြေရှင်းပေးခဲ့ရသည်ကို ရှမ်းလူမျိုးများ မမေ့သင့်ပေ။ 
    ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးနှစ်ပြည်လျှင်စော်ဘွားအာဏာစွန့်ဖို့ ပြန်လည်ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါသည်။ ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည်မှာ သုံးနှစ်ပြည့်သွားသော်လည်း စော်ဘွားအာဏာစွန့်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ကိုင်တွယ်ခြင်းမပြုနိုင်သေး ပါ။ ၁၉၅၄ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ မိုင်းရယ်မြို့တွင် ပဒေသရာဇ်အစည်း အဝေးနှစ်ကြိမ် ကျင်းပခဲ့ကြပါ သည်။ ထိုအစည်းအဝေးများမှာ စော်ဘွားအာဏာစွန့်ရန် အချိန်မကျသေးကြောင်း ဆုံးဖြတ်ခဲ့ကြပြီး ပဒေသရာဇ်လိုလားသည့်နိုင်ငံရေးပါတီများ ထူထောင်ခဲ့ကြပါသည်။ ၁၉၅၇ခုနှစ် လွှတ်တော်အစည်းအဝေးများတွင် နမ့်ခမ်းမြို့နယ် ပါလီမန်အမတ် ဦးထွန်းအေးက 'စော်ဘွားအာဏာစွန့်လွှတ်ရန်နှင့် ၁၀ နှစ်ပြည့်သော်လည်း ရှမ်းပြည်နယ်သည် ပြည်ထောင် စုအတွင်းမှ ခွဲမထွက်သင့်သေးကြောင်း'အဆိုကို အကြိမ်ကြိမ်တင်ပြခဲ့တာ တွေ့ရပါသည်။ စော်ဘွားမျိုးနွယ်ဖြစ်သည့် စဝ်ခွန်ချိုဦးစီးသည့် 'ရှမ်းပြည်တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(ရတစညဖ)ပါတီ'က ခွဲ ထွက်ရေးတောင်းဆိုခဲ့ပြီး ပြည်ထောင်စုအတွင်းက ခွဲမ ထွက်လိုသည့် သာမန်ရှမ်းတိုင်းရင်းသားများ ပါဝင်ဖွဲ့ စည်းထားသည့် ဦးထွန်းအေးဦးစီးသည့် 'ရှမ်းပြည်နယ်ပြည် သူ့လွတ်မြောက်ရေးအဖွဲ့(ရပလဖ)'က ခွဲမထွက်ရေးသာ တွင်တွင်တောင်းဆိုခဲ့သည့်အတွက် ရှမ်းစော်ဘွားအုပ်စု နှင့် လူငယ်ရှမ်းနိုင်ငံရေးသမားများကြားတွင် မပြေလည် မှုများရှိခဲ့ကြတာ တွေ့ရပါသည်။ ထိုသို့ပါတီနှစ်ခု သဘောထားကွဲလွဲနေချိန် သီပေါစော်ဘွားနှင့် မိုင်းရယ်စော်ဘွားတို့က ပဒေသရာဇ်စနစ်ကို လိုလားသည့်ရှမ်း လူမျိုးများကို ငွေအား၊ အကြံဉာဏ်အား ပေးပြီး စော်ဘွား များ၏ လက်ဝေခံပါတီတစ်ခုအဖြစ် 'ရှမ်းပြည်နယ်ပြည် သူ့ညီညွတ်ရေးအဖွဲ့ (ရပညဖ)'ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါသည်။ 
    ၁၉၅၇ ခုနှစ် ဇူလိုင်လ ၅ ရက် မိုင်းရယ်တွင် ထို ရပညဖပါတီက ညီလာခံပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံကို ရှမ်းပြည်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)မှ စော်ဘွားများ၊ သြဇာရှိသည့် ရှမ်းအမျိုးသားများကို ဖိတ်ကြားခဲ့ပြီး စော်ဘွားများအာဏာစွန့်ရန် အချိန်မကျသေးကြောင်း၊ ၁၀ နှစ်ပြည့်လျှင် ပြည်နယ် ခွဲထွက်ခွင့်ရရှိရေးပေးရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရက နိုင်ငံခြားသားများခေါ်ယူပြီး ရှမ်းပြည်နယ်မှ မြေဧကတစ်သန်းခန့်ကို ထွန်ယက်စိုက်ပျိုးရန် ဆောင်ရွက်စေမည့် စီမံကိန်းသည် ရှမ်းပြည်မျိုးရိုးစဉ်လာကို ထိုက်ခိုက်စေကြောင်း၊ ဘော်တွင်း သတ္တုမိုင်းကို ပြည်ထောင်စုအစိုးရက လက် ဝါးကြီးအုပ် အမြတ်ထုတ်နေကြောင်း၊ ဂျပန်စစ်လျော်ကြေးကို ပြည်ထောင်စုအစိုးရအမည်ဖြင့် ရယူခဲ့သော်လည်း ရှမ်းပြည်နယ်အတွင်း ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများတွင် သုံးစွဲမှုမရှိကြောင်း စသည့်ဆုံးဖြတ်ချက် များချခဲ့ပြီး ထိုအချိန်မှစတင်ကာ ဗမာမုန်းတီးရေးနှင့် တပ်မတော်သည် ရှမ်းလူမျိုး များကို နှိပ်စက်နေသည့် တပ်မတော်ဖြစ်ကြောင်း ဝါဒဖြန့်မှုများကို ရှမ်းပြည်နယ်အတွင်းမှာ အကြီးအကျယ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ထိုလုပ်ရပ်များနှင့် တစ်ချိန်တည်းမှာ စော်ဘွားများ၏ ထောက်ပံ့ကြေးဖြင့် တက္ကသိုလ်တက်နေ သည့်ကျောင်းသားများကို ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက သွေးထိုးမြှောက်ပင့်ကူညီပေးပြီး လက်နက်ကိုင်စေခဲ့ပါသည်။ ထိုလူငယ်များကို လက်နက်ကိုင်လမ်းစဉ်နောက် လိုက်စေရန် အဓိက လှုပ်ရှားခဲ့သူများက သီပေါစော်ဘွား၊ မိုင်းရယ်စော်ဘွား၊ မိုင်းရှူးစော်ဘွား၊ တောင်ပိုင်စော်ဘွား၊ ကျေးသီး၊ မန်စံစော်ဘွား၊ မိုင်းလင်းစော်ဘွား၊ ညောင်ရွှေစော်ဘွား၏ မဟာဒေဝီစဝ်နန်းဟိန်းခမ်း၊ သိန္နီစော်ဘွား၏ ကိုယ်စားလှယ် မဟာခမ်နှင့် ရပညဖ အမှုဆောင် ၁၅ ဦးတို့ ပဲဖြစ်ကြပါသည်။ 
    ထိုအချိန်တွင် ဖဆပလအတွင်း နိုင်ငံရေးပြဿနာများ အကြီးအကျယ်ဖြစ်ပေါ်လျက်ရှိပြီး ဖဆပလ နှစ်ခြမ်းကွဲမည့် အခြေအနေဖြစ်ပါသည်။ စော်ဘွားများ အာဏာမစွန့်ရေးနှင့် ပြည်နယ်ခွဲ ထွက်ခွင့် တောင်းဆိုမှုကို ယှဉ်တွဲစဉ်းစားကြည့်လျှင် ရှမ်းပြည်နယ်ကို ပဒေသ ရာဇ်နိုင်ငံထူထောင်ဖို့ပဲ ဖြစ်သည် ဆိုသည့်အဖြေကိုထင်ရှားစွာ တွေ့ရမှာဖြစ်ပါသည်။ သာမန်ရှမ်းပြည်သူလူထု နှင့် ကျန်တိုင်းရင်းသားများအနေဖြင့် ကျွန်ဘဝတွင်ဆက်လက်နေထိုင်ရမည့် သဘောဟုဆိုလျှင် မှားလိမ့်မည် မထင်ပါ။
    ပထမဆုံးရှမ်းလက်နက်ကိုင်အဖွဲ့ကို ၁၉၅၇ ခုနှစ် ကျိုင်းတုံဒေသမှာ အခြေပြုပြီး Youth of Kengtung State ဟူ၍ ဖွဲ့စည်းခဲ့တာပဲဖြစ်ပါသည်။ အစိုးရကထိုက်သင့်သည့် ထိန်းချုပ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ သည့်အတွက် ပြိုကွဲမည့်အခြေအနေမျိုး ကြုံတွေ့ခဲရပါသည်။ သို့သော် ထိုအဖွဲ့ကို အခြေခံပြီး ၁၉၅၈ ခုနှစ် မေလ ၂၀ ရက်မှာ  နွံစစ်ဟန် (NSH) အမည်ဖြင့် ထိုင်း-မြန်မာနယ်စပ် ဟွေပုတောမှာ ထပ်မံဖွဲ့ စည်းခဲ့ကြပါသည်။ ထိုအခါတွင် ရှမ်းပြည်(မြောက်ပိုင်း)မှ တက္ကသိုလ်ကျောင်းသားများပါ ထပ်မံသွားရောက် ပူးပေါင်းခဲ့ကြသည့်အတွက် အင်အားများ ပြားလာခဲ့ပါသည်။ ၁၉၅၉ ခုနှစ်မှာ အိမ်စောင့် အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကြိုးပမ်းမှုအရ ရှမ်းပြည်နယ်မှစော်ဘွားများ၊ ကယားပြည်နယ်မှ စောဖျာများ အာဏာစွန့်လွှတ်ခဲ့ကြ ပါသည်။ အာဏာ စွန့်လွှတ်ရန် စော်ဘွားများ၊ စောဖျာများ ကျေနပ်လောက်သည်အထိ နိုင်ငံတော်ဘဏ္ဍာမှ လျော်ကြေးပေးခဲ့ရပါသည်။ ထို့နောက်မှာတော့  ၁၉၅၉ ခုနှစ်နိုဝင်ဘာလတွင် ရှမ်းသောင်းကျန်းသူများ အင်အားထောင်ချီ ရှိနေခဲ့ပြီဖြစ်ပါသည်။ ၁၉၅၉ ခုနှစ် တန့်ယန်းမြို့ကို သိမ်းပိုက်ခဲ့သည့် အင်အားမှာ 'ဝ'လူမျိုး စစ်ရဲတပ်မှ ဗိုလ်မောင်နှင့် ရှမ်းသောင်းကျန်းသူ ကျော်ဒွန်းတို့၏ပူးပေါင်းအင်အား ၁၅၀၀ ခန့် ဖြစ်ပါသည်။
    ၁၉၆၀ ပြည့်နှစ်မှာ နွံစစ်ဟန်အဖွဲ့မှ သီးခြားခွဲထွက်ကာ လွတ်လျောက်ဆောက်(ခ)ရှမ်း ပြည်လွတ်မြောက်ရေးတပ် (Shan State Independence Army, SSIA) ဟူ၍ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အခြေပြုလှုပ်ရှားခဲ့ကြပါသည်။
    ၁၉၆၁ ခုနှစ် ဦးနု၏ ပထစ အစိုးရလက်ထက်တွင် တပ်ရင်းကိုးရင်းအထိအင်အားရှိသည့် စစ်ဟန်စစ် တိုင်း(ခ) ရှမ်းတပ်မတော်အဖွဲ့ (SNA)ကို ဦးကုဏ္ဍလဦးဆောင်ပြီး ထပ်မံဖွဲ့စည်းခဲ့ကြပြန်ပါသည်။ ထို့အပြင် SURA, SURF တို့ကိုလည်း ထပ်မံဖွဲ့စည်းခဲ့ပြန်ပါသေးသည်။
    ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီ အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တစ်ဖွဲ့ချင်းအ လိုက်ကျင်းပခဲ့ရာ ရှမ်းလက်နက်ကိုင်အဖွဲ့များအားလုံးကို တစ်ဖွဲ့တည်းအနေဖြင့် စုစည်းတွေ့ဆုံခဲ့ပါသည်။ ရှမ်းလက်နက်ကိုင်အဖွဲ့များကို စုစည်းထားသည့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်ပေါင်းစု ပူးတွဲဗဟိုကော်မတီကို ဦးဆောင်လာရောက်ဆွေးနွေးသူမှာ စဝ်ရွှေသိုက်၏သား စဝ်ဆေးဆိုင် ပဲဖြစ်ပါသည်။ အတူတကွယှဉ်တွဲနေထိုင်မည့်အစား သီးခြားကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့်အုပ်ချုပ်ခွင့်၊ လူမျိုးစုအခွင့်အရေးနှင့် ဖက်ဒရယ်စတိတ်တောင်းဆိုမှုများကြောင့် ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ရခြင်းဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ ကျန်တိုင်းရင်းသားများအရေး ဆွေးနွေးစဉ်း စားမှုမရှိဘဲ ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် တပ်ထားရှိပြီး အာဏာတည်ဆောက်မည့် ဖက်ဒရယ်အကြောင်းပြ Confederate တောင်းဆိုခြင်းပဲဖြစ်ပါသည်။ ခေတ်ပြောင်းတော်လှန်ရေးကာလမှာ အတူတကွယှဉ်တွဲနေထိုင်မည့်အစား လမ်းဟောင်းကို ဖက်တွယ်ထားသည့် သဘောထားဟု ဆိုရပေမည်။
    ၁၉၆၄ ခုနှစ်မှာ မဟာဒေဝီ  စဝ်နန်းဟိန်းခမ်းကို ရှမ်းသောင်းကျန်းသူအဖွဲ့များ၏ နာယက အဖြစ်တင်မြှောက်လိုသည့် SSIA အဖွဲ့မှ သူ၏အဖွဲ့ကို ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် (SSA) ဟူ၍ အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ စစ်ဟန်စစ်တိုင်းနှင့် နွံစစ် ဟန်အဖွဲ့တို့မှာ စဝ်နန်းဟိန်းခမ်းကို နာယကတင်မြှောက် လိုခြင်းမရှိသလို SSA တွင်လည်း ပါဝင်ခြင်းမရှိခဲ့ပါ။ SSA အဖွဲ့အင်အားတောင့်တင်းစေရေး ရည်ရွယ်ကာ နိုင်ငံရေးဦးဆောင်မှုပေးနိုင်စေရန် ၁၉၇၁ ခုနှစ် မတ်လ ၁၆ ရက် ကျေးသီး၊ မန်စံနယ်မြေ ဝမ်ပိန်းရွာတွင် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP)ကို စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါသည်။
    သမိုင်းကြောင်းအရ အထက်ပါ အခြေအနေများကိုကြည့်ပါက ရှမ်းလက်နက်ကိုင်လမ်းစဉ် ပေါ် ပေါက်လာခြင်းနှင့် ပြည်နယ်ခွဲထွက်ခွင့်များသည် တပ်မတော်နှင့် မည်သိုမျှမသက်ဆိုင်သည်ကို တွေ့ရ မှာဖြစ်ပါသည်။ တပ်မတော်အနေဖြင့် နယ်မြေပိုင်းခြားခွင့်၊ ပြည်နယ်ခွဲထွက်ခွင့်များကို တားဆီးရန်၊ ခွင့်ပြုပေးရန်အခွင့် အာဏာမရှိပါ။ အခြေခံဥပဒေထက် ကျော်လွန်တောင်း ဆိုမှုများရှိလာလျှင်တော့ ကာကွယ်တားဆီးရန်သာ တာဝန်ရှိပေသည်။ ဤသည်မှာ ပြည်ထောင်စုမပြုကွဲရေးနှင့် အချုပ်အခြာအာ ဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ပေးရမည့် တပ်မတော်၏ တာဝန်ဖြစ်ပေ သည်။ ယခု နစကအစိုးရလက်ထက်မှာ SSPP ၏ လိုလားချက်များကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့်ပေး ထားခဲ့ပြီး အနာဂတ်ကာလ နိုင်ငံရေးဆွေးနွေးပွဲများ တွင်တပ်မတော်က ရပ်တည်ပေးမည်ဆိုသည့်အခြေအနေကောင်းတစ်ခု ရရှိထားပြီးပြီဆိုတာကို သတိပြုရမှာ ဖြစ်ပါသည်။ အင်အားနှင့် လက်နက်အားကိုးပြီး နယ်မြေသိမ်းပိုက်ထားမှုများသည် ၁၉၄၉ခုနှစ်က KNDO ၏ ဆောင်ရွက်ချက်အလား ခိုင်မာမှုရှိမှာမဟုတ်ဟူ၍ ဆိုရပေလိမ့်မည်။ ပြည်ထောင်စုနယ်မြေများသည် ဥပဒေအရမဟုတ်ပါက မည်သည့်အခါမှ ခိုင်မာမှုရှိ မည်မဟုတ် ဆိုသည်ကို လက်နက်ကိုင်တိုင်းရင်းသားများအနေဖြင့် သတိထားရမှာဖြစ်ပေသည်။ 
    ထို့ကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်း၊ အသက်နှင့် ခန္ဓာပေါင်းများစွာ ပေးဆပ်နေကြမည့်အစား အပြန်အလှန်နားလည်မှုဖြင့် ဆွေးနွေးအဖြေရှာပြီး ပြည့်အင်အားတည်ဆောက်နိုင်မည့် နည်း လမ်းကိုသာလျှင် ရွေးချယ်ကြပါဟူ၍ တိုက်တွန်းလိုက်ရပေသည်။
( ဇော်နိုင် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 315

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42975

© 2022 - 2025 News. All Rights Reserved.