လက်နက်ကိုင် ပဋိပက္ခများရဲ့ အလားအလာ

၂၀၂၄ ဇူလိုင် ၁၅

     သမိုင်းပါမောက္ခ(ငြိမ်း) ဆရာဒေါက်တာကျော်ဝင်းရဲ့ 'အမျိုးသားရေးဝါဒနှင့် လူမျိုးစုပဋိပက္ခ' စာအုပ်ကို ၂၀၁၉ မေလမှာ ခေတ်ပြတိုက်စာပေက ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ အမျိုးသားရေးဝါဒဆိုင်ရာ သမိုင်းကြောင်းတွေ၊ ဖွင့်ဆိုချက်နဲ့ သုံးသပ်ချက်တွေပါ ဝင်နေပါတယ်။ ဒီစာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ် ၁၄ အုပ်နဲ့ မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ်လေးအုပ်တို့ကို ကိုးကားရေးသားထားတာ တွေ့ရ ပါတယ်။
    'ကွန်မြူနစ်နိုင်ငံများ ပြိုကွဲသွားပြီးနောက် အမျိုးသားရေးဝါဒသည် ကမ္ဘာ့သမိုင်းတွင် အစွမ်းထက်သော အင်အားစုတစ်ခုပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည် လူမျိုးကြီးဝါဒ(Rqcism) ဟုလည်း သဘောသက်ရောက်သည်။ ယင်းဝါဒသည် လွတ်လပ်ရေးအတွက်မရှိ မဖြစ်လိုအပ်သော သွေးစည်းခိုင်မာမှုနှင့် တည်ငြိမ်မှုတို့ကို ဖန်တီးပေးသည်။ အမျိုးသားရေးဝါဒ၏ များလှစွာသော အဓိက အခြေခံချက်များတွင် အရေးအကြီးဆုံး အချက်မှာ ပြည်သူတို့နှင့် သက်ဆိုင်သော နိုင်ငံရေးဆိုင်ရာ ပြင်းပြသော ဆန္ဒဖြစ်သည်။ အမျိုးသားရေးဝါဒ၏ အရေးပါသော အခြေခံအချက်အလက်များတွင် ဘာသာရေး၊ လူမျိုးရေးနှင့်တူညီသော အတိတ်သမိုင်းကြောင်းတို့ ပါဝင်သော်လည်း မရှိမဖြစ်လိုအပ်သော အခြေခံအ ချက်မှာ ပြည်သူတို့အနေဖြင့် မိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လိုသော နိုင်ငံရေးသန္နိဋ္ဌာန်ပင် ဖြစ်သည်။' (စာ-၈)
    'ယနေ့ ကမ္ဘာ့နိုင်ငံအချို့တွင် လူမျိုးကြီးဝါဒနှင့် အမြင်ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒတို့ အားကောင်းလာသဖြင့် ပြည်တွင်းပဋိပက္ခများ၊ တိုင်းရင်းသားတို့၏ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွား လျက်ရှိသည်။ အထူးသဖြင့် လူမျိုးစုအများအပြား နေထိုင်ကြသော နိုင်ငံများတွင် တိုင်းရင်းသား မျိုးနွယ်စုများ၏ သမိုင်းဆိုင်ရာ ပကတိအခြေအနေများကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်၊ လက်တွေ့ကျကျ တည် ဆောက်ဖို့ လိုအပ်ပါသည်'လို့ အမှာစာမှာ ဖော်ပြထားပါတယ်။
    အမျိုးသားရေးဝါဒ ပေါက်ဖွားရာ 'လူမျိုး'ဆို တဲ့ စကားကို ဒီလိုဖွင့်ဆိုထားပါတယ်။
    'လူမျိုးဟူသည် ပြည်သူများ၏ လူမှုရေးနှင့် ယဉ်ကျေးမှုအရ ပေါင်းစည်းမှုဖြစ်သည်။ လူသားတို့ သည် တူညီသော ဘာသာစကား၊ ယဉ်ကျေးမှု၊ စီးပွားရေးစနစ်နှင့် သမိုင်းရှိပါက တော်စပ်မှုများ၊ တန်ဖိုးများ၊ အပြုအမူများနှင့် အမူအရာများကို ဖြစ်ပေါ်စေသည်။ ယင်းသို့သော တူညီသည့် ဆက်နွှယ်မှုများသည် လူမျိုးတစ်မျိုး၏ အခြေခံဖြစ်သည်။ နိုင်ငံရေးအာဏာသည် လူမျိုးတစ်မျိုး ပေါ်ပေါက်လာစေရေးကို သြဇာသက်ရောက်စေသော်လည်း အစိုးရများသည် လူမျိုးကို မဖန်တီးပေးနိုင်ပါ။ လူမျိုးစုဟူသည် တူညီသော အကျိုးစီးပွားတန်ဖိုးများနှင့် အလေ့အကျင့်တို့မှ ပေါ် ပေါက်လာ ခြင်းဖြစ်သည်။' (စာ-၁၈)
    Otto Bancer က လူမျိုးစုဆိုသည်မှာ တူညီသော ကံကြမ္မာဖြင့် စုစည်းထားခြင်းဖြစ်သဖြင့် တူညီသော အမျိုးသားလက္ခဏာ(National Character)ကိုပိုင် ဆိုင်ခြင်းဖြစ်သည်။ တူညီသော ကံကြမ္မာဆိုသည်မှာ တူ ညီသော သမိုင်းရှိခြင်းဖြစ်ပြီး တူညီသော အမျိုးသားလက္ခဏာမှာ တူညီသော ဘာသာစကားရှိခြင်း ဖြစ်သည်။ ဂျိမ်းစ်ကဲလက်စ်က လူမျိုးဆိုသည်မှာ သမိုင်းအရလည်းကောင်း၊ ယဉ်ကျေးမှုနှင့်တူညီသော မျိုးရိုးဖြင့် ချည်နှောင်ထားသည်ဟု ခံစားရသည့် လူအစုကို ဆိုလိုသည်' (စာ-၂၁)
    လူမျိုးစုတွေကြား ဖြစ်ပွားလေ့ရှိတဲ့ ပဋိပက္ခတွေထဲမှာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ပွဲပုံသဏ္ဌာန်ဟာ အမြင့်ဆုံးပဋိပက္ခပင် ဖြစ်ပါတော့တယ်။
    'လူမျိုးစုဆိုင်ရာ ပြည်တွင်းစစ်များသည် ဘော့စနီးယား၊ ခရိုအေးရှား၊ ရဝမ်ဒါ၊ ဘူရွန်ဒီ၊ အင်ဂိုလာ၊ ဆူဒန်၊ တူရကီ၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ ချေချင်းညာ၊ တာဂျစ်ကစ္စတန်၊ ကက်ရှ်မီးယားနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်ရှိ အခြားသောဒေသများတွင်လည်း ပေါ်ပေါက်လာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ယင်းပဋိပက္ခများသည် အလွန်ပြင်းထန်ကြသည်။ မည်မျှပြင်းထန်သ နည်းဆိုသော် ယင်းပဋိပက္ခများ ရပ်တန့်ရန်အတွက် စစ်ရေးအရ ကြားဝင်မှုကို ပေါ်ပေါက် စေခဲ့သည်။ သို့ရာတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လူမျိုးစု အခြေခံပဋိပက္ခများကို ဖြေရှင်းရာတွင် အောင်မြင်မှုအနည်းငယ်သာရသည်ကို တွေ့ရှိနိုင်သည်။ (စာ-၂၀၇)
    ဒါ့ကြောင့် လူမျိုးစုစစ်ပွဲများ ချုပ်ငြိမ်းအောင် စဉ်းစားလုပ်ဆောင်သင့်တဲ့ အခြေခံအချက် နှစ်ချက်ကိုလည်း ဖော်ပြထားပါတယ်။
    'ပထမတစ်ချက်မှာ လူမျိုးစုစစ်ပွဲများတွင် တရားလွန် အမျိုးသားရေးဆိုင်ရာ စည်းရုံးမှုများနှင့် အမှန်တကယ် ရက်စက်မှုများသည် လူမျိုးစုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ပိုမိုတင်းမာလာစေပြီး မည်သည့် နိုင်ငံရေးဆိုင်ရာ မေတ္တာရပ်ခံချက်ကိုမှ နားထောင်လို စိတ်မရှိခြင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာ လူမျိုးစုများ ရောနှောနေထိုင်သော ပုံစံသည် လုံခြုံရေးဆိုင်ရာ ပြဿနာပေါ်ပေါက်စေနိုင်ပြီး အကြမ်းဖက်မှု၊ လူမျိုးရေး သန့်စင်မှုတို့ကို ပိုမိုပြင်းထန်စေနိုင်သည်။ အုပ်စုများကို ခွဲခြားထားမှသာလျှင် အရှိန်မြင့်တက်မှုကို လျော့ကျစေနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ စစ်ပွဲကြောင့် ပြိုကွဲသွားသော လူမျိုးပေါင်း စုံနေထိုင်သော နိုင်ငံများတွင် နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ပြုလုပ်ဖို့ မလွယ်ကူချေ။ အကြောင်းမှာ လူမျိုး စုများ ပူးပေါင်းဆောင်ရွက်မှုအလား အလာများကို စစ်ပွဲက ဖျက်ဆီးလိုက်သောကြောင့် ဖြစ်သည်။' (စာ-၂၀၈)
    ဒီနေရာမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖြေရှင်းပုံ ချင်းမတူညီတာ သတိပြုအပ်ပါသည်။ အရေးကြီးတာက လူမျိုးစုတွေ ကိုယ်တိုင် လက်ခံနိုင်တဲ့ ဘုံသဘောတူညီမှု ရရှိဖို့ပါပဲ။ နောက်ထပ် စဉ်းစားသင့်တဲ့ အချက်တစ်ခုကိုလည်း ဆရာဒေါက်တာကျော်ဝင်းက အောက်ပါအတိုင်း တင်ပြထားပါတယ်။
    'စစ်ပွဲများသည် လူမျိုးစု အထိမ်းအမှတ်လက္ခ ဏာများကို ပိုမိုတင်းမာလာစေပြီး လူမျိုးစုအကြား အပြန်အလှန်နိုင်ငံရေးအရ တောင်းဆိုမှုများသည် အရာမထင် ဖြစ်စေသည်။ ဆိုလိုသည်မှာ အငြင်းပွားနေသော နယ်မြေကို ထိန်းချုပ်နိုင်မှသာလျှင် အောင်မြင်မှုရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူမျိုးစုစစ်ပွဲများသည် ပြင်းထန်သော လုံခြုံရေး အကျပ်ရိုက်မှုများကိုလည်း ပေါ်ပေါက်စေပါသည်။ အဘယ့်ကြောင့် ဆိုသော် ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့စီ၏ စစ်ရေးပြင်ဆင်မှုများသည် အခြားအဖွဲ့အားခြိမ်း ခြောက်မှုဖြစ်လာ ခြင်းကြောင့်ပင်။ ထိုမျှမက ရောထွေး နေထိုင်မှုပုံစံကလည်း ခံစစ်အား အားနည်းစေပြီး ထိုးစစ်အတွက် အခွင့်ကောင်းများ ဖန်တီးသကဲ့သို့ရှိသည်။ ဤသို့ဖြစ်လာခဲ့လျှင် စစ်ပွဲသည် အဆုံးသတ်နိုင်တော့မည် မဟုတ်ပေ။' (စာ-၂၀၉)
    ဖြစ်ပေါ်လာတဲ့ ပဋိပက္ခများရဲ့ ဦးတည်ချက်၊ အခက်အခဲများကိုလည်း ဆက်လက်ဖော်ပြထားပါတယ်။
    'လူမျိုးစုံနေထိုင်သော အရပ်ဘက်နိုင်ငံရေး ပုံမှန်အနေအထား ပြန်လည်ရောက်ရှိရေးနှင့် လူများရွှေ့ပြောင်းနေထိုင်ရေးကို ရှောင်ရှားရေးအား ဦးတည်သော ဖြေရှင်းချက်များမှာ ဥပမာ- အာဏာခွဲဝေရေး၊ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး သို့မဟုတ် အမျိုးသားလက္ခာ ပြန်လည်တည်ဆောက် ရေးတို့သည် အလုပ်ဖြစ် မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းလုပ် ဆောင်ချက်များသည် လုံခြုံရေး အကျပ်ရိုက်မှုများကို လျော့ပါးစေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ထို့အပြင် စစ်ပွဲကြောင့် တင်းမာလာသော လူမျိုးရေးဆိုင်ရာ စိုးရိမ်မှုများနှင့် မုန်းတီးမှုများကို ပြောင်းလဲအောင်လုပ်ဖို့ နည်းလမ်း သုံးသွယ်ကို ဆက်လက်ဖော်ပြထားပါသည်။
    အခက်အခဲတွေကို လွန်မြောက်နိုင်တဲ့ နည်းလမ်းသုံးသွယ်ရှိပါသည်။ ယင်းတို့မှာ စစ်ဘက်က အပြီးသတ် အောင်ပွဲခံခြင်း၊ တတိယအုပ်စုတစ်စုက စစ်ရေးအရ ဝင်ရောက်သိမ်းပိုက်လိုက်ခြင်းဖြင့် ပဋိပက္ခကို ယာယီအားဖြင့် ရပ်တန့်အောင် ပြုလုပ်နိုင်ခြင်းနှင့် သီးခြားလူမျိုးစုများအား ကိုယ်ပိုင်အုပ်ချုပ် ရေးပေးခြင်းတို့ပင် ဖြစ်သည်။' (စာ-၂၁၀)
    စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုများဖြင့် အနိုင်ကျင့်ခံနေရမှု၊ ကိုယ်စိတ်မလုံခြုံမှုတို့ကို ပြုပြင်ပေးနိုင်မယ်ဆိုရင် ပဋိပက္ခများ၊ အကျပ်အတည်းများရဲ့ ထွက်ပေါက်ကိုတွေ့ နိုင်မယ်ဆိုပါတယ်။ လူမျိုးစုတွေကြား ကွဲပြားမှုတွေဆိုတာ နိုင်ငံရေးထက် ဘာ သာရေးဆိုင်ရာ ကိုယ်ပိုင်အမှတ်လက္ခဏာများက ပိုပြီး ပြင်းထန်တတ်လေ့ရှိပါတယ်။ ဘာသာရေးအစွဲ ဟာ ပြောင်းလဲဖို့ အခက်ဆုံးပါပဲ။ ဒီလိုပဲ ဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြားက မတူ ကွဲပြားမှုတွေဟာလည်း ထင်ထင်ရှားရှား ရှိနေဦးမှာပါပဲ။
    'လူမျိုးစုပဋိပက္ခများ မြင့်တက်လာသောအခါ လူတို့သည် တစ်ဖက်ရန်သူ၏ ပုံရိပ်များကို ပို၍မြင်လာ သည်။ အကြောင်းမှာ ယင်းကဲ့သို့သော ပုံရိပ်ပေါ်လာအောင် တမင်ရည်ရွယ်သော လုပ်ဆောင်ချက်ကြောင့် ဖြစ်သည်။ သို့တည်းမဟုတ် အမှန်တကယ် ခြိမ်းခြောက်မှုများ တိုးပွားလာ သောကြောင့်လည်း ဖြစ်သည်။ သာဓကအားဖြင့် တူရကီနိုင်ငံ၏ အရှေ့တောင်ပိုင်း၌ စစ်ပွဲ အရှိန်မြင့်မားလာချိန်တွင် တူရကီပြည်သူတို့အနေဖြင့် ကာ့ဒ်(Kurd)လူမျိုးစုအားလုံးကို PKK ပြောက်ကျား ဟုမြင် လာသည်။ တူရကီလူမျိုးတို့နှင့် သဟဇာတဖြစ်သော ကာ့ဒ်လူမျိုးစုများပင်လျှင် စစ်ပွဲအား ကာ့ဒ်လူမျိုးစု ရပ်တည်နိုင်ရေးအတွက် ဆင်နွှဲသော စစ်ဟုမြင်လာကြသည်။
    'အခြားသော သာဓကတစ်ရပ်မှာ ၁၉၈၃ ခု နှစ်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့သည်။ ယင်းဆူပူအုံကြွမှုတွင် ဆင်ဟာလီစ်တို့က တမီလ်လူမျိုး သုံးထောင်ကို သတ်ဖြတ်ခဲ့သည်။ ထိုအခါ သဘောထားကြီးသူ သီဟိုဠ်တို့ပင်လျှင် တမီလ်အားလုံးကို ခွဲထွက်ရေးဝါဒီများဟု မြင်လာကြသည်။ဒ (စာ-၂၁၂)
    လူမျိုးစုပြဿနာ၊ လူမျိုးရေးပြဿနာတွေဆိုတာ ပေါ့သေးသေးမဟုတ်၊ ခေတ်ပြိုင်သမိုင်းရဲ့ အလှုပ်ခတ်ဆုံး အကြောင်းအရာတွေဟာ လူမျိုးရေးပဋိပက္ခတွေကြောင့် ဖြစ်ခဲ့တာတွေ့ရပါတယ်။
    'ဂရိနှင့် တူရကီစစ်ပွဲ၊ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံကွဲပြားသွားခြင်း၊ ၁၉၄၈-၄၉ အာရပ်အစ္စရေး စစ်ပွဲနှင့် အာမေးနီးယန်းနှင့် အဇာဘိုင်ဂျန်စစ်ပွဲတို့ကြောင့် လူနည်းစုများ ပြောင်းရွှေ့သွားခြင်း၊ နှင်ထုတ်ခံရခြင်းတို့ ကိ ပေါ်ပေါက်စေသည်။ နိုင်ဂျီးရီးယား ပြည်တွင်းစစ် ကြောင့် အီဘိုမျိုးနွယ်တစ်သန်းကျော် နိုင်ဂျီးရီးယား မြောက်ပိုင်းမှ ထွက်ခွာသွားခဲ့သည်။ သီရိလင်္ကာတွင်ကို လံဘိုမှ တမီလ်လူမျိုး လေးပုံသုံးပုံခန့် တမီလ်တို့ ကြီးစိုးသည့် ကျွန်း၏မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ ထွက်ခွာ သွားရသည်။ လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံများ ပြို ကွဲမှုသည် စစ်မဖြစ်စေကာမူ လူမျိုး စုများကို ကွဲပြားသွားစေသည်။ ဘော်လ်ကန်ဒေသမှ အော်တိုမန်အင်ပါယာ ဆုတ်ခွာသွားခြင်းသည် မွန်ဆလင်တို့အား တောင်ဘက်နှင့် အရှေ့ဘက်သို့ ထွက်ခွာသွားစေခဲ့သည်။ ထို့အတူပင် ခရစ်ယာန်ဘာသာဝင်တို့သည်လည်း ဘော်လ်ကန် တောင်ဘက်သို့ ပြောင်းရွှေ့သွားစေသည်။' (စာ-၂၂၀)
    အခြားသော သာဓကတွေရှိသေးပေမယ့် သိသာရုံမျှ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။ လူမျိုးစု ပဋိပက္ခတွေကတော့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ရှိနေဦးမှာပါပဲ။
    'လူမျိုးစု အုပ်စုများသည် စစ်ပွဲအတွက် စစ်သားစုဆောင်းသည်နှင့်တစ်ပြိုင်နက် စစ်ပွဲသည် ပြီးဆုံးခြင်းသို့ မရောက်နိုင်ပေ။ နိုင်ငံတကာ တပ်ဖွဲ့က ငြိမ်း ချမ်းရေးရအောင် အတင်းအကျပ် လုပ်ဆောင်မည်ဆိုပါကလည်း ၎င်းင်းတို့ ထွက်ခွာသွားသည်နှင့် ပဋိပက္ခပြန်လည် ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ အမျိုးသားအစိုးရကို တည်ထောင်ပေးမည်ဆိုလျှင်တောင်မှ သံသယပွားမှု ဆက်လက်ရှိ နေပြီး မည်သည့်အုပ်စုကမှ လုံခြုံရေးအတွက် အာမမခံနိုင်ပေ။' (စာ-၂၂၁)
    နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ဆိုရင် လူမျိုးစုတွေကို အကာအကွယ်ပေးနိုင်တဲ့ 'အာ ဏာခွဲေ၀ ရေးလမ်းစဉ်'ကို လိုက်နာသင့်တယ်လို့ အကြံပေးထားပါတယ်။ အာဏာခွဲဝေရေးမှာ အဓိက ပါဝင်ရမည့် အချက်တွေက ...
၁။    အစိုးရအာဏာကို ပူးတွဲ ကျင့်သုံးရန်၊
၂။    အစိုးဘဏ္ဍာငွေများနှင့် အလုပ်အကိုင်များကို အချိုးအစားအလိုက်ခွဲဝေရန်၊
၃။    လူမျိုးစုပြဿနာများတွင် လုပ်ပိုင်ခွင့်ပေးရန်၊
၄။    အုပ်စုတစ်စုစီအတွက် အရေးကြီးသော ပြဿနာများတွင် လူနည်းစု ဗီတိုအာဏာပေးရန်တို့ ဖြစ်သည်။ (စာ-၂၂၈)
    အာဏာခွဲဝေပုံဟာလည်း တစ်နိုင်ငံနဲ့ တစ် နိုင်ငံ မတူနိုင်ပါဘူး။ လူမျိုးစုများ ကျေနပ်လောက်တဲ့ အခွင့်အာဏာပေးအပ်ခြင်းကတော့ အတူတူပါပဲ။ လူမျိုး စုတွေကြားက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ဆောင်ကြမည်လဲ။ Ted Robert Guse ဆိုသူက အောက်ပါအတိုင်း သုတေသန ပြုထားပါတယ်။
    ပြီးဆုံးသွားတဲ့ လူမျိုးစုပြည်တွင်းစစ် ၂၇ ခုအနက် ...'၁၂ ပွဲမှာ တစ်ဖက်က လုံးဝအောင်ပွဲရပြီး ပြီးဆုံးသွားခြင်းဖြစ်ကာ ငါးပွဲမှာ De jure  သို့မဟုတ် De facto ပိုင်းခြားခြင်းဖြင့် ပြီးဆုံးသွားခြင်းဖြစ်သည်။ စစ်ပွဲ နှစ်ပွဲမှာမူ တတိယအုပ်စုက စစ်ရေးအရ ဝင်ရောက်သိမ်း ပိုက်ပြီးနောက် နှိမ်နင်းခြင်းခံရသည်။ လူမျိုးစုစစ်ပွဲ ရှစ်ပွဲသာလျှင် နိုင်ငံကို စိတ်ပိုင်းခြင်းမရှိဘဲ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ဖြင့် ပြီးဆုံးသွား ခြင်းဖြစ်သည်။' (စာ-၂၃၅)
    ညတာရှည်တော့ အိပ်မက်များတယ်ဆိုတာ လိုပါပဲ။ စစ်ပွဲတွေ ရှည်ကြာလာလေ နိုင်ငံနှင့် ပြည်သူတွေ အတိဒုက္ခရောက်ရလေဖြစ်ပါတယ်။ သမိုင်းပါမောက္ခ (ငြိမ်း) ဆရာဒေါက်တာ ကျော်ဝင်းရဲ့ အမျိုးသားရေးဝါဒနှင့် လူမျိုးစု ပဋိပက္ခစာအုပ်ဟာ ခေတ်ပြိုင်ကမ္ဘာထဲက သင်ခန်းစာ အစအနတွေကို ယေဘုယျသဘောအားဖြင့် ဆွဲထုတ်တင်ပြခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
 ( မြတ်ဘုန်းသစ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 302

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.