၂၀၂၄ မတ် ၁၁
လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဟာ မပြိုကွဲမပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ရတာ အင်မတန်မှ ခက်ခဲလှပေသည်။ လူမျိုးရေးအမြင်ရှိကြ သူတွေ၊ လူမျိုးရေးစွဲ ကြီးသူတွေကို ထိုအစွဲ၊ ထိုအမြင်များ ပျက်ပြယ်သွားအောင် ဆောင်ရွက်ဖို့ဆိုတာလည်း အတော်ပင်ခက်ခဲပါလိမ့်မည်။ ထိုသို့ လူမျိုးရေးအမြင်ကြီးရသည့်ကြားထဲ ဘာသာပါမတူပါက ပြေလည်အောင်လုပ်ဖို့ အတော်ပင် ခက်ခဲပါလိမ့်မည်။ လက်နက်ပါကိုင်ထားပြီး စစ်ဘုရင် စိတ်ရှိသူတွေ များနေလျှင် ပိုဆိုးပါသည်။ အထင်ကရ ပြည်ထောင်စုနိုင်ငံတွေဖြစ်ကြသည့် ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလပ်ဗီးယား အစရှိသည့် ပြည်ထောင်စုနိုင်ငံကြီးတွေ ပြိုကွဲသွားကြတာ သမိုင်းသင်ခန်းစာယူဖို့ လိုပါလိမ့်မည်။ ပြဿနာပေါင်းစုံဖြစ်နေမည့်အစား ခွဲနေတာ ပိုကောင်းမည်ဆိုသည့် အမြင်များလည်း လူမျိုးတိုင်း အတွင်းမှာလည်း ရှိကောင်းရှိကြပါလိမ့်မည်။ မည်သို့မျှ ထိန်းမရလျှင်တော့ ရုရှားလိုကျင့်ကြံဖို့သာ ပြင်ထားရပေလိမ့်မည်။
ပြည်ထောင်စုစနစ်ဆိုသည်မှာ များသောအား ဖြင့် ဖက်ဒရယ်ပုံစံနှင့် ကွန်ဖက်ဒရေးရှင်းပုံစံဟူ၍ ရှိကြသည်ကို အများသိကြပြီး ဖြစ်ပါလိမ့်မည်။ ကွန်ဖက်ဒရေးရှင်းသည် ဖက်ဒရယ်ပုံစံထက် ပြိုကွဲဖို့ပိုမို လွယ်ကူပါလိမ့်မည်။ သူ့နိုင်ငံ၊ သူ့ပြည်နယ်၊ သူ့အစိုးရ၊ သူ့တပ်မ တော်သီးခြားရှိနေကြသည့်အတွက်ပဲ ဖြစ်ပါသည်။ ဗဟိုအစိုးရချုပ်ကိုင်မှုရှိသော်လည်း ပြည်နယ်များတွင်သူ့အာဏာနှင့်သူ ရှိပြီးဖြစ်သည့်အ တွက် တချို့ကိစ္စရပ်များတွင် ဗဟိုအစိုးရ ထိန်းချုပ်ကွပ်ကဲ၍ မရနိုင်သည်ကိုလည်းတွေ့ရမှာဖြစ်ပေသည်။ ယခုချိန်ထိ နှစ်ပေါင်းများစွာတည်တံ့နေသည့် အမေရိကန်ပြည်ထောင်စုကိုကြည့်လျှင် ကွန်ဖက်ဒရေးရှင်းမဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုနှင့် ပြည်နယ် အာဏာသက်ရောက်မှုကို အချိုးမျှတစွာ စီမံထားသည့် အတွက်ကြောင့်ဆိုတာ တွေ့ရမှာဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသား လူမျိုးပေါင်း စုံလင်စွာဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး ချိန်မှ ယခုချိန်ထိ ဖက်ဒရယ်စနစ်ကိုသာ အခြေခံသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုခေတ် ထိုအခြေအနေအရ ဖွဲ့စည်းတည်ထောင်ခဲ့သည်ဆိုသော်လည်း ပြည်နယ်အာဏာသက်ရောက်မှုနှင့် ဗဟိုချုပ်ကိုင်မှု ကိုကြည့်လျှင် ဗဟိုချုပ်ကိုင်မှုက များနေသည်ကို တွေ့ရမှာဖြစ်ပါသည်။ မည်သို့ပင်ဖုံး ဖိဖုံးဖိ၊ မည်သို့ပင် တိုင်းရင်းသားအရေး အလေးထား သည်ဆိုစေကာမူ ဖဆပလသာလျှင် ဗဟိုရော၊ ပြည်နယ်များမှာပါ အာဏာကြီးထွားခဲ့သည်ကို ငြင်း၍ရမည်မထင်ပါ။
ထိုအခြေအနေအပေါ် အခြေခံပြီး နောက်ဆက်တွဲပြဿနာများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ လွတ်လပ်ရေးရပြီးစ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးမှုနုနယ်စဉ်မှာပင် ပါလီမန်ဒီမိုကရေစီစနစ်ကို မကြိုက်သည့် ဝါဒရေးရာကို အခြေခံသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်လမ်းစဉ်နှင့် လူမျိုးရေး၊ ပြည်နယ်ခွဲဝေရေး၊ အာဏာခွဲဝေရေးများကို မနှစ်သက်ဘဲ ကိုယ်ပိုင်နယ်မြေနှင့် အာဏာတည်ဆောက် လိုသည့် ကရင်လက်နက်ကိုင်အရေးတို့ ပေါ်ပေါက်ခဲ့တာတွေ့ရမှာ ဖြစ်ပါသည်။ ထိုလက်နက်ကိုင်လမ်းစဉ်များကို အခြေခံပြီး ထပ်မံကူးစက်လာသည်က ရှမ်းလက်နက်ကိုင်လမ်းစဉ်၊ ကချင်လက်နက်ကိုင်လမ်းစဉ်၊ မွန်လက်နက်ကိုင်လမ်းစဉ်၊ ရခိုင်လက်နက်ကိုင်လမ်းစဉ်များပဲ ဖြစ်ကြပါသည်။
ထိုအခြေအနေများအရ ပြည်နယ်ခွဲထွက်ခွင့်များ ဖြစ်ပေါ်လာနိုင်သည့်အရေးကို အကြောင်းပြုပြီး ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာသိမ်းယူခဲ့ပါသည်။ တော်လှန်ရေးကောင်စီက ရေးဆွဲကျင့်သုံးခဲ့သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားဒေသများကို ပြည်နယ်ခုနစ်ပြည်နယ် သတ်မှတ်ပေးခဲ့သော်လည်း အာဏာခွဲဝေမှု နည်း ပါးခဲ့ပြီး တစ်ပါတီစနစ်အရ ပြည်ထောင် စုအာဏာကို ဗဟိုကသာ ချုပ်ကိုင်ခဲ့သည်ကို တွေ့မြင်ရမှာ ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရှယ်လစ်စနစ်ဖြင့် မချီတက်မီ တော်လှန်ရေးကောင်စီက ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တစ်ဖွဲ့ချင်းစီတွေ့ဆုံပြီး ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း ထိရောက်အောင်မြင်သည့် အခြေအနေကို ရရှိခဲ့ခြင်းမရှိပါ။ ဗကပ လိုချင်သည်က ကွန်မြူနစ်စနစ်ဖြင့် တိုင်းပြည်ကို ရှေ့ဆက်လိုသည့်အတွက် တိုက်ကိုတိုက်ရမည့်အခြေအနေဟု ဆိုရပါမည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လိုလား ချက်သည် နယ်မြေရရှိရေးနှင့် ထိုနယ်မြေများမှာ သူတို့အာဏာ သူတို့တည်ဆောက်ရေးကိုသာ အခြေခံသည်ကို တွေ့ရပါသည်။ ဆိုရှယ်လစ်စနစ်ကို ထောက်ခံ ခဲ့ခြင်းမရှိပါ။ ထိုက်သင့်သည့် အာဏာခွဲဝေပေးရေးကို အခြေခံပြီး လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးကို ဆွေး နွေးတည်ဆောက်ခဲ့မည်ဆိုလျှင် ဖြစ်ကောင်းဖြစ်နိုင်ပါ လိမ့်မည်။ သို့သော် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် ပြည်တွင်းနေ တိုင်းရင်းသားအင်အားစုများ၏ ထောက်ခံမှုကိုရယူပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှု သရုပ်ဖော်ဆောင်ကာ ဆိုရှယ်လစ်စနစ်ကို သွတ်သွင်းခဲ့ခြင်းပဲဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိကာလကို တပ်မတော်က ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင့်သုံးခဲ့သည့် ၁၉၇၅ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိကာလကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဟူ၍ ခွဲခြားမြင်တတ်ဖို့တော့လိုပါသည်။
ထိုသို့ခေတ်စနစ်တွေ ပြောင်းလဲခဲ့သော်လည်း အာဏာခွဲဝေပေးမှုမှာ ဗဟိုချုပ်ကိုင်မှုကသာ များနေလျက် ရှိပါသေးသည်။ သူ့ခေတ် သူ့အခါအရ ပြင်မည်ဆိုလျှင် ပြင်၍ရနိုင်သော်လည်း အာဏာအပေါ် ယစ်မူးနေခဲ့ကြသလို အတန်သင့် တည်ငြိမ်အေးချမ်းနေသည့် အတွက် ပြည်ထောင်စုဖွဲ့စည်းပုံမှာ အရေးကြီးသည့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ပြင်ရကောင်းမှန်းမသိ မေ့လျော့နေသည်လား၊ လက်နက်ကိုင်လမ်းစဉ်ကို နိုင်နင်းစွာ ကိုင်တွယ်နိုင်သည်ဟု ယူဆနေသည်လား မပြောတတ်ပေ။ လက်တွေ့အရ တိုင်းရင်းသားဒေသ နေရာစုံ မှာ 'ဗမာတွေက မတရားအာဏာသိမ်းထားတယ်၊ သူတို့ ဒေသတွေမှာလာရောက်ကျူးကျော်နေကြတယ်' ဆိုသည့် ဝါဒဖြန့်စကား၊ လူမျိုးရေးသွေးခွဲစည်းရုံးမှု၊ ဘာသာ စကား၊ ယဉ်ကျေးမှု မတူညီမှုများအရ ပြည်ထောင်စုစိတ် ဓာတ်နည်းပါးလာသည်ကိုတော့ ငြင်း၍ ရနိုင်မည် မထင်ပါ။
၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ဖန်ပြန်လည် ရယူခဲ့ရပြန်ပါသည်။ ထိုကာလအတွင်းမှာ တပ်မတော်အစိုးရအနေဖြင့် အဓိကဖန်တီးပေးခဲ့တာက လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ဖို့အတွက် ငြိမ်းချမ်းရေးလမ်းစကို အစပြိုးပေးခဲ့ခြင်း၊ တိုင်းပြည်အနှံ့ အပြား သွားလာရေးလွယ်ကူစေရန် လမ်းတံတားများတည်ဆောက်ဖောက်လုပ်ပေးခြင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ပြောင်းလဲပေးခြင်း၊ ခိုင်မာသည့်ဒီမိုကရေ စီစနစ်ဖြစ်တည်စေရေးအတွက် အစပျိုးပေးခဲ့ခြင်းများပဲ ဖြစ်ပါသည်။ သူ့လက်ထက်မှာ ရေးဆွဲပေးခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခင်ဖွဲ့စည်း ပုံအခြေခံဥပဒေများထက် တိုင်းဒေသကြီးနှင့်ပြည်နယ် များကို အာဏာပိုပေးခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ ထို့ အပြင် တိုးတက်လာသည့် တိုင်းရင်းသားများအရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုပါ သတ်မှတ်ဖွဲ့ စည်းပေးခဲ့တာတွေ့ရမှာ ဖြစ်ပါသည်။ သို့သော် ဗဟိုချုပ်ကိုင်မှုအာဏာသည် ယခင်ကလောက် မများတော့သော် လည်း တိုင်းရင်းသား ပြည်နယ်ဒေသများတွင်ကိုယ်တိုင် ရွေးချယ်မှုထက် ဗဟိုအစိုးရကခန့်အပ်သူသာ အာဏာကိုင်စွဲနိုင်သည့် အခြေအနေကို တွေ့ရမှာဖြစ်ပါသည်။ တိုင်းရင်းသားနိုင်ငံရေးသမားများ၊ လက်နက်ကိုင်အဖွဲ့များ လက်ခံနိုင်သည့်အခြေအနေ မဟုတ်ဟုဆိုရပေလိမ့်မည်။
၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရပေါ် ပေါက်လာပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်နက်ကိုင်လမ်းစဉ် ပပျောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာမှာ ပွတ်တိုက်မှုများ တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ အဓိက ပြဿနာသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များနှင့် ကိုက်ညီမှုမရှိခြင်းဟုဆိုရ ပေလိမ့်မည်။ ထိုအခြေအနေများအပေါ် အခြေခံပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ အကြားမှာ နိုင်ငံရေး၊ နိုင်ငံတော်ဖွဲ့ စည်းပုံ ပြုပြင်တည်ဆောက်ရေး၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး နိုင်ငံရေးမှာ ပါဝင်လာနိုင်ရေးများကို ဆွေးနွေးအဖြေရှာဖို့ ရည်ရွယ်ကာ နိုင်ငံတော်အစိုးရက NCA လမ်းကြောင်းကို ချမှတ်အကောင်အထည်ဖော်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ အပြုတ်တိုက်ရေးလမ်းစဉ်ထက် ပြေလည်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ထို NCA လမ်းကြောင်းမှတစ်ဆင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်ပင်ဆွေးနွေးကြရာမှ ညီညွတ်စွာထွက်ရှိလာသည့် ဆွေးနွေးချက်များကို ရရှိပြီးသား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြင်ဆင်ပြီးနောက် တည်ငြိမ်အေးချမ်းစွာ ဒီမိုကရေစီစနစ်ကို အခြေခံသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက်ချီ တက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့သော် ငြိမ်းချမ်းရေးရယူထားသည့် တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် NCA တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ သီးခြားရပ်တည်လို သည့်သဘောကို ဃြဗ စတင်ချိန်မှာပင် တွေ့မြင်ခဲ့ရသည်မှာ ပြည်ထောင် စုအတွက် စိတ်မကောင်းစရာပါ။
သို့သော် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တက်လာသည့်အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့က NCA လမ်းကြောင်းမှာ ပါဝင်ခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လမ်းကြောင်းမှာ ပါဝင်လာနိုင်ရေး စိတ်ရှည်ရှည်ဖြင့်ဆွဲဆောင်စည်းရုံးခဲ့သည်ကိုလည်း တွေ့ရပါသည်။ NCA လမ်းကြောင်းကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် NLD အစိုးရလက်ထက်မှာလည်း ဆက်လက်အကောင်အထည်ဖော်ခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ ထိုအချိန်အထိ NCA လမ်းကြောင်းမှာ လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ၁၀ ဖွဲ့ သာရှိပါသည်။ အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ NCA နှင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လိုခြင်းမရှိဘဲ ဆွေးနွေးပွဲများတွင် တက်ရောက်ဆွေးနွေးရာမှာလည်း ဖက်ဒရယ်ပြည်ထောင်စုထဲ မှာနေလိုသည်ထက် သူတို့ကိုသီးခြားနယ်မြေပေးပြီး ကွန်ဖယ်ထရိတ်ကို လိုချင်နေသည်က ပိုနေသည်ကို တွေ့ရမှာဖြစ်ပါသည်။
၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီမသမာမှုအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းခဲ့ရသည်ကို အခြေခံကာ ပြည်တွင်းဆူပူမှုများမှတစ်ဆင့် လက်နက်ကိုင်လမ်းစဉ် တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာသည်ကို တွေ့ရပါသည်။ ကိုယ့်မသမာမှုကို ဖုံးကွယ်ပြီး တပ်မတော်ကို အပြစ်ပုံချ လှုံ့ဆော်ခဲ့သည့်အတွက် လူငယ်လူရွယ်များ လမ်းမှားလိုက် ဖွဲ့စည်းခဲ့ရာမှ PDF ဆိုသည့် လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုလူငယ်များကို ဖောက်ခွဲရေးနှင့် စစ်သင်တန်းများ သင်ကြားပေးခဲ့ပြီး တိုက်ပွဲများ မှာ ရှေ့ကအသေခံတက်ဖို့ စေခိုင်းခဲ့သူများ က NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် NCA လက်မှတ်ရေးထိုးမထားသည့် KIA တို့ပဲ ဖြစ်ပါသည်။ KNU အနေဖြင့် အနောက်အုပ်စုအလိုကျ ပွဲလန့် တုန်းဖျာခင်းသည့်ဇာတ်လမ်းတွင် သူ့အမှားမထင်စေဖို့ NCA ပျက်သွားပြီဟု ကြွေးကြော်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့နောက်မှာတော့ တောခိုသည့်လူငယ်များ၏ အင်အားမှာ ပိုမိုများပြားလာသည့်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့တချို့ဟာ NCA လမ်းကြောင်းကို စွန့်လွှတ်ပြီး လက်နက်ကိုင်လမ်းစဉ်နောက် ပြန်လိုက်သွားကြတာ စိတ်မကောင်းစွာ တွေ့ခဲ့ရပေသည်။
ထိုသို့အခြေအနေတွေရှုပ်ထွေးနေချိန်မှာ စဝ်ရွှေသိုက်၏သား စဝ်ဟန်ယောင်ဟွေက NCA လမ်းကြောင်းကို ဖျက်ဆီးခဲ့တာ တပ်မတော်ကဟူ၍ မတ်လ ၂ ရက်မှာ ပြောကြားခဲ့တာ တွေ့ရပါသည်။ ယခုဖြစ်ပွားနေသည့် တိုက်ပွဲများသည် တပ်မတော်၏ အမှားဟုဆိုချင် ပုံရပါသည်။ သူ့အပြောက တပ်မတော်က အာဏာသိမ်း လိုက်သည့်အတွက် အစိုးရ၊ လွှတ်တော်များ မရှိတော့ခြင်းသည် NCA ကို ဆက်လက်ဆောင်ရွက်လို့ မရနိုင်သည့်အခြေအနေဖြစ်ပြီး ထိုအခြေအနေရောက်အောင်တပ်မတော်က ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နစကအစိုးရ၏ နိုင်ငံရေးရည်မှန်းချက်က ရှင်းရှင်းလေးပါ။ ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီး နိုင်သည့်သူကို အာဏာပြန်လွှဲပေးမည်ဟု ဆိုထားပေသည်။ ထို အချက်ကို မသိကျိုးကျွန်ပြုထားသည်ကပင် မရိုးသားပါ။ ဟန်ယောင်ဟွေသည် ခေတ်အဆက်ဆက်မှာ ဗမာလူမျိုးနှင့် တပ်မတော်မုန်းတီးရေးကိုသာ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူပဲ ဖြစ်ပါသည်။ သူ့နောက်တွင် အမေရိကန်နှင့် အနောက်အုပ်စုရှိပါသည်။ သူကိုယ်တိုင်ပင် Euro Burma Office မှာ ဒါရိုက်တာ တာဝန်ယူထားပါသည်။ သူ့ကိုအဓိကငွေကြေးထောက်ပံ့နေတာက Soros အုပ်စုကပဲ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်အခြေအနေအရ အာဏာအပ်နှင်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအုံကြွမှုများ ဖြစ်ပေါ်လာချိန်မှာ ဟန်ယောင်ဟွေသည် ထိုင်းနယ်စပ်ကိုရောက်ရှိလာပြီး KNU အနေဖြင့် ထိုနိုင်ငံရေးအုံကြွမှုများတွင် ပါဝင်စေဖို့ပြောကြားစည်းရုံးခဲ့ပြီး KNU တပ်မဟာတစ်ခုကို အမေရိကန်ဒေါ်လာ တစ်သန်းစီပေးခဲ့ကြောင်း သိရှိရပါ သည်။ ထိုမျှငွေကြေးပမာဏကို ဟန်ယောင်ဟွေ အနေဖြင့် မတတ်နိုင်သည့်အတွက် မည်သည့်အဖွဲ့ အစည်းကပေးသည်ဆိုတာ စုံစမ်းစရာပင်လိုမည်မထင်ပါ။ KNU ခေါင်းဆောင်ပိုင်းအတွင်းမှာရှိသည့် တိုက်ခိုက်ရေးဘက်မှာ လာသူများသည် ဟန်ယောင်ဟွေနှင့် သိပ်မရင်းနှီးသော်လည်း NGO မှ လာ သူများသည် ဟန်ယောင်ဟွေနှင့် ပုလင်းတူဘူးစို့များသာ ဖြစ်ကြပါသည်။ ဟန်ယောင်ဟွေ၏ ယခုထွက်ပေါ်လာသော စကားသံသည် တိုက်ပွဲများတွင် ပါဝင်လာခြင်းမရှိသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာစေရန် စကားဦးသန်းခြင်းဖြစ်မည်ဟု ယူ ဆစရာရှိပါသည်။ ပြည်ထောင်စုနယ်မြေများကို ဥပဒေကြောင်းအရ၊ နိုင်ငံရေးနည်းအရ၊ ဆွေးနွေးအဖြေရှာ ခြင်းများအရ ကိုယ်ပိုင်နယ်မြေအဖြစ် ရယူခြင်းထက် လက်နက်ကိုင် သိမ်းပိုက်ရေးလမ်းကြောင်းကို ပိုမိုအားပေးချင်ပုံရပါသည်။ စဝ်ဟန်ယောင်ဟွေသည် ပြည်ထောင်စုအတွက် အတော်အန္တရာယ်ကြီးမားသည့် သစ္စာဖောက် ပြည်ပြေးတစ်ဦး ဟူ၍သာ ဆိုရပေလိမ့်မည်။
( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )