၂၀၂၄ မတ် ၁၁
၂၀၁၆ နိုဝင်ဘာလမှာ ယဉ်မျိုးစာပေက ထုတ်ဝေခဲ့တဲ့ ဆရာမင်းအောင်မင်း မြန်မာပြန် 'လက်နက်ကိုင် ပုန်ကန်သူများနှင့် ဗမာ့ရွှေတြိဂံ' စာအုပ်မှာ အခြားစာအုပ်တွေမှာ မတွေ့ခဲ့ရတဲ့ ကချင်ပြည်နယ်က ဘိန်းစိုက်ပျိုး ထုတ်လုပ်ပုံတွေကိုပါ ဖော်ပြထားတာ ထူးခြားပါတယ်။ ဒီနေ့ဆိုရင် ချင်းတောင်တန်းတွေပေါ်မှာပါ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေပြီလို့ ကြားသိရပါတယ်။ ဒီစာအုပ်ရဲ့ မူရင်း စာရေးဆရာနှစ်ဦးက ပြင်သစ်နိုင်ငံ ပါရီမြို့မှ Andre နှင့် Louis Boucaud ဆိုတဲ့ ညီအစ်ကိုနှစ် ဦးဖြစ်ပါတယ်။ စာအုပ်အမည်က 'Burma's Golden Triange' (On the Trial of Opium Warlords' ဖြစ်ပါတယ်။ စာအုပ်အမည်မှာပင် Opium Worlords (ဘိန်းဘုရင်များ)လို့ တွေ့ရပြီး 'တော်လှန်ရေးခေါင်းဆောင်များ'လို့ အမွှမ်းတင်ထားတာ မတွေ့ရပါဘူး။
ပြင်သစ်ညီနောင်ဟာ ၁၉၇၅ ဇန်နဝါရီမှာ ရွှေ တြိဂံဒေသကို ရောက်လာခဲ့ကြပါတယ်။
'ပြီးခဲ့သော ၁၅ နှစ်အတွင်း ကျွန်ုပ်တို့သည် ထိုင်း-မြန်မာနယ်စပ်အနီး တောင်တန်းတောင်ကုန်း များရှိ ဒေသတွင် ဘိန်းစစ်ဘုရင်များ၊ မှောင်ခိုများ၊ လက်နက် ကိုင်တပ်များစွာတို့ကို တွေ့ဆုံခဲ့သည်။ ရွှေတြိဂံဒေသသည် ကမ္ဘာ့အဓိက ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူထွက်ရှိရာ နေရာဖြစ်သည်။ ဘိန်း တိုးတက် ရောင်းဝယ် စိုက်ပျိုးလာခြင်းကလည်း မြန်မာ့နိုင်ငံရေးမြင်ကွင်း၌ အခြေခံကျသော အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေကြောင်း ကျွနု်ပ်တို့ နားလည်ခဲ့ရသည်'လို့ နိဒါန်းမှာ ဖော်ပြထားပါတယ်။ ရွှေတြိဂံရဲ့ ပထဝီအနေအထားကို ...'မြန်မာ၊ လာအို၊ ထိုင်းတို့ နယ်စပ်များပေါ်မှ ဘယ်သူမှ မအုပ်ချုပ်နိုင်သော နေရာဖြစ်သည်။ အပေါ်ဘက်ရှိ တရုတ်နိုင်ငံကိုလည်း ကြောက်စရာပုံသဏ္ဌာန် အရိပ်မိုးနေသော ဒေသဖြစ်သည်'လို့ ရေးသားထားပါတယ်။
'ရွှေတြိဂံသည် စတုရန်းကီလိုမီတာ ၂၂၅၀၀၀ ကျယ်ဝန်းသော ဧရိယာဖြစ်၍ မြန်မာအရှေ့ မြောက်ပိုင်းမှ ရှမ်းတောင်တန်းများ၊ ထိုင်းမြောက်ပိုင်းဒေသမှ တောင်တန်းများနှင့် လာအိုကုန်းမြင့်ဒေသတို့ ပါဝင်သည်။' (စာ-၁၇)
တောင်တန်းနေ တိုင်းရင်းသားတို့အတွက် ဘိန်းစိုက်ပျိုးမှုဟာ အဓိက အသက်မွေးဝမ်းကျောင်းဖြစ်ပြီး ဘိန်းကရတဲ့ငွေနဲ့ မှောင်ခိုဈေးကွက်မှာ လက်နက်တွေ ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
]ထိုဒေသမှ ဘိန်းထုတ်လုပ်မှုမှာ ၁၉၈၀ ကာ လများက တန် ၇၀၀ ရှိရာမှ ၁၉၉၀ တွင် တန် ၁၈၀၀ မှ တန်နှစ်ထောင်အထိ ထွက်ရှိခဲ့သည်ဟု ခန့်မှန်းထား သည်။ ဘိန်းကို တစ်နေရာမှ တစ်နေရာ သို့ သယ်ဆောင်ရောင်းဝယ်မှုများမှာ တရုတ်ဟော်လူမျိုး အများစုဖြစ်သည်။ တောင်တန်းနေ လူမျိုးစု များက အဓိကထုတ်လုပ်ပြီး တရုတ်မြို့များနှင့် တောင်တန်းနေ လူမျိုးစုများ အကြား လုပ်ဆောင်ခဲ့ ကြခြင်းဖြစ်သည်။ တရုတ်ဟော်တို့က ကုန်ဖလှယ်သူများဖြစ်သည်။ ဘိန်းနှင့် ဆား၊ သကြား၊ အထည်အ လိပ်နှင့် နာရီ၊ လက်နှိပ်ဓာတ်မီးတို့လို အသုံးအဆောင်များအထိ ဖလှယ်ကြသည်။ ဝယ်ယူကြသည်။ အကြွေးတွေ များလာသောအခါ ဘိန်းကို ပိုမိုပြီး စိုက်ပျိုးလာကြသည်။' (စာ-၁၈)
ဘိန်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းဟာ လက်နက်ကိုင်သောင်းကျန်းမှုရဲ့ အရင်းအမြစ် တစ်ခုထက် ပိုတယ်လို့ ဆိုပါတယ်။ ဘိန်းဟာ လက်နက် ကိုင်သောင်းကျန်းမှုကို ရပ်တည်နိုင်စေ တာထက်ပိုပြီး ထောက်ပံ့ပေးနိုင်တဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြင်သစ်ညီ နောင်က သုံးသပ်ထားပါတယ်။
'၁၉၅၀ နှစ်ကုန်မှစပြီး ရှမ်းနှင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ နယ်စပ်အားလုံး၌ လက်နက် ကိုင်ပုန်ကန်မှုများ ပျံ့နှံ့နေသည်။ ထိုဧရိယာ (ရှမ်းနှင့်ကချင်)သည် ၁၉၈၀ ကာလများတွင် နှစ်စဉ် ဘိန်းတန် ချိန် ငါးရာထိ ထုတ်လုပ်လာနိုင်ခဲ့သည်။ ...ကိုးကန့် နှင့် 'ဝ' ပြည်နယ်တို့မှာ ရာသီဥတုဆိုးရွားမှုနှင့် အစိုးရ အဆက်ဆက် အုပ်ချုပ်မှုအားနည်းခဲ့သော တောင်ကုန်း များပြားသည့် ဆိုးရွားသော ဒေသများဖြစ်သည်။ ဘိန်း က အဓိကသီးနှံဖြစ်ပြီး စိုက်ပျိုးနိုင်သော မြေဧရိယာ ရာခိုင်နှုန်း ၉၀ တွင် ဘိန်းစိုက်ကြသည်။ ဘိန်းစိုက်ပျိုး သူတို့၏ ဝင်ငွေက နည်းပါးပြီး တရုတ်ဘိန်းရောင်းဝယ် သူများက ဝင်ငွေဝေစုကြီးမားကြသည်။ သံလွင်အနောက်ခြမ်း၏ အခြေအနေတို့သည်လည်း အရှေ့ခြမ်း နှင့် များစွာဆင်တူသည်။ ၁၉၈၂ တွင် ဘိန်းအထွက်နှုန်းတန် ၂၆၀ ရှိလာရာ ကိုးကန့်နှင့် 'ဝ'နယ်တို့က ၁၇၅ တန်၊ အရှေ့ဘက်နယ်ခြားဒေသက ၅၅ တန်၊ သံလွင်အနောက် ဘက်တန် ၃၀ တို့ ပါဝင်ကြသည်။ (စာ-၂၀)
'ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ကချင်ပြည်နယ်ကိုလည်း ပျံ့နှံ့လာခဲ့ရာ ၁၉၈၂ မှာ ကချင်ပြည်နယ်ရဲ့ စုစုပေါင်း ဘိန်းထုတ်လုပ်မှုဟာ ၁၇၈ တန်အထိ မြင့်တက်လာသည်။ ကချင်ပြည်နယ် တောင်ပိုင်း သုံးပုံနှစ်ပုံ အကျယ်အဝန်းရှိရာသို့ ဘိန်းစိုက်ပျိုးမှုတွေ ရောက်လာသည်။ ထိုမှ ပလောင် ဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ အထိ ဖြစ်သည်။ ထိုနေရာတို့တွင် ကချင်လူဦးရေ များပြားသည်' (စာ-၂၁)
ပြင်သစ်ညီနောင်က ဘိန်းရာဇဝင်ကိုလည်း တူးဖော်ပြထားပါတယ်။
'ဘိန်းကို ပထမဆုံး မိတ်ဆက်လာသည်မှာ အာရပ်ကုန်သည်များဖြစ်၍ တရုတ်နှင့် အိန္ဒိယသို့ (၇) ရာစုတစ်ဝိုက်က စတင်ခြင်းဖြစ်သည်။ အိန္ဒိယက ဘိန်း အဓိကတင်ပို့သူ ဖြစ်လာသည်။ မဂိုမင်းဆက် လက်ထက် မှစ၍ ဘိန်းရောင်းချမှုကို အခွန်ကောက်ခဲ့သည်။ ဗြိတိ သျှတို့ အိန္ဒိယသို့ ရောက်လာချိန်တွင် ဝင်ငွေရနိုင်သော အရင်းအမြစ်ကို ရှာဖွေသောအခါ ဘိန်းကိုတွေ့ပြီး ပြည်ပသို့ တင်ပို့နိုင်အောင် အားပေးခဲ့ရာ အထူးသဖြင့် တရုတ်သို့ ဖြစ်သည်။ ဒုတိယ တရုတ်နှင့် ဘိန်းစစ်အပြီးတွင် ရှုံးနိမ့်သွားသော တရုတ်တို့ ကုန်သွယ်ရေးသဘော တူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဗြိတိသျှကုန်သည် များ တရုတ်ကို ဘိန်းတန်ချိန် ၆၅၀၀ ရောင်းချနေသလို တရုတ်တွင် ဘိန်းစွဲသူ ၁၅ သန်းအထိ ရှိနေပြီ ဖြစ်သည်။' (စာ-၂၁)
'၂၀ ရာစု အစပိုင်းတွင် ဘိန်းရောင်းချမှု ထပ်ပြီးတိုးပွားနေသည်။ ၁၉၂၀ ကာလများအတွင်း ဘိန်းထုတ်လုပ်မှုများ အရှိန်လျင်မြန်လာသည်။ မော်ဖင်းနှင့် ဟီးရိုးအင်းကို အစပိုင်း၌ ဥရောပမှာ ထုတ်လုပ်သည်။ တရုတ်က ကမ္ဘာတွင် ဟီးရိုးအင်းသုံးစွဲရာ အဓိက နိုင်ငံတစ်ခုဖြစ်လာသည်။ မူးယစ် ဆေးဝါး၌မူ ၁၉၂၇ ကာ လတွင် ဟောင်ကောင်က နံပါတ်တစ်ဖြစ်သည်။' (စာ-၂၃)
၁၉၄၉ နောက်ပိုင်းမှာ ကွန်မြူနစ်တွေကို စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေ ရှမ်းပြည်နယ်ထဲဝင်ရောက်လာပါတယ်။ အမေရိကန် စီအိုင်အေရဲ့ အကူအညီနဲ့ ကူမင်တန်တပ်တွေကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး တရုတ်ပြည်တောင်ပိုင်းကို ပြန်လည် သိမ်းပိုက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
'ကူမင်တန်တပ်များက ဒေသခံလူထုအပေါ် သြဇာလွှမ်းမိုးနိုင်ပြီး ရှမ်းပြည်နယ်မှ ဘိန်းကုန်သွယ်ရေးကိုလည်း လက်ဝါးကြီးအုပ်ထားနိုင်သည်။ နောက်ပိုင်း ကာလများတွင် ကူမင်တန် တရုတ်ဖြူတို့ ဘိန်းကို တိုးချဲ့စိုက်ပျိုးသည်။ တိုင်းရင်းသားများ ရောင်းချသည့် ဘိန်းကို အခွန်ကောက်သည်။ ယင်း တို့ကိုဝယ်ယူပြီး လားဝန်တင်တန်းဖြင့် ထိုင်းသို့ ပို့ဆောင်သည်။ ၁၉၆၀ပြည့်နှစ်များ တွင် တရုတ်ဖြူတို့ သည် ရွှေတြိဂံဒေသ၌ မော်ဖင်းနှင့်ဟီး ရိုးအင်းတို့ ထုတ်လုပ်ရန် ဘိန်းချက်စက်ရုံများ တည် ထောင်လာ ကြသည်။ မကြာမီ ဟောင်ကောင်မှ ကျွမ်း ကျင်သူတို့၏ အကူအညီပေးမှုဖြင့် ၉၉ ရာခိုင်နှုန်းနီးပါး သန့်စင်သော နံပါတ် (၄) အဆင့် ဘိန်းဖြူကို ထုတ်လုပ်လာနိုင်သည်။ ၁၉၇၀ အစပိုင်းနှစ်များတွင် ဘိန်းဖြူသုံး စွဲမှု အရေးအတွက် အလွန်ကြီးမားသော ပမာဏသို့ ရောက်လာသည်။' (စာ-၂၅)
ကူမင်တန် တရုတ်ဖြူတွေနဲ့ အပြိုင်ဖြစ်လာသူကတော့ 'ခွန်ဆာ'ပါပဲ။ သူ့တပ်ဖွဲ့တွေဟာ တန့်ယန်းနဲ့ 'ဝ'နယ်အနီး ပန်နားတို့မှာ အခြေချပြီး ထိုင်းနှင့် လာအိုသို့ ဘိန်းများ အကြီးအကျယ် ကုန်သွယ်ခဲ့ပါတယ်။ ဘိန်းလောကကို ရာခိုင်နှုန်း ၉၀ ထိန်းချုပ်ထားတဲ့ တရုတ်ဖြူကူမင်တန်တွေရဲ့ ဈေးကွက်ထဲကို ခွန်ဆာက ဝင်ရောက်ယှဉ်ပြိုင် ထိုးဖောက်လာတဲ့အခါ ကူမင်တန်တပ် တွေနဲ့ တိုက်ပွဲ တွေ ဖြစ်လာပါတယ်။ လာအိုရှိ ဘန်ခါဝမ်မှာ ခွန်ဆာတပ်ဖွဲ့က အနိုင်ရလိုက်ပြီးတဲ့နောက် ရွှေတြိဂံဒေသရှိ ဘိန်းဖြူထုတ်လုပ်မှု ရာခိုင်နှုန်း ၇၀ ကို ခွန်ဆာက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ခွန်ဆာဟာ သူ့တပ်ဖွဲ့ကို SUA (ညီညွတ်သော ရှမ်းပြည်တပ်မတော်)လို့ အမည်ပေးပြီး သူမူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်နေရတာဟာ ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်လို့ အကြောင်းပြခဲ့ပါတယ်။
'အခြားအဖွဲ့များတွင် SURA မိုးဟိန်းဦးဆောင်သော အဖွဲ့နှင့် WNA ('ဝ'တပ်ဖွဲ့)တို့ နှစ်ဖွဲ့လုံး တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၌ ပါဝင်ပတ်သက်ခဲ့သည်။ သို့သော် ခွန်ဆာ၏ ထိန်းချုပ်မှုထဲမှ အနည်းငယ်မျှသော ဈေးကွက်ဝေစုရခြင်းဖြစ်၏။ တစ်ဖက်၌ ဗကပ ကလည်း ကိုးကန့်နယ်တစ်ခုလုံး သူ၏ လွှမ်းမိုးမှုကို တိုး ချဲ့တည်ထောင်ခဲ့သည်။ ကိုးကန့်၊ 'ဝ'နှင့် ကျိုင်းတုံနယ်တို့သည် ဘိန်းထွက်ရှိမှု အများဆုံး ဇုန်များဖြစ်သလို ဗကပတို့က ကောင်းစွာ ထိန်းချုပ်ထားသည်။ ဗကပတို့က အစပိုင်း၌ ဒေသခံတိုင်းရင်းသားများ ဘိန်းစိုက်ပျိုးမှုကို ခွင့်ပြုခဲ့သည်။ နောက်ပိုင်း၌ ဗကပ ကိုယ်တိုင်ပင်မူး ယစ် ဆေးဝါး ရောင်းဝယ်မှုတို့၌ တိုက်ရိုက်ပါဝင်ပတ်သက် လာခဲ့သည်။' (စာ-၂၇)
ပြင်သစ်ညီနောင်ဟာ 'ခွန်လတ်'ဆိုတဲ့ တိုင်းရင်းသားတစ်ယောက်ရဲ့ လမ်းပြကူညီမှုနဲ့ ရှမ်းပြည်နယ်အနှံ့ ခြေဆန့်ခဲ့ရာ ဘိန်းခင်းကြီးတွေကို ဖြတ်သန်းခဲ့ရသလို လက်နက်ကိုင်တပ်ဖွဲ့များအကြောင်းကိုလည်း ပိုမို သိမြင်လာခဲ့ကြပါတယ်။ ခရီးစဉ်တစ်ခုမှာ ခွန်ဆာတပ်ဖွဲ့က ဗိုလ်မှူးရွက်ဆစ်(ယခု RCSS ဗိုလ်ချုပ်ကြီးရွက်ဆစ်)ရဲ့ အကူအညီ စောင့်ရှောက်မှုနဲ့ သွားလာခဲ့ရကြောင်းကိုလည်း ဖော်ပြထားပါ တယ်။ သူတို့ရောက်လေရာ လားဟူရွာ၊ လီဆူးရွာတွေဟာလည်း ဘိန်းစိုက်ပျိုးရောင်းဝယ်မှုသာ အဓိကဖြစ်နေတာ တွေ့ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်အနှံ့ ကျယ်ပြန့်နေတဲ့ ဘိန်းဈေးကွက်ကြီးကို ဖျက်ချင်ရင် သူ့ကို အကူအညီပေးရမယ်လို့ ခွန်ဆာက အမေရိကန်အစိုးရကို တောင်းဆိုပါတယ်။
'ဆီးနိတ်တာဂျိုးဇက်နီးလ်လစ်က ခွန်ဆာကို ၁၉၇၄ ခုနှစ်တွင် ဆက်သွယ်ခဲ့သည်။ သူက ဘိန်းကိစ္စ ညှိနှိုင်းရန် အမြင်ကိုလက်ခံခဲ့သည်။ သူ၏ လုပ်ဖော်ကိုင် ဖက်များကမူ ဘိန်းဘုရင်တစ်ဦးကို ညှိနှိုင်းဖို့ လက်မခံဘဲ ပယ်ချခဲ့၍ ထိုရလဒ်ဖယ်ရှားခဲ့ရသည်။' (စာ-၃၉)
အမေရိကန်အစိုးရနဲ့ အပေးအယူ မတည့်တဲ့အခါ ခွန်ဆာဟာ သူ့ရဲ့ ဘိန်းဈေးကွက်ကြီးကို ပိုမိုချဲ့ ထွင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗကပတို့ကပါ ဘိန်းဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ ဗကပတို့ လွှမ်းမိုးထိန်းချုပ်ရာ နယ်မြေအများစုဆိုတာကလည်း ဘိန်းစိုက်ဧရိယာတွေက အများစုဖြစ်နေ ပါတယ်။
'ဗကပ၏ နှစ်စဉ်အသုံးစရိတ်မှာ ကျပ် ၅၆ သိန်း (ဒေါ်လာရှစ်သန်း)ရှိပြီး အများစုက တရုတ်မှရခြင်း ဖြစ်သည်။ ၁၉၈၀ လောက်ကတည်းက တရုတ်တို့၏ ဗကပအပေါ် အကူအညီလျော့နည်းလာရာ ဗကပသည် ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖို့ ဖိအားကျရောက်လာ သည်။ သူတို့သည် ဘိန်းသယ် ဆောင်သော ယာဉ်တန်းတို့ကို အခွန်ကောက်ခဲ့သည်။ ဘိန်းစိုက်ပျိုးမှုကို စတင်အားပေးခဲ့သည်။ ကုန်သွယ်ရောင်းဝယ်ရာတွင်လည်း တိုက် ရိုက်ပါဝင်လာသည်။ နာမည်ကြီး မူးယစ်မှောင်ခိုများထံမှ အကူအညီများ ရရှိခဲ့သည်။' (စာ-၄၄)
'ဗကပ၏ ကိုယ်ပိုင် ဘိန်းချက်စက်ရုံများ ပန်ဆန်းတွင်ရှိသည်ဟု ယုံကြည်ရသည်။ ကိုးကန့် တရုတ်တို့၏ အကူအညီဖြင့် လည်ပတ်နိုင်ခြင်းဟု စွပ်စွဲကြသည်။ သူပုန်တို့၏ အဆိုအရ ကချင်၊ ကိုးကန့်၊ 'ဝ'နယ်တို့မှ ထုတ်လုပ်သော ဘိန်းသည် ဗကပအစိတ်အပိုင်းတစ်ခု အနေဖြင့် ပါဝင်သည်'လို့ ဆိုပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မဟာမိတ်ဖွဲ့လိုက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သစ္စာဖောက်ကာ တိုက်ပွဲတွေဖြစ်လိုက်နဲ့ ဘိန်းသံသရာကြော မျောပါ ကုန်ကြပါတယ်။
'မိုးဟိန်း၏ SURA အဖွဲ့သည် ကျောက်မျက်ရတနာနှင့် ဘိန်းတို့ကို ကူမင်တန်အဖွဲ့နှင့် အရောင်းအဝယ်လုပ်သည်။ မိုးဟိန်းသည် ၁၉၄၉ က တောခိုခဲ့သည်။ ၁၉၅၂ တွင် ဗကပထဲသို့ ဝင်သည်။ ၁၉၅၆ တွင် ဗကပ၏ ရှမ်းပြည်ပေါ်လစီကို သဘောမကျ၍ ဗကပနှင့်လမ်းခွဲသည်။ ၁၉၅၈ တွင် နွံစစ်ဟန်၏ ရှမ်းအမျိုးသားရေး အဖွဲ့သို့ ပူးပေါင်းသည်။ မြန်မာတပ်နှင့် တိုက်ပွဲအတွင်း လက်တစ်ဖက် ဆုံးရှုံးခဲ့သည်။ သူ၏ ကိုယ်ပိုင်အဖွဲ့ကို မိုင်းကိုင်တွင် တည်ထောင်သည်။ SNUE (ရှမ်းအမျိုးသား ညီညွတ်ရေးတပ်ဦး)ကို ခေါင်းဆောင်ခဲ့သည်။ ၁၉၆၉ တွင် အဖွဲ့အစည်းသစ် SURA ကို တည်ထောင်သည်။ နောက်ပိုင်းတွင် SSA ၏ ရန်ဘက်လည်း ဖြစ်သော ကူမင်တန် ဗိုလ်ချုပ်လီနှင့် မဟာမိတ်ဖွဲ့သည်။ မိုးဟိန်းသည် တစ်ချိန်က သတ္တိရှိပြီး ရဲရင့်သော သူ၏ နိုင်ငံရေးပုံရိပ်ကို ရောင်းစားခဲ့သည်။ တောတွင်းအနေအထားကြောင့် လူတို့၏ ဘဝပြောင်းလဲနိုင်ရန် ထိုကဲ့သို့ အဆုံးသတ်ခြင်း သို့မဟုတ် သူတို့၏ ဦးတည်ချက် လုံးဝပြောင်းလဲသွား ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့သည်။ တော်လှန်ရေးခေါင်း ဆောင်တစ်ဦးမှ ဘိန်းဘုရင်သို့ ပြောင်းလဲသွားသော မိုးဟိန်းက နမူနာတစ်ခုဖြစ်သည်။ (စာ-၁၁၁)
စစ်ဘုရင်တစ်ဦးဖြစ်သော မိုးဟိန်းက ကူမင်တန်နှင့် ပူးပေါင်းသွားပြီး သူ၏တပ်များနှင့် ကူမင်တန်တို့ ကို SURA အဖြစ် ဖွဲ့စည်းလိုက်ရာ SSA ၏ အဓိက အတိုက်အခံ အဖွဲ့ဖြစ်လာသည်။ သူက ရှမ်းအဖွဲ့အားလုံး ကွန်မြူနစ်ခြိမ်းခြောက်မှုကို ဆန့်ကျင်ဖို့ ညီညွတ်ကြရန် တိုက်တွန်းသည်။ အနား ယူသွားသော SSPP ဥက္ကဋ္ဌဟောင်း ဘွန်တိုင် ချင်းမိုင်တွင် လုပ်ကြံခဲ့ရသော ဇာတ်လမ်း၏ အကျိုးဆက်အဖြစ် ထိုသို့ ပေါ်လာခြင်းဖြစ်၏။ မိုးဟိန်း၏ မေတ္တာရပ်ခံချက်က ခွန်ဆာ၏ မဟာမိတ်ဖွဲ့ မှုအလားအလာကို အတားအဆီးဖြစ်စေခဲ့သည်။' (စာ-၁၄၁)
နိုင်ငံရေးညီညွတ်မှုကို ဘယ်လိုပင် ဦးတည်နေပါစေ။ နောက်ဆုံးတော့ စီးပွားရေးအကျိုး အမြတ်က သာ အဆုံးအဖြတ်ပေးသွားတာ တွေ့နိုင်ပါတယ်။
'ခွန်ဆာသည် ပြိုင်ဘက်မရှိသော ဘိန်းဘုရင်ဖြစ်၏။ ဘိန်းရောင်းဝယ်မှုတွင် ယှဉ်ပြိုင်မှုအားလုံးကို အရေးနိမ့်သွားအောင် လုပ်ခဲ့သလို အဓိက ကျောက်စိမ်းကုန်သည်များထဲမှ တစ်ဦးလည်းဖြစ်သည်။ ခွန်ဆာ၏ သြဇာကြီးမားလာခြင်းကို စိုးရိမ်သော်လည်း တစ်ချိန်တည်း၌ သူနှင့်သဘောတူညီမှုများ လုပ်ထားကြသည်။ ထိုအချက်များတွင် ကြီးမားသော ဘိန်းဝန်တင်တန်းများအတွက် အခွန်ပေးရန်နှင့် ရှမ်းရွာများသို့ ဘိန်းအဝယ် တော်များကို ခွင့်ပြုရန်တို့ဖြစ်သည်။' (စာ-၁၁၉)
ခွန်ဆာဟာ ကွန်မြူနစ်ဆန့်ကျင်ရေးသမား တစ်ဦးဖြစ်ပေမယ့် ဘိန်းကုန်သွယ်ရေးမှာ ကွန်မြူနစ်တွေနဲ့ အပေးအယူလုပ်နေရပုံတွေကိုလည်း ဖော်ပြထားပါတယ်။ ကွန်မြူနစ်ခေါင်းဆောင် တာကလယ် (ပအို့ဝ်နီ)ထံမှ ဘိန်းများကို ဝယ်ယူသည်။ ဈေးကွက်ထဲသို့ တင်ပို့လိုက်သော ဘိန်းဖြူအများစုသည် ဗကပထံမှလာခြင်း ဖြစ်သည်'တဲ့။ ပါးစပ်ဖျားက နိုင်ငံရေးစကားတွေထက် လက်ထဲက စီးပွားရေးက ပိုအရေးကြီးတယ်ဆိုတာ သက်သေထူပြနေသလိုပါပဲ။
'ဗမာ့ရွှေတြိဂံ'စာအုပ်ကိုရေးတဲ့ ပြင်သစ်ညီနောင်ဟာ ခွန်ဆာရဲ့နယ်မြေမှာ သုံးပတ်ခန့်နေထိုင်ခဲ့ ပြီး ခွန်ဆာကိုလည်း အင်တာဗျူးလုပ်ခွင့်ရခဲ့သည်။ ခွန်ဆာ ရဲ့ MTA (Mong Tai Army- ရှမ်းပြည်တပ်မတော်) ဗိုလ်သင်တန်း အပတ်စဉ် (၁၉) သို့လည်း ဖိတ်ကြားခံရတယ်။ ခွန်ဆာဟာ နှစ်စဉ်တပ်သားသစ် ၁၅၀၀ မှ ၁၆၀၀ လေ့ကျင့်ပေးနေတယ်။
'အခမ်းအနား၌ သူ၏ မိန့်ခွန်းမှာ နောက်လိုက်များကို အံ့သြဖွယ်ပင် နိုးကြားအောင် ပြောနိုင်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့မှ အခွန်အကောက်များ ရရှိကြောင်းကို သူက ဝန်ခံသည်။ သို့သော် မူးယစ်ဆေးဝါးတို့မှ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို သူက ငြင်းဆိုသည်။ နိုင်ငံရေး ရည်မှန်းချက်နှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူ ရှမ်းအမျိုးသားရေးဝါဒီ ခေါင်းဆောင်တစ် ဦးကဲ့သို့ သူ့ကိုယ်သူ ကြိုးစား၍ ဖော်ပြနေခြင်းပင်။ တော်လှန်ရေးအတွက် ငွေကြေးလိုအပ်သည်။ သူ၏တပ်ကို ထိန်းသိမ်းနိုင်ရန် တစ်လလျှင် ဘတ် ၁၂ သန်းလို သည်ဟု ခွန်ဆာက ပြောသည်။ သူ၏ နှစ်စဉ်ဝင်ငွေ ဘတ်သန်းနှစ်ရာသည် မူးယစ်ဆေးဝါးလုပ်ငန်း၊ ကျောက် စိမ်းကျောက်မျက်၊ ကျွန်းသစ်နှင့် တိရစ္ဆာန်များ မှောင်ခို တင်ပို့ရာမှ အခွန်ကောက်ခြင်းတို့မှ ရလာခြင်းဖြစ်သည်။} (စာ-၂၃၂)
'ဝ'တပ်ဖွဲ့ UWSA ကို ကြည့်လိုက်ရင်လည်း ဘိန်းရောင်းဝယ်ရေးမှတစ်ပါး အခြားရွေးချယ်စရာမရှိ ဘူးလို့ဆိုတယ်။ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဟာလည်း ဘိန်းနှင့်မူးယစ် ဆေးဝါးကို အမှီပြုထားရတယ်။ ဒါကြောင့် ပြင်သစ်ညီနောင် Andre နဲ့ Louis Boucaud တို့က သူတို့ရေးတဲ့ ဗမာ့ရွှေ တြိဂံစာအုပ်နိဂုံးမှာ ဒီလိုရေးသားဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။
'မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များ အနာဂတ်တွင် ဘာကို ဆုပ်ကိုင်နိုင်မည်ဆိုသည်မှာ မရှင်းလင်းဘဲ ရှိနေသေးသည်။ အစိုးရဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့ ဖြစ်စေ အခြားသူများကိုအနိုင်ရဖို့မှာ အင်အားလုံလောက်မှ ဖြစ်နိုင်မည်။ ထိုရှည်လျားသော ပဋိပက္ခကို နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းဖို့လို အပ်သည်။ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခြင်းကသာ ပြည်သူနှင့်စီးပွားရေးကို ဖျက်ဆီးနေသည့် ဘိန်းမူးယစ်ဆေးဝါး ရောင်းဝယ်မှုကို လုံးဝဖယ်ရှားနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်လေ သည်။' (စာ-၂၃၄) မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )