လက်နက်ကိုင်အကြမ်းဖက်နေသရွေ့ ငြိမ်းချမ်းရေးမရနိုင်ပါ

၂၀၂၄ အောက်တိုဘာ ၂၇
    
    "ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်း ဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်"
    NCA (၉)နှစ်ပြည့်အခမ်းအနားမှာ နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသွားတဲ့စကားပဲဖြစ်ပါတယ်။ အဲ့ဒီစကားမှာ ရည်ရွယ်ချက်တွေ၊ သဘောထားတွေ၊ တပ်မတော်ရဲ့ ရပ်တည်ချက်တွေ၊ နိုင်ငံတော်ရဲ့ ဖြစ်သင့်တဲ့အခြေအနေတွေ အများကြီးပါပါတယ်။ လက်ရှိအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် တချို့နဲ့ NUG ၊ PDF အဖွဲ့တွေအနေနဲ့ နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေကို စဉ်းစားဆောင်ရွက်နေတာလား၊ ကိုယ်လိုချင်တာ ရယူဖို့လားဆိုတာ သဲသဲကွဲကွဲဖြစ်ဖို့ လိုပါတယ်။ 
    စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးဆိုတဲ့ စွပ်စွဲပြောဆို ဆောင်ရွက်ချက်တွေကရော အမှန်ဖြစ်ပါရဲ့လား။ အမှန်တကယ် စစ်အာဏာရှင်စနစ်ချုပ် ငြိမ်းဖို့ဆိုရင် တိုက်ပွဲတွေဆင်နွှဲနေတာနဲ့ ဖြစ်နိုင်ပါ့မလား။ မြန်မာနိုင်ငံမှာ တကယ်ပဲ စစ်အာဏာရှင်စနစ် ရှိနေလို့လား။ စစ်အာဏာရှင်စနစ် ခိုင်မြဲအောင် လုပ်နေတယ်ဆိုတာ ဘယ်အချက်အပေါ်အခြေခံပြီး ပြောနေကြတာလဲ။ လူပြိန်းကြိုက် စွပ်စွဲပြောဆိုချက်တွေဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ လက်တွေ့ကျကျ အကျိုးရှိမယ့်ကိစ္စတွေကို စဉ်းစားဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ အခုဖြစ်ပွားနေတဲ့ အပြန်အလှန် မုန်းတီးမှုတွေ၊ အငြိုးအတေးတွေနဲ့ လူသတ်နေတာတွေဟာ တိုင်းပြည်အတွက် ဘာတွေများ ကောင်းလာမှာမို့လို့လဲ။ သူဦးသူသတ်၊ ကိုယ်ဦးကိုယ်သတ် စိတ်ထားမျိုးထားနေသမျှ၊ ရိုက်သွင်းနေသမျှ ဘယ်လိုနည်းနဲ့မှ တိုင်းပြည်ကောင်းလာစရာ မရှိပါဘူး။
    စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်က ကောင်းပါတယ်။ ယခုချိန်ထိ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့နိုင်ငံရေး စနစ်မရှိသေးတဲ့အတွက် အားလုံးလက်ခံ ကောင်းမွန်တဲ့ စနစ်တစ်ခု လိုကိုလိုအပ်တာအမှန်ပါ။ စနစ်မမှန်တော့ ဘာဖြစ်လာသလဲ။ သူတစ်လူငါ တစ်မင်း ထင်ရာစိုင်းတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်လာခဲ့တာ မဟုတ်ပါလား။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိ န်ကစပြီး ကွဲခဲ့တဲ့အကွဲအပြဲနဲ့ ဖြစ်ခဲ့ရတဲ့ တိုက်ပွဲတွေဟာ အဓိကအားဖြင့် အားလုံးလက်ခံတဲ့ နိုင်ငံရေး စနစ်မဟုတ်ခဲ့သလို တိုင်းရင်းသားအချင်း ချင်းယုံကြည်မှုကင်းမဲ့ရာက စခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ထိုအခြေအနေကတစ်ဆင့် ကူးစက်မှုတွေ ကြီးထွားလာလိုက်တာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမရှိတဲ့ လက်နက် ကိုင်အုပ်စုများပြားမှုနဲ့ ပြည်တွင်းတိုက်ပွဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
    ထိုတိုက်ပွဲတွေ၊ ထိုဇာတ်လမ်းတွေကို တပ်မတော်ကစခဲ့တာ မဟုတ်ခဲ့ပေမယ့် တပ်မတော်အနေနဲ့ အမျိုးသားအကျိုးစီးပွားအရ မဏ္ဍိုင်အဖြစ် ရပ်တည်ပေးခဲ့ရတဲ့အတွက် တက်လာတဲ့အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တွန်းလှန်မှုကြားမှာ ညပ်ခဲ့ရတဲ့ အခြေအနေလို့ ဆိုရပါမယ်။ အစိုးရတွေ ပြိုကွဲပြုတ်ကျတော့မယ့်အချိန်၊ တိုင်းပြည်ပြိုကွဲတော့မယ့် အချိန်တွေမှာ ကိုယ်တိုင်ဝင်က ခဲ့ရတာမျိုးလည်း ရှိခဲ့ရတာပါပဲ။ ကိုယ်တိုင် မထိန်းနိုင်တော့လို့ ကိုယ်စား ကူညီဝင်ထိန်းပေးရတဲ့ တပ်မတော်ကို ထိုနိုင်ငံရေးအစိုးရကပင် ရန်သူအဖြစ်၊ ပြိုင်ဘက်အဖြစ်ထိုးနှက် တိုက်ခိုက်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေရဲ့ အကျိုးဆက်က ကြာလာတာနဲ့အမျှ တွန်းလှန်သူ တွေအနေနဲ့ တပ်မတော်ဟာ သူတို့ရဲ့လမ်းကြောင်းမှာ ကန့်လန့်ခံနေတဲ့ အတားအဆီး အနှောင့်အယှက်အဖြစ် မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝကောင်းမွန်မှု၊ ပထဝီသဘာ၀ အချက်အချာကျမှု၊ သယံဇာတပေါများမှုများအရ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်သင့်ပါတယ်။ ဒါ့အပြင် လူသားအရင်းအမြစ်များအရ ကမ္ဘာမှာ လူရိုသေရှင်ရိုသေဖြစ်နိုင်တဲ့အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော်ကြာတဲ့အထိ ဘာမှလောက်လောက်လားလား ဖြစ်မလာခဲ့တာဘာကြောင့် လဲ။ အမြင်အမျိုးမျိုးနဲ့ ပြောကြဆိုကြတာတွေ အများကြီး ရှိပါတယ်။ တပ်မတော်က နိုင်ငံရေးမှာဝင်ပါလို့၊ မတတ်ဘဲနဲ့ကိုင်တွယ်နေလို့၊ ပညာရှင်တွေကို နေရာမပေးလို့၊ အတတ်ပညာရှင်၊ အသိပညာရှင်တွေ ပြည်ပကိုထွက်ခွာ သွားကြလို့ စသဖြင့် ပြောနေကြတာတွေ တွေ့ရပါလိမ့်မယ်။ ဒီအပြော၊ ဒီဝေဖန်မှုတွေဟာ တပ်မတော်မုန်းတီး ရေး အခြေခံပြောဆိုချက်များသာ ဖြစ်ပါတယ်။ ပြဿနာရဲ့ ရင်းမြစ်ကိုမရှာဘဲ ပြဿနာပိုမိုကြီးထွားပြီး စုံးစုံးမြုပ်မယ့် နောက်ကိုလိုက်နေကြတာလို့ဆိုချင်တယ်။ 
    အမှန်တကယ်က ပြည်တွင်းငြိမ်းချမ်းရေးမရှိ လို့ဘဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းရေး မရခဲ့ရခြင်း အကြောင်းရင်းက လက်နက်ကိုင်လမ်းစဉ်ပါ။ လက်နက်ကိုင်လမ်းစဉ်ဆိုတာ အကျဉ်းချုံးအားဖြင့် တိုက်ပွဲတွေကတစ်ဆင့် အာဏာနဲ့နယ်မြေရရှိရေး ဆောင်ရွက်ချက်ပါ။ ဘယ်သူတွေနဲ့ ဘယ်အချိန်က စခဲ့သလဲဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အချိန်ကတည်းကလို့ ဆိုရ ပါမယ်။ ပထမဆုံး လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့တာက သခင်စိုးဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါ။ လွတ်လပ် ရေးရပြီး ထပ်မံဆောင်ရွက်ခဲ့ကြတာက သခင်သန်းထွန်း ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စောဘဦးကြီး အပါအဝင် ကရင်လူမျိုးစုခေါင်းဆောင်တွေ စုစည်းဦး ဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ပဲဖြစ်ပါတယ်။ သူတို့မှာချည်းပဲ တာဝန်ရှိသလားလို့မေးရင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလ (နောက်ပိုင်း ဦးနု)မှာလည်း တာဝန်ရှိပါတယ်။ အဖြေတစ်ခုရအောင်၊ အားလုံးလက်ခံနိုင်တဲ့ အခြေ အနေကောင်းတစ်ခုရအောင်၊ ခိုင်မာတဲ့စနစ်တစ်ခုရအောင်  အကျေအလည် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရမယ့်အစား အပြုတ်တိုက် ရေးလမ်းစဉ်ကို ရွေးခဲ့ကြလို့ဆိုတာ ဒီအချိန်မှာသင်ခန်းစာ ယူသင့်ကြပါပြီ။
    လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးအပြည့်အဝမရသေးပေမယ့် အပစ်အခတ် ရပ်စဲရေးနဲ့ ထိုက်သင့်တဲ့ငြိမ်းချမ်းရေးရခဲ့တဲ့ တပ်မတော် အစိုးရလက်ထက်ကို မှန်မှန်ကန်ကန် မြင်ကြည့်ကြပါ။ ပြည်ပပယောဂနဲ့ ဖိအားပေးနေတဲ့ကြားထဲက ထိုက်သင့် သလောက်တိုးတက်မှုတွေရရှိခဲ့တာ ငြင်းလို့မရတဲ့အခြေ အနေမှန်ပါ။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ခေတ်အဆက်ဆက် ဘယ်ခေတ်မှာအတိုးတက်ဆုံးလဲဆိုတာ တွေ့ရပါလိမ့်မယ်။ နယ်စပ်ဒေသတွေမှာ သေနတ်သံတွေ၊ ယမ်းနံ့တွေကင်းစင်နေတဲ့အတွက် နယ်စပ်ကုန်သွယ် ရေးဆိုတာ ပေါ်ပေါက်လာခဲ့တာပဲ မဟုတ်ပါလား။ 
    မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာ ပြည်ပအင် အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ ဝင်ရောက်စွက်ဖက်မှုတွေရှိနေတာ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုပါ။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ လက်ဝဲလက်ယာအားပြိုင်မှုနဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေ မြန်မာနိုင်ငံထဲမှာဖြစ်နေတာ ဘာကြောင့်လဲ။ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ China Containment အစီအစဉ်နဲ့ တရုတ်ရဲ့ နောက်ဖေးတံခါးပေါက် လုံခြုံရေး၊ လမ်းပွင့်ရေးလိုအပ်ချက် အားပြိုင်မှုကိစ္စရပ်တွေမှာ မြန်မာနိုင်ငံဟာ အဓိကနေရာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။ ထိုအခြေအနေအရ ပြည်ပလွှမ်းမိုးမှုများနဲ့ ပြည်တွင်းရေး မငြိမ်မသက်မှုများ ဖြစ်လာနိုင်သလို ထိုအခြေအနေကို အားသာချက်အဖြစ်ပြောင်းလဲပြီး တိုင်းပြည်ရဲ့အကျိုးကို ရယူနိုင်မှာ လည်း ဖြစ်ပါတယ်။ ထိုအခြေအနေနှစ်ခုမှာ ကောင်းကျိုးကိုရယူဖို့ဆိုရင်  အဓိကအကျဆုံး လိုအပ်ချက်က ပြည်တွင်း စည်းလုံးညီညွတ်မှုပဲဖြစ်ပါတယ်။ အခုလို ပြည်တွင်းစည်းလုံးညီညွတ် မှုပြိုကွဲပြီး တိုက်ခိုက်နေကြရင် ပြည်ပစွက်ဖက်မှုကို အလွယ်တကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လက် နက်ကိုင်လမ်းစဉ် ကင်းစင်ပြီး ပြည့်အင်အားအဖြစ် ညီညွတ်စွာရှိနေကြမယ်ဆိုရင် မှုစရာရှိမယ်မထင်ပါ။ တည် ငြိမ်အေးချမ်းမှု၊ စနစ်မှန်ကန်မှုများ ရှိနေပါရင် ကမ္ဘာ့နိုင်ငံအသီးသီးကို ရင်ပေါင်တန်းနိုင်မှာ ဖြစ်ပါတယ်။ သူ့ဘက်၊ ကိုယ့်ဘက် ကြည့်စရာမလိုတဲ့အတွက် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု တွေလည်း ကင်းစင်သွား ပါလိမ့်မယ်။ ဘယ်စနစ်နဲ့ပဲသွားသွား ချမ်းသာကြွယ်ဝမှုဆိုတာ ကပ်ပါလာ မှာမလွဲပါ။ 
    တပ်မတော်ရဲ့အမြင်က ပြည်ထောင်စုတစ်ခု လုံးကိုခြုံကြည့်တဲ့၊ ပြည်ထောင်စုအကျိုးကိုသာ ရှေးရှုတဲ့ အမြင်လို့ ဆိုရပါလိမ့်မယ်။ အားလုံးကို တစ်ပြေးညီ ချိန်ဆရပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကလည်း ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နယ်နိမိတ်တစ်ခုလုံးကို လုံခြုံစွာအကာ အကွယ်ပေးဖို့နဲ့ မြန်မာ့အချုပ်အခြာအာဏာကို စောင့်ထိန်းကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံက တပ်မတော်ပဲဖြစ် ဖြစ် ဒီတာဝန်ကိုသာ ထမ်းဆောင်ကြရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာက ဒီတာဝန်ကို သေးသိမ်သွားအောင်၊ ရိုးသားတဲ့တိုင်းရင်းသား ပြည်သူတွေကို တပ်မတော်ရဲ့ သဘောထားအမှန်နဲ့  ဆောင်ရွက်ချက်တွေကို ပြောင်းပြန်မြင်အောင် ဝါဒဖြန့် တာတွေ၊ ထိုးနှက်တိုက်ခိုက်တာတွေပဲ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ တိုင်းပြည်ပြိုကွဲရေးနဲ့ လုံခြုံရေးကျိုး ပေါက်မှုများသာ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
    ၂၀၂၁ ခုနှစ် ဖြစ်စဉ်ဆိုရင် ရှင်းရှင်းလေးပါ။ နိုင်ငံတော်အာဏာကို မဲပေးမှုကတစ်ဆင့် မလျော်ကန်စွာ ရယူတာကို ကာကွယ်ပေးတာ၊ လမ်းမှန်ပေါ်ပြန်ရောက်အောင် ဆောင်ရွက်ပေးတာ သက်သက်ပဲဖြစ်ပါတယ်။ ဘာမှ စစ်အာဏာရှင်စနစ် တည်ဆောက်နေတာ မဟုတ်ပါ။ အမှန်တ ကယ်ဖြစ်နေတာက  ကိုယ့်အမှားကို သူများအမှားဖြစ်အောင် ပြောဆိုပုံကြီးချဲ့ပြီး အာဏာရရှိရေး လုပ်နေသူတွေနဲ့ လက်နက်ကိုင်ပြီး အာဏာ တည်ဆောက်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တချို့ရဲ့ ပွဲလန့်တုန်း ဖျာခင်းတဲ့ဇာတ်လမ်းလို့ ဆိုရပါလိမ့်မယ်။ လက်ရှိတိုက်ပွဲတွေဆင်နွှဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုထုတ်ပြန်ချက်၊ ဆောင်ရွက်ချက်တွေကို ကြည့်ရင် အထင်အရှား တွေ့ရမှာပဲဖြစ်ပါတယ်။
    NCA ပေါ်ပေါက်လာပုံနဲ့ NCA မှာ မပါဝင် သေးတဲ့သူတွေ၊ ပါဝင်တဲ့သူတွေရဲ့ သဘောထားဟာ  အခုချိန်မှာ ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်။ NCA ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ပါဝင်လာစေဖို့၊ ရထားတဲ့အခြေခံဥပဒေအရ ခိုင်မာတည်ငြိမ်တဲ့ စနစ်တစ်ခု တိုးတက်ဖြစ်ထွန်းစေဖို့ ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်မှတ်မရေးထိုးတဲ့ အဖွဲ့တွေရဲ့ သဘောထားက NCA လက်မှတ်ရေးထိုးခြင်းဖြင့် သူတို့ရထားတဲ့ အခြေအနေထက် နိမ့်ကျသွားမှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားသူ တွေကတော့ ပြည်ထောင်စုအတွက် အမှန်တ ကယ်လက်ခံသူတွေနဲ့ အကျိုးမျှော်တဲ့သူများအဖြစ် ခွဲခြားတွေ့ရမှာ ဖြစ်ပါတယ်။ KNU ဆိုရင် NCA အရ ပြည်ထောင်စုအကျိုးကိုမြင်တဲ့ အုပ်စုနဲ့ပွဲလန့်ချိန်မှာ NCA ကိုစွန့်လွှတ်တာက NCA ထက်ပိုကောင်း မယ်ဆိုတဲ့ အမြင်ရှိတဲ့အုပ်စုဆိုပြီး ကွဲသွားတာ သတိထားမိပါတယ်။ NCA မှာ လက်မှတ်ရေးထိုးထား တာကို ပျက်သွားပြီပြောပြီး NUG နဲ့ သွားပေါင်းကြတဲ့ တချို့အဖွဲ့တွေလည်း ဒီသဘောပါပဲ။
    ပြည်ထောင်စုနိုင်ငံအဖြစ် စတည်ပြီးနောက်မှာ ဖြစ်သင့်တာက ကိုယ့်အကျိုး၊ ကိုယ့်လူမျိုးအကျိုးသက်သက် စဉ်းစားရမှာမဟုတ်ဘဲ ဘုံအကျိုးစီးပွားကို စဉ်းစားဖို့လည်း လိုပါတယ်။ အမုန်းတရားကို အခြေခံပြီး ဝေဖန်လေကန်နေမယ့်အစား လက်တွေ့ပြုပြင်ပြောင်းလဲရေးကအရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရာမှာလည်း အပြန်အလှန်နားလည်မှု၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေ၊ ဆိုခဲစေမြဲစေ၊ မိမိအကျိုး၊ မိမိလူမျိုးအကျိုး၊ ပြည်ထောင်စုအကျိုး စသဖြင့် မှန်ကန်စွာ ချိန်ဆဖို့အရေးကြီး ပါတယ်။ ငါပြောတာအမှန်၊ ငါ့လုပ်ရပ်ကအမှန်ဆိုတာမျိုးနဲ့ ချဉ်းကပ်ကျရင်ဖြင့် ပိုဝေးသွားစေမှာ ဖြစ်ပါတယ်။ အခုဖြစ်ပျက်နေတာတွေကိုကြည့်ရင် 'ငါ'ကို မဏ္ဍိုင်ထား ဦးတည်နေကြတာတွေ့ရပါလိမ့်မယ်။ 
    NCA ကိုးနှစ်ပြည့် မိန့်ခွန်းပြောကြားချက်ကိုကြည့်ရင် တိုက်ပြီးသိမ်းထားတဲ့နယ်မြေတွေဟာ ခိုင်မာမှုရှိမှာမဟုတ်ပါ။ နိုင်ငံရေးဆွေးနွေးမှု၊ ပြည်သူ့သဘော ထားတွေအရ ဥပဒေလုပ်ထုံး လုပ်နည်းတွေအရအတည် ပြုမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေထက်ကျော်လွန်စွာ ရယူထားတဲ့နယ်မြေတွေဟာ အချိန်မရွေး ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခံရမှာ မလွဲပါဘူး။ လက်နက် ကိုင်တောင်းဆိုမှုတွေကို လိုက်လျောမပေး နိုင်ဘူးဆိုတာ ဒီသဘောလို့ မြင်ပါတယ်။ အင်အားရှိရင် သိမ်းလိုက်၊ မခံနိုင်ရင် လက်လွတ်ဆုတ်ခွာပေးလိုက်နဲ့ လုံးချာလည်နေသမျှ ဘယ်လိုမှ ကောင်းလာနိုင်စရာမရှိပါ။ ကြက်လည်းပန်း၊ ယာလည်းညက်ပြီး တိုင်းတစ်ပါးက ကောက်စားခံရမယ့် အခြေအ နေတွေအထိ ဖြစ်လာနိုင် တာသတိထားသင့်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲပြီး ပြဿနာနည်းပါးစွာနဲ့ ဖြစ်သင့်ဖြစ်ထိုက်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေး ရဖို့အတွက်ဆိုရင် NCA လမ်းကြောင်းက တစ်ဆင့် ပေါ်ပေါက်လာမယ့် နိုင်ငံရေး ဆွေးနွေးမှုများက သာဖြစ်နိုင်ပါလိမ့်မယ်။ လက်နက်ကိုင် တိုက်နေသမျှ ကာလပတ်လုံး ဆုံးရှုံးမှုများသာ တိုး၍တိုး၍ ဖြစ်နေဦးမှာမလွဲပါ။ ဘယ်သူကို ဘယ်သူ့က အပြုတ်တိုက် နိုင်မယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တဲ့ကိစ္စပါ။  နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ သေနတ်သံတွေ၊ ယမ်းနံ့တွေကင်းစင်ပြီး တည်ငြိမ်အေးချမ်းတဲ့အချိန်က နှစ်ဖက်ငြိမ်းချမ်းရေးယူ ပြီး စစ်မတိုက်တဲ့အချိန်ပဲ ရှိပါတယ်။ ပြည်သူ့ဘ၀ အအေးချမ်းဆုံးအချိန်တွေလို့ ဆိုနိုင်ပါတယ်။ သင်ခန်းစာ ယူကြစေလိုပါတယ်။ ငြိမ်းချမ်းရေးသည်သာလျှင် Win Win Situation ပါ။ 

ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 283

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.