လမိုက်ညများရဲ့ ငရဲခန်းများ

၂၀၂၄ ဇူလိုင် ၂၂

    နာမည်ကျော် 'သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ' စာအုပ်ကြီးကို ပူးတွဲပါဝင်ရေးသားခဲ့သူ ရဲဘော်ဘခက်ရဲ့ 'ဘခက်အကြောင်း'ဆိုတဲ့ စာမျက်နှာ ခြောက်ရာနီးပါးရှိတဲ့ စာအုပ်ထူကြီးကို ၂၀၁၂ ဇူလိုင်လမှာ အားမာန်သစ်စာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ ဆရာကိုကိုမောင်ကြီး၊ ဆရာတက္ကသိုလ်စိန်တင်နဲ့ ဆရာကျော်ဝင်းတို့က အမှာစာရေးပေးထားကြပါတယ်။ ဆရာ ကိုကိုမောင်ကြီးရဲ့ အမှာစာမှာ 'ကိုဘခက်က သူ့ဘဝအကြောင်းကိုပြောရင်း ဗကပရဲ့ နောက်လိုက် လူငယ်တစ်ဦးအနေဖြင့် ပြည်တွင်းစစ်ဆိုတဲ့အကွေ့ အကောက်တွေများလှတဲ့ နိုင်ငံရေးခရီးကြမ်းတစ်လျှောက်လုံး လိုက်ပါစီးမျောရင်း တွေ့ကြုံခံစားခါးသီး နာကြည်းခဲ့ပုံကို တင်ပြထားတယ်၊ မှားတဲ့တာကို မှားခဲ့တဲ့အတိုင်း ရိုးသားစွာ ပြန်လည်တင်ပြထားတာ တွေ့ရပါတယ်'လို့ ဖော်ပြထားပါတယ်။
    ဗကပဟာ ၁၉၄၈ မှာ လက်နက်ကိုင်တော်ရေးစတင် ၁၉၄၉ မှာ အောင်မြင်တွေရခဲ့သော်လည်း '၁၉၅၀ ပြည့် ကုန်ဆုံးခါနီးလောက်မှာ ဗကပခေါင်းဆောင်တဲ့ အင်အားစုတွေဟာ တရွေ့ရွေ့နဲ့ ကျဆင်းလာခဲ့တယ်။ ဗကပအပါအဝင် တောခိုတပ်ဖွဲ့တွေဟာ မိမိတို့ သိမ်းပိုက်ထားတဲ့ နေရာဌာနတွေကို နှစ်ပေါင်းများစွာ ရှည်ကြာအောင် သိမ်းပိုက်ထားနိုင်စွမ်း မရှိခဲ့ကြဘူး။ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ အစရှိတဲ့ လုပ်ငန်းတွေကိုလည်း အောင်မြင်အောင်သော်လည်းကောင်း၊ ရှေ့နောက်ညီညွတ်အောင်သော်လည်းကောင်း မလုပ်နိုင်ခဲ့ကြဘူး။ ဒါ့ကြောင့်မို့လို့ သူတို့ရဲ့ တောခိုပုန်ကန်တဲ့လမ်းစဉ်ဟာ တစ်နေ့တခြား ဆုတ်ယုတ်ကျဆင်းလာရတယ်လို့ ဆိုပါတယ်။ ဗကပအတွင်းမှာ ခေါင်းဆောင်အချင်းချင်းလည်း မယုံကြည်ကြ၊ မညီညွတ်ကြ၊ ခေါင်းဆောင်နှင့် နောက်လိုက်အ ချင်းချင်းလည်း မယုံကြည်ကြ၊ နောက်ဆုံးကျတော့ 'ဖြုတ်၊ ထုတ်၊ သတ်'ဆိုတဲ့ မကောင်းဆိုးဝါး လုပ်ရပ်များသာလျှင် ကြီးစိုးခဲ့ပြီး ဗကပရဲ့ ဇာတ်သိမ်းခန်း နှင့်အတူ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များသည်လည်း ရောက်ရှိလာခဲ့တာကို ကျွန်တော်တို့အားလုံးတွေ့ မြင်ကြားသိခဲ့ရပြီး ဖြစ်ပါတယ်'လို့ ဆရာကိုကိုမောင်ကြီးက သုံးသပ်ဝေဖန်ထားပါတယ်။ ဗကပ ကျရှုံးတာဟာ နိုင်ငံရေးလမ်းစဉ်မှားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
    ကွန်မြူနစ်တွေ ဘယ်လောက်ထိ လမ်းစဉ်မှားခဲ့သလဲဆိုရင် ကွန်မြူနစ်တို့ရဲ့ ဆရာကြီးသခင်စိုးက နယ်ချဲ့အန္တရာယ်ထက် ဗိုလ်ချုပ်အောင်ဆန်းကို အဓိကထား ပြီး တိုက်ရမယ်လို့ မူဝါဒချမှတ်ခဲ့ ကြောင်း ဆရာကိုကိုမောင်ကြီးက ဖော်ထုတ်ရေးသားထားပါတယ်။ သခင်သန်းထွန်းကလည်း 'ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား သစ္စာဖောက်'လို့ သဘောထားခဲ့ကြောင်း ဒီစာအုပ်ရဲ့ စာမျက်နှာ ၁၃၆ မှာ တွေ့ရပါတယ်။ သခင်စိုးနဲ့ သခင်သန်းထွန်းသဘောထား ကွဲခဲ့ကြတယ်ဆိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကို 'သစ္စာဖောက်'လို့ စွပ်စွဲတာကတော့ အတူတူပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်တို့ရဲ့ ဘုရင်ခံကောင်စီထဲ ပါဝင်ခဲ့ပေမယ့် 'အလိုတော်ရိ'အဖြစ် ပါဝင်ခဲ့တာ မဟုတ်ဘဲ 'တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးရင်ပေး၊ မပေးရင်ချမယ်'လို့ ရာဇသံပေးပြီး ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိသျှတို့ရဲ့ ပစ်မှတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကိုလုပ်ကြံဖို့ လက်နက်တွေ ထုတ်ပေးခဲ့တာ မဟုတ်ပါလား။
    ဗိုလ်ချုပ်အောင်ဆန်းကို 'အမျိုးသားသစ္စာဖောက်'လို့ စွပ်စွဲတိုက်ခိုက်ခဲ့ကြပေမယ့် ဗိုလ်ချုပ်ကို ခုတုံးလုပ်အသုံးချပြီး ပုံတောင်ပုံညာ တောတွင်းတစ်နေရာမှာ 'အာဇာနည်နေ့' ကျင်းပခဲ့ပုံကို 'ဘခက်အကြောင်း' စာအုပ်မှာ ဖော်ပြထားပါတယ်။ ၁၉၅၂ တော်လှန်ရေး ပြိုကွဲချိန်၊ ဗကပ၊ အလံနီနဲ့ ပြည်သူ့ရဲဘော်အဖွဲ့တို့ဟာ ပုံတောင်ပုံညာတောတောင်များဆီ ဆုတ်ခွာလာခဲ့ရပါတယ်။ အင်အားချည့်နဲ့လာချိန်မှာ သုံးပါတီညီညွတ် ရေး လုပ်ဖို့ စေ့စပ်ဆွေးနွေးကြပါတယ်။
    အဲဒီမှာ 'ပြည်သူ့ရဲဘော်ပါတီ'ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သြဇာသိသိသာသာ သက်ရောက်နေတဲ့ ပါတီဖြစ်ပါတယ်။ အလံနီ၊ ဗကပနဲ့ ပြည်သူ့ရဲဘော် တို့ဟာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဝေဖန်တိုက်ခိုက်နေတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သုံးပါတီလုံး အထိနာနေချိန်မှာ မပြေးသော်မှ ကန်ရာရှိအောင် ကိုယ့်အကြံနဲ့ကိုယ် ညီညွတ်ရေးလုပ်ကြတာ ဖြစ်ပါတယ်။ သုံးပါတီညီညွတ်ရေး ကွန်ဖရင့်ကို မုံရွာခရိုင်၊ ပုလဲမြို့နယ် ခင်သာရွာ အနောက်ဘက်တောစခန်းမှာ ၁၉၅၂ ဇူလိုင် ၃ ရက်မှာ စတင် ကျင်းပနိုင်ခဲ့ပါ တယ်။ 'ဒီကွန်ဖရင့်မှာ မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပါတီအသီးသီးတို့ရဲ့ သမိုင်းတွေကို လေ့လာဝေဖန်သုံးသပ်ကြဖို့ ပြည်သူ့ရဲဘော်ပါတီ ခေါင်းဆောင် ဗိုလ်ထွန်းလင်းက ပြောကြားသွားပါတယ်။
    အလံနီ သခင်စိုးကတော့ သခင်အောင်ဆန်းအပေါ် သဘောထားမှားခဲ့ပုံတွေ ဝန်ခံရင်း 'ညီညွတ်ရေးဘောင်ရဲ့ အပြင်ဘက်မှာရှာတော့ တော်လှန်ပုန်ကန်တဲ့ သစ္စာတရားကို မရခဲ့ဘူ။ ဒီမိုကရေစီသစ္စာတရားအစား ဖက်ဆစ်တရားပဲရခဲ့တယ်။ တိုင်းပြည်ကြီးပျက်စီးခဲ့တဲ့ တရားပဲရခဲ့တယ်' လို့ သုံးသပ်သွားခဲ့ပါတယ်။ (စာ-၁၁၉-ရှု)
    ပါတီတွေ ပြိုကွဲခဲ့ပုံကိုလည်း သခင်စိုးက ဒီ လိုတင်ပြသွားခဲ့ပါတယ်။
    'ကိုလိုနီနဲ့ ကိုလိုနီတစ်ပိုင်း တိုင်းပြည်တို့မှာ ကွန်မြူနစ်ပါတီဟာ တစ်မျိုးသားလုံးရဲ့ ဆရာ ဖြစ်တယ်။ ခေါင်မိုးကမလုံတော့ တစ်အိမ်လုံး ရွှဲရွှဲစိုသွားတယ်ဆိုသလို လက်ရှိပြဿနာတွေ ပေါ်ပေါက်ရခြင်းရဲ့ အရေးအကြီးဆုံးအခန်းလည်းဖြစ်၊ အဓိကအခန်းလည်းဖြစ်တဲ့ ပါတီတည် ဆောက်ရေးနဲ့ အဘိဓမ္မာရေးမှာ ဂိုဏ်းဂဏစွဲတွေ ဝင်ရောက်ခဲ့တော့ မြန်မာပြည်မှာ အလံနီကွန်မြူနစ် ပါတီရယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီရယ်၊ ဆိုရှယ်လစ်ပါတီနဲ့ တော်လှန်ရေးအစိတ်အပိုင်းတွေရယ်၊ ပြည်သူ့ ရဲဘော် အဖွဲ့ရယ်၊ ဒါတွေ အသီးသီးဟာ တော်လှန်ရေး အင်အားစုတွေ အစိတ်စိတ်အမြွှာမြွှာဖြစ်နေမှုပဲ' (ဘခက်အကြောင်း၊ စာ-၁၁၉)
    မှတ်သားစရာကောင်းတာက သခင်စိုးဟာ သူ့ကိုယ်သူ ပြည်တွင်းစစ်ရဲ့ တရားခံအဖြစ် ဖြောင့်ချက်ပေးခဲ့တာပါပဲ။
    'ကျွန်တော်တို့ဟာ ဒီကိုလာတဲ့လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ နယ်မြေတွေ၊ KNDOနယ်မြေ တွေနဲ့ ဗမာပြည်ကွန်မြူနစ်မြေတွေကို ဖြတ်သန်းခဲ့ပါတယ်။ ဒီနယ်မြေတွေ ဖြတ်သန်းတိုင်း ဖရိုဖရဲ ပြိုလဲနေတဲ့ ပြောင်သလင်းခါနေတဲ့ မီးလောင်ပြင်နဲ့ ကျေးရွာပျက်တွေ ကိုမြင်ရတော့ ကျွန်တော်ဟာ မချုပ်တည်းနိုင်အောင် ရင်၀ဆို့တက်လာတဲ့ ကြေကွဲမှုအားလုံးကို အတင်းမျိုချပြီး ကျွန်တော့် မျက်ရည်လည်ရွှဲနဲ့ အလိုလို စိတ်မထိန်းနိုင် အော်ဟစ်မိခဲ့ပါတယ်။'
    'ဒီလို သားသေ လင်ဆုံးနဲ့ ကျေးရွာတွေ မီးလောင်မြေဖြစ်စေခဲ့တာ တရားခံ ငစိုးကြီးလာပါပြီဗျ။ ထွက်ကြည့်ကြပါ။ ကျွန်တော်နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးကြပါ။ ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်လို့ တလှိုက်တလှဲ အော်ဟစ်မိပါတယ်။ ကျွန်တော် ဟန်ဆောင်ပန်ဆောင် အော်ခဲ့တာမ ဟုတ်ပါဘူး။ ကျွန်တော် ကျူးလွန်ခဲ့တဲ့အမှားကို တကယ်မြင်လို့ ပြုပြင်ချင်လို့အော် မိခဲ့တာပါ' (၎င်း၊ စာ-၁၂၂)
    သခင်စိုးက ဆက်လက်ဝန်ခံတင်ပြသွားတာ က အောက်ပါအတိုင်း ဖြစ်ပါတယ်။
    'အခုလည်း ကျွန်တော်ဟာ ကွန်မြူနစ်ပါတီကို ကွဲအောင်ခွဲမိခဲ့တဲ့အမှားကို တကယ်မြင်ပြီး တကယ်ပြင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော့်ရှေ့မှောက်မှာ ရှိတဲ့ မဟာပထဝီမြေကြီးကို သက် သေအရာထားပြီး သုံးပါတီညီညွတ်ရေးရအောင် အားကြိုးမာန်တက် ဆောင်ရွက်ပါ့မယ်လို့ ကတိသစ္စာတိုင်တည်ပါတယ်။' (လက်ခုပ် သံများ) (စာ-၁၂၃)
    သခင်စိုးက သုံးပါတီ ညီညွတ်ရေးအတွက် ကွယ်လွန်သွားတဲ့ မာ့က်စ်၊ လီနင်၊ အိန်ဂျယ်တို့ကို အမှူးထားပြီး ကျိန်ဆိုပါတယ်။ ဒါပေမဲ့ လက်ဝဲညီညွတ်ရေးမရခဲ့တာ အဲဒီပါတီတွေ ပျက်သုဉ်းပြီး ပါတီခေါင်းဆောင်တွေ ကျဆုံးသေလွန်သွားတဲ့ အထိပါပဲ။ သုံးပါတီ ညီညွတ်ရေးကွန်ဖရင့်မှာ သခင်သန်းထွန်းရဲ့ တင်ပြချက်က အရှည်ဆုံးပါပဲ။ သူက တော်လှန်ရေး ကျဆင်းလာရခြင်း အကြောင်းရင်းကို သုံးသပ်တင်ပြခဲ့ပါတယ်။
    'ကော်သူးလေ(ကရင်)ကလည်း သူ့နယ်မှာ တစ်ပါတီအစိုးရပဲ၊ ကျွန်တော်တို့၊ ပြည်သူ့ရဲ ဘော်အဖွဲ့တို့၊ အလံနီပါတီတို့ကလည်း တစ်ပါတီအစိုးရတွေ၊ သူ့ နယ်နဲ့သူ လုပ်နေကြတယ်။ သခင်နုအစိုးရကို တစ်ပါတီအစိုးရ မကြိုက်လို့ တိုက်လာသော်လည်း ကျွန်တော်တို့ လမ်းချော်ပြီး ကျဆင်းလာ တယ်။ ကျွန်တော်တို့အနေနဲ့ ၁၉၄၈ ခုနှစ်မှာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ခဲ့ပေမယ့် ၁၉၄၉ ခုနှစ်မှာ ဂိုဏ်းဂဏဝါဒ၊ စစ်မာနတွေ လွှမ်းလာပြီး တိုက်ချင်လို့ တိုက်တယ်ဆိုတဲ့ သဘောမျိုးဖြစ်လာပြီး တဖြည်းဖြည်း ကျဆင်းလာတာ တွေ့ရတယ်။' (စာ-၁၂၇)
    ပြည်သူ့ရဲဘော်ပါတီက ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် 'အာဇာနည်နေ့' ကျင်းပရေး အစီအစဉ်ကို တင်ပြခဲ့ရာ သခင်စိုးနဲ့ သခင်သန်းထွန်းတို့က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ သခင်သန်းထွန်းက နည်းပရိယာယ်အရ သဘောတူခဲ့တာဖြစ်ကြောင်း သိရပါတယ်။
    'ပြည်သူ့ရဲဘော်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို သူတို့ရဲ့ ဖခင်အဖြစ် သဘောထားနေကြတယ်။ စွဲနေကြသေးတယ်။ ဒါကို ကျွန်တော်တို့ မျက်စိမှတ်ထားလို့မရဘူး။ အရင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား သစ္စာဖောက်လို့ သဘောထားခဲ့ကြတယ်။ ဒါလည်း အခြေအနေအရ သဘောထားခဲ့တာ မှန်တယ်။ ကနေ့ကျတော့ ဒီအခြေအနေမှာ အကောင်းဆုံး နည်းပရိယာယ်ကို ကျင့်သုံးဖို့ဟာ ပိုပြီးအရေးအကြီးဆုံး ဖြစ်လာတယ်။' (စာ-၁၃၆)
    ဒီလိုနဲ့ ပုံတောင်ပုံညာ တောကြီးထဲမှာ ၁၉၅၂ ဇူလိုင် ၁၉ ရက်တွင် 'အာဇာနည်နေ့'ကို ထူးထူး ခြားခြား ကျင်းပဖြစ်ခဲ့ပါတယ်။ အခမ်းအနားမှူးမှာ ပြည်သူ့ရဲ ဘော်ပါတီက ရဲဘော်အုန်းမောင်ဖြစ်ပြီး ဗိုလ်ထွန်းလင်းက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ ဗိုလ်ထွန်း လင်းနဲ့ သခင်စိုးတို့ မိန့်ခွန်းပြော ခဲ့ပြီးနောက် သခင်သန်းထွန်းက 'ဗိုလ်ချုပ်အောင်ဆန်း၏ မပြီးဆုံးသေးသော တော်လှန်ရေးကို ပြီးဆုံးအောင် လုပ်ကြစို့'ဆိုတဲ့ အဓိဋ္ဌာန်စာတမ်းကို ဖတ်ကြားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်နေသေးရင် ပြည်သူ့ရဲဘော်အဖွဲ့နဲ့အတူတူ လက်ရှိတော်လှန်ရေးမှာ ပါဝင်နေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီလိုပဲ သုံးပါတီညီညွတ်ရေးဆွေး နွေးပွဲမှာလည်း မုချပါဝင်နေမှာလို့ ယုံကြည်တယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်လျက်မရှိပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော်တို့နဲ့အတူရှိ လျက်ဖြစ်တယ်လို့ သဘောထားပြီး မပြီးဆုံးသေးသော တော်လှန်ရေးကို ပြီးဆုံးအောင် လုပ်ကြမယ်လို့ သန္နိဋ္ဌာန်ချကြပါ'လို့ ပြောသွားပါတယ်။ (စာ-၁၃၇)
    သခင်သန်းထွန်းက ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သူပုန်အဖွဲ့ထဲ ဆွဲသွင်းနေပါရောလား။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကတော့ ကွန်မြူနစ်တွေက က ဖျက်ယဖျက် လုပ်တတ်လွန်းလို့ ဖဆပလ အဖွဲ့ချုပ်ကြီးထဲက ထုတ်ပယ်ပစ်ခဲ့ရုံမက ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ စိန်ခေါ်ခဲ့တာ သတိရဖွယ်ဖြစ်နေပါတယ်။ အာဇာနည်နေ့ကို ပြည်သူ့ရဲဘော်အဖွဲ့က တိုက်တွန်းလို့ စတိမျှကျင်းပခဲ့ပေမယ့် 'မဟာစတာလင်နေ့'ဆိုတာကိုတော့ တခမ်းတနား ကျင်းပခဲ့တာတွေ့ရပါတယ်။ ၁၉၅၃ ခုနှစ် မတ်လ ၅ ရက်မှာ ခေါင်းဆောင်ကြီး စတာလင် ကွယ်လွန်သွားခဲ့ပါတယ်။
    'မဟာစတာလင်၏ ဈာပနအခမ်းအနားကို ဗကပနှင့်အလံနီ နှစ်ပါတီပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ အလံနီကြီးများကို စတာလင်၏ ခေါင်းပုံသဏ္ဌာန်ပြုလုပ် ထားရှိစေသည်။ တူတံစဉ်အလံများကို ဘေးပတ်လည်တွင် စိုက်ထူထားစေသည်။ နောက်ကျောနံရံဘက်တွင် စတာလင်၏ပုံကို ချိတ်ဆွဲထားရှိစေသည်။ ဘေးပတ် လည်နံရံများတွင် ခေါင်းဆောင်ကြီး စတာလင်၏ငယ်ဘဝမှ လှုပ်ရှားမှု ဓာတ်ပုံများကို ပြသထားရှိစေသည်။ ခေါင်းဆောင်ကြီးစတာလင်၏ ရုပ်အလောင်းအား ပါတီ နှစ်ရပ်လုံးမှ တာဝန်ရှိပုဂ္ဂိုလ်ကြီးများသည် ကာဘိုင်သေ နတ်များထမ်းပြီး ညလုံးပေါက်အလှည့်ကျစောင့် ရှောက်ခဲ့ကြသည်။ ၎င်းအပြင် စတာလင်၏ ဂုဏ်ရောင်ပြောင်သော စွမ်းဆောင်ချက်များကို ဟောပြော ကြလေသည်။' (စာ-၁၄၆)
    'ဗမာပြည် ကွန်မြူနစ်ပါတီဝင်ကောင်းတစ်ယောက် ဟုတ်မဟုတ်ကို ခေါင်းဆောင်ကြီး မဟာစတာလင်အပေါ်ထားရှိတဲ့ သဘောထား၊ ဆိုဗီယက် ပြည်ထောင်စုအပေါ်ထားရှိတဲ့ သဘောထားနှင့် တိုင်းတာ ကြည့်ရမှာဖြစ်တယ်'လို့ သခင်သန်းထွန်းက အဆုံးသတ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းအပြင် ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုမှ ကြိုးမဲ့ကြေးနန်းဖြင့် ဗမာပြည်ကွန် မြူနစ်ပါတီ၏ တိုင်း၊ ခရိုင်အားလုံးသို့ ခေါင်းဆောင်ကြီး မဟာစတာလင်နေ့ အခမ်းအနားများ ကျင်းပရန် ညွှန်ကြားခဲ့သည်။' (စာ-၁၄၇)
    ကွန်မြူနစ်တွေဟာ အဲဒီလို တလွဲဆံပင် ကောင်းခဲ့တာပါ။ သူတို့ရဲ့ လမ်းစဉ်အမှားတွေမှာ ပုဂ္ဂိုလ် ရေးကိုးကွယ်မှု၊ ဂိုဏ်းဂဏ ပြင်းထန်မှုတွေ ပါဝင်နေတာ တွေ့ခဲ့ရပါတယ်။ သခင်သန်းထွန်းကိုယ်တိုင်က 'တော်လှန်ရေးကျဆင်းရတဲ့ အကြောင်းပြောရင် ကျွန်တော်တို့ရဲ့ လမ်းစဉ်မှားယွင်းမှုဟာ မသေးငယ်တဲ့ အကြောင်းဖြစ်တယ်'လို့ ၂၇-၁၀-၁၉၅၅ မှာ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ (စာ-၂၁၆-ရှု)
    ၁၉၅၅ မတ်လ တတိယပတ်မှာ ဗကပဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ပါတယ်။
    'ထိုအစည်းအဝေး စလျှင်စချင်းပင် တစ်နယ် နှင့်တစ်နယ်၊ တစ်ဒေသနှင့်တစ်ဒေသ တစ်တိုင်းနှင့်တစ်တိုင်း အမြင်ချင်းမတူကြ၊ အယူအဆတွေ မတူကြ၊ ခံယူချက်တွေ ကွဲပြားကြသဖြင့် တညီတညွတ်တည်းမဖြစ်ခဲ့၊ ထို့ကြောင့်ပင် အထက်ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်အောင်သူ(သံမဏိ မောင်မောင်)က ဤဗဟိုကော် မတီအစည်းအဝေးမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီ ဥက္ကဋ္ဌသခင်သန်းထွန်းအား ဥက္ကဋ္ဌတာဝန်မှ ဖယ်ရှားပေးရန်အတွက် အဆိုတင်သွင်းလေသည်။' (စာ-၂၀၇)
    ရဲဘော်အောင်သူဟာ အစောပိုင်းမှာကတည်းက ...သခင်သန်းထွန်းကို ဥက္ကဋ္ဌတာဝန်မှ ဖယ်ရှား ရန် စာရေးပြီးပေးပို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ဒါတွေဟာ လမ်းစဉ်အမှားကို ပြင်ဖို့ထက် ရာထူးအာ ဏာနေရာလုတယ်လို့ ရှုမြင်ပြီးတော့ နောင်အခါမှာ 'ဖြုတ်၊ ထုတ်၊ သတ်' လူသတ်ပွဲကြီးတွေဆီ ဦးတည်စေခဲ့တဲ့လက်ဦး အကြောင်းတရားများ ဖြစ်ခဲ့ပါတယ်။ ရဲဘော်ဘခက်ဟာ ၁၉၄၉ နောက်ပိုင်းအချိန်က တည်းက ကွန်မြူနစ်ပါတီသို့ ဝင်ရောက်တောခိုခဲ့ပြီး ဗကပဗဟိုဌာနချုပ်မှာ တာဝန်ယူခဲ့ပါတယ်။ ၁၉၅၈-၆၀ မှာ UG တာဝန်ခံ၊ ၁၉၆၃ ပြည် တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗကပရဲ့ ကိုယ်စားလှယ်၊ ၁၉၆၅ မှာ ပထမပတ်ဗဟို မာ့က်ခ်လီနင်ဝါဒကျောင်းတက်၊ ဗကပဗဟိုဌာနချုပ်ရဲ့ စခန်းကော်မတီအဖွဲ့ဝင်၊ ရုံးအုပ်တာဝန်၊ ၁၉၆၇ ဧပြီ ၂၇ ရက်တွင် သခင်သန်းထွန်းက 'ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းဝင် အောင်ပွဲနေ့'အဖြစ် သတ်မှတ်ကာ ရဲဘော်ဘတင်(ဂိုရှယ်)၊ ရဲဘော် ဌေးနှင့် ရဲဘော်ဘခက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ၁၉၆၇ ဇွန်လ ၆ ရက် အသတ်ခံရဆဲဆဲ အချိန်တွင် ရဲဘော် ဘခက်ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
    ရဲဘော်ဘခက်တို့လို အလင်းဝင်လက်နက်ချ သူတွေရဲ့ အကူအညီနဲ့ တပ်မတော်ဟာ ပဲခူးရိုးမပေါ်က ဗကပဌာနချုပ်ကို ချေမှုန်းနိုင်ခဲ့ကာ ...'သခင်သန်း ထွန်းရဲ့ နောက်ဆုံးနေ့များ'ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရဲဘော်ဘခက်က သူဖြတ်သန်းခဲ့ရတဲ့ ဗကပရဲ့ သမိုင်းကို 'လမိုက်ညများရဲ့ ငရဲခန်းများ'လို့ တင်စားရေးသားခဲ့ပါတယ်။ 'ဘခက်အကြောင်း'ဆိုတဲ့ စာအုပ်ဟာ ကွန်မြူနစ် ဟောင်းကြီးတစ်ဦးရဲ့ အဆုံးမရှိနိုင်တဲ့ ငိုချင်းရှည်သံဝေဂ တေးတစ်ပုဒ်လို့လည်း ဆိုနိုင်ပါတယ်။
( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 393

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.