လူပေါင်းမှားကြသူများ၏ မအောင်မြင်သော လက်နက်ကိုင်လမ်းစဉ်

၂၀၂၄ ဖေဖော်ဝါရီ ၁၀

    ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်ကို အရေးပေါ်ကာလ အခြေအနေကြေညာပြီး တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်တာဝန် ပေးအပ်ခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မူလကာလ တစ်နှစ်နှင့် သာမန်အားဖြင့် ခြောက်လနှစ်ကြိမ်သက်တမ်း တိုးနိုင်သည့်အတွက် သာမန်အားဖြင့် နှစ်နှစ်သာဖြစ်ပါ သည်။ 
    သို့သော် မဲမသမာမှုကိုအခြေခံပြီး ရရှိထားသည့် မဲရလဒ်ကို မစွန့်လွှတ်နိုင်ဘဲ လက်နက်ကိုင် လမ်းစဉ်ဖြင့် အာဏာရရှိရေးကြိုးပမ်းမှုများနှင့် နိုင်ငံရေးမသမာမှုကို ကြားဝင်ထိန်းပေးနေတဲ့ တပ်မတော်အပေါ် စစ်အာဏာရှင်အဖြစ် အတင်းသွတ်သွင်းဝါဒဖြန့် လှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံအတွင်း နေရာအတော်များများမှာ တိုက်ပွဲများဖြစ်ပွားလျက်ရှိခဲ့တာတွေ့ရမှာဖြစ်ပါသည်။ NLD ကနိုင်ငံရေးသမား များနှင့် NLD လိုလားသည့် လူတစ်စုတို့ ပြည်ပကိုထွက်ခွာသွားကြပြီး အစိုးရဖွဲ့ခြင်း၊ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ PDF ဖွဲ့စည်း တိုက်ခိုက်ခြင်း၊ မြို့ပေါ်တွင်ဗုံးခွဲခြင်း၊ လူသတ်ခြင်း၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်ထားပြီး သီးခြားနယ်မြေတည်ဆောက်လိုသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကို စည်းရုံးသိမ်းသွင်း ခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းများအရ  သာမန်အခြေအ နေမဟုတ်သည့်အတွက် အရေးပေါ်ကာကို ခြောက်လ  နှစ်ကြိမ်သက်တမ်းတိုးခဲ့တာ တွေ့ရပါသည်။
    ထပ်မံသက်တမ်းတိုးထားသည့် အရေးပေါ်ကာလခြောက်လပြည့်ပြီးနောက်မှာ ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းမှုရရှိကာ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပြီး ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်မှာဖြစ်သည်ဟူ၍ ပြည်သူလူထုနှင့် ပါတီနိုင်ငံရေးကိုသာ ရှေးရှုကြသည့် နိုင်ငံရေးအင်အားစုများကမျှော်လင့်ခဲ့ကြတာ သတိထားမိပါသည်။ သို့သော် ထိုရွေးကောက်ပွဲများကျင်းပမှာ၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြန်လည်အသက်ဝင်သွားမှာကို NUG က လုံးဝမလိုလားခဲ့ပါ။ 
    NUG တို့ စတင်မီးမွှေးပေးခဲ့သည့် လက်နက်ကိုင်တိုက်ပွဲများမှတစ်ဆင့် စစ်ရေးကူးစက်မှုများရှိလာခဲ့ပြီး တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်  စစ်ရေးအရ နယ်မြေသိမ်းပိုက် အရယူနေခြင်းများဖြစ်ပေါ်လာခဲ့ပါသည်။ အထူးသဖြင့် ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်မှာ KNU နှင့် KTLA၊ ကယားပြည်နယ်မှာ  KNPP ၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းမှာ KIA တို့ဟာ NUG ကဖွဲ့စည်းပေးထားသည့် PDF အဖွဲ့ များနှင့်ပူးပေါင်းကာ နယ်မြေသိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိတာ တွေ့ရမှာ ဖြစ်ပါသည်။ ထို့သို့ ပြည်တွင်းရေး ရှုပ်ထွေးနေချိန် ရှမ်းပြည်(မြောက်ပိုင်း)တွင်အေးချမ်း တည်ငြိမ်နေသည့် အခြေအနေကနေ တရားမဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖျန့်)ကိစ္စများပေါ်ပေါက်လာရာ ကတစ်ဆင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြန်ပါ သည်။ သတင်းများအရ တရုတ်နိုင်ငံ ယူနန် ပြည်နယ် အစိုးရ၏ ပံ့ပိုးကူညီမှုအရ ဖြစ်ပွားခဲ့သည်ဟုဆိုကြပါသည်။ ရှမ်းပြည်(မြောက်ပိုင်း) တိုက်ပွဲများတွင် MNDAA ၊ TNLA ၊ AA အဖွဲ့များနှင့်အတူ စစ်ကိုင်းတိုင်းနှင့် ကယား ပြည်နယ်အတွင်းမှ PDF များပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟုလည်း သိရပါသည်။ ထိုအခြေအနေများအရ မည်သို့မှ သိက္ခာရှိသည့်ရွေးကောက်ပွဲများ ကျင်းပပေးနိုင်မှာ  မဟုတ်သည်မှာ ရှင်းလင်းမြင်သာပါသည်။ ထို့ကြောင့်လည်း မူလအခြေအနေပြန်လည်ရောက်ရှိနိုင်စေရန် အရေးပေါ်ကာလ သက်တမ်းခြောက်လ ထပ်မံတိုးခဲ့ရခြင်း ဖြစ်ပါသည်။
    ထိုသို့ အရေးပေါ်ကာလ သက်တမ်းထပ်မံမတိုးမီ သက်တမ်းပြည့်သည့် ဇန်နဝါရီလ ၃၁ ရက်မှာ NUG က NUG နှင့် အတူတကွလက်တွဲတိုက်ပွဲဝင်နေကြသော အဖွဲ့များအမည်ခံပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးသည်။ ထိုကြေညာချက်ကိုကြည့်လျှင် နစကက နိုင်ငံတော်အာဏာပြန်အပ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ပေးမှာ စိုးရိမ်နေသည်ကို သတိထားမိပါသည်။ ပြည်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက် ပွဲများကတစ်ဆင့် နိုင်ငံရေးအခြေအနေ ပြန်လည်တည် ငြိမ်သွားလျှင် သူတို့အတွက် နေရာမရှိတော့မှာကို တွက်ဆထားဟန်ရှိပါသည်။ ဒါကြောင့်လည်း သူတို့၏ ကြေညာချက်မှာ ခြိမ်းခြောက်ထားသည့် အသုံးအနှုန်းများပါ နေခြင်းဖြစ်ပါသည်။ ယခုလိုအရေးပေါ်ကာလ သက်တမ်းတိုး လိုက်ခြင်းအပေါ် NUG ဘက်က ထူးခြားသည့်  ဝေဖန်ထိုးနှက်မှုများ မရှိသည်ကို သတိထားမိပါသည်။ 
    သူတို့မှန်းဆထားသလို ဆက်လက်တိုက်ခိုက် နိုင်ရေးအတွက် သူတို့လိုလားချက်အတိုင်း ဖြစ်လာသည်ဟု ယူဆနေပုံရပါသည်။ စစ်အာဏာသိမ်းခဲ့သည့် သုံးနှစ်တာကာလ အစီရင်ခံစာကို NLDက ဦးဆောင်ပြီး တရားမဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် မှာ NUG က တင်သွင်းခဲ့တာတွေ့ရပါသည်။ အစီရင်ခံစာမှာ ၂၀၂၃ ခုနှစ်က နိုင်ငံရေးမဟာဗျူဟာ One Year Plan ကို  နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် လူထုဆက်ဆံရေး၊ အုပ်ချုပ်ရေးဟူ၍ ကဏ္ဍခြောက်ရပ်ဖြင့် ရေးဆွဲခဲ့သည်ကို အခြေခံပြီးတင်ပြမှာဖြစ်ကြောင်း ဆိုထားပါသည်။ အချုပ်အား ဖြင့်ဆိုရလျှင် ထိုကဏ္ဍ ခြောက်ခုလုံးမှာ NUG ကအောင်မြင်နေပြီး နစကက ကျဆုံးနေသည်ဟုဆိုပါ သည်။ တပ်မတော်၏အောင်မြင်မှုဖြစ်သည့် NCA ပျက်စီးသွားပြီး တိုင်းရင်းသားအင်အားစုများက တော်လှန်ရေးမှာ ပူးပေါင်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်တို့ မျှော်မှန်းထားတဲ့ တော်လှန်ရေးမဟာမိတ်စုဖွဲ့မှု ပြိုကွဲရေးက ဖြစ်ပေါ်မလာဘဲ ၎င်းတို့ရဲ့ အဖွဲ့အစည်းကသာ ပျက်စီးရေး လမ်းကြောင်းပေါ် ရောက်သွားခဲ့တာဖြစ်ကြောင်းနှင့် စစ်ကောင်စီက ပြည်သူလူထုကို လူမဆန်စွာ ဖိနှိပ်သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့တာ တွေ့ရပါသည်။
    ထိုအစီရင်ခံစာတွင် "၂၀၂၄ ခုနှစ်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာဖိနှိပ်သတ် ဖြတ်ခြင်းများမှ ပြည်သူများ ကင်းဝေးသက်သာစေအောင်တော်လှန်ရေးအင်အားစုအသီးသီးနှင့် ကြိုး စားအားထုတ်သွားမယ်ဆိုတာ ကတိပြုကြောင်း၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို အချိုးကျကျပေါင်းစပ်ကာအကြမ်း ဖက်စစ်ကောင်စီကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆက်လက်ဖိအားပေးရင်း အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေစိုး မိုးရေးကဏ္ဍ၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများမှ အစိုးရလွှတ်တော် အပါအဝင် လူထုကိုယ်စားပြု နိုင်ငံရေးပါတီများ၊ မြေပြင်ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနဲ့ ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲလျက် ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီအပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူတစ်ရပ်လုံး လို လားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြီးကို တည်ထောင်သွားမည်ဖြစ်ကြောင်း" ဟူ၍ဆိုထားပါသည်။ 
    ၂၀၂၄ ခုနှစ်အတွက် NUG ၏ အဓိက လုပ်ဆောင်လာမည့်နည်းလမ်းမှာ အစီရင်ခံစာနောက်ဆုံးမှာ ပါသည့်အတိုင်း လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယခင်က ဗကပကျင့်သုံးခဲ့သည့် မြေပေါ်မြေအောက် နည်းလမ်းနှစ်သွယ် တိုက်ပွဲဝင်ခြင်းဖြစ်ပြီး ထိုနည်း လမ်းများဖြင့် ပိုမိုဖိအားပေးဆောင်ရွက်သွားမည့် အခြေအနေမှာရှိတာတွေ့ရပါသည်။
    အရေးပေါ်ကာလ သက်တမ်းတိုးသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာ့အရေးသီးသန့်အဖွဲ့ ဖြစ်သည့် Myanmar Caucus  အဖွဲ့ကို အမေရိကန်၏ အဓိကပါတီကြီးနှစ်ခုလုံးက ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ ထိုအဖွဲ့ကို ဒီမိုကရက်ပါတီအမတ် Betty McCollum နှင့် ရီပတ်ဘလီကန်ပါတီအမတ် Bill Huizengs တို့က ဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူပြီး မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲဝင်နေမှုကို ကွန်ဂရက်က ပိုမိုအလေးထားဆောင်ရွက်မှာ ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတစ်လွှားရှိ မြန်မာအသိုင်းအဝိုင်းနှင့် ဆက်သွယ်ဆောင်ရွက်ပြီး မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထောက်ခံအားပေးဖို့ နည်းလမ်းတွေ ရှာဖွေသွားမှာဖြစ်ကြောင်း သိရှိရပါသည်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိသည့် အစိုးရဆန့်ကျင်သည့်အုပ်စုများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့်သဘော ဖြစ်ပါသည်။ ထို့အပြင် ထိုအဖွဲ့၏ ရည်ရွယ်ချက်သည် အောက်လွှတ်တော်က ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို အမေရိကန်သမ္မတအနေဖြင့် ဖိဖိစီးစီး အကောင်အထည်ဖော်မဖော်လေ့လာစောင့် ကြည့်သွားမှာ ဖြစ်ကြောင်းလည်း သိရပါသည်။
    သာမန်အားဖြင့်ကြည့်လျှင် အမေရိကန်ပြည်ထောင်စုက အတည်ပြုပြဋ္ဌာန်းထားသည့် Burma Act သည် အသက်ဝင်လှုပ်ရှားမှုမရှိဟု ထင်မြင်စရာရှိပေသည်။ သို့သော် NUG နှင့် CRPH က ပုဂ္ဂိုလ်များ၏ နေထိုင်စားသောက်စရိတ်၊ အသုံးစရိတ်၊ ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ကုန်ကျစရိတ်များသည် အလှူခံခြင်းမှရ ခြင်းမဟုတ်ပါ။ ခိုင်မာသည့် သတင်းအရ NUG က KNU ဗဟိုကော်မတီ အဖွဲ့ဝင်တွေကို တစ်ဦးချင်းအလိုက် လစဉ် လစာပေးခြင်း၊ ဌာနအလိုက် အသုံးစရိတ်များပေးခြင်းများရှိကြောင်း၊ အမျိုးသားရေးတာဝန်နှင့် ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ရှိကြပါသည်။ အစွန်းရောက်သူများ၏ အမြင်ကတစ်မျိုး၊ အလယ်အလတ်သမား အမြင်ကတစ်မျိုး ဖြစ်ကောင်းဖြစ် ကြပါလိမ့်မည်။ မည်သို့ပင်မြင်ကြပါစေ။ အဓိကအရေး ကြီးသည်မှာ တိုင်းပြည်အရေးပင် ဖြစ်ပေသည်။ အမြင် မတူ၊ အကျင့်မတူသည့်အခါ လုပ်ထုံးလုပ်နည်းများလည်း တူနိုင်မည်မဟုတ်ပေ။ တချို့ကိစ္စရပ်များသည် စိတ်ကူးဖြင့် အကောင်အထည်ဖော်ရသည်မှာ လွယ်သလောက် အမှန်တကယ် အကောင်အထည်ဖော်ရချိန်မှာ အခက်အခဲများစွာ ကြုံတွေ့ရတတ်ပေသည်။ ထိုအခက်အခဲများမှတစ်ဆင့် တိုင်းပြည်အရေးကို မထိဖို့တော့ လိုပါလိမ့်မည်။
    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ နိုင်ငံတော်အရေးပေါ်အခြေအနေ သက်တမ်းတိုး ခြောက်လပြည့်သည့်အတွက် ထပ်မံသက်တမ်းတိုးမလား၊ နိုင်ငံတော်အာဏာကို သမ္မတထံပြန်အပ်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမလားဆိုသည့် အသံများကျယ်ကျယ်ပြန့်ပြန့် ကြားခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး NUG က ဇန်နဝါရီလ ၃၁ ရက်စွဲဖြင့် "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွလက်တွဲ တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည် ချက်အား ထုတ်ပြန် ကြေညာခြင်း"ခေါင်းစဉ်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာတွေ့ရပါသည်။ ထိုကြေညာချက်နှင့်ပတ်သက်ပြီး ဆက်သွယ်ရန် ပေးထားသည့် လူပုဂ္ဂိုလ်နှင့် လိပ်စာများအရ လက်တွဲပါဝင်သည့်အဖွဲ့ အစည်းများသည် CNF ၊ KNPP နှင့် KNU တို့ဖြစ်ကြ သည်ကို တွေ့ရပါသည်။
    ကြေညာချက်မှာ ဦးတည်ချက် ခြောက်ချက်၊ ရပ်တည်ချက် ကိုးချက်၊ လုပ်ငန်းစဉ်အဆင့်ဆင့် ခြောက်ချက် ဖော်ပြရေးသားထားသည်ကို တွေ့ရပါသည်။ ဦးတည်ချက် ခြောက်ချက်ထဲတွင် NLD အစိုးရဖြစ်စဉ်မှာ ချမှတ်ထားခဲ့သည့် တပ်မတော်ကို အရပ်သားအစိုးရအောက်မှာ လုံးလုံးလျားလျား ထားရှိရေးနှင့် တပ်မတော် မှနိုင်ငံရေးတွင်ပါဝင်ခြင်းကို အဆုံးသတ်ရန်ဆိုသည့်အချက်များ တွေ့ရပါ သည်။ ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှတိုက်ဖျက်ရန် ဟူ၍လည်း ဆိုထားပါသေးသည်။
    လက်ရှိမြန်မာနိုင်ငံ၏ နယ်မြေအတော်များများမှာ တိုက်ပွဲများနှင့်ပြည့်နှက်နေပြီး မြို့ကြီးများပေါ်မှာ လူသတ်၊ ဗုံးခွဲစသည့်အကြမ်းဖက်လုပ်ရပ်များ ဖြစ် ပွားလျက်ရှိနေသည်မှာ NUG ၏ ဝါဒဖြန့် လှုံ့ဆော်မှုများ၊ စီမံခန့်ခွဲမှုများကြောင့် ဖြစ်ပွားခဲ့သည်ဆိုသည်မှာ အငြင်းပွားစရာမလိုပါ။ NUG ၏ ဦးတည်ချက်မှာ တပ်မတော်ကိုသာ နိုင်ငံရေးသမားလက်အောက် ရောက်ရှိရေးကို ဦးတည်နေသော် လည်း ဒေသစုံမှာ သူပုန်ထနေသည့် လက်နက်ကိုင်လမ်းစဉ်ကို မည်သို့အဆုံးသတ်မည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိပါ။ တော်လှန်ရေးအကြောင်းပြပြီး ပုံသဏ္ဌာန်အမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနှင့် လက်နက်ကိုင်ထားသည့် တိုင်းရင်းသားအဖွဲ့အသီးသီးကို မြှောက်ပင့်ပေးနေသည်မှာ တိုင်းပြည်အတွက် လက်ရှိအချိန်မှာရော၊ နောင်အနာဂတ်မှာပါ အလွန်အန္တရာယ်ကြီးသည့် လုပ်ရပ်ဖြစ်ပါသည်။
    ရပ်တည်ချက်မှာ '၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေသည် တရားမဝင်တော့ပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန် မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်း နိုင်ငံရေးတည်ဆောက်မှုအတွက် အသုံးချရန်ဖြစ်သည်' ဟူ၍ဆိုထားပါသည်။ သဘောကတော့ ၂၀၀၈ ခုနှစ်အ ခြေခံဥပဒေဖျက်သိမ်းပြီး သူတို့အာဏာရယူထားမည်ဆို သည့်သဘောပါ။ ဤလုပ်ရပ်သည် ဥပဒေနှင့်အညီဟု မည်သို့မျှ ဆိုနိုင်မည်မဟုတ်သည်ကို နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လွယ်စွပ်စွဲ၊ လွယ်လွယ်ပုတ်ခတ်၊ လွယ်လွယ်ဖျက်ပစ်လိုသည့် စိတ်ဓာတ်ရှိသူများ ဖြစ်ကြသည့်အတွက် တိုင်းပြည်၏ အန္တရာယ်ကောင်များအဖြစ် ဆိုချင်ပါသည်။ သူတို့အတွက်ကိုတော့ ရလဒ်ကောင်းများ ရယူလိုကြသည့်သဘော တွေ့ရသည့်အတွက် ပိုလို့ပင်အထင်သေးစိတ် ဖြစ်မိပါသည်။သူတို့၏ဆောင်ရွက်ချက်၊ ကြေညာချက်၊ မျှော်မှန်းချက် များကိုကြည့်လျှင် လက်တွေ့ကြသည့် တိုင်းပြည်အကျိုး တစ်ခုမှမတွေ့ရပါ။
    ထို့အပြင် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည် မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလအကန့်အသတ်မရှိ အုပ်ချုပ်ခွင့်ပေးခြင်းသာဖြစ်သည်"ဟုလည်း ဆိုထားပါသည်။ မြန်မာစစ်တပ်ဆိုသည့် အသုံးအနှုန်းကိုကြည့်လျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ရန်တိုက်ပေးခြင်းသက်သက်သာ ဖြစ်ပါသည်။  ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲပြုလုပ် ပေးခြင်း သည် မည်သည့်အတွက် ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ် ဟုဆိုရပါသနည်း။ ပြည်တွင်း မှာ မှတ်ပုံတင်ထားသည့်၊ ရွေးကောက်ပွဲပြန်လည်ကျင်းပ ပေးစေလိုသည့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို စော်ကားလိုက်ခြင်းဟုဆိုရပေလိမ့်မည်။ ကိုယ်ခိုး ထားသည့်မဲရလဒ်ကို အသေဆုတ်ကိုင်ထားပြီး  ပြည်တွင်းမှာ တရားဝင်ရပ်တည်၍ မရတော့သည့်အတွက် ကိုယ်အာဏာရရှိရေး တိုင်းပြည်ပျက်အောင် ဖျက်ဆီးနေသည့်လုပ်ရပ်ကို ပြန်လည်ဆင်ခြင်ကြဖို့ ကောင်းပါလိမ့်မည်။ နစက အစိုးရက ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအနိုင်ရသူကို အာဏာပြန်လွှဲပေးမည်ဟု အာမခံထားပြီး ဖြစ်ပေသည်။
    ထိုကြေညာချက်ကိုကြည့်လျှင် NUG ၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်စီးရေးနှင့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အဓိကထားနေခြင်း ဖြစ်သည်ကို တွေ့ရမှာဖြစ်ပါသည်။ ထို့ကြောင့်လည်း ဒေသစုံမှာ မတည်မငြိမ်ဖြစ်စေခြင်းနှင့် လက်နက်စွဲကိုင်တိုက် ခိုက်နိုင်အောင် မြှောက်ပင့်ပေးနေခြင်း ဖြစ်ပါသည်။ လက်ရှိအခြေအနေမှာ NUG ၏ လက်နက်ကိုင်လမ်းစဉ်ဆောင်ရွက်ချက်များ အရ တဖြည်းဖြည်းချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ကူးစက်လာနေသည်ကိုတွေ့ရမှာ ဖြစ်ပါသည်။ အထူးသဖြင့် KIA ? KNU? KNPP? CNF အဖွဲ့များပဲဖြစ်ပါသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းမှာပင် တည်ငြိမ်အေးချမ်းနေသည့် ပအိုဝ်းဒေသကို စစ်မီးကူးစက်လာသည်ကို တွေ့ရမှာဖြစ်ပါသည်။ တချို့လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များသည် တောကြောင် လက်ခမောင်းခတ်သည့် လုပ်ရပ်များဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အထူးသဖြင့် MNDAA? TNLA နှင့်  AA တို့၏ လုပ်ရပ်များသည် ထိုလုပ်ရပ်များသာ ဖြစ်ပေသည်။ အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်လာခဲ့ကြသော်လည်း သူတို့၏ရည်ရွယ်ချက်မှာ လက်နက်ဖြင့် နယ်မြေသိမ်းပိုက်ရေး၊ အာဏာတည်ဆောက်ရေးသာလျှင် ဖြစ်ပါသည်။
    နေရာစုံမှာ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ရှမ်းမြောက်ဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေးအခြေအနေမှာသာ ရှိနေပါသည်။ ထိုအင်အားစုများသည် သတင်းများအရ AA အမည်ခံ၊  AA ယူနီဖောင်းဝတ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်လျက်ရှိသည်ကိုတွေ့ ရမှာဖြစ်ပါသည်။ ထို့အပြင် NUG ၏ ရည်ရွယ်ချက်သည် ရွေးကောက်ပွဲ ပျက်စီးရေးသာဖြစ်ပေသည်။ သို့ဖြစ်ပါ၍ ဒီအချိန်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရမှာ အမှန်ပင် ဖြစ်ပါသည်။ NUG လက်သပ်မွေးထားသည့် အကြမ်းဖက်အဖွဲ့များသည် ဗုံးခွဲဖို့၊ လူသတ်ဖို့ ဝန်မလေး ကြသူများ ဖြစ်ကြသည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ငဲ့ညှာရပေလိမ့်မည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီအရေးကို ပြန်လည်အကောင် အထည်ဖော်ပေးဖို့ ရည်မှန်းထားပေမယ့် လက်ရှိအခြေ အနေများအရ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးသာလျှင် အဓိကဖြစ်သည်ဟု မြင်ပါသည်။ ထိုအခြေအနေရောက်ပါက မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီကို ပြန်လည်အသက်သွင်းပေးမည်ကို ယုံကြည်ပါသည်။
(ဇော်နိုင် )
( TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 215

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42921

© 2022 - 2025 News. All Rights Reserved.