၂၀၂၄ ဇွန် ၁၃
တော်လှန်ရေးခေါင်းဆောင်မကြီး "သည်ကီး"ဆိုပြီး ပရောဂျက်ဆွဲ အလှူခံလာလိုက်တာ လေးရက်အတွင်း ဒေါ်လာတစ်သိန်းကျော်လောက် ရသည်ဟုဆိုသည်။ ဒေါ်လာလေးသိန်းဆိုတာက ခုခေတ်ဒေါ်လာ ပေါက်ဈေးနဲ့ တွက်ကြည့်လျှင် မနည်းလှသော်လည်း ခေါင်းဆောင်မကြီးကတော့ မျှော်မှန်းထားတဲ့ ပမာဏ မဟုတ်သေးကြောင်း ဟိုတယ်ကြီးကို ထိုက်တန်တဲ့ ငွေကြေးရအောင်လုပ်ပြီး မဲဖောက်မှာဆိုတော့ ထပ်လှူကြဖို့ တိုက်တွန်းပြန်လေသည်။ တော်လှန်ရေးကြီးကလည်း တော်တော် ကြာလာတာဆိုတော့ လှူရင်းလှူရင်းနဲ့ လုံးပါးပါးလာတာ ဖြစ်နိုင်သည်။ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြသူတွေဆိုတာကလည်း သူ့အိုးနဲ့သူ့ဆန်တန်အောင် ရှာရတာဆိုတော့ လှူဖို့အသာထား အိမ်ပြန်ပို့ဖို့တောင် မနည်းလုပ်နေကြရသည်။ ပြည်တွင်းကလည်း ကုန်းဈေး နှုန်းလေးက ခပ်လှုပ်လှုပ်ဆိုတော့ ပိုလျှံမှ လှူနိုင်မည်ဖြစ်သည်။ အရင်ကဆိုရင် တော်လှန်ရေးခေါင်းဆောင်မကြီး ပရောဂျက်ဆွဲလိုက်ရင် ခွေးအုပ်ထဲ အမဲရိုးချကျွေးသလို အုံလိုက်ကျင်းလိုက် ဝိုင်းသမလိုက်ကြတော့ ဒေါ်လာသန်းချီ ခဏလေးရသွားသည်။ ခုတော့ ခေါင်းဆောင်ကြီးတွေ တော်လှန်ရေးက တစ်နှစ်ကုန် ရင်ပြီးပြီ၊ နောက်တစ် နှစ်ကုန်ရင်ပြီးပြီဆိုပြီး နှစ်တွေသာကုန်လာတာ ထူးမခြား နား ပတ်ပျိုးကြီးပဲဆို တော့လည်း ထူးမြတ်တို့လို တော်လှန်ရေးထောက်ခံသူတွေတောင် အားပျော့လာသည်။
တစ်ခါတလေများ တို့တော်လှန်ရေးကြီးက "ဘိုးတော်ပန် ဖိုထိုး"သလိုများဖြစ်နေပြီလားဟု ထင်မိသည်။
တစ်ခါက အညာဘက်ကရွာလေးကို ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိသည့် ဘိုးတော် ပန်ဆိုသူ ရောက်လာသည်။ အညာဒေသဆိုတော့ ရိုးသားတဲ့အညာသူ အညာသားတွေနေကြတော့ ဘိုးတော်တစ်ပါး ရွာကြွလာတယ်ဆိုတော့ နေရာထိုင်ခင်းပေး စားစရာသောက်စရာ ရေပူရေချမ်း ကမ်း လှမ်းကြလေသည်။ ဘိုးတော်ပန် ဆိုတာကလည်း အဟောကောင်း၊ အပြောကောင်းဆိုတော့ သူ့ကိုယ်သူထွက်ရပ်ပေါက်ပုဂ္ဂိုလ်လိုလို ပြောတော့ ယုံကြည်သူတွေက တစ်နေ့တခြား များများလာသည်။ ဘိုးတော်ပန်သတင်းက ပန်းသတင်းပန်းချင်းဆောင်၊ လူသတင်းလူချင်းဆောင်ဆိုသလို ရွာနီးချုပ်စပ်က ရွာတွေအထိ ပျံ့နှံ့ခဲ့ပြီး ဘိုးတော်ပန်ကို ဖူးချင်သူများရွာကို တရုန်းရုန်း ရောက်လာကြသည်။ ဘိုးတော်ပန်ကလည်း လူထူရင် အနူထဆိုသလို ဟိန်းလားဟောက်လား၊ ခြိမ်းလားခြောက်လား လုပ်ပြတော့ အညာသူအညာသားတွေ သူကြီးထက်တောင် ပိုကြောက်ရသည်။
ဘိုးတော်ပန် ဖိန့်လုံးခြောက်လုံးတွေကြောင့် ရွာဦးစေတီတောင် ထီးတင်ပွဲလုပ်ဖို့ မေ့နေကြပြီး ထုံးဖြူ စေတီလေးက ထီးတော်မရှိဘဲ ငုံးတိကြီးဖြစ်နေသည်။ ဒီတော့ ရွာဦးကျောင်းဆရာတော်လည်း စိတ်မကောင်း ဖြစ်ရသည်။ အရင်က ဆရာတော်စကား မြေဝယ်မကျ နားထောင်သော ရွာသူရွာသား အပေါင်း ခုများ ဘိုးတော် ပန်အပါးတော် ခစားနေကြသည်။ ကြာတော့ ရွာဦးကျောင်းဆရာတော်ခမျာ ဆွမ်းပင် နပ်မမှန်တော့ချေ။ အရင်က မောင်ကျောင်းသားတွေနဲ့ ဆွမ်းချိုင့်လိုက်ခံစေပြီး ဆွမ်းဘုဉ်း ပေးရသော ဆရာတော်ခမျာ သူကိုယ်တိုင် ရွာနီးချုပ်စပ်အထိ ဆွမ်းခံထွက်လိုက်သော်လည်း ဆွမ်းကွမ်း မပိုလျှံဘဲ ဖြစ်နေရသည်။ သို့သော် စာတတ်ပေတတ် ဆရာတော်ဆိုတော့ ရွာသူရွာသားတွေ အယူလွဲ ယုံကြည်မှုလွဲနေတာကို အတိုက်အခံမပြော ခပ်ဆိတ် ဆိတ်သာ နေတော်မူလေသည်။ ရွာဦးကျောင်းမှာ အလှူပွဲတွေလည်း မရှိတော့သလို ရွာဦးစေတီသန့်ရှင်းရေးလုပ် သူမဲ့နေလေတော့သည်။ မည်သို့ပင်ဆိုစေ ဆရာတော်ကြီးကတော့ ပြုံးပြီးကြည့်နေလေတော့သည်။
ဘိုးတော်ပန်တစ်ယောက် ထင်တိုင်းကြဲလေတော့ကာ နေ့စဉ် အစွမ်းတွေပြပြီး ရွာသူရွာသားတွေကို ချမ်းသာအောင် မစမယ်ဆိုပြီး ကွမ်းသီးလုံးလောက် သတ္တုလုံးကြီးကိုပြကာ အကြံစလေတော့သည်။ ဓာတ်လုံးဆိုတာ ဘာလိုမှန်းမသိသော ရွာသူရွာသားအပေါင်း ဘိုးတော်ပန်ရဲ့ ဓာတ်လုံးဆိုသော သတ္တုလုံးကြီးကို ဓာတ်လုံးဟုသာမှတ်ယူကြလေသည်။ ကြားဖူးနားဝရှိသော ရွာသားအချို့ကလည်း ဘိုးတော်ပန်ရဲ့ ဓာတ်လုံးကြီးက ပုဂံခေတ်က ရှင်အဇ္ဇဂေါဏ ဓာတ်လုံးမျိုး ဖြစ်ရမယ်။ ရွှေမိုးငွေမိုးရွာပြီး မုဆိုးမတောင် ဘုရားတည်မယ့် ဓာတ်လုံးဆိုပြီး ဝိုင်းမြှောက်ပေးတော့ ပိုဆိုးကုန်ကြသည်။ ဒီတော့ ဘိုးတော်ပန်အကွက်ထဲ ရောက်ကုန်တော့သည်။ ဓာတ်လုံးကို အဆင့်မြှင့်ဖို့ ဖိုရုံဆောက်ရမယ် အဓိ ဋ္ဌာန်ဝင်ပြီး ဖိုထိုးရမယ်ဆိုပြီး ရွာသားတွေကို သတင်းစကားဖြန့်လေတော့သည်။ ဒီတော့ ရွာသူရွာသား တွေထဲက တတ်နိုင်သူတွေက ဖိုရုံဆောက်သူဆောက်၊ မြို့တက်ပြီး ဖိုထိုးဖို့လိုတဲ့ အသုံးအဆောင်တွေ ဝယ်သူကဝယ်ဖြင့် ရက်ပိုင်းအတွင်း ဘိုးတော်ပန်ဖိုရုံလေးက ရုပ်လုံးပေါ်ခဲ့သည်။
ဘိုးတော်ပန် အကွက်ထဲဝင်သွားသော ရွာသူ ရွာသားအပေါင်း ထိရင်ရွှေဖြစ်တဲ့ ဓာတ်လုံးအောင်မြင်ရေး ဘိုးတော်ပန်ဖိုရုံနား နေ့ညမပြတ်ဆည်းကပ်ကြရင်း အပူတန်ချိန်အပူ၊ အအေးတန်ချိန်အအေး ကမ်းလှမ်းကြသည်။ ဒီတော့ ဘိုးတော်ပန် အဆင့်တက်လာလေသည်။ ဓာတ်လုံးကို ငွေကျွေးရမယ်၊ ပြဒါးကျွေးရမယ်၊ ပိုအစွမ်းထက်အောင် ရွှေကျွေးရမယ်ဆိုပြီး ဖိုရုံရှေ့ ဖလားလေးချ အလှူခံ လေတော့သည်။ ဒီတော့ ဘိုးတော်ပန် ဓာတ်လုံး အောင်ရင် ကျောက်ခဲနဲ့ထိရင်တောင် ရွှေဖြစ်တယ်ဆို ပြီး မျှော်လင့်ထားတဲ့ ရွာသူရွာသားတွေ မိုးကျရင်လည်း ပျိုး မချကြတော့ဘဲ လယ်စိုက်စရိတ်တွေ ဝိုင်းလှူကြ၊ တချို့ကလည်း မိုးကုန်ရင် သားသမီးမြေးမြစ် ရှင်ပြုဖို့လှူထားတာတွေ ဝိုင်းလှူကြ၊ မြေပေါင်၊ ယာပေါင်၊ နွားပေါင်လှူ လာလိုက်ကြတာများကြာတော့ ရွာသူရွာသားတွေ စားစရာ ဆန်ပင် ပြတ်လာသည်။ ရွာနီးချုပ်စပ်က ရွာတွေကလည်း ဝိုင်းလှူကြတော့ ဖိုရုံက ဖားဖိုသံက ရှူးရှဲရှူးရှဲ အော်ရမည့်အစား တဖြုန်ဖြုန်ကေး တဖြုန်ဖြုန်ကေးဆို သည့်အသံပင် ထွက်လာသည်။ ဝမ်းစာစပါး နည်းလာတော့ ရွာသူရွာသားတွေ ဆန်ပြုတ်သောက်ကာ ဘိုးတော်ပန်ရဲ့ ဓာတ်လုံးကြီးကိုသာ မျှော်နေကြသည်။
အချိန်ကလည်း လေး၊ ငါး၊ ခြောက်လကြာတော့ တစ်နေ့တွင် ဘိုးတော်ပန်ဖိုရုံကြီးက ဖားဖိုသံ မကြားရတော့ ရွာသားတွေ ဖိုရုံထဲဝင်ကြည့်ရာ ဘိုးတော်ပန်မရှိတော့ဘဲ လုံထဲတွင် ဓာတ်လုံးတစ်လုံးသာ ကျန်ခဲ့တော့သည်။ ဒီလိုဆိုပြန်တော့ မမနုကြည်ကဗျာထဲကထက် အတဲ့တုံးတဲ့ အညာသား လူရိုးကြီးတွေ ဘိုးတော်ပန်က ထွက်ရပ်ပေါက်သွားပြီး ရွာသားတွေအတွက် ဓာတ်လုံး စွန့်ခဲ့တယ်ဆိုကာ ဓာတ်လုံးကြီးယူကာ စာပေကျမ်းဂန် နှံ့စပ်သော ရွာဦးကျောင်းဆရာတော်ဆီ ပြေးကြလေတော့သည်။ ဆရာတော်ကြီးကို ဓာတ်လုံးပြ ဆရာတော်ကလည်း ဓာတ်လုံးကို လက်ထဲထည့်ကြည့်ဆ ကြည့်ပြီး ပြုံးတော်မူသည်။ ရွာသားတစ်ယောက်က ဓာတ်လုံးကို ရှင်အဇ္ဇဂေါဏဓာတ်လုံးလို ချီးကျွေး သင့်ကြောင်း ဆရာတော်ကုဋီထဲ ပစ်ထည့်ရန်အကြံပေးကြလေသည်။ ဒီတော့မှ ငြိမ်နေတော်မူသော ရွာဦးကျောင်းဆရာတော် ကြိမ်လုံးဆွဲကာ "ငပိန်းတွေ ငအတွေ ပညာမတတ်တော့ မော်တော်ကားက ဘောစိမှန်းမသိ၊ ဓာတ်လုံးမှန်းမသိ ကုန်တာတောင် နည်းသေးတယ်၊ ချီးက ဓာတ်လုံးမကျွေး ရဘူး။ နင်တို့စားရမှာဟဲ့"ဆိုပြီး ကြိမ်စွမ်းပြလိုက်တာ တစ်ရွာလုံးကျောပြင်မှာ အရှိူးရာတွေ ဖြစ်ရလေကုန်သည်။
ထူးမြတ်တို့လည်း တော်လှန်ရေးခေါင်းဆောင် ကြီးတွေများ ဘိုးတော်ပန်ဖိုထိုးနေသလို လုပ်နေ တာများလားဆိုပြီး ထင်ယောင်ထင်မှားလေးတော့ ဖြစ်မိလေ တော့သည်။ လွန်တာရှိ ဝန္ဒာမိပါခင်ဗျာ။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )