လူ့အခွင့်အရေး ချိုးဖောက်ခံချင်လွန်းလို့

၂၀၂၄ အောက်တိုဘာ ၂၆

သီတင်းကျွတ်ပွဲတော်ကြီးက အင်မတန်စည်ကားလှချေသည်။ တိုင်းနယ်၊ ပြည်နယ်အနှံ့ ဘုရားစေတီပုထိုးများ ခြေချစရာမရှိအောင် စည်ကားလှသည်။ ထူးမြတ်တို့ မိသားစုတောင် အဖိတ်နေ့က ရန်ကုန်မြို့က တန်ခိုးကြီးဘုရားစေတီတွေ သွားဖူးရင်း ကလေးတွေကို ကစားကွင်းလိုက်ပို့ ဖြစ်သေး သည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်းကနေ ရင်ပြင်တော်အပေါ်သို့ လမ်းလျှောက်စရာ မလိုအောင် လူအုပ်ကြီးနဲ့ ညပ်ပါသွားလေသည်။ ကြက်ပျံမကျ စည်ကားလှသည့်သီတင်းကျွတ် အခါသမယပင်ဖြစ်သည်။ ပဲပေါ်၊ နှမ်းပေါ်၊ စပါးပေါ် ရာသီဖြစ်သလို သီတင်းကျွတ်ကျောင်းပိတ်ရာသီဖြစ်တာကြောင့် အလှူအတန်းပွဲတော်တွေက စည်ကားလှပေသည်။ ပြည်သူ့ရင်ပြင်ထဲက ဈေးရောင်းပွဲတော်ကလည်း လူတိုးမပေါက်အောင် စည်ကားလှသည်။ ယခင်ကတော့ ဘုရားသွားကျောင်းတက်ရင် အမေရိကားတို့၊ သြဇီတို့က ခေါင်းဆောင်ကြီးတွေက လှမ်းလှမ်းဆူတာကြောင့်မသွားရဲကြချေ။ ခုတော့ ဘုရားပေါ်မှာ၊ ပန်းခြံတွေမှာ လူပြည့်နေတော့ ခေါင်းဆောင်ကြီးတွေ ဆူဖို့မေ့နေတာကိုအခွင့်ကောင်း ယူကြသည်ဟု ထင်မိသည်။ ဒီတော့ လူစည်ကားသည့် အကြောင်းအရာကို သတင်းတွေရှာဖတ်ပြီး လေ့လာရပြန်သည်။ အကြောင်းမူကား အစိုးရက တစ်ရပ်ကွက်ငါးယောက် မလာမနေရ အမိန့်ထုတ်တာကြောင့် ဟုသိရသည်။ အံ့သြဖွယ်ရာသတင်း ဖြစ်လေသည်။ 
    အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေပြီဖြစ်သည်။ ရန်ကုန်ရွှေမြို့တော်ကြီးတစ်ခွင် မြို့နယ်အသီးသီး ရပ်ကွက်အနှံ့ကို စစ်ကားကြီးတွေထိုးကာ တစ်အိမ်တစ်ယောက်မလိုက်မနေရ ဘုရားပို့ပေးနေသည်။ လမ်းထိပ်ကို စစ်ကားတစ်စီးဆိုက်လာလျှင် နာရီဝက်အချိန်ပေးသည်။ နာရီဝက်အတွင်း ဖြီးလိမ်းပြင်ဆင်ကာ ကားပေါ်တက်ပြီး ဘုရားလိုက်ပို့ပေးတာဖြစ်သည်။ တစ်အိမ်တစ်ယောက် မဖြစ်မနေလိုက်ရမည်ဟု အမိန့်ထုတ်ထားသော်လည်း တချို့က မိသားစုလိုက် လိုက်ကြတာကြောင့် စစ်ကားကြီးတွေ ဘုရားနဲ့ရပ်ကွက် လူးလာခေါက်တုံပြေး နေရသည်။ တချို့ကလည်း ကျွန်တော်ကျွန်မတို့က အိမ်ကို ဘုရားသွားမယ်ပြောလာတာ အမှန်ကပန်းခြံသွားချင် တာဟုပြောသဖြင့် ဘုရားရောက်ခါနီးမှ နီးစပ်ရာ ပန်းခြံတွေကို လိုက်ပို့ပေးရသဖြင့် ဘုရားသွားမည့်သူများက ပွစိပွစိ ဖြစ်ကုန်ကြသည်။ တချို့သမီးရည်းစားစုံတွဲတွေကလည်း ဘုရားမသွားချင်ဘူး၊ ပန်းခြံလည်းမသွားချင်ဘူး။ "သမီးဘယ်သူနဲ့မှ မဆော့ချင်ဘူး သမီးအိပ်ပဲအိပ်ချင်တာ"ဆိုတာကြောင့် သွားချင်တဲ့နေရာကို အစိုးရအစီအစဉ်ဖြင့် သီးသန့်ပို့ပေးရပြန်သည်။ အစိုးရကလည်း လူစည်ဖို့ အရေးကြီးသည်ဟုဆိုကာ တပ်မတော်ပိုင်မော် တော်ယာဉ်တွေ၊ အစိုးရပိုင်မော်တော်ယာဉ်တွေရှိသမျှ လမ်းပေါ်တက်ကာ တစ်အိမ်တစ်ယောက် မဖြစ်မနေအပြင်ထွက်စေကာ လိုက်ပို့ပေးနေရတာဖြစ်သည်။ 
    အရင်ကရေးတဲ့ သတင်းတွေအရ လမ်းပေါ်ထွက်သည့် ပြည်သူတွေက ငါးထောင်စားတို့၊ ဒံပေါက်တစ်ထုပ်စားတို့ ဖြစ်နိုင်သည်။ လူဦးရေ သိန်းနဲ့ချီကို အစိုးရက ငါးထောင်စီလိုက်ဝေတာတော့ မတွေ့ရချေ။အားလုံးကတော့ ဒံပေါက်ထုတ်လေးတွေကိုင်ကာ ဟိုတစ်စု၊ ဒီတစ်စု ပန်းခြံတွေထဲမှာ ထိုင်စားနေကြတာမြင်ရသည်။ ဒီတော့ အစိုးရက ငါးထောင်အစား ဒံပေါက် တစ်ယောက်တစ်ထုပ်စီ ဝေပေးတာဖြစ်နိုင်သည်။ ထူးမြတ်တစ်ယောက်တောင် ဘုရားသွားတာနောက်ကျတာကြောင့် ဒံပေါက်ထုပ်ဝေတာမမီဘဲ အပြင်ကနေ တစ်ထုပ်ဝယ်စားလိုက်ရသေးသည်။ ဒါကြောင့် ခေတ်သစ်တို့ များ နောက်တစ်ခါသတင်းရေးလျှင် အစိုးရက ဒံပေါက်ထုပ်များ လောက်ငစွာမဝေသဖြင့် အပြင်ထွက်လာသော ပြည်သူများ ဈေးကြီးပေးဝယ်စားရတို့၊ ဘာတို့ရေးစေချင်သည်။ ဒါမှမဟုတ် အပြင်ထွက်လာသော ပြည်သူများ နေ့စားကျပ်ငါးထောင်မရဆိုပြီး ရေးပေးစေချင်သည်။ ဒါမှလည်း နောက်တစ်ခါ အစိုးရ တစ်အိမ်တစ်ယောက် အပြင်မထွက်မနေရဆိုပြီး ထွက်ခိုင်းလျှင် ထူးမြတ်တို့ တစ်တွေ ပိုက်ဆံငါးထောင်နှင့် ဒံပေါက်တစ်ထုပ်ရမှာဖြစ် သည်။ 
    သီတင်းကျွတ် ကျောင်းပိတ်ရက်ဆိုတော့ ဘုရားနှင့် ပန်းခြံများသာမက ရုပ်ရှင်ရုံတွေပါ လူစည်ကားနေသည်။ မြန်မာ့ရုပ်ရှင်က တစ်ခေတ်ဆန်းလာသည် ဟုဆိုမည်ဖြစ်သည်။ အရင်က ဟာသကားတွေအစား မဟုတ်မခံ လူမိုက်ကြီးတွေ နေရာရလာသည်။ ရပ်ကွက်အခေါ် ဇိုးဟုခေါ်သည့် လူမိုက်ဆန်ဆန် ဇာတ်ကားလေးတွေကို ပရိသတ်အကြည့်များလာသည်။ ဒါကလည်း ခေတ်ကတောင်းဆိုတာဟုပင် ပြောရမည်။ ကျောင်း ပိတ်ရက်ကာလ မြန်မာနိုင်ငံအနှံ့အပြားက ရုပ်ရှင်ရုံတွေ မှာ အော်ရီဂျင်နယ် ဂိုဏ်းစတားဆိုသည့်ကားက ရုံတင်နေသည်။ အကယ်ဒမီမင်းသားနဲ့ အဆိုတော် နောက်ပြီး တကယ့်လူမိုက်တွေပါ ပါဝင်ရိုက်ကူးထားသည်ဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် အနုပညာဆိုတာက လူတို့၏ နှလုံးသားကို နူးညံ့စေသည်။ လူမိုက်ပင် ဆိုထားစေကာမူ မျက်နှာသစ်သရုပ်ဆောင်များ ဖြစ်လာတော့လည်း ပရိသတ်က အားပေးရမည်သာဖြစ်သည်။ ဒီတော့ ရုပ်ရှင် ရုံတွေမှာ လူစည်ကားလှသည်။ ရုံပြည့်ရုံလျှံအားပေးကြသည်။ ဘာကြောင့် အားပေးကြတာလဲဆိုပြီး စုံစမ်းပြန်လေသည်။ လူမိုက်ကြီးတွေက သူတို့ပါဝင်သည့် ဇာတ်ကားမကြည့်မနေရဆိုပြီး မိုက်ကြေးခွဲသည်ဟု ခေတ်သစ်က ရေးပြန်လေသည်။ 
    ဒီတော့မောင်ထူးမြတ်လေးတစ်ယောက် နိုင်ငံခြားက ဂိုဏ်းစတားကားတွေ အကြည့်များပြီး စိတ်ကူးနှင့်ပုံဖော်မိသည်။ အများပြည်သူ သွားရာလမ်းမကြီးများထက်တွင် အပေါ်ပိုင်းဗလာကျင်း ပလေကပ်ပုဆိုးဖြင့် ဇိုးများက ဖြတ်သွားဖြတ်လာသူတွေကို ခြိမ်းခြောက် ဟိန်းဟောက်ကာ ရုပ်ရှင်လက်မှတ် မဝယ်မနေရဆိုပြီးများ ရောင်းသလားဟုထင်ရသည်။ ဒါမှမဟုတ် အင်အားကြီး လူဆိုးဂိုဏ်း တစ်ဂိုဏ်းက ကျန်ဂိုဏ်းတစ်ဂိုဏ်းကို ပစ္စည်းနဲ့ ငွေလဲလှယ်မည်ဟုဆိုကာ လူသူပြတ်ရာ အိမ်ပျက်ကြီး ကိုချိန်း ပစ်ကြခတ်ကြရင်း ရုပ်ရှင်လက်မှတ်တွေနဲ့ ငွေသားတွေကို ဂိုဏ်းတစ်ဂိုဏ်းက အပိုင်စီးပြီး ပြည် သူတွေကို ရုပ်ရှင်လက်မှတ်တွေဝေ၊ နေကြာစေ့နဲ့ ရေသန့်တစ်ဘူးစီပေးပြီး ရုပ်ရှင်အဓမ္မဝင်ကြည့်ခိုင်း သလားဟု ထင်မိသည်။ အတွဲတွေဆိုရင် နှစ်ယောက်တွဲခုံလက်မှတ်ပေးပြီး ရုံးထဲအတင်းဝင်ထိုင်ခိုင်း တာလည်း ဖြစ်နိုင်သည်။တစ်ရက်ကွက်လုံး ပြန်ပေးဆွဲလာပြီး ရုပ်ရှင်ရုံထဲ အတင်းဝင်ခိုင်းတာလည်း ဖြစ်နိုင်သည်။ ဒီလိုဆိုရင် မင်းမဲ့စရိုက်ဆန်တာပေါ့ဟု တွေးမိသေးသည်။ မည်သို့ပင်ဆိုစေကာမူ သီတင်း ကျွတ်ပိတ်ရက်မှာ ဘုရားကျောင်းကန်၊ ပန်းခြံနှင့် ရုပ်ရှင်ရုံတွေမှာတော့ လူစည်ကားလေသည်။ 
    ပြည်တွင်းမှာသာမက ပြည်ပကတော်လှန်ရေး ခေါင်းဆောင်ကြီးတွေ ဘက်မှာလည်း လူ့အခွင်အရေး ချိုးဖောက်နေကြတာ တွေ့ရသည်။ ပြည်တွင်းမှာက သီတင်းကျွတ် အားလပ်ရက် အိမ်မှာပဲနေချင်သော ပြည်သူတွေကို အဝတ်အစားအသစ်တွေ အတင်းဝတ်ခိုင်း၊ ဖြီးလိမ်းပြင်ဆင်ကာ အပြင်သို့ သွားခိုင်းနေသလို  တော်လှန်ရေးဘက်တော်သားကြီးတွေ ဘက်မှာလည်း ခုလိုပုံစံတူ ဖြစ်ပွားနေသည်။ အကြောင်းမူကား နယ်စပ်မှာထမင်းလေး၊ ဟင်းလေးချက်စားပြီး တော်လှန်နေကြသူတွေကို တော်လှန် ရေးခေါင်းဆောင်ကြီးတွေက ဖိအားပေးပြီး အမေရိကားတို့၊ ဂျပန်သို့ အတင်းအကျပ်သွားစေကြောင်း သိရသည်။ မဲဆောက်ဗီလာမှာ အေးချမ်းစွာနေကြသူတွေကို  အမေရိကားကို မိသားစုလိုက် အတင်း အဓမ္မသွား ခိုင်းခြင်း၊ ဂျပန်နိုင်ငံသို့ မိသားစုလိုက် မျက်နှာအဝတ်စည်းကာ လေယာဉ်ပေါ်တင်လိုက်ပြီး ဟိုရောက်မှာ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ဖေ့စ်ဘုတ်ပေါ်မှာ ကျွန်တော်ဘယ် ရောက်နေပြီဆိုပြီး အံ့သြတကြီး ဖေ့စ်ဘုတ်ပေါ် တင်ရသည်အထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်။ ဒီလိုဆိုရင် ပြည်တွင်းမှာနေပြီး တစ်အိမ်တစ်ယောက် ဘုရားမသွားမနေရဟုဆိုကာ လ့ူအခွင့်အရေးချိုးဖောက်ခံ နေရတာထက် မဲဆောက်မှာနေပြီး မိသားစုလိုက် အမေရိကားတို့၊ ဂျပန်တို့ အဓမ္မပို့ဆောင်ခံရတာ မျိုးတော့ ကြုံဖူးချင်မိသည်။ လူအခွင့်အရေးချိုးဖောက်ခံချင်လွန်းလို့ ထူးမြတ်တို့ မိသားစုလိုက်ကြီး အထုပ်ကလေးပြင်ပြီး စောင့်နေပြီဖြစ်သည်။
(ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 257

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42998

© 2022 - 2025 News. All Rights Reserved.