လူ့အခွင့်အရေးအော်နေသော NUG အကျဉ်းထောင်မှ ငရဲခန်း

၂၀၂၅ ဇန်နဝါရီ ၁၉

အပူပေးလိုသူများ
    လူအများစုသည် သာယာအေးချမ်းခြင်းကို နှစ်သက်ကြသည်ဟုဆိုလျှင် မှားနိုင်မည် မထင်ပေ။ လူတိုင်း လူတိုင်း သာယာအေးချမ်းမှုကို လိုချင်ကြသည်ဟုဆိုလျှင်သာ မှားနိုင်ကောင်း မှားနိုင်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ မျက်မှောက်အခြေအနေများကို ကြည့်ခြင်းအားဖြင့် လူတိုင်းသည် သာယာအေးချမ်းခြင်းကို မလိုလားနိုင်ဟု ကောက်ချက်ချနိုင်ပေသည်။အကြောင်းက မိတ္ထီလာမှ မိတ်ဆွေတစ်ယောက်နှင့်စကားပြောဖြစ်ရာ လူတိုင်းသည် အေးချမ်းသာယာခြင်းကို မနှစ်သက်နိုင်သူများ ရှိနေပါလားဟု အတွေးပေါ်လာသောကြောင့်ပင် ဖြစ်သည်။ သူစိတ်ပူသည်က အမြန်လမ်းပေါ်ကို အညာလက်နက်ကိုင်ထားသည့် အဖွဲ့တို့က မထင်လျှင်မထင်သလို ကြုံရာယာဉ်များကို စစ်ဆေးနေသည့်သတင်းကြောင့် စိတ်ပူနေခြင်း ဖြစ်သည်။ မိတ္ထီလာနှင့်နီးသည့် ပတ်ဝန်းကျင် ဖြစ်နေရသည့်အတွက် သူတို့အတွက် ပိုမိုသောကရောက်နေရသည်ဟု ဆိုလေသည်။ ၂၆၂ မိုင် ဝန်းကျင်နှင့် ၃၁၉ မိုင် ဝန်းကျင်များတွင် လက်နက်ကိုင် PDF များသည် အခွင့်သင့်ရင်သင့်သလို အမြန်လမ်းအား အသုံးပြုသည့်ယာဉ်များကို စစ်ဆေးနေလေသည်။ စစ်ဆေးနေခြင်းအပြင် နိုင်ငံ့ဝန်ထမ်းအချို့ကိုလည်း CDM မလုပ်သည့်အတွက်ဟုဆိုကာ ဖမ်းဆီးထားမှုများလည်းရှိနေရာ သူပြောသကဲ့သို့ စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာ ဖြစ်နေလေသည်။ ထို့အပြင် မိတ္ထီလာနှင့် ပတ်ဝန်းကျင်မြို့များ ဖြစ်သည့် နွားထိုးကြီး၊ မလှိုင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးစသည့်နေရာများတွင်လည်း မကြာခဏ သတ်ဖြတ်မှုများ၊ အေးချမ်းသည့် မြို့ရွာအချို့ကို ပျူရွာဟု ခေါင်းစဉ်တပ်ကာ ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ်နေကြခြင်းကြောင့် ဖြစ်သည်။ စစ်ကိုမလိုလားသူများက ထိုအခြေအနေကို စိတ်ချလက်ချ ရှိမနေနိုင်ခြင်းပင်ဖြစ်သည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး 'သိပ်လည်း ပူမနေပါနဲ့ ပရောဂျက်ရှာတဲ့ သဘောကြောင့်ပါ'ဟု ပြောပြဖြစ်ခဲ့သည်။ တော်လှန်ရေးဟု ခေါင်းစဉ် တပ်ထားသူတိုင်းသည် သူတို့ကဲ့သို့ လူတိုင်းကို ပူလောင် စေချင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အေးချမ်းသည်ထင်သည့် နေရာများကို အပူပေးရမည့်အလုပ်မှာ သူတို့၏ အလုပ်ဖြစ်နေလေသည်။ ထိုသို့လုပ်မှသာလျှင် မည်သည့်နေရာတွင် PDF တို့က ဝင်ရောက်စိုးမိုးနိုင်ပြီဆိုသည်ကို သတင်းဖြန့်ကြက်ပြီး လူအများ စိတ်ဝင်စားမှုကို ခံယူကာ အလှူ ငွေကြေး ရရှိရန်နှင့် အထောက်အပံ့ရရှိရန် လုပ်နေကြခြင်းဖြစ်ကြောင်း ရှင်းပြဖြစ်သည်။ သူတို့၏ သဘောသဘာဝကိုက အေးချမ်းသည့်နေရာ၊ လူအများ သွားလာ လည်ပတ်သည့် နေရာများကို လူအများ မသွားလာနိုင်စေရန်၊ မစည်ကားစေရန် ပစ်မှတ်ထားလုပ်ဆောင် နေကြောင်း သိသာလှ သည်ဟု ပြောပြဖြစ်ခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က ပုပ္ပါးတောင်မကြီးပေါ်သို့ တောတောင်သဘာ၀ အလှအပများကို လှည့်လည်ခံစားသူများဖြင့် အလွန်စည်ကားနေကြောင်း လူမှုကွန်ရက်တွင် ထင်ရှားလာခဲ့သည်။ မကြာပါဘူး၊ ထိုနေရာတွင် လုံခြုံရေး ယူထားသူများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးသွားသည်မှာ လူတိုင်းအသိပင် မဟုတ်လား။ ထိုသို့ တည်ငြိမ်မှုပျက် ပြားသွားခြင်းကိုက သူတို့ Mission အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ထိုကဲ့သို့ လုပ်ရပ်များကို အားကျ၍လား မသိပေ။ ပုဂံကို တိုက်ပွဲဖော်မည်၊ မန်းရွှေစက်တော်ကို တိုက်ပွဲ ဖော်နေ သည်၊ ငွေဆောင်၊ ချောင်းသာဘက်တွင် မတည်ငြိမ်စေရန် လုပ်ဆောင်နေကြသည်မှာ မျက်မြင်လက်တွေ့ပင် မဟုတ်လားဟု သူ့ကို ပြောပြဖြစ်ခဲ့သည်။ အပူပေးရသည်မှာ သူတို့ အလုပ်ပင်မဟုတ်လားဟု ထိုမိတ်ဆွေ စိတ်ချမ်းသာစေရန် ပြောဖြစ်ခဲ့သည်။

ငရုတ်သီးပိုး
    ကျွန်တော်တို့ မုံရွာဘက်သည် လက်ရှိအခြေ အနေများနှင့်ပတ်သက်၍ ပြောရလျှင် ငရုတ်သီးပိုးများဖြစ် နေပြီလားဟုပင် အတွေးရောက်သွားဖြစ်၏။ အကြောင်းက မိတ္ထီလာမှ သူငယ်ချင်းနှင့် စကားပြောဖြစ်သည့်အကြောင်းကို မုံရွာက သူငယ်ချင်းအား ရှင်းပြချိန် သူငယ်ချင်းက ငရုတ်သီးပိုးဟု ဆိုခြင်းကြောင့် ဖြစ်သည်။ မိတ္ထီလာသည် သည်လေးနှစ်တာကာလတွင် မုံရွာထက်များစွာ အေးချမ်းသည့်နေရာဟု ဆိုနိုင်ကြောင်းနှင့် လက်ရှိမုံရွာတွင် ဖြစ်ပျက်နေသာ အရာများသည် လွန်ခဲ့သည့် နှစ်များနှင့်စာလျှင် ဘာမှမဟုတ်တော့ကြောင်း သူငယ်ချင်းဖြစ်သူက ရယ်ကာမောကာနှင့် ပြန်ပြောပြလေသည်။ ဟုတ်သည်။ သူပြောမှ နှိုင်းယှဉ်စဉ်းစား ကြည့်မိ၏။ လွန်ခဲ့သည့်နှစ်များက မုံရွာမြို့ပေါ်တွင် မိုင်းကွဲ၍ ပလုံကောက်သည့်ကလေးငယ်များ လက်ပြတ်သွားသည့်ဖြစ်စဉ်၊ ဆေးရုံကြီးအနီးတွင် မိုင်းကွဲ၍ သူနာပြု ဆရာမလေး မိုင်းထိသွားမှု၊ ဘဏ်ရှေ့တွင် မိုင်းကွဲ၍ လူများထိခိုက်မှု၊ ကန်သာယာ ပတ်ဝန်းကျင်တွင် လက်နက်ကိုင်ထားသည့်သူများက လက်နက်တကားကားဖြင့် သွားလာနေမှု၊ တမာ တန်းမီးပွိုင့်တွင် မိုင်းကွဲမှု၊ ဘုရားနီ လမ်းမီးပွိုင့်တွင် မကြာခဏ မိုင်းကွဲခြင်း၊ ပစ်ခတ်မှုဖြစ်ခြင်းစသည်တို့နှင့် နှိုင်းယှဉ်လျှင် လက်ရှိ မုံရွာက မြို့ပေါ်တွင် ထိုကဲ့သို့ ကိစ္စများ နည်းပါးသွားပြီဟု ဆိုနိုင်ပါသည်။ "မိတ္ထီလာက တို့မုံရွာနဲ့ယှဉ်ရင် ဘာမှမဖြစ်ပါဘူး၊ တို့ကမြို့ပေါ်မှာ မသွားရဲ၊ မလာရဲအောင် ဖြစ်ခဲ့ပြီးပြီ၊ အခုအေးချမ်းတယ် မဟုတ်ပေမယ့် ဖြစ်စဉ်တွေက မြို့ပြင်ရောက်သွားပြီဆိုတော့ ပိုကောင်း လာတယ်လို့ ပြောရမလိုဖြစ်နေပြီ"ဟုဆိုလေသည်။ ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ ဆက်ကြေးကောက်ဆိုသည့် လုပ်ရပ်များသည် မုံရွာကဲ့သို့နယ်တွင် မထူးဆန်းပေမယ့် ဖြစ်လေ့ဖြစ်ထမရှိသည့် အရပ်ဒေသတွင် အထူးအဆန်း ဖြစ်သွားခြင်းကြောင့် မကြုံဖူးသူများက စိုးရိမ်ခြင်းဖြစ်ဟန်တူသည်ဟု ဆိုလေသည်။ လက်ရှိလည်း မုံရွာမှမန္တလေးသို့ သွားလာသူ မည်သူမဆို လမ်းပေါ်ရောက်လျှင် ဘုရား တနေရကြောင်း သို့သော်လည်း ငရုတ်သီးပိုး ဆိုသည့်အတိုင်း ထိုအခြေအနေကို မုံရွာသားများက နေသားကျနေပြီဟု ဆိုရမလို ဖြစ်နေလေသည်။

NUG အကျဉ်းထောင်
    မုံရွာက သူငယ်ချင်းနှင့် ပြောဖြစ်မှ မကြုံဖူးမကြားဖူးသည်များကို ကြားရခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ထိုသူငယ်ချင်းသည် NGO တစ်ခုတွင် ဝန်ထမ်းလုပ်ရသောကြောင့် သူကျရာနေရာ အချို့သို့ အဖော်အဖြစ် လိုက်ပါခဲ့ဖူးသည်။ မုံရွာနှင့် မလှမ်းမကမ်းဟု ဆိုနိုင်သော်လည်း အလွန် ခေါင်သည့်ကျေးရွာများသို့ ရောက်ဖူးခဲ့သည်။ မုံရွာ ဗောဓိတစ်ထောင်ရပ် တော်မူ ရုပ်ပွားတော်မြတ်ကြီး၏ နောက်ကျောဘက်က ရွာများသည် မုံရွာနှင့် မလှမ်းမကမ်းဟု ဆိုနိုင်သော်လည်း မုံရွာနှင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲကာ အလွန်ခေါင်သည့်နေရာများ ဖြစ်သည်။ ရေရှားပါးပြီး စိုက်ပျိုးမြေဖြစ် ဖြစ်မြောက်မြောက်မရှိဘဲ ရွာသူရွာသား အများစုသည် ကျောက်တောင်များကို ထွင်းထုကာ ကျောက်ငရုတ်ဆုံ၊ သနပ်ခါးကျောက်ပြင်၊ ကျောက်ကြိတ်ဆုံစသည့် ကျောက်များကို လူသုံးကုန်ပစ္စည်း ထုလုပ်ကာ အသက်မွေးဝမ်းကျောင်းပြုသူက အများစု ဖြစ်သည်။ ထိုကဲ့သို့ ခေါင်းပါးသည့်နေရာကို မည်သူကများ ရွာအခြေ တည်ခဲ့သနည်းဟုလည်း စပ်စပ်စုစု အတွေးပေါက်မိသည်။ ထိုအခါကျမှ သူတို့သည် ဟိုယခင် အလံနီကွန်မြူနစ်များ တောခိုစဉ်  လူသူမနီးခေါင်းပါးသည့်ဒေသတွင် အခြေပြုနေရာမှ သူတို့၏ မျိုးဆက်များက လက်ဆင့် ကမ်း နေထိုင်ရင်း ရွာအဖြစ်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု သိလိုက်ရသည်။ ဆိုရလျှင် တော်လှန်မျိုးဆက်များ၏ မွေးဖွားရာနေရာဟုပင် ဆိုရမလားမသိပေ။ လက်ရှိ လမ်းပန်းဆက်သွယ်ရေး ကောင်းသည့်ခေတ်သို့ ရောက်သော်လည်း ထိုနေရာများတွင် ဗောဓိတစ်ထောင် ရပ်တော်မူ တောင် တန်းကြီး ကာရံထားသဖြင့် ယခုအချိန်ထိ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းသေးပေ။ ထိုအခြေအနေက လက်နက်ကိုင်ထားသူတို့အတွက် နေရာကောင်း ဖြစ်နေသည်ဟု သူငယ်ချင်းဖြစ်သူက ဆိုလေသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ဗောဓိတစ်ထောင်ရှိ လုံခြုံရေးအားနည်းသည့် နေရာအချို့ကို အလစ်ဝင်ရောက်တိုက်ခိုက်မှုများလည်း ရှိခဲ့ဖူးသည်။ ချောင်းဦး ငါးယှန်စသည့်နေရာက လှုပ်ရှားနေသူများလည်း ထိုဒေသသို့ အခြေပြု နေထိုင်ကြသည် ဟုဆိုလေသည်။ ယခင်က ကျောက်သားများကို ထွင်းထုပြီး ခက်ခက်ခဲခဲ လုပ်ကိုင်စားနေကြပြီး အင်္ကျီပင်မကပ် သူတို့က ယခု သေနတ်တကားကားဖြင့် လက်နက်အားကိုးနှင့် အဆင်ပြေနေကြသည်ဟု ဆိုလေသည်။ ထိုလွတ်မြောက်နယ်မြေက မည်မျှ လွတ်မြောက်နေလဲတော့ မသိပေ။ NUG ၏ အချုပ်ထောင်ပင် ဖွင့်ထားသည်ဟု ဆိုလေသည်။ ထိုကဲ့သို့ ခေါင်းပါးသည့်ရွာက ကောင်းစားနေသည်ဟုဆိုသဖြင့် သူငယ်ချင်းဖြစ်သူကို "မင့်ကူညီခဲ့တဲ့ ရွာပဲ၊ သူတို့ ကောင်းစားနေတုန်း အလည်တစ်ခေါက်လောက် ပြန်မသွားချင်ဘူးလား"ဟု ပြောရာ "အရင်ကတည်းက လူ့ခွစာတွေများတာ အခု လက်နက်တွေနဲ့ဆိုတော့ ဘာပြောကောင်းမလဲ၊ ဘာမှ ပြောမကောင်းတော့ဘူး"ဟု ဆိုလေသည်။ သူငယ်ချင်း ပြောသည်နှင့် ဆက်စပ်၍ထိုနေရာတွင် NUG အချုပ်ထောင်ရှိသည်ဆိုမှ သည်ရက်ပိုင်းတွင် NUG အကျဉ်းထောင်က လွတ်ငြိမ်းနှင့်လွတ်လာသူတို့အကြောင်း စာတစ်ပုဒ် ဖတ်လိုက်ရသည်။

NUG အကျဉ်းထောင်မှ ငရဲခန်းအချို့
    သူငယ်ချင်းပြောသည့် အကြောင်းအရာနှင့် ထိုဖတ်ရသည့်စာက များစွာတိုက်ဆိုင်မှုရှိသောကြောင့် ဖောက်သည်ချပါရစေ။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က မုံရွာသို့ တာဝန်နှင့်ခရီးသွားခဲ့သည့် ညွှန်ကြားရေးမှူးတစ်ဦးနှင့် အခြားဝန်ထမ်းတစ်ဦးသည် PDF များ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်။ ယခု ၂၀၂၄ နှစ်ကုန် ၂၀၂၅ နှစ်ကူးတွင် NUG ၏ လွတ်ငြိမ်းဖြင့် လွတ်လာသည်။ ဖမ်းဆီးခံခဲ့ရသည့် အကြောင်းက CDM တွင် ပူးပေါင်းပါဝင်ခြင်း မရှိသောကြောင့် ထောင်နှစ်နှစ်ချခံရခြင်း ဖြစ်သည်။ တစ်ရက်လျှင် အသီးအရွက် အနည်းငယ်သာပါသော ထမင်းတစ်ပန်းကန် နှစ်ကြိမ်ကျွေးပြီး အဝတ်အ စားနှစ်စုံနှင့် ချုပ်ရက်နှစ်နှစ်နှင့်သုံးလ ခံခဲ့ရသည်။ ပြန်လွတ်လာချိန် လူရုပ်ပင်မပီတော့ပေ။ သူတို့နှင့်အတူ ဖမ်းဆီးချုပ်နှောင်ခံရသူများစွာရှိပြီး ပြန်ပေးဆွဲခြင်း၊ ငွေတောင်းခံခြင်း၊ ကာလရှည် ညှဉ်းဆဲချုပ်နှောင်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ မထင်လျှင်မထင်သလို သတ်ဖြတ်ခြင်းများ လုပ်ဆောင်သည်။ ထိုအချုပ်ထောင်များကို NUG က တိုက်ရိုက်ကွပ်ကဲပြီး တိုင်းပြည်အပေါ် သစ္စာရှိသောအပြစ်မဲ့ဝန်ထမ်းနှင့် အရပ်သားမိသားစု အမျိုးသမီးများ၊ ကလေးများပါ ဖမ်းဆီးချုပ်နှောင်ခံ နေရသည်။ NUG တိုက်ရိုက်ကွပ်ကဲသည့် အကျဉ်းထောင်များမှာ စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်း နတ်ချောင်းရွာတွင် တစ်ခု၊ မကွေးတိုင်း ဂန့်ဂေါနယ် နှမ်းခါးကျေးရွာမှာ တစ်ခု၊ မကွေးတိုင်း မြိုင်မြို့နယ် အရှေ့တောင်ဘက် ညောင်ပင်ကုန်း ယင်းမကျင်းရွာ ကျောက်တိုင်ရွာသုံးခုကြားက လျှော်ဖြူခြံတွင်းတွင် ထောင်အကြီးကြီးတစ်ခုရှိသည်ဟု လွတ်မြောက်လာသူနှင့် နီးစပ်သူက လူမှုကွန်ရက်တွင် ရေးသားထားလေသည်။ လူ့အခွင့်အရေးဟု အစဉ်ပြောနေသူတို့၏ အကျဉ်းထောင်ထဲက အဖြစ်အပျက်အ ချို့ပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤကဲ့သို့ လုပ်နေကြခြင်းကို အသတ်မခံရခြင်းကိုက ကံကောင်း သည်ဟု မှတ်ချက်ပြုသူများလည်း ရှိနေလေသည်။ သည်အရပ်နှင့် သည်ဇာတ်တွင် ထိုကဲ့သို့ ရှိနေကြကုန်သည်။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 163

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42921

© 2022 - 2025 News. All Rights Reserved.