လေလိုင်းအစိုးရရဲ့ လေဘေးဒုက္ခ

၂၀၂၄ စက်တင်ဘာ ၁၉
    မြန်မာနိုင်ငံက အချို့ဒေသတွေ ရေဘေးကြုံရတော့ နဂိုကတည်းက ပရဟိတစိတ်ပြင်းပြသော မြန်မာနိုင်ငံသားတွေ နေမထိထိုင်မသာ ဖြစ်ကြရသည်။ ငါတို့ နိုင်ငံသားတွေ ရေဘေးကြုံရပြီ၊ ငါတို့ ကူမှကယ်မှဆိုပြီး စုပေါင်းအလှူတွေခံပြီး ရေဘေးသင့်ဒေသတွေကို အလုံးအရင်း အကူအညီသွားကြ တာများ သာဓုအကြိမ်ကြိမ် ခေါ်မိသေးသည်။ အစိုးရကလည်း ရှိသမျှကယ်ဆယ်ရေး ပစ္စည်းတွေအကုန်ထုတ်၊ ပြည်သူတွေက အရေးကြီးတယ် ဆိုပြီး တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ၊  ပရဟိတသမားတွေ အလုံးအရင်း ရေ ဘေး ကယ်ကြတာမြင်ရတော့ ပီတိဂွမ်းဆီထိသည်။ အရေးအကြောင်းကြုံရင် တို့လူမျိုးတွေ မနေသာပါလား၊ ကယ်ကြကူကြသေးတယ်ဆိုပြီး ဝမ်း သာမိသေးသည်။ ရေဘေးကြုံရင် ဟိုးယခင်အစိုးရလက်ထက်ကဝန်ကြီး တစ်ပါး၏ ရဲရဲတောက် ပြောစကားလေးတောင် သတိရမိသေးသည်။ ဒူးခေါင်းလောက်ရေကြီးတာကို ဝန်ကြီးကိုယ်ရေအရာရှိက အသက်ကယ်အင်္ကျီလေးပေးရာ ဝန်ကြီးက "ငါအတွက်မလိုဘူး ပြည်သူတွေကိုပေးလိုက်" ဟုဆိုကာ ဒူးခေါင်းသာသာရေကြား လှေစီးကာ ရဲရဲတောက်ပြခဲ့သေးသည်။ ထိုခေတ်က နိုင်ငံ့တာဝန်ရှိသူတွေ လှေကလေးစီးပြလိုက်ရုံဖြင့် ထောက်ခံမှုက အလိုလိုရကြတာဖြစ်သည်။ 
    ယခုတစ်ကြိမ် ရေဘေးကတော့ တောင်ပေါ် မြေပြန့်မကျန် နေရာတော်တော်များများ ရေကြီးတာဖြစ်သည်။ ကမ္ဘာကျော် အင်းလေးကန်ကြီးတောင် ရေဘေးကြုံရသလို ခရီးသွားမြို့ကလေး ဖြစ်သည့် ကလောရေဘေးကလည်း စိတ်မကောင်းဖွယ်ရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေ အားတင်းထားကြဖို့လိုသည်။ အဆိုးဆုံးကို ကျော်ဖြတ်ပြီးရင် အကောင်းဆုံးတွေ ကြုံရမှာဖြစ်သည်။ ရေဘေးကယ်ဆယ်ရေးကလည်း တစ်စတစ်စ အားကောင်းလာသည်။ 'ငါတို့မှာ ငါတို့ပဲရှိတယ်' ဆိုသည့် အသံတွေက ပျောက်သွားပြီး 'ပြည်သူမှပြည်သူသို့'ဆိုသည့် အသံတွေလည်း အခုတလော တိမ်ဝင်သွား ကြသည်။ အားလုံးက ကယ်ဆယ်ရေးကို အာရုံစိုက်နေကြသည်။ ထမင်းထုပ် တတ်နိုင်သူတွေကလည်း ထမင်းထုပ်ဝေကြ၊ လူအားတတ်နိုင်သူတွေကလည်း လူအားကူကြတာ မြင်ရသည်။ဘာပဲဖြစ်ဖြစ် အရေးကြီးရင် သွေးစည်းတယ်ဆိုတာမြင်ရတော့ စိတ်ချမ်းသာရသည်။ 
    ရေဘေးအတွက်ဆိုတော့ အနုပညာရှင်တွေလည်း မနေသာတော့ဘဲ ရေဘေးအတွက် လှူကြ တန်းကြဖို့ ဦးဆောင်လာကြသည်။ အားကစားသမားတွေလည်း မနေသာတော့ချေ။ မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်းကြီး ထွန်းထွန်းမင်းကလည်း သူတန်ဖိုးထားသည့် ရွှေခါးပတ်ကြီးကို လေလံတင် ရောင်းပြီး လှူဖို့ပြင်နေသည်။ သူ့လိုပင် လက်ဝှေ့ချန်ပီယံဟောင်း ထွန်းလွင်မိုးနှင့် ညီဖြစ်သူ ဝမ်းချန်ပီယံ ရှစ်ဖိုက်တာ သန့်စင်တို့ကလည်း ချန်ပီယံခါးပတ်တွေ၊ လက်အိတ်တွေ လေလံတင်ဖို့ လုပ်နေကြသည်။ အားကစားမြတ်နိုးသူ၊ ငွေအားတတ်နိုင်သူတွေဝယ်ယူပြီး ရေဘေးကူကြမည်ဆိုတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလို ဖြစ်ကြရသည်။ မြန်မာလူမျိုးတွေက အလှူလက်နှေးကြတာ မဟုတ် ချေ။ ဟို ယခင်က ဟိုအန်တီကြီး၏ ခြံတံခါးကြီးတောင် သိန်းထောင်ချီပေးပြီး လေလံဆွဲကြသေးသည်။ ခုလည်း အားကစားသမားတွေရဲ့ ခါးပတ်လေးတွေ လေလံဆွဲကြပြီး ကူကြကယ်ကြပေဦးမည်။
    အခုတလော တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပျောက်ချက်သားကောင်းနေကြသည်။ အမေရိကားတို့၊ သြဇီတို့မှာများ ရေကြီးနေသလားဟု စိတ်ပူမိသေးသည်။ ဟိုတလောက မြို့သိမ်းပြီးကတည်းက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အုပ်စုလိုက်ပျောက်သွားကြတာဆိုတော့ စိတ်ပူမိသေးသည်။ အခုနေများ မြို့တွေထပ်သိမ်းရင် အမှိုက်တွေ တထောကြီးရမှာ သေချာသည်။ ခေါင်းဆောင်ကြီးတွေ သိမ်းချင်ရင်အမှိုက်သိမ်းလို့ရသေးသည်။ တော်လှန်ရေးခေါင်းဆောင် ဒေါက်တာကြီးကတော့ ဖေ့စ်ဘုတ်ပေါ်တက်လာပြီး ရေဘေးကြုံရင် ဆောင်ရန်ရှောင်ရန် အမေရိကားကနေစိတ်ပူပြီး တက်ရေးပေးသွားသည်။ ပြည်သူတွေ သွားရောက်ဖတ်ရှုစေလိုသည်။ အင်မတန်မှ စေတနာကြီးစွာ ရေဘေး ကြုံရင် ဘယ်လိုနေထိုင်ကြဖို့ အကြုံပြုထားတာဖြစ်သည်။ တချို့ တော်လှန်ရေးခေါင်းဆောင် ပေါက်စတွေကလည်း ရေကြီးတာ အမေ့နေရာမကြီးဘူး၊ အဘတို့နေရာပဲကြီးတာ ဟူ၍ ပြည်သူတွေကို သတင်းစကားပါးကြသေးသည်။ တချို့ကလည်း ဒါဆို ရေကွင်းမယ်တော်ကြီးပေါ့ဟု အငေါ်တူးကြ သည်။ 
    တစ်ခုခုဆိုရင် ခွက်ဆွဲထွက်လာတတ်သော တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ငြိမ်နေတာ သဘောမတွေ့လှပေ။ တော်လှန်ရေး ဦးသျှောင်ခေါင်းဆောင်မကြီးကတော့ ရေဘေးအတွက် သိန်းတစ်ထောင်လှူသည်ဟု ပြောပြန်သည်။ မည်သို့မည်ပုံ လှူသလဲတော့မသိချေ။ တိုင်းပြည်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို သိမ်းထားသည်ဟူသော တော်လှန်ရေးခေါင်းဆောင်ကြီးလည်း ဘယ်ဆီရောက်နေသလဲဟု တွေးမိသေးသည်။ သိမ်းထားတဲ့ ၇၅ ရာခိုင်နှုန်းထဲက ရေကြီးနေတဲ့ မြို့ရွာတွေများ ကယ်ဆယ်ရေးများလုပ်နေသလား စိုးရိမ်မိသည်။ ခေါင်းဆောင်ကြီးတို့ကိုယ်တိုင် ရေဘေးကယ်ဆယ် ရေးဓာတ်ပုံတွေ ဖေ့စ်ဘုတ်ကို တက်မလာတာသေးတာလည်း ဖြစ်နိုင်သည်။ တချို့ကလည်း ညောင်ဦး ကမ်းပါးပြိုတာကို စမ္ပာနဂိုလ်က နွားမကြီးပေါင်ကျိုးသလို မြန်မာ့ရေဘေးကိုကယ်ရန် မဲဆောက်မှာ အသက်ကယ်အင်္ကျီဝတ်ကာ အလှူခံဖို့ ပြင်နေကြသည်ဟု ဆိုပြန်သည်။ မဲဆောက်မှာ စစ်ဝတ်စုံတ ကားကားနဲ့ တော်လှန်ရေးခေါင်းဆောင် ပေါက်စတွေလည်း ရေဘေးကယ်ဆယ်ရေး ဝတ်စုံတွေ ဝတ်ပြီး ဓာတ်ပုံတွေ ရိုက်နေကြသည်ထင်သည်။ 
    ခေါင်းဆောင်ကြီးတွေကို အကြံပေးလိုတာက  အမေရိကားတို့၊ သြဇီတို့ပြေးစဉ်က ရန်ကုန်မှာ ခေါင်းဆောင်ကြီးတို့ အိမ်တွေကျန်ခဲ့ကြသည်။ ဒီအတိုင်းချိတ် ပိတ်ထားရမည့်အစား ခေါင်းဆောင်ကြီးတွေရဲ့ အိမ်တွေကို ရေဘေးအတွက် လေလံတင်လိုက်ရင်ငွေတွေ ဒလဟောဝင်လာနိုင်သည်။ အိမ်ပြန်မလာနိုင်မယ့်အတူတူ အမေရိကားမှာနေရင်း ရေဘေးကယ်လို့၊ ကူလို့ရမည့် နည်းလမ်းကို အကြံပေးတာဖြစ်သည်။ မြန်မာပြည်မှာ ကျန်ခဲ့သည့် ခေါင်းဆောင်ကြီးတွေရဲ့ အိမ်တွေကို မျက်စိကျနေတဲ့သူတွေ များလှသည်။ ဒါကြောင့် လေလံတင်ပြီး ရေဘေးကူလိုက်ရင် ခေါင်းဆောင်ကြီးတွေ နာမည်ရမည်။ ကိုယ့်အိမ်ကိုယ် ရောင်းလှူတာဖြစ်လို့ အလှူခံစားနေတယ်လို့လည်း အပြောမခံရတော့မှာဖြစ်သည်။ ခေါင်းဆောင်ကြီးတွေရဲ့ ရေဘေးအလှူကို မြန်မာပြည်သူ ပြည်သားတွေ သာဓု ခေါ်ချင်နေကြသည်။   ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 240

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.