ဝေရှောက်ခန်းနှင့် 'ဝ'တပ်ဖွဲ့ သို့မဟုတ် မူးယစ်ဆေးဝါးရဲ့ ဆုံမှတ်တစ်ခု

၂၀၂၄ ဧပြီ ၁

    အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ဖမ်း၀ရမ်းထုတ်ထားတဲ့ UWSA 'ဝ'တပ်ဖွဲ့က နာမည်ကျော် မူးယစ်ရာဇာ 'ဝေရှောက်ခန်း'နဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ကဏ္ဍအဖြစ် သိမ်းဆည်းဖို့ ထိုင်းနှင့် ဆွစ်ဇာလန်နိုင်ငံတို့ သဘောတူလိုက်ကြောင်း Thai Post သတင်းမှာ ဖော်ပြထားပါတယ်။ အသက်(၇၀)ကျော်အရွယ် မူးယစ်ရာဇာ ဝေရှောက်ခန်းဟာ လက်ရှိ UWSA'ဝ'တပ်ဖွဲ့ထဲမှာ ဘဏ္ဍာ/ စီးပွားရေးပိုင်း အရေးပါတဲ့သူ တစ်ဦးဖြစ်နေပြီး ၁၉၉၃ ခုနှစ်မှာ အမေရိကန်က သူ့ကို မူးယစ်ဆေးဝါးမှုနဲ့ အသေရရ အရှင်ရရ ဒေါ်လာနှစ်သန်းဆုငွေ ထုတ်ထားတယ်လို့ ၄-၃-၂၄ နေ့ထုတ် DVB သတင်းတစ်ပုဒ်မှာ တွေ့လိုက်ရပါတယ်။
    ဝေရှောက်ခန်းလို မူးယစ်ရာဇာတစ်ဦးဟာ 'ဝ'တပ်ဖွဲ့ 'ဝ'ပါတီမှာ နှစ်ပေါင်းများမှာ လွှမ်းမိုး ချုပ်ကိုင်ထားတာ အံ့သြစရာပါပဲ။ ဝေရှောက်ခန်းဟာ ဘိန်းဘုရင် ခွန်ဆာနဲ့ ခေတ်ပြိုင်ဆိုပေမယ့် ခွန်ဆာလို ထင်ထင်ပေါ်ပေါ်မနေဘူး။ အလွန်သိုသိပ်လျှို့ဝှက်တယ်။ သို့သော်လည်း ဘယ်လောက်ပဲလျှို့ ဝှက်ဖုံးဖိထားပါစေ၊ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ၊ ပုပ်ရင်ပေါ်တာပဲ မဟုတ်လား။ ဝေရှောက်ခန်းအကြောင်းနဲ့ သူလွှမ်းမိုးချုပ်ကိုင်ထားတဲ့ 'ဝ'ပါတီ 'ဝ'တပ်ဖွဲ့အကြောင်း တစေ့တစောင်း ကို ဆရာတင်ညွန့်ရဲ့ 'မြန်မာသူဌေးကြီးများ နောက်ကွယ်က ဖြစ်ရပ်မှန်များနှင့် 'ဝ'ဒေသအတွင်းရေး' စာအုပ်မှာ ဖတ်မှတ်ခဲ့ရပါတယ်။ ဒီစာအုပ်ကို အဖြူရောင်စာပေက ထုတ်ဝေဖြန့်ချိခဲ့တာဖြစ်ပြီး ပုံနှိပ်ထုတ် ဝေတဲ့ အချိန်ကာလကို ဖော်ပြထားခြင်းမရှိပါ။ စာရေးသူရဲ့ အမှာစကားမှာတော့ ၂၀၁၅ နိုဝင်ဘာလလောက်ကစပြီး The Voice Daily သတင်းစာမှာ 'ကျော်ဗလ'ဆိုတဲ့ ကလောင်ခွဲနဲ့ရေးခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်တာလို့ ဆိုပါတယ်။
    ဒီစာအုပ်မှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက 'ဝ'ဒေသအတွင်းရေးများ ဖြစ်ပြီး ဒုတိယပိုင်းကတော့ မြန်မာသူဌေးကြီးများ ဖြစ်ပါတယ်။ မြန်မာသူဌေးကြီးများအကြောင်းကတော့ ဒီဆောင်းပါး နဲ့မသက်ဆိုင်လို့ ချန်လှပ်ခဲ့ပါမယ်။ ဒီစာအုပ်ရဲ့ ကိုးကားစာအုပ်များကို အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့စာအုပ်နဲ့ သတင်းစာ ၁၀ ခုခန့် ပြထားပေမယ့် ဆောင်းပါးတစ်ပုဒ်ချင်းစီမှာ ဘယ်အချက်အလက်ကို ဘယ်စာအုပ်က ရပါတယ်ဆိုတဲ့ ရည်ညွှန်းချက်မပါဘူး။ စာအုပ်ပါ အချက်အလက်များရဲ့ Source (အရင်းအမြစ်)ကို ဆောင်းပါးတစ်ပုဒ်ချင်းစီမှာ တိတိကျကျ ညွှန်ဆိုထားခြင်းမရှိတာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်စေ 'ဝ'တပ်ဖွဲ့နဲ့ ဝေရှောက်ခန်းတု့ိရဲ့ မူးယစ်ဆေးဝါးလမ်းကြောင်းကို ဒီစာအုပ်က တစေ့တစောင်း ဖော်ပြထားတယ်လို့ ဆိုနိုင်ပါတယ်။
    ဗကပတို့ရဲ့ ဌာနချုပ်ဖြစ်ခဲ့တဲ့ 'ပန်ဆန်း'ဟာ 'ဝ'တပ်ဖွဲ့ရဲ့ ချုပ်ကိုင်မှုအောက်မှာ နိုက်ကလပ်တွေ၊ ကာရာအိုကေအခန်းတွေ၊ လိင်အရောင်းအဝယ်လုပ်ငန်းတွေ၊ ကာစီနိုလောင်းကစားဝိုင်းကြီးတွေနဲ့ အများကြီးပြောင်းလဲသွားခဲ့ပေပြီ။ UWSA'ဝ'တပ်ဖွဲ့ ပိုင်ရင်ယောင်း ကုမ္ပဏီကဖွင့်တဲ့ ကာစီနိုလောင်း ကစားဝိုင်းကြီးအပါအဝင် တွေ့မြင်နေသမျှ အရာရာဟာ (မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနှင့် ပတ်သက်နေသည်ကို မငြင်းနိုင်ပေ)လို့ ဖော်ပြထားပါတယ်။
    'မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဘိန်းချက်စက်ရုံများ ထူထောင်ပြီး လူချမ်းသာပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းမှာလည်း အမှန်တရားသာဖြစ်သည်။ ၁၉၇၀ ပြည့်အစောပိုင်းလောက်က တည်းက တရုတ်ဘိန်းဈေးကွက်သည် ထိုင်းနိုင်ငံနယ်စပ်ဒေသများမှတစ်ဆင့် ယူနန်ကိုဖြတ်ကာ စီး ဆင်းနေသည်။ ၁၉၉၀ ပြည့် နှစ်အစောပိုင်းတွင် မြောက်ပိုင်းဒေသများရှိ ဘိန်းချက်စက်ရုံများ တစ်စခန်း ထလာပြန်သည်။ ထိုအချိန်ကစပြီး မက်သာဖက်တမင်းဆေးများကို ထုတ်လုပ်လာကြသည်။ ထိုမှတစ်ဆင့်တက်လာပြီး UWSA 'ဝ'တပ်များသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း လက်နက်စက်ရုံ များကို တည်ဆောက်ပြီး လက်နက်များ ထုတ်လုပ်လာကြကြောင်း တွေ့ရသည်။ အာသံနှင့် မဏိပူရ သူပုန်များကို လက်နက်များ ရောင်းချခြင်းဖြင့် ဝင်ငွေရှာကြပြန်သည်။ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ပြီးနောက် လက်နက်များထုတ်ကာ မြောက်ပိုင်းကတစ်ဆင့် အိန္ဒိယအရှေ့မြောက်ပိုင်း အိန္ဒိယ နိုင်ငံအတွင်းသို့ လက်နက်များ ခိုးသွင်းနေခြင်းဖြစ်သည်။' (စာ-၂၁)
    'ဝ'တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးယူပြီး စစ်အင်အားကို အဆမတန် တိုးချဲ့ခဲ့တယ်။ ဒီလို တိုးချဲ့နိုင်ဖို့ မူးယစ် ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းတွေ အကြီးအကျယ်လုပ်ခဲ့ရတယ်။ တစ်နည်းအားဖြင့် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 'ဝ'တပ်ဖွဲ့နဲ့အတူ ဗကပကို ပုန်ကန်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)ဟာလည်း ရှေးယခင်ကတည်းက မူးယစ်ဆေးများထုတ်လုပ်ပြီး အရှေ့တောင်အာရှဒေသအတွင်းသို့ ဖြန့်ဖြူးခဲ့ ကြတယ်လို့ ဆိုပါတယ်။ (စာ-၃၆)
    ပြီးတော့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်(NDAA-မိုင်းလားအဖွဲ့)ဟာလည်း ကျိုင်းတုံ မြောက်ပိုင်း မိုင်းလားဒေသမှာ အခြေစိုက်ထားပြီး 'သူတို့စိုးမိုး အုပ်ချုပ်ထားသည့် မိုင်းလားမြို့ တစ်ဝိုက်တွင် လူဦးရေ နည်းပါးသော်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အလွန်ထွန်းကားသောဒေသ'လို့ ဖော်ပြထားပါတယ်။ (စာ-၃၇)
    NDAA မိုင်းလားအဖွဲ့ကို ဦးဆောင်သူတွေက လင်းမင်းကျန်(ဦးစိုင်းလင်း)နဲ့ ဇန်ဇီမင်းတို့ဖြစ်ပြီး တိုင်းရင်းသားတွေမဟုတ်ဘဲ ယူနန်နယ်တပ်နီတော် အဖွဲ့ဟောင်းတွေ ဖြစ်ပါတယ်။ 'လင်းမင်း ကျန်သည် ကိုးကန့်ဘိန်းရာဇာ ဖုန်ကျားရှင်၏သမီးနှင့် လက်ထပ်ပြီး အဖွဲ့နှစ်ဖွဲ့ပေါင်းစည်းကာ အင်အားလည်း ပိုပြီးတောင့်တင်း ခိုင်မာသွားခဲ့သည်'လို့ ဆိုပါတယ်။ (စာ-၃၇)
    ဘယ်သူတွေ ဘယ်လောက် အင်အားကြီးကြီး၊ သူတို့အထက်မှာ ရှိနေတာကတော့ 'ဝေရှောက်ခန်း' (ဝေရှုကျန်လို့လည်းရေးတယ်)ဖြစ်ပါတယ်။ သူဟာ ဗကပဌာနချုပ် ပန်ဆန်းရဲ့ အနောက်ဘက် ၆ ကီလိုမီတာသာ ဝေးတဲ့ ]နားလော့}ဆိုတဲ့ ရွာကလေးမှာ စံအိမ်တော်ကြီး ဆောက်ပြီး ခမ်းခမ်းနားနား နေထိုင်သူဖြစ်တပါတယ်။
    'ထိုအိမ်တော်ကြီးကို တူးမြောင်းများမြေ အောက်တိုက်ခန်းများ၊ ဗုံးခိုကျင်းများနှင့် ထပ်မံဖြည့် စွက်တည်ဆောက်ပြန်ရာ ၂၀၀၈ ခုနှစ်ကုန်ခါနီးမှ ပြီးစီးခဲ့သည်။ စံအိမ်တော်ကြီး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာသန်း ၃၀ နီးပါးခန့် ဖြစ်သည်။ စံအိမ်တော် ကြီးပတ်လည်ကို ကွန်ကရစ်တံတိုင်းများ ခတ်ထားပြီး ပင်မအဆောက်အအုံကြီး အနောက်ဘက်ရှိ တောင်ကုန်းထက်တွင် လက်နက်ကိုင်စစ်သား ၁၅၀ မှ ၂၀၀ ခန့်အထိ နေနိုင်သည့် စစ်တန်းလျားကြီးတစ်ခု ဆောက်လုပ်ထားသည်။ သူသည် အလွန်ချမ်းသာသောကြောင့်သာ ဤမျှ ခမ်းနားထည်ဝါကြီးကျယ်စွာ နေနိုင်ခြင်းဖြစ်သော်လည်း ပျော်ရွှင်သူတစ်ဦးတော့ မဟုတ်ရှာပေ။ အဘယ်ကြောင့်ဆိုသော် သူ့ကို အမေရိကန်ပြည်ထောင်စု ကရော၊ ထိုင်းနိုင်ငံ မူးယစ်အဖွဲ့ကပါ အလိုရှိသူစာရင်းတွင် ထုတ်ပြန်ထားသောကြောင့်ဖြစ်သည်။ အမေရိကန်တို့က သူ့ ခေါင်းကိုယူလာပေးလျှင် ဆုငွေဒေါ်လာနှစ်သန်းပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ထိုင်းနိုင်ငံအစိုးရကလည်း သူ့မျက်ကွယ်တွင် သေဒဏ်ချမှတ်ပြီးသားဖြစ်သည်။'
    'သူကား မူးယစ်ရာဇာ ဝေရှောက်ခန်းဖြစ်ပြီး ရွှေတြိဂံဒေသတွင် မက်သာဖက်တမင်း ဆေးပြားများကို အများဆုံး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသူဖြစ်သည်။ 'ဝ'ပြည်နယ် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA)ကိုလည်း ငွေကြေးထောက်ပံ့ကာ ထိန်းချုပ်ကြိုးကိုင်နေသူ ဖြစ်သည်။ သူ့အကြောင်းကို သိသူအလွန်နည်းသည်။ ခွန်ဆာလို လူကြားသူကြား သိပ်မထွက်သောကြောင့် သူ့ကို အမြင်အတွေ့ နည်းကြသည်။ ဝေရှုကျန်(ဝေရှောက်ခန်း)သည် နိုင်ငံခြားသတင်းသမားများ၊ စာရေးသူများကို အတွေ့လည်းမခံ၊ အင်တာဗျူးခွင့်လည်းမပေးပေ။ နိုင်ငံတကာတွင် သူနှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်း ကလည်း နှစ်ပုံလောက်သာရှိသည်။' (စာ-၄၈)
    'တစ်ပုံမှာ ၁၉၈၀ နှစ်ပိုင်းလောက်က ထိုင်းနိုင်ငံတွင် ရိုက်ကူးထားသောပုံဖြစ်ပြီး နောက်တစ်ပုံမှာ ၁၉၈၈ နိုဝင်ဘာလတွင် အဖမ်းခံရပြီးနောက် အရိုက်ခံထားသည့် ဓာတ်ပုံဖြစ်သည်။ သူ့ကို ဘိန်းဖြူ ၆၇၀ ကီ လိုဂရမ် ဖမ်းဆီးရမိမှုနှင့် ပတ်သက်သည်ဆိုကာ သေဒဏ်ချလိုက်ကြသည်။ သို့သော် အာမခံနှင့် ပြန်လွတ် လာသည်။ ထိုင်းတရားရုံးက ထူးဆန်းစွာနှင့် ပြန်လွှတ် ပေးလိုက်ခြင်းဖြစ်သည်။ သူကလည်း လွတ်သည်နှင့် မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည်ထွက်ပြေးလာခဲ့သည်။' (စာ-၄၉)
    သူ့ကို လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေကြား ပွတ်လောရိုက်သွားခဲ့ပါသည်။ ၁၉၉၀ မှာ သူ့အမှုကို ထပ်စစ်ပြီး သေဒဏ်ချမှတ်ပြန်ပါတယ်။ ဝေရှောက်ခန်းဟာ 'ပရာ ဆစ်ချန်ချိုင်း'အမည်နဲ့ ထိုင်းနိုင်ငံသားခံယူထားရာ ထိုင်းပြည်ထဲရေးက သူ့ကို နိုင်ငံသား အဖြစ်က ရုပ်သိမ်းခဲ့ပါတယ်။ ထိုင်းမှတ်ပုံတင် မှာ သူ့မွေးသက္ကရာဇ် ၁၉၅၂ ဖြစ်ပေမယ့် မွေးခုနစ်အမှန် မှာ ၁၉၄၆ ဖြစ်ပြီး ယူနန်မှာ မွေးဖွားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အဖေ 'ဝေဇန်း'ဟာ ဘိန်းစိုက်တောင်သူ တစ်ဦးဖြစ်ပြီး ကူမင်တန် တရုတ်စစ်တပ်မှာလည်းတာ ဝန်ထမ်းဆောင်ဖူးပါတယ်။ ဝေဇန်းတို့ မိသားစုဟာ ရှမ်းပြည်နယ်ထဲ ဝင်ရောက်လာပြီး 'ဝ'ဒေသ ဗင်းငုံ(ဗင်းငင်း) တစ်ဝိုက်မှာ ခိုလှုံ့နေထိုင်ခဲ့ကြပါတယ်။ ဝေဇန်းရဲ့သား သုံးယောက်က ဝေရှောက်ခန်း၊ ဝေရှုလုံ၊ ဝေရှုယင်တို့ဖြစ်ပြီး ဗင်းငုံတွင်ကြီးပြင်း လာခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တရုတ်စကားအပြင် 'ဝ'နှင့် ရှမ်းစကားများလည်း ပြောနိုင်ကြတယ်လို့ ဆိုပါတယ်။
    ဝေရှောက်ခန်းတို့ ညီနောင်သုံးဖော်ဟာ တရုတ်ဖြူ ကူမင်တန်တပ်တွေနဲ့ အဆက်အသွယ်ရခဲ့ပြီး အင်အားကြီးထွားအောင် လုပ်ဆောင်လာခဲ့ကြပါတယ်။ ဗကပတွေသိမ်းပိုက်ထားတဲ့ ဗင်းငုံဒေသကို 'ဝ'ကာကွယ် ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာ ထိုင်းနယ်စပ်အထိ လမ်းပွင့်သွားချိန်မှာ ဝေရှောက်ခန်းတို့အတွက် ရတနာပုံဆိုက်သွားခဲ့ပါတယ်။
    'ထိုင်းနယ်စပ်တစ်လျှောက် သူတို့၏ မူးယစ်အင်ပါယာကြီးကို လွတ်လပ်စွာ ထူထောင်ခွင့်ရသွားခြင်း ဖြစ်သည်။ ယခင်က ခွန်ဆာ၏ မျက်နှာကြည့်နေရာမှ ခွန်ဆာကို မျက်ကွယ်ပြုပြီး UWSA 'ဝ' တပ်များနှင့် ၁၉၈၉ တွင် ပူးပေါင်းလိုက်ကြတော့သည်။ ဝေညီနောင်တို့သည် UWSA ('ဝ'တပ်ဖွဲ့)နှင့် ပူးပေါင်းပြီး ဘိန်းကုန်သွယ်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာကြသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ဝရမ်းပြေးဘိန်းရာဇာ ဘန်ရွှန်း(ဆူရာချိုင်ငသုန်ဖူး)နှင့်လည်း ပူးပေါင်းမိသွားသည်။ ငွေကြေးအရရော အစုအဖွဲ့အင်အားအရပါ တောင့်တင်း လာပြီဖြစ်သောကြောင့် အရေးပါသော သူများဘဝသို့ နေ့ချင်းညချင်း ရောက်သွားခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် ဝေရှောက်ခန်းသည် ညီအစ်ကိုသုံးယောက်အနက် တန်ခိုးအင်အား အကြီးဆုံးဖြစ်လာခဲ့သည်။ နောက်ပိုင်းထိုင်း နယ်စပ်အနီး အမှတ် (၁၇၁) စစ်ဒေသ ကြီးတွင် တပ်မှူးကြီးဟူ၍ ဖြစ်လာခဲ့ပြန်သည်။' (စာ-၅၀)
    'မြောက်ပိုင်းရှိ ယခင်ဗကပဟောင်း 'ဝ'များနှင့် တောင်ပိုင်းရှိ ကွန်မြူနစ်မဟုတ်သော 'ဝ'များ ပူး ပေါင်းလိုက်နိုင်ခြင်းသည် UWSA'ဝ'တပ်ကို တန်ခိုးအာဏာကြီးထွားစေခဲ့ရုံသာမက ထိုင်းနိုင်ငံဘက်သို့ လမ်းပွင့်သွားစေရန် စီမံလိုက်သလိုဖြစ်သွားသည်။ 'ဝ'တပ်ဖွဲ့နှစ်ခုကို ပူးပေါင်းစေရန် ကြံဆောင်အား ထုတ်သွားသူမှာ ဝေရှောက်ခန်းဖြစ်သည်။ သို့သော် သူသည် ယခင်ကူမင်တန်တို့နှင့် ပူးပေါင်းခဲ့ဖူး သည့်အပြင် ၁၉၈၀ လောက်က ဗကပတို့နှင့်လည်း လုပ်ငန်းများ အတူတူလုပ်ဆောင်ခဲ့ဖူးသည်။ ဗကပတို့သည် ဘိန်းစိုက်ခင်းများကို ထိန်းချုပ် ထားပြီး ထွက်သမျှဘိန်းကို ဝေရှောက်ခန်းအား ရောင်း ချပေးခဲ့သည်။ သူက ထိုင်းနယ်စပ်တစ်လျှောက်တွင် ဘိန်းသန့်စင်စက်ရုံများထောင်ပြီး ဘိန်းဖြူ ချက်လုပ်ခဲ့သည်။' (စာ-၅၁)
    'ဝေရှောက်ခန်းသည် မိုင်းယွန်းအနီးတွင် တောင်ပိုင်းစစ်ဌာနချုပ်ဟူ၍ ထူထောင်လိုက်သည်။ ဤနေရာသည် ယခင်က ခွန်ဆာ၏ MTA (Mong Tai Army) အမာခံနယ်မြေဒေသဖြစ်ခဲ့သည်။ ခွန်ဆာသည် ၁၉၉၆ တွင် လက်နက်ချသွားပြီးနောက် MTA ဒေသကို UWSA ('ဝ'တပ်များ)က ပြန်လည်သိမ်းပိုက်ခဲ့ပြီး ရှမ်းဒုက္ခသည်များသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ 'ဝ'နယ်စပ်တစ်လျှောက်ကို 'ဝ'တို့ ဆက်လက်အုပ်ချုပ်ခွင့် ရသွားခဲ့ခြင်းဖြစ်သည်။ နယ်စပ်ဒေသစစ်ရေးအရ အရေးပါသည့် နေရာများကို UWSA ('ဝ'တပ်ဖွဲ့)စိုးမိုးခွင့် ရရှိသွားခြင်းသည် ဝေရှောက်ခန်းတို့ကို ကုန်စည်မျိုးစုံတင်ပို့ ရောင်းချနိုင်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖွင့် လှစ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ တောင်ပိုင်းတွင် 'ဝ'တို့၏ အခြေစိုက်စခန်းကြီးများ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ခင်က အိပ်မက်ပင် မမက်ဖူး လောက်သည့်ဒေသတစ်ခုသည် 'ဝ'တို့လက်ထဲရောက်မှ နေ့ချင်းညချင်း နတ်ဘုံနတ်နန်းများအသွင် ပြောင်းလဲသွားခဲ့ရလေတော့သည်။' (စာ-၅၂)
    'UWSA ('ဝ'တပ်ဖွဲ့)သည် ထိုနယ်မြေကို ထိန်းချုပ်စိုးမိုးထားနိုင်မှ ထိုင်းနိုင်ငံကတစ်ဆင့် သူတို့ တပ်အတွက် အထောက်အပံ့ပစ္စည်းများကို ဝယ်ယူနိုင်မည်။ သူတို့ထုတ်သော မူးယစ်ဆေးဝါးများကို ပြန်လည်ပြီး လွတ်လပ်စွာ ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။ ဝေရှောက်ခန်းနှင့် အခြား UWSA ('ဝ'တပ်ဖွဲ့)မှ ခေါင်းဆောင်များသည် ထိုင်းနိုင်ငံဈေးကွက်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ရခြင်းက အကျိုးစီးပွားပိုပြီး ဖြစ်စေရုံမက သူတို့တပ်ဖွဲ့ကိုလည်း တိုးချဲ့နိုင်သလို ထိုဒေသကြီးတစ်ခုလုံးကိုလည်း သူတို့စိုးမိုးမှု အောက်သို့ ရောက်သွားစေရန် ကြံဆောင်ခဲ့ကြ ခြင်းသာဖြစ်သည်။' (စာ-၅၃)
    ရှမ်းမြောက်မှ ရှမ်းတောင်သို့ 'ဝ'တပ်ဖွဲ့တွေ ရောက်လာတာနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ဘိန်း သန့်စင် စက်ရုံပေါင်း ၅၀ ခန့်ပေါ်ထွက်လာတယ်လို့ ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီ သတင်းဌာနသို့ ပြောခဲ့ဖူးပါတယ်။ အဲဒီစက်ရုံတွေက တစ်ရုံလျှင် ယာဘဆေးပြားတစ်သိန်း ထုတ်လုပ်နေရာ တစ်နေ့လျှင် ယာဘ ဆေးပြားပေါင်း သိန်းငါးဆယ်ခန့် ရှိနေပါတယ်။ 'ဝ'ဒေသက ဝင်ရောက်လာတဲ့ ယာဘဆေးပြားပေါင်း သန်းလေးဆယ်ကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ဝေရှောက်ခန်းဟာ ဘိန်းဖြူအစား မက်သာဖက်တမင်းဆေး ပြားတွေကို ပြောင်းလဲထုတ်လုပ်ခဲ့ပြီး နိုင်ငံတကာဈေး ကွက်ထဲရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဆေးပြားတွေက ဘိန်းဖြူထက် သုံးစွဲရပိုလွယ်ကူတဲ့အတွက် အထူးပင် တွင်ကျယ်လာခဲ့တယ် ဆိုပါတယ်။
    ၂၀၀၂ ခုနှစ်မှာတော့ ဝေရှောက်ခန်းဟာ ပန်ဆန်းအနီးက နားဖော့စံအိမ်တော်ကြီးကနေ အဝေးထိန်းစနစ်နဲ့ ချုပ်ကိုင်လာခဲ့တယ်လို့ သိရပါတယ်။ 'ဝ'တောင် ပိုင်းစစ်ဒေသ (၁၇၁)လည်း သူ့ထိန်းချုပ်မှု အောက်မှာ ရှိလာခဲ့ပါတယ်။ ခွန်ဆာလိုပဲ ပြိုင်ဘက်တွေကိုလည်း ရှင်းလင်းသုတ်သင်ပစ်လေ့ရှိပါတယ်။ 'ဝ'တပ်ဖွဲ့ထဲက စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းပေါင်ခေါ် အိုက်ပေါင်းစင်းကို ချင်းမိုင်မြို့ ဟိုတယ်ကြီး တစ်ခုရှေ့မှာ ဆိုင်ကယ် စီးလာသူတစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။ ဝေရှောက်ခန်းက ကြေးစားလူသတ်သမားကိုငှားပြီး သတ်လိုက်တာလို့ ထိုင်းထောက်လှမ်းရေးက ယူဆပါတယ်။ ဝေညီ နောင်သုံးဖော်ထဲမှာ ဝေရှောက်ခန်းသာ ချွန်ထွက်လာပြီး ကျန်တဲ့ညီဖြစ်သူ ဝေရှုယင်ရော၊ အစ်ကိုဖြစ်သူ ဝေရှုလုံရော မှေးမှိန်နေခဲ့ပါတယ်။ ဝေရှုလုံဆိုရင် UWSA စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်လာခဲ့သူ ဖြစ်ပေမယ့် ဝေရှောက်ခန်းလောက် သြဇာမကြီးပါဘူး။
    '၂၀၀၆ ဇူလိုင် ၄ ရက် အမေရိကန်ပြည် ထောင်စု လွတ်လပ်ရေးနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင်နေ့တွင် ဝေရှောက်ခန်းကို UWSP ရဲ့ ပေါလစ်ဗျူရိုအဖွဲ့ဝင် အဖြစ်သာမက ဘဏ္ဍာရေးအကြီးအကဲရာထူးကို ပါ ခန့်အပ်ခဲ့သည်။ ထိုရာထူးကို သူသည် UWSP/UWSA အကြီးအကဲပေါက်ယုကျန်း၏ ညီငယ်ပေါက်ယု လင်းထံမှ လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။ ပေါက်ယုလင်းသည် UWSA ('ဝ'တပ်ဖွဲ့)တွင် ရာထူးယူထား သော်လည်း ကောင်းစွာ စီမံအုပ်ချုပ်နိုင်သူတစ်ဦးတော့ မဟုတ်ပေ။' (စာ-၅၇)
    ပေါက်ယုလင်းဟာ သူပိုင်ကုမ္ပဏီတစ်ခု ထူထောင်ထားပြီး ကုမ္ပဏီအလုပ်ကို ပိုစိတ်ဝင်စားသူလို့ ဆိုပါတယ်။ ဝေရှောက်ခန်းဟာ 'ဝ'တပ်ဖွဲ့နဲ့ မူးယစ်ဆေး ဝါးလောကမှာ သြဇာအရှိန်အဝါကြီးမားနေပေမယ့် ထင်ထင်ပေါ်ပေါ်မနေ၊ အန္တရာယ်ကို ရှောင်သောအားဖြင့် သိုသိုသိပ်သိပ်နေလေ့ရှိသူ ဖြစ်ပါတယ်။ 'ဝ'ပါတီမှာ နိုင်ငံရေးဦးဆောင် ပေါလစ်ဗျူရိုဖြစ်ပေမယ့် 'နိုင်ငံရေးဆိုတာ အရူးတွေအတွက်ပါ'လို့ ပြောဖူးတယ်ဆိုပါတယ်။ နိုင်ငံရေးဟာ သူ့အတွက် မျက်နှာဖုံးတစ်ခုသာဖြစ်ပြီး အနှစ်သာရကတော့ စီးပွားရေး၊ မူးယစ်ဆေးဝါးရောင်း ဝယ်ရေးသာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
    'သူသည် အစားအသောက်များကို ကိုယ်တိုင် ချက်တတ်ကြောင်း၊ သူ့ကို အဆိပ်ခတ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်ချက်ခြင်းဖြစ်ကြောင်း ပြောကြသည်။ သူသည် နေထိုင်ရာ အဆောက်အ အုံမှအပြင်သို့ ထွက်လျှင်လည်း သူ့အနီးတွင် အစောင့်အရှောက်များ အဖြစ် ကိုယ်ပိုင်တပ်ကို လူတစ်ရာ လောက်အထိ ခေါ်လာတတ်သည်။ ခရီးတစ်ခုထွက်လျှင် လမ်းခရီး၌ကားကို တစ်စီးပြီးတစ်စီး ပြောင်းစီး တတ်သည်။ သူက သူ့နောက်သို့ အမေရိကန်ထောက်လှမ်းရေး မောင်းသူမဲ့ ဒရုန်းယာဉ်များ လိုက်နေမည်ဟု ယူဆသောကြောင့် ခြေရာဖျောက်မှုအမျိုးမျိုးကို ပြုလုပ်ခြင်းဖြစ်သည်။ ဝေရှောက်ခန်းသည် တောင်ကုန်းထက်တွင် တည်ဆောက်ထားသော သူပိုင်သည့် ရဲတိုက်လို အဆောက်အအုံကြီး ထဲတွင် နေထိုင်သည်ကများသည်။ အပေါ်အင်္ကျီကြီး တစ်ထည်ကို လည်ပင်းအထိ ဇစ်ဆွဲကာ အမြဲဝတ်ထား တတ်သည်။ သူ့ကိုယ်ပေါ်တွင် ကျည်ခံအင်္ကျီဝတ်ထားသည်ကို လူသိမခံလိုသောကြောင့် ဖြစ်သည်။  ဘီလီယံနှင့်ချီပြီး ချမ်းသာကြွယ်ဝနေသူတစ်ဦး ဖြစ်သော်လည်း ပျော်ရွှင်သည့်ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးတော့မဟုတ်ပေ။ ဝေညီအစ်ကိုများသည် 'ဝ'တောင်တန်းဒေသများတွင် ကြီးပြင်း လာသူများဖြစ်သည် ဆိုသော်လည်း သူတို့သည် တရုတ်လူမျိုးများဖြစ်ကြသည်။' (စာ-၅၈)
    ဗကပ ပြိုကွဲကျဆုံးသွားပြီးတဲ့နောက်မှာ ဝေညီအစ်ကိုများနဲ့ 'ဝ'တပ်ဖွဲ့က ပေါက်ယုကျန်းတို့ ညီအစ်ကိုများကြားမှာ ပိုပြီး ချိတ်ဆက်လာနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ ...
    'ပေါက်ယုကျန်းတို့ ညီအစ်ကိုများက ဝေရှောက်ခန်းလို နိုင်ငံရေးဆိုသည်မှာ အရူးများအ တွက်ဆိုသည့် သဘောတရားကို လက်ခံသူများ မဟုတ်ကြပေ။ ပေါက်ယုကျန်းတို့သည် မူးယစ်ဆေး ဝါးနှင့်ပင် ချမ်းသာလာသူများဖြစ်ကြသည်။ သို့သော် သူတို့သည် ဤဒေသအတွင်းရှိ ပြည်သူများကို သူတို့သည် ဂုဏ်သိက္ခာရှိသူ များဖြစ်ကြောင်း ပုံဖော်နိုင်ရန် ကြိုးစားနေသူများဖြစ်သည်။' (စာ-၅၉)
    'ဝ'ပါတီ၊ 'ဝ'တပ်ဖွဲ့ထူထောင်ပြီး နိုင်ငံရေး အလံထူထားတာကတော့ သူတို့ရဲ့ မူးယစ်ဆေးဝါး လုပ်ငန်းကြီးကို ဖုံးကွယ်ထားတဲ့ သဘောပါပဲ။ အမေရိကန်က အသေရရ အရှင်ရရ ဆုငွေဒေါ်လာနှစ်သန်း အထုတ်ခံထားရတဲ့ မူးယစ်ရာဇာ ဝေရှောက်ခန်းနဲ့ 'ဝ'ခေါင်းဆောင် တွေဟာ အပြန်အလှန် လိုအပ်ချက်အရ ပေါင်းစည်းနေနိုင်ကြတာဖြစ်ပါတယ်။ ဝေရှောက်ခန်းနဲ့ ပေါက်ယုကျန်း ကျောက်ညီလိုင်တို့ ဦးဆောင်တဲ့ 'ဝ'တပ်ဖွဲ့ရဲ့ ဆုံမှတ်ဟာ မူးယစ်ဆေးဝါးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။( မြတ်ဘုန်းသစ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 353

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42962

© 2022 - 2025 News. All Rights Reserved.