၂၀၂၄ နိုဝင်ဘာ ၂၃
မီဒီယာအကြောင်းပြပြီး တိုင်းပြည်ကိုရောင်းစားနေတာ သိပ်တော့ အလုပ်မဟုတ်ဘူး။ Mainstream Media တွေ နိမ့်ကျလာပြီး အွန်လိုင်းမီဒီယာတွေ ခေတ်စားလာနေတဲ့အချိန်မှာ ခေတ်ရေစီးကြောင်းအရ ဖုန်းလေးတစ်လုံး၊ လက်တော့ပ်လေး တစ်လုံးလောက်ရှိတာလေးနဲ့ မီဒီယာအမည်ခံပြီး ဝါဒဖြန့်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သတင်းအမှန်ထက် သတင်းဦး (scoop) ဖြစ်တာ၊ လူစိတ်ဝင်စားစေမှာတွေကို အဓိကထား လုပ်ဆောင်နေကြတာတွေဟာလည်း လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်တစ်ခုလို့ ဆိုရမှာပါ။
မီဒီယာတွေအနေနဲ့ ဘက်မလိုက်ရဘူးလို့ ဘယ်လိုပဲပြောပြော အနည်းနဲ့အများတော့ လိုက်ကြတာပါပဲ။ မလိုက်ရဘူးလို့ မဆိုလိုပေမယ့် အကျိုးကိုတော့ မှန်ကန်စွာချိန်ဆဖို့ လိုပါလိမ့်မယ်။ အကျိုးလို့ဆိုရင် ဘယ်အကျိုးကို ဆိုလိုချင်တာလဲဆိုတော့ မိမိနိုင်ငံ၊ မိမိ လူမှုအသိုင်းအဝိုင်းရဲ့ အမျိုးသား အကျိုးစီးပွားကို အဓိကလို့ ဆိုချင်တာပါ။ အခုချိန်ထိ မြန်မာနိုင်ငံမှာ ခေတ်စား နေဆဲပဲဖြစ်တဲ့ VOA ၊ BBC တို့ကိုကြည့်လိုက်ရင် မြန်မာပြည် ဘာဖြစ်ဖြစ် စိတ်မဝင်စားဘဲ သူ့နိုင်ငံ၊ သူ့အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ထုတ်လွှင့်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေဆိုရင် တည့်တည့်ကိုမှားတဲ့ သတင်းမှားတွေ ဖြစ်နေလည်း သူ့ရဲ့မူဝါဒ အားသာမယ်ဆိုရင် ထုတ်လွှင့်နေကြတာပဲ ဖြစ်ပါတယ်။
ဒီလို သတင်းအမှားတွေ၊ ဝါဒဖြန့်သတင်းတွေဟာ သာမန်သတင်းနားထောင်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်မှုနည်းပါးတဲ့ ပြည်သူတွေ၊ လူငယ်လေးတွေအတွက် အဆိပ်ပါ။ နားထောင်ရင်း၊ ဖတ်နေရင်းနဲ့ပဲ သူတို့တွန်းပို့တဲ့ နေရာတစ်ခုဆီကို မသိမသာ ရောက်သွား ကြတာပဲဖြစ်ပါတယ်။ သတင်းမီဒီယာဟာ ပြည်သူ့အတွက်လို့ ကြွေးကြော်နေကြပေမယ့် ပြည်သူကို ခုတုံးလုပ်ပြီး အသုံးချနေကြတာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကို အခြေခံတဲ့အတွက် သတင်းသမားတိုင်း မျှတရမယ်၊ သတင်းမှန်ကိုသာ ချဉ်းကပ်ရမယ်လို့ ဘယ်လောက်ပဲဆိုဆို အနည်းနဲ့အများတော့ ဘက်လိုက် ကြတာပဲဖြစ်ပါတယ်။
စစ်ရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် မီဒီယာအားသာချက်နဲ့ ဝါဒဖြန့်မှုကလည်း ဒီဘက်ခေတ်မှာ အဓိကအရေးပါတဲ့ အခြေအနေတစ်ခုပါ။ ဘက်အနေနဲ့ ဝါဒဖြန့်ချိမှုဟာ မြန်မာတစ်နိုင်ငံတည်းမှ မဟုတ်ပါဘူး။ နိုင်ငံအချင်းချင်း အားပြိုင်ရာမှာ ဖြစ်ဖြစ်၊ နိုင်ငံတစ်ခုအတွင်းရှိ အဖွဲ့အစည်းအချင်းချင်း အားပြိုင်ရာမှာဖြစ်ဖြစ် အသုံးချနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့တစ်ဝန်း သြဇာတိက္ကမကြီးမားတဲ့ သတင်းဌာနကြီးတစ်ခုပင် ဝါဒဖြန့်ယန္တရားအဖြစ် အဝယ်ယူခံလိုက်ရတာ အထင်အရှား တွေ့လိုက်ရပါသေးတယ်။ မကြာသေးခင်ကမှ ပြီးသွားတဲ့အမေရိကန်ရွေးကောက်ပွဲမှာ CNN က ဒီမိုကရက်ဘက်ကလိုက်ပြီး ဝါဒဖြန့်ပေးတဲ့အတွက် ပြည်တွင်းကြည့်ရှုမှုနှုန်း ကျဆင်းသွားသလို အကြီး အကျယ် ဝေဖန်ခံရပြီး ပြဿနာတက်နေတာ တွေ့ကြမယ်ထင်ပါတယ်။ နဂိုကတည်းက သူ့ရဲ့ စပွန်ဆာက ဆိုးရောစ့်ပါ။ ကမ္ဘာ့မီဒီယာလောကမှာ အမေရိကန် အားသာချက်ရရှိအောင် ဆောင်ရွက်ပေးခဲ့တာ မှန်ပေမယ့် scoop တွေ၊ သတင်းထူးတွေ တင်ဆက်နိုင်ခဲ့တဲ့အတွက် မသိသာခဲ့ပေမယ့် အခုအခါမှာတော့ ဘွင်းဘွင်းကြီးပေါ်သွားပြီး ပြည်သူတွေရဲ့ကြားမှာ ဒီမိုကရက်တွေရဲ့ ဝါဒဖြန့်ယန္တရား သက်သက်အဖြစ်သာ ရှုမြင်လာနေကြပြီ ဖြစ်ပါတယ်။
ဒီလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်ဆိုတဲ့ ဒီမိုကရေစီ ဘိုးအေကြီးတောင် ဝါဒဖြန့် ယန္တရားကို ငွေကြေးနဲ့ ဖိနေသေးတာ မဖွံ့ဖြိုးသေးတဲ့ ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် အနောက်အုပ်စုက ငွေပေးပြီးခိုင်းနေတာ သိပ်မဆန်းဘူးလို့ ဆိုရမယ်။ ဆန်းတာက အမေရိ ကန်မှာရှိတဲ့ သတင်းစားသုံး သူတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းစားသုံးသူတို့ရဲ့ ရေချိန်ပဲ ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းစားသုံးသူတွေအနက် များသောအားဖြင့်ရဲ့ ရေချိန်က သတင်းတစ်ပုဒ်ကို မှန်နိုင်၊ မမှန်နိုင်နဲ့ ဖြစ်နိုင်ခြေအတိုင်းအတာ ဘယ်ရွေ့ဘယ်မျှ ရှိသလဲဆိုတာကို ချင့်ချိန်နိုင်မှု မရှိဘဲ လွှမ်းမိုးထားနိုင်တဲ့ သတင်းဌာနတွေရဲ့ တင်ဆက်မှုကို အပြည့်အဝယုံနေကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မြန်မာ့နိုင်ငံရေးမှာ ဘက်လိုက်မှုနဲ့ ရှုမြင်မှုတွေဟာ တစ်ဖက်စောင်းနင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သတင်းမီဒီယာ ကဏ္ဍလွှမ်းမိုးမှုကို ရယူထားတာက အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုပဲ ဖြစ်ပါတယ်။ လက်ဝဲလက်ယာနဲ့ China Containment ပြဿနာအပေါ်မှာ အခြေခံနေတာလည်း တွေ့ရပါတယ်။ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက် ပိုင်းကစပြီး တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးမူဝါဒကို မီဒီယာလောကမှာ ထဲထဲဝင်ဝင်အသုံးချလာကြတာပဲ ဖြစ်ပါတယ်။ အမေရိကန်က သတင်းမီဒီယာ ဝါဒဖြန့်မှုကို စစ်ဆင်ရေးဘတ်ဂျက်ကဲ့သို့ပင် Proxy မွေး အသုံးပြုခဲ့ပေမယ့် တရုတ်ဘက်က ကိုယ့်ရဲ့ ပြည်တွင်း မီဒီယာကိုသာ အားကိုးခဲ့တာ ယခုထိပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာအပိုင်းကို လေ့လာကြည့်ရင် သုံးပိုင်းတွေ့ရမှာ ဖြစ်ပါတယ်။ အစိုးရမူဝါဒကို အခြေခံတဲ့ အစိုးရပိုင်မီဒီယာ၊ တပ်မတော်နဲ့ နီးစပ်ပြီး အမျိုးသားရေးကို အခြေခံတဲ့ မီဒီယာနဲ့ အမေရိကန်နဲ့ အနောက်အုပ်စုက စပွန်ဆာပေးမွေးမြူထားတဲ့ မီဒီယာဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ အစိုးရပိုင် မီဒီယာကတော့ တက်လာတဲ့ အစိုးရရဲ့ မူဝါဒကို အခြေခံထုတ်လွှင့်လေ့ ရှိပါတယ်။
လက်ရှိအခြေအနေအရ တပ်မတော်နဲ့နီးစပ်ပြီး အမျိုးသားရေးကိုအားသန်တဲ့ မီဒီယာတွေ ကတော့ ပြည်တွင်းမှာ ကျားကန်နေကြရတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီမီဒီယာတွေက တပ်မတော်နဲ့ နီးစပ်တယ်၊ တပ်မတော်အပေါ် ထောက်ခံမှုရှိတယ်ဆိုပေမယ့် တိုင်းပြည်အတွက် ပြည်သူ လူထုအတွက် ပြောစရာရှိရင် အားမနာတမ်း ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ကြတာကိုလည်း တွေ့ရပါတယ်။ သတင်းချဉ်းကပ်ရာမှာလည်း အခြေအနေမှန်ကိုသာ ရာခိုင်နှုန်း ပိုချဉ်းကပ်တတ်ကြပါတယ်။ အနောက်အုပ်စုရဲ့ စပွန်ဆာနဲ့ရပ်တည်တဲ့ မီဒီယာတွေကတော့ လက်ရှိအချိန် ပြည်တွင်းမှာ မရှိကြပါ။ များသောအားဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေပြုကြတာ တွေ့ရပါလိမ့်မယ်။ သူတို့ကိုသူတို့ ကြွေးကြော်ထားတာက တော့ လွတ်လပ်တဲ့ မီဒီယာလို့ ဆိုကြပါတယ်။
လွတ်လပ်လား၊ မလွတ်လပ်လားတော့မသိ၊ သူတို့ ထုတ်ပြန်နေသမျှတွေဟာ အနောက်ကြိုက်တွေချည်းပဲဆိုတာ တွေ့နေရတယ်။ အထူးသဖြင့် မဇ္ဈိမ၊ ဧရာဝတီ၊ DVB ၊ မြန်မာနောင်း၊ ခေတ်သစ်စတဲ့ သတင်းဌာနတွေရဲ့ ထုတ်လွှင့်မှုတွေကို ကြည့်ရင် သတင်းကိုအခြေ ခံပြီး ဝါဒဖြန့်နေကြတာကို တွေ့ရပါလိမ့်မယ်။ တချို့သတင်းစားသုံးသူတွေကလည်း ပုလင်းတူဘူးစို့ ထောက်ခံ လက်ခုပ်တီးပေး ကြတာကလည်း အတော်စိတ်ပျက်စရာလို့ ဆိုချင်တယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပေမယ့် တိုင်းပြည်အတွက်တော့ အများကြီး နစ်နာပါတယ်။
နစကဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးမှာ ဧရာဝတီသတင်းဌာနက အယ်ဒီတာစကားဝိုင်းအဖြစ် တရုတ်အားကိုး ပုဆိန်ရိုးဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ခဲ့တာတွေ့ရပါတယ်။ ပညာရှင်တွေ၊ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးနားလည် ကျွမ်းကျင်သူတွေကို ခေါ်ယူဆွေးနွေးတာမျိုး မဟုတ်ဘဲ သူတို့ သတင်းဌာနက မြန်မာသတင်းအယ်ဒီတာနဲ့ အဲ့ဒီသတင်းဌာနထူထောင်တဲ့ အယ်ဒီတာချုပ်တို့နှစ်ဦးဆွေးနွေးတာ တွေ့ရတော့ သေချာပေါက် တစ်ဖက်စောင်းနင်း ဝေဖန်ပုတ်ခတ်ပြောတော့မယ်ဆိုတာ သတိထားမိပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ သတင်းအယ်ဒီတာချုပ်တစ်ယောက် ဖြစ်ရဲ့သားနဲ့ အဲဒီလောက် တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင် ရေးဝါဒကို လူပြိန်းကြိုက် ကိုယ်တိုင်ဝေဖန် ပုတ်ခတ်တာ တွေ့ရတော့ အမှန်အတိုင်း ပြောရရင် အတော်အထင်သေးမိတယ်။
သူ့သတင်းဌာနက တင်တာတွေ ပြန်ရှာဖတ်ကြည့်တော့ အနောက်အုပ်စုအလိုကျ ဆောင်ရွက်နေတာ၊ တစ်ဖက်ကကြည့်ရင် NUG နဲ့ လက်နက်ကိုင်အုပ် စုတွေဘက်ကို ပင်းနေတာတွေ တွေ့လာရတယ်။ ဒီလူဘာလို့ ဒီလိုလုပ်တာလဲဆိုတာကို လေ့လာကြည့်တော့..၊ လားလား.. ဒီအယ်ဒီတာချုပ်ဆိုတဲ့သူက ငွေရရင် ဘာမဆိုလုပ်တဲ့သူဆိုတာ တွေ့လာရတယ်။ မြန်မာနိုင်ငံရဲ့ သတင်းသမားတွေ၊ သတင်းသမား ဖြစ်လိုသူတွေကို အဓိ က ပံ့ပိုးပေးနေတာက US AID ပါ။ ဧရာဝတီသတင်းဌာနကိုစတင် ထူထောင်တုန်းက ပေးတဲ့ စပွန်ဆာကလည်း ဒီအဖွဲ့အစည်းပါပဲ။ US AID က တစ်ကိုယ်တော် သတင်းသမား လုပ်ချင်တာပဲဖြစ်ဖြစ်၊ သတင်းဌာနထူ ထောင်ချင်တာပဲဖြစ်ဖြစ် စပွန်ဆာ ပေးပါတယ်။ ပြီးရင်တော့ လှုပ်လို့မရတော့ဘဲ သူ့အလိုကျ ဖြစ်စေတာပါ။ လှုပ်လို့မရတဲ့နည်းတွေက ပညာလည်းပေးတယ်။ လုပ်ငန်းလည်း ထူထောင်ပေးတယ်။ ထူထောင်ပေးထားတဲ့ လုပ်ငန်းရပ်ဆိုင်းမသွားဖို့ ထပ်မံလည်း ပံ့ပိုးကူညီပေးတယ်။ ဒါကြောင့်လည်း သူ့အလိုကျကို မလွန်ဆန်နိုင်ကြတာပဲ ဖြစ်ပါတယ်။ ဟုတ်မဟုတ် ရိုးရိုးလေးစဉ်းစားကြည့်ရုံနဲ့ သိနိုင်တယ်။ ပြည်ပကနေ အော်နေတဲ့ ဒီသတင်းဌာနတွေ စပွန်ဆာမရှိဘဲနဲ့ ရပ်တည်နိုင်ကြပါ့မလား။ သတင်းတင်တာလောက်လေးနဲ့ လုံလောက်တဲ့ ငွေကြေး ရနိုင်ပါ့မလား။ ရှင်းရှင်းလေးပါ။
အခု ချင်းမိုင်မှာရှိတဲ့ မြန်မာသတင်းဌာနတွေ၊ သတင်းသမားတွေကို US AID က ပံ့ပိုးပေးနေတာကို တာဝန်ခံပေးနေတဲ့သူက အမေရိကန်နိုင်ငံသား ဗမာလူမျိုးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ကို အများသိ၊ အများခေါ်တဲ့ နာမည်က မိုက်ကယ်တဲ့။ ပုံမှန်ပေးနေတာတွေအပြင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေ၊ နစက မကောင်းကြောင်းတွေ၊ တပ်မတော်နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် အကြောင်းတွေ၊ တရုတ်-မြန်မာ ဆက်ဆံရေးပျက်ပြားစေမယ့် အကြောင်းတွေစသဖြင့် ရေးချင်ရင် တစ်ပုဒ်ချင်းစီအတွက် ပိုက်ဆံပေးပါတယ်။ သူ့ဆီကို ရေးလိုတဲ့အကြောင်းပြောပြရင် သူက သူလိုချင်တာတွေပါ ထပ်ထည့်ပြီး ဂိုက်လိုင်းပေးတာတွေပါ လုပ်ပါတယ်။ ထိရောက်စွာ တွယ်နိုင်တဲ့ သတင်းအပေါ်လိုက်ပြီး ပိုက်ဆံပေးပါတယ်။ ဒါကြောင့်လည်း အယ်ဒီတာချုပ်က တရုတ်အားကိုး ပုဆိန်ရိုးလုပ်တာဖြစ်လိမ့်မယ်။ အမှန်ကသူက ပုဆိန်ရိုးသာမက အသားထဲကလောက်ပင် ဖြစ်နေတာ သေချာတယ်။
ဒီရက်ပိုင်းအတွင်းမှာ နစကအစိုးရနဲ့ တရုတ်အစိုးရတို့ ဆက်ဆံရေး ကောင်းမွန်နေတဲ့အပေါ် ပျက်ပြားသွားအောင်၊ ပြည်သူတွေလက်မခံအောင် နည်းမျိုးစုံနဲ့ ရေးသားနေကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင် ထောက်လှမ်းရေးတွေအကြောင်းပါ ဖွနေကြတာ တွေ့လာရတယ်။ ဧရာဝတီသတင်းဌာနဆိုရင် အရင်ထောက်လှမ်းရေးနဲ့ လက်ရှိထောက်လှမ်းရေးကို ရန်တိုက်ပေးနေတာ သတိထားမိတယ်။ ကြည့်ရတာ ဒီမီဒီယာတွေဟာ အရင်ထောက်လှမ်းရေးကို အခုချိန်ထိများ ကြောက်နေကြသလားမသိ။ အထူးသဖြင့် အယ်ဒီတာချုပ်။ အရင်ထောက်လှမ်းရေးတွေအနေနဲ့ သူ့တာဝန်သူ ထမ်းဆောင်ခဲ့ပြီး သူတို့ကိစ္စပြီးသွားတဲ့နောက်မှာ သူ့ဘာသာသူ နေနေကြတာပဲ တွေ့ရတယ်။ တိုင်းပြည်အပေါ် သစ္စာမဖောက်ကြဘဲ သာမန်ပြည်သူအဖြစ် သူ တို့ဘာသာသူတို့ ဘဝရပ်တည်ရေး အေးချမ်းစွာနေထိုင်နေကြတာ ဒုက္ခသွားမပေးသင့်ဘူးလို့မြင်တယ်။ ခင်ဗျားတို့လုပ်လိုက်မှ အဲဒီလူတွေ တကယ်ပြန်ပါလာပြီး ငယ်ကျိုးငယ်နာဖော် တွယ်လိုက်မှ ဟုတ်ပေ့ဖြစ်နေဦးမယ် အယ်ဒီတာချုပ်ရေ။ သတိ ထားပေါ့ဗျာ။
ခေတ္တခဏ အရေးပေါ်ကာလတာဝန်ယူထား တဲ့အချိန်မှာ တိုင်းပြည်ရဲ့ရေရှည်အကျိုးကို မျှော်မှန်းပြီး ဆောင်ရွက်နေတဲ့ နစကအစိုးရနဲ့ နစကဥက္ကဋ္ဌအပေါ် အထင်သေး၊ အမြင်သေးစေမယ့် အပြောအဆို၊ အရေးအသားတွေဟာ မလုပ်ကောင်းတဲ့ကိစ္စပါ။ သတင်းဌာနအနေနဲ့ အစိုးရရဲ့အမှားကို ထောက်ပြဖို့ တာဝန်ရှိတာ လက်ခံနိုင်ပေမယ့် အနောက်အုပ်စုနဲ့ အနောက်အုပ်စုကို လိုလားတဲ့ အုပ်စုတွေရဲ့အလိုကျ အသားလွတ်ဝေဖန် ပြောဆိုနေတာတွေကတော့ အောက်တန်းကျလွန်းတယ် လို့ဆိုချင်တယ်။ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေဟာ သတင်းသမား စစ်မစစ်ဆိုတာရယ်၊ ပြည်ပအထောက်အပံ့ လုံးလုံးလျားလျား ရယူထားပြီး ကိုယ့်တိုင်းပြည်ပျက်အောင် လုပ်နေတာတွေရယ်ဟာ သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်နေပြီဆိုတာ သေချာတယ်။ ဒီလုပ်ရပ်တွေဟာ ကိုယ့်ကိုယ်ကျိုးအတွက် ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ရောင်း စားနေတဲ့လုပ်ရပ်ဆိုတာ အမြင်မှန်ရသင့်ပါပြီ။ မကုစား ရင်တော့ သမိုင်းတရားခံထဲမှာ ခင်ဗျားတို့ပါ ပါလိမ့်မယ်။
ဖြစ်သင့်တာက ဂျာနယ်လစ်ဟာ ဂျာနယ်လစ်လိုပဲ ကျင့်သင့်ပါတယ်။ Activist ဆိုလည်း Activist ပေါ့ဗျာ။ အူကြောင်ကျားလုပ်တာတော့ မကောင်းပါဘူး။ အခုဟာက သတင်းမီဒီယာကိုအသုံးချပြီး ကလိမ်ကကျစ် လုပ်ရပ်တွေ လုပ်နေကြတာဆိုတော့ မြန်မာ့သတင်း လောကလည်း သိက္ခာကျသလို မြန်မာဂျာနယ်လစ်တွေဟာ ဒီလိုငွေပေးရင် ရတယ်ဆိုတာမျိုး မြင်သွားကြမှာ သေချာတယ်။ ထိန်းသင့်တာ ထိန်းဖို့လိုပါလိမ့်မယ် ကိုယ့်ဆရာတို့။ ကြုံတုန်း အယ်ဒီတာချုပ်ကို သတိပေးချင်တာက " Newsroom ထဲက အမူအကျင့်တွေကိုလည်း ဂရုစိုက်ပါ"လို့။ The wall have ears ဆိုတာ သတိချပ်ပေါ့ဗျာ။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )