၂၀၂၄ ဧပြီ ၁၁
မကြာမီရက်ပိုင်းဆိုရင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီး ရောက်လာတော့မည်ဖြစ်သည်။ မြန်မာလူမျိုး ဆိုတာကလည်း အင်မတန်ပွဲကြိုက်ကြတော့ ၁၂ လရာသီမှာ ပွဲတော် ၁၂ ပွဲအထိ သတ်မှတ်ပြီး ကျင်းပလေ့ရှိကြသည်။ ထိုအထဲမှာတော့ သင်္ကြန်ပွဲတော်ကတော့ မြန်မာလူမျိုးတို့၏ အပျော်ဆုံးပွဲတော် ဖြစ်သည်။ ကလေးရော၊ လူကြီးပါမကျန် သင်္ကြန်သီချင်းသံလေးတွေကြားရင် မရိုးမရွဖြစ်လာကြသည်။ အခုတလော ဟိုနားဒီနား တူးပို့တူးပို့ သင်္ကြန်သီချင်းသံလေးတွေ ကြားလာတော့ ထူးမြတ်တစ် ယောက်လည်း မရိုးမရွ ဖြစ်လာသည်။ သင်္ကြန်ဟူသော နှစ်သစ်ကူးပွဲက မြန်မာတို့၏ နှလုံးသည်းပွတ်ပွဲဆိုတော့ ဟိုတလောက ထိုင်းနိုင်ငံက သင်္ကြန်ပွဲတော်ကို ယူနက်စကို တင်သည်ဆိုတော့ မြန်မာသင်္ကြန်၊ ထိုင်းသင်္ကြန်ဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာတောင် ရန်တွေဖြစ်လိုက် ကြသေးသည်။ နောက်တော့လည်း ထိုင်းသင်္ကြန်ကို တင်တာမဟုတ်ကြောင်း သင်္ကြန်ပွဲတော်ကိုသာ တင်တာဖြစ်လို့ သင်္ကြန်ပွဲကျင်းပသည့်နိုင်ငံများ အားလုံးဂုဏ်ယူသင့်သည်ဆိုတော့လည်း အသံတွေ ပြန်တိတ်သွားကြသေးသည်။ မည်သို့ပင်ဆိုစေ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနှင့် ထိုင်းသင်္ကြန် ပွဲတော်တို့ကတော့ ကမ္ဘာကျော်ပွဲတော်များဖြစ်သည်။
နောက်သုံး၊ လေးရက်ဆိုရင် သင်္ကြန်ကျတော့ ပေမည်။ မြို့တော်ဝန်မဏ္ဍပ်တွေ ဆောက်ကြ၊ မြို့နယ်ခရိုင်အလိုက်တွေ မဏ္ဍပ်တွေဆောက်ကြဆိုတော့ ဒီနှစ် သင်္ကြန်တော့ အပြတ်ကိုကဲမယ်ဟု အားခဲမိသေးသည်။ ကိုဗစ်ရောဂါ ဖြစ်ကတည်းက သင်္ကြန် နှစ်နှစ်လောက် မကဲလိုက်ရတာ အခုချိန် ပြန်တွေးရင် နှမြောနေမိသည်။ ဒီနှစ်တော့ အစိုးရကလည်း အားခဲထားပုံရသည်။ နေပြည်တော်မှာလည်း ကိုရီးယားတေးဂီတအဖွဲ့တွေ ခေါ်ထားသည်ဟု ကြားမိသေးသည်။ ရန်ကုန်မှာလည်း လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပြည့်သူ့ရင်ပြင်မှာ ရေဂါလန်သန်းချီဆံ့သည့် ကန်ကြီးတွေကြိုဆောက်ပြီး လမ်းလျှောက်သင်္ကြန်တွေ၊ တေးဂီတဖျော်ဖြေပွဲတွေ ကျင်းပမည်ဆိုတော့ ဒီနှစ်တော့ အပြတ်ကဲကြမည် ဖြစ်သည်။ တချို့ကျတော့ အမေလာမှ သင်္ကြန်ရေကစားမယ်ပြောကြသည်။ ထူးမြတ်အမေဆုံးတာ နှစ်နှစ်ပြည့်လို့၊ သုံးနှစ်ထဲရောက်လာပြီဆိုတော့ အမေပြန်လာစရာမရှိတော့ပေ။ ဒါကြောင့်လည်း အမေပြန်မလာတော့မယ့်အတူတူ သင်္ကြန်ကဲဖို့သာ စဉ်းစားရပေတော့မည်။
တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကတော့ အရင်နှစ်များဆီ သင်္ကြန်ကာလများက ရေမစိုသပိတ်တို့၊ အပြင်မထွက်သပိတ်တို့၊ ရေမထိသပိတ်တို့ဆိုပြီး ဆော်သြခဲ့ကြသည်။ ထိုကာလက ထူးမြတ်တို့လည်း ခေါင်းဆောင်ကြီးတွေစကား နားထောင်ပြီး အိမ်ထဲအောင်းကာ လေထိုးရေကူးကန် သပိတ်တွေ ဆင်နွှဲခဲ့ကြသေးသည်။ ဒီနှစ်တော့ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဘာမှတော့ မညွှန်ကြားသေးချေ။ ဒါတောင် ရေမဆော့ သပိတ်ဆိုပြီး တော်လှန်ရေးအသိုင်းအဝိုင်းကြီးက လှုံ့ဆော်နေကြပြန်သည်။
ဒီလိုဆိုတော့လည်း အများညီ ဤကျွဲဖတ်ဆိုသလို တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြောသမျှ လိုက်လုပ်ကြလေသည်။ သင်္ကြန်ဆိုတာလည်း ခေါင်းဆောင်ကြီးတွေရှိရာ အမေရိကားတို့၊ သြဇီတို့၊ ဂျပန်တို့၊ ယိုးဒယားတို့မှာလုပ်ရင် တော်လှန်သင်္ကြန်ဖြစ်ပြီး မြန်မာ ပြည်မှာလုပ်ရင်တော့ ဝိုင်းဆဲ တာခံရနိုင်သည်။ ဒါကြောင့်လည်း ခေါင်းဆောင်ကြီးတွေ သင်္ကြန်မတိုင်ခင် အမေရိကားတို့၊ ထိုင်းတို့ကို အူယားဖားယားပြေးကြတာ ဖြစ်မည်ထင်သည်။ ဒါမှလည်း တော်လှန်သင်္ကြန်ပွဲတော်တွေလုပ်ပြီး ရန်ပုံငွေတွေ များများရမှာဖြစ်သည်။
ပြည်တွင်းက လူတွေကလည်း သွေးအေးလို့ မဖြစ်ဘူးဆိုပြီး ခေါင်းဆောင်ကြီးတွေ ပြောထားသလို တစ်သဝေမတိမ်း လိုက်နာကြပြန်သည်။ ပိုက်ဆံတတ်နိုင်သူတွေကလည်း ရေမဆော့ သပိတ်ဆိုပြီး မြန်မာပြည်မှာတော့ ရေမဆော့ဘူးကွာဆိုပြီး လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဘန်ကောက်တို့၊ ချင်းမိုင်တို့မှာ ကျင်းပတဲ့ သင်္ကြန်ပွဲတွေကိုသွားဖို့ ပြင်နေကြသည်။ ဟိုရောက်တော့ မှ မြန်မာပြည်မှာ ရေကစားနေတဲ့သူတွေကို လိပ်ပြာလုံပါစေတို့၊ အမေပြန်မလာသေးဘူးတို့ ဖောင်းထုဖို့ လုပ်ကြရပေဦးမည်။ တော်လှန်ရေးဆိုတာကလည်း ပြည်ပမှာ ဘာလုပ်လုပ် သင့်တာဖြစ်ပြီး၊ ပြည်တွင်း မှာတစ်ခုခုလုပ် မိရင်တော့ အလိုလို ဒလန်တွေ၊ ဒလက်တွေ ဖြစ်ကုန်ကြ တော့သည်။ ဟိုတစ်နေ့ ကလည်း ဖေ့စ်ဘုတ်မှာ ဂျပန်နိုင်ငံ နာဂိုယာမှာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးကျင်းပတာ တွေ့လိုက်မိသေးသည်။ ခေါင်းဆောင်ကြီးတွေကတော့ ဒါဟာ ရန်ပုံငွေပွဲဖြစ်ပြီး အရမ်းပျော်လို့လုပ်တာ မဟုတ်ကြောင်း ရှင်းပြနေကြသေးသည်။ ထူးမြတ်တို့ပြည် သူတွေကတော့ မျက်နှာငယ်လေးတွေနဲ့ သိပ်မပျော်တဲ့ ဂျပန်သင်္ကြန်ပွဲတော်ကိုကြည့်ပြီး အားကျမိသေးသည်။
တချို့ကလည်း ရေမဆော့သပိတ်ကွာဆိုပြီး လမ်းအားလုံးချောင်းသာဆီသို့၊ ငွေဆောင်ဆီသို့ ဆိုပြီး ချီတက်ကြရန် ကားတွေ စင်းလုံးငှားထားကြသည်။ ကမ်းခြေဟိုတယ်တွေ၊ မိုတယ်တွေမှာ အခန်းတွေပြည့်လို့ ရွာထဲက အိမ်တွေမှာတောင် အခန်းတွေငှားစားရတဲ့အထိ ရေမဆော့သပိတ်က အောင်မြင်လှပေသည်။ ချောင်းသာ၊ ငွေဆောင်ဆိုတာကလည်း ရေဆော့စရာမလိုဘဲ သူ့ဟာသူ လှိုင်းတွေပုတ်တာနဲ့ပင် ပျော်စရာကောင်းလှသည်။တချို့ကလည်း အမေပြန်လာမှ သင်္ကြန်ရေကစား မယ်ဆိုပြီး ကြွေးကြော်ထားတော့ တူးပို့တူးပို့ အသံလေး လည်းကြားရော မရိုးမရွဖြစ်လာကြသည်။ ဒီတော့ဝိနည်း လွတ်ကလေး ရေကစားဖို့ ချောင်းသာနဲ့ ငွေဆောင်က ဟိုတယ်တွေကို တိတ်တိတ်ကလေး ဘိုကင်လုပ်ထားကြသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးချေ။ ချောင်းသာ၊ ငွေဆောင်ဆိုတာက ဓာတ်ပုံရိုက်လို့ကောင်း၊ ဖေ့စ်ဘုတ်ပေါ် ပုံတင်လို့ကောင်းသည့် နေရာဖြစ်သည်။ ဒီတော့ အဆဲမခံရအောင် ပုံတင်တတ်ဖို့ကိုလည်း စဉ်းစားရသေးသည်။ တချို့ကလည်း သွားချင်လို့သွား တာမဟုတ်ကြောင်း ဟိုတယ်ကပဲ အခန်းကံစမ်းမဲပေါက်သလိုလို၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေ အပူရှောင်တာလိုက်ပို့ သလိုလို၊ ကုမ္ပဏီကပဲ မလိုက်မနေရ အတင်းဆွဲခေါ်လို့ ရောက်သွားသလိုလို ကပ်ပရှင်တွေရေးပြီး ဖေ့စ်ဘုတ်ပေါ် တင်ကြရသေးသည်။
ရိုးရာသင်္ကြန်ပွဲတော်ကို ဝိနည်းလွတ်ပျော် ကြသူတွေကြား ထူးမြတ်တို့လို့ အခြေခံလူတန်းစား ပြည်သူတွေကတော့ နတ်ကရာ ကျီးမောဆိုသလို နေလို့ရတော့ ဒီနှစ်သင်္ကြန်တော့ ကဲရမှာဖြစ်သည်။ လေထိုးရေကူးကန် သပိတ်ဆိုပြီး ကိုယ့်ဟာကိုယ်နာမည်ပေးပြီး လေထိုးရေ ကူးကန်ကြီး တစ်ကန်ဝယ်ထားသည်။ ထူးမြတ်တို့လို သင်္ကြန်လည်းကဲချင်တယ်၊ အဆူခံရမှာကြောက်တဲ့ သူတွေအတွက် အကြံလေးတစ်ခုလောက်တော့ ပေးချင်သည်။ သင်္ကြန်မှာရေကစားဖို့ ဘယ်လိုနည်းနဲ့ ကစားကစား ဖေ့စ်ဘုတ်မှာ ပုံတင်ကပ်ပရှင်ရေးရင် သပိတ်ဆိုတာလေးတွေ ထည့်ဖို့လိုသည်။ ထူးမြတ်ကတော့ သင်္ကြန်လေးရက်လုံး ကဲမှာဖြစ်သည်။ အကြိုနေ့ကို လေထိုးရေ ကူးကန် သပိတ်၊ အကျနေ့ကို ပြည်သူ့ရင်ပြင်လမ်း လျှောက်သင်္ကြန် သပိတ်၊ အကြတ်နေ့ကို မြို့တော်ခန်းမ ရှေ့သပိတ်၊ အတက်နေ့ကို အုန်းလက်မဏ္ဍပ်သပိတ်ဆိုပြီး နာမည်ကြို စဉ်းစားထားကြသည်။ ဒီလိုဆိုရင် ဘန်ကောက်၊ ချင်းမိုင်သွားသူတွေလည်း ဖေ့စ်ဘုတ်မှာ ပုံတင်ရင် ဘန်ကောက် သပိတ်၊ ချင်းမိုင်သပိတ်ဆိုပြီး တင်လို့ရသည်။ ချောင်းသာ သပိတ်၊ ငွေဆောင်သပိတ် အုပ်စုတွေလည်း စိတ်ပူစရာတော့ မရှိတော့ချေ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီးတော့ သပိတ်လေးသာထည့်လိုက်ရင် အရာအရာ အိုကေသွားနိုင်သည်။ ( ထူးမြတ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )