သမိုင်းအမှန်သိရင် အမုန်းတရားကင်းပါတယ်

၂၀၂၄ ဇူလိုင် ၁၄
    7 July အရေးအခင်းသည် မြန်မာနိုင်ငံ၏ အရေးအခင်းများထဲမှ အမှတ်တရဖြစ်စေသည့် အရေးအခင်း တစ်ခုဖြစ်ပါသည်။ နှစ်စဉ် ထိုနေ့ရောက်တိုင်း အထိမ်းအမှတ် အခမ်းအနားတစ်ခုခု ပြုလုပ်ကြပြီး တပ်မတော် မုန်းတီးရေးဝါဒကို အသက်သွင်းလေ့ ရှိကြသည်ကိုလည်း တွေ့ရမှာဖြစ်ပါသည်။ ကျောင်း သားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖြိုဖျက်ခဲ့သည်ကလည်း တပ်မတော်သားများ ဖြစ်နေသည့်အ တွက် တပ်မတော်မုန်းတီးရေးဝါဒဖြန့်ရာတွင် အတော်ပင် ထိရောက်သည်ဟု ဆိုရပေမည်။
    ၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်တွင် NUG မှ  '၆၂ နှစ်မြောက် 7 July ကျောင်းသားအရေးတော်ပုံနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေး အစိုးရက ပေးပို့သည့်သဝဏ်လွှာ' ခေါင်းစဉ်ဖြင့် အွန်လိုင်းပေါ်မှာ ထုတ်ပြန်ခဲ့တာတွေ့ရပါသည်။ 7 July အရေးအခင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားတာမတွေ့ရဘဲ NUG နှင့် PDF များကြီးစိုးရာဒေသများမှာသာ လူငယ်အနည်းငယ်မှ ဆိုင်းဘုတ်ကိုင် လမ်းပေါ်ထွက် အော်ဟစ်တာမျိုးသာ ခေတ်သစ်မှာတင်ထားတာ တွေ့ရပါသည်။ ABSDF ကတော့ အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်ခဲ့တာ တွေ့ရပေမယ့် သဝဏ်လွှာ ဖတ်ကြားတာမတွေ့ရပါ။ သဝဏ်လွှာပေးပို့ထုတ်ပြန်သူများရော၊ အထိမ်းအမှတ်လှုပ်ရှားသူများသည် ၁၉၆၂ ခုနှစ်တွင် လူလားမြောက်သည့် အရွယ်များမဖြစ်နိုင်ပေ။ တစ်ယောက်စ၊ နှစ်ယောက်စသာ ကလေးအရွယ်ဖြစ်ပြီး အများစုမှာ မွေးတောင်မွေး ဦးမည်မဟုတ်ပါ။
    NUG ၏ သဝဏ်လွှာကို ဖတ်ကြည့်လျှင် ထိုခေတ်ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်အခြေအနေကို ထင်ဟပ်စေသည့် သဘောမျိုးမတွေ့ရဘဲ တစ်ဖက်စောင်းနင်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တပ်မတော် အရာရှိကြီးများကိုသာ စွပ်စွဲပုတ်ခတ်ထားသည်ကို တွေ့ရပါသည်။ ထို့အပြင် ဘာမဆိုင် ညာမဆိုင် လက်ရှိတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်ကို စွပ်စွဲပုတ်ခတ်ထားပြီး တပ်မတော်ကပဲ တမင်သက်သက် ကျောင်းသား လူငယ်တွေကို မတရားနိုင်လိုမင်းထက် လုပ်သယောင်၊ နိုင်ငံရေးသမားများအနေဖြင့် ကိုယ့်အပြစ်ကို ကိုယ်မြင်အောင်မကြည့်ဘဲ တပ်မတော်ကပဲ မတရားအာဏာသိမ်းထားသယောင် စွပ်စွဲထားပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအောင်ဆောင်ရွက်မည် ဘာညာဘာညာ စသဖြင့် ရေးသားထားသည်ကိုသာ တွေ့ရပါသည်။ သာမန်အားဖြင့်ကြည့်လျှင် ဘာမှမဟုတ်ဘူး ဆိုနိုင်သော်လည်း တပ်မတော်မုန်းတီးရေးကိုသာ တွေ့ရသည့် အတွက် တိုင်းပြည်၏ အနာဂတ်ကို ရေရှည်ကြည့်တတ်သည့် ဉာဏ်မရှိသည့်၊ ဦးနှောက်နည်းသည့်၊ အမြော်အမြင်မရှိသည့် လူ့ဗာလတွေလို့သာ ဆိုရပေမည်။
    ကိုလိုနီခေတ် နယ်ချဲ့အစိုးရကိုတွန်းလှန်ခဲ့ကြသည့် နိုင်ငံရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးတိုက်ပွဲများကို ကြည့်လျှင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းသည် အဓိက နိုင်ငံရေး အင်အားစုတစ်ခုအဖြစ် ပါရှိခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသား သပိတ်သည် ကြီးမားကျယ်ပြန့်ခြင်း မရှိခဲ့သော်လည်း မြန်မာ့လွတ်လပ်ရေးအတွက် ကျောင်းသားလူငယ်များကို မျိုးချစ်စိတ်နှင့် နိုင်ငံရေးသန္ဓေ မွေးပေးခဲ့သည့် အရေးအခင်းတစ်ခုဟု ဆိုနိုင်ပါသည်။
    ထို့ကြောင့်လည်း ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ကျောင်းသားသပိတ်သည် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ကျောင်းများသို့ ကူးစက်ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ပါသည်။ ၁၉၂၀ ပြည့်နှစ်မှာ နိုင်ငံရေး အစပြိုးခဲ့သည့်အတွက် ကျောင်းသားများသည် နိုင်ငံရေးမှာ စိတ်ဝင်တစား ပါဝင်လာခဲ့ကြပြီး ၁၉၃၆ ခုနှစ်ရောက်သည့်အခါ ကျောင်းသားများသည်တက္ကသိုလ်အရိပ်ခိုပြီး နိုင်ငံရေးလုပ်နေသည့် ကျောင်းသားတစ်ပိုင်း နိုင်ငံရေးသမား တစ်ပိုင်းများ ဖြစ်နေကြပြီဖြစ်ပါသည်။ ထင်ရှားသည့်သူများက မောင်နု၊ အောင်ဆန်း၊ ကျော်ငြိမ်း၊ ဗဟိန်း၊ ဘဆွေတို့ ဖြစ်ကြပါသည်။ ထိုသူများသည်နောင် ၁၀ နှစ်ကြာသည့်အခါ နိုင်ငံ့ခေါင်းဆောင်များပင် ဖြစ်လာကြသည် မဟုတ်ပါလား။
    ဦးကျော်ငြိမ်းအနေဖြင့် နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသည့်အခါ နိုင်ငံရေးသမားများကကျောင်းသားများအပေါ် အသုံးချခဲ့ကြသည်ကို '၎င်းတို့ ရွှေတိဂုံဘုရား ရင်ပြင်တွင် သပိတ်စခန်းဖွင့်ခဲ့စဉ်အခါက နိုင်ငံရေးသမားများ လာရောက်ကြပြီး ကျောင်းသားများအပေါ် နိုင်ငံရေး အမြတ်ထုတ်ခဲ့ကြကြောင်း၊ အထောက်အပံ့၊ အကူအညီလိုအပ်တာပေးမည်ဟု ကတိများ အထပ်ထပ်ပေးခဲ့သော်လည်း တကယ်တမ်းတွင် တစ်ခါမျှ လက်တွေ့အကောင်အထည် မဖော်ခဲ့ကြကြောင်း၊ နိုင်ငံရေးသမားများအနေဖြင့် သပိတ်မှောက်ကျောင်းသားများနှင့် ယှဉ်တွဲပြီး လူလုံးပြကာ ကျောင်းသားများကို အသုံးချခဲ့ခြင်း သာဖြစ်ကြောင်း၊ ဒီးဒုတ်ဦးဘချိုလို စိတ်ကောင်းစေတနာမှန်သည့် လူကြီးများကသာ စောင့်ကြည့်ကော်မတီ များဖွဲ့စည်းပြီး ကျောင်းသားများကို စောင့်ရှောက်ခဲ့ကြကြောင်း၊ ထိုကော်မတီများက ကျောင်းသားများကို လာရောက်ချဉ်းကပ်ကြသည့် နိုင်ငံရေးသမားများကို မောင်းခတ်ခဲ့ကြကြောင်း' စသဖြင့် ပြန်လည်ပြောဆိုခဲ့သည်ကိုတွေ့ရပါသည်။
    ထိုစဉ်ကတည်းကပင် ကျောင်းသားသမဂ္ဂသည် နိုင်ငံရေးသမားများ၏ အသုံးချမခံရရေး ဦး တည်ရပ်တည်ခဲ့သည်ဆိုပေမယ့် ကိုယ်တိုင်ကပင် နိုင်ငံရေးသမားများဖြစ်နေခဲ့ပြီဖြစ်ပါသည်။ ပညာတတ်လူငယ်များ ဖြစ်ကြသည့်အတွက် အရင်းရှင် အင်္ဂလိပ်ကိုတော်လှန်ဖို့ ရည်ရွယ်ခဲ့ရာမှ ထိုစဉ်ကခေတ်စားခဲ့သည့် လက်ဝဲအယူဝါဒသည် ကျောင်းသားများအတွင်း သက်ဝင်ယုံကြည်လာခဲ့ကြပြီး လွတ်လပ်ရေးမရမီမှာပင် ကျောင်းသားသမဂ္ဂ အတွင်းမှာ အများစုက လက်ဝဲကွန်မြူနစ်များ ဖြစ်နေကြသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထိုအစဉ်အလာအရ ယနေ့ခေတ်အထိပင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရာတွင် ဒီမိုကရေစီ ဒီမိုကရေစီဟု ပြောနေကြသော်လည်း လက်ဝဲအယူအဆ  အားသန်သူများသာ ကြီးစိုးနေကြတာကလည်း မျက် မြင်ပဲမဟုတ်ပါလား။
    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်အချိန်တွင် ကျောင်းသားသမဂ္ဂသည် သခင်အောင်ဆန်းတို့ခေတ်ကလောက် ခေတ်မစားခဲ့သော်လည်း ဆက်လက် တည်ရှိနေခဲ့ပါသည်။ နိုင်ငံတော်ဝန်ကြီး ချုပ်သည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဓိပတိဖြစ်သော်လည်း ကျောင်းသားသမဂ္ဂသည် ဖဆပလအစိုးရ၏ လက်ရုံးမဖြစ်ဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ မြို့ပေါရှိ နိုင်ငံရေးအင်အား စုသဖွယ် ဖြစ်လာခဲ့ပါသည်။ အမာခံယူဂျီဆဲလ် သက်သက်ဟု ဆိုရပါမည်။ ကျောင်းသားသမဂ္ဂတွင် ပါဝင်နေသူများသည် သာမန်ကျောင်းသားများ အရွယ်ထက် အသက်များစွာကြီးမားနေကြသည့် ကျောင်းဆွေးလူဆွေး နိုင်ငံရေး လုပ်နေကြသည့် သူများသာဖြစ်ကြပါသည်။ ၁၉၆၂ ခုနှစ် 7 July အရေး အခင်းတွင် ဗကပထံ တောခိုသွားကြသည့် လူငယ်အတော်များများသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဗကပ ယူဂျီများသာ ဖြစ်ကြပါသည်။ လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ သားပင်ပါပါသေးသည်။ 
    ဖဆပလအစိုးရခေတ် မြို့ပေါ်တွင် ဖြစ်ပွားသည့် နိုင်ငံရေးလှုပ်ရှားမှုများကို မြို့ပေါ် ဗကပပါတီအဖြစ် လူသိများသည့် ပမညတက ဦးဆောင်လှုံ့ဆော်ခဲ့ပြီး ကျောင်းသားသမဂ္ဂကများစွာ ပံ့ပိုးအကူအညီပေးခဲ့ကြသည်ကို ဦးနု၏ အစိုးရအဖွဲ့နှင့် နိုင်ငံရေးသမားတိုင်း သိကြပါသည်။ ထိုသို့ နိုင်ငံရေးပယောဂနှင့် မကင်းသည့်ကျောင်းသားသမဂ္ဂနှင့်ပတ်သက်ပြီး ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၂ ရက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်အဓိပတိ၊ အိမ်စောင့် အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက 'စစ်မှန်မွန်မြတ်တဲ့ ပညာတစ်ရပ်ကို ရအောင်ယူကြပါ။ ဒါမှ သင်တို့တစ်တွေ စဉ်းစားဆင်ခြင်နိုင်ပြီး အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားတတ်မယ်။ အဲ့ဒီလိုဝေဖန်ပိုင်းခြား တတ်မှလည်း သင်တို့ကို တခြားသူတွေက လိမ်လည် လှည့်ဖြားပြီး အမြတ်ထုတ်တာကို သင်တို့ရှောင်ရှားနိုင် ကြလိမ့်မယ်'ဟူ၍ သတိပေးခဲ့ပြီး ကျောင်းဆွေးလူဆွေး နိုင်ငံရေးလုပ်နေသည့် နိုင်ငံရေးသမားများကိုဦးတည်ကာ 'မင်းတို့အထဲက အဲ့ဒီလို လိမ်ညာအမြတ်ထုတ်ဖို့ ကြိုးစားမယ့်သူတွေ၊ တက္ကသိုလ် နယ်မြေကို စိမ့်ဝင်ထိုးဖောက်ဖို့ကြိုးစားမယ့်သူတွေကတော့ ဦးဆုံးငါနဲ့တွေ့မယ်။ ငါကလည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ လက်နှေးနေမှာတော့ မဟုတ်ဘူး'ဟူ၍ ပြောဆိုခဲ့ပါသည်။ ထို့ အပြင် ကျောင်းသားလူငယ်များအနေဖြင့် နိုးနိုးကြားကြား၊ သတိရှိစွာဖြင့် နိုင်ငံရေးလှုံ့ဆော်မှု ကစား ကွက်များတွင် အသုံးချနိုင်ရေး ကြိုးပမ်းလာကြမည့် နိုင်ငံရေးသမားများ၏ အန္တရာယ်ကို စောင့်ကြည့်နေကြရန်လည်း မှာကြားခဲ့ပါသေးသည်။ 
    ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခြင်းသည် ရန်ကုန်တက္ကသိုလ်ကိစ္စ၊ ကျောင်းသားသမဂ္ဂကိစ္စများနှင့် မဆိုင်ပါ။ နိုင်ငံရေးအစိုးရ၏အားနည်းချက်များအရသာ ဖြစ်ပါသည်။ ထိုစဉ်က ပြည်တွင်းပြည်ပ ထောက်ခံခဲ့ကြတာ သမိုင်းအထောက်အ ထားများ ဖတ်ရှုလျှင်သိနိုင်ပါသည်။ ၇ ဲကူပ အရေးအခင်းသည် ဗကပနှင့် ကျောင်းသားသမဂ္ဂတို့က လှုံ့ဆော်သည့်အတွက် ဖြစ်ပွားခဲ့ရခြင်းပါ။ တင်းကျပ်သည့် အဆောင် စည်းကမ်းများ၊ အတန်းတင်စာမေးပွဲ နှစ်ခါကျလျှင်ကျောင်းဆက်တက်ခွင့် မရှိသည့် မူဝါဒစည်းမျဉ်းများအရ ဖြစ်ပါသည်။ အဆောင်စည်းကမ်း တင်းကျပ်မှုကို ကျောင်းသားအားလုံး မကြိုက်ကြပါ။ စာမေးပွဲနှစ်ခါ ကျလျှင် ကျောင်းဆက်တက်ခွင့်မရှိခြင်းသည် ကျောင်းဆွေး လူဆွေးနိုင်ငံရေးလုပ်နေကြသည့် သမဂ္ဂဝင် ဗကပယူဂျီ ကျောင်းသားနိုင်ငံရေးသမားများကို အထိနာစေခဲ့ပါသည်။ အဓိကပြဿနာမှာ ထိုအချက်နှစ်ချက်ပါ။ သို့သော် လတ်တလောဖြစ်ပွားခဲ့သည်က  အခြေခံအထက်တန်း စာမေးပွဲအတွက် မေးခွန်းများသည် ရန်ကုန်မြို့နှင့် ဆက်စပ် ဟံသာဝတီခရိုင်တို့တွင် ပေါက်ကြားခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် ထိုနေရာများတွင် စာမေးပွဲပြန်ဖြေရန် ပညာရေးဌာနက ညွှန်ကြားထားသည့်အပေါ်ကို ကျောင်းသားများ မကျေမချမ်းဖြစ်ရာက စခဲ့ခြင်းဖြစ် ပါသည်။ ထိုအခွင့်ကောင်းကိုယူပြီး လှုံ့ဆော်ရာမှ 7 July အရေးအခင်းဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါသည်။
    ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ဆူပူမှုစတင်ဖြစ်ပွားခဲ့ပါ သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နေထိုင်သည့် စည်းကမ်း တင်းကျပ်သည့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ၏နေအိမ်ကို ကျောင်းသားများက သွားရောက်ဝိုင်း ဝန်းခဲ့ကြပြီး ဦးကာ၏ကားကို မီးရှို့ဖျက်ဆီးကာ မိသားစုကို ကိုယ်ထိလက်ရောက် အန္တရာယ်ပြုရန် ခြိမ်းခြောက် ခဲ့ကြသည့်အတွက် တပ်မတော်က သွားရောက် ကယ်ထုတ်ပေးခဲ့ရပါသည်။ ထို့နောက် ဦးကာအိမ်မှတစ်ဆင့် ရန်ကုန်တ က္ကသိုလ် အဓိပတိလမ်းတစ်လျှောက် ကျောင်းသားများ အင်နှင့်အားနှင့် ချီတက်လာကြပြီး ကျောင်း သားသမဂ္ဂအဆောက်အအုံ တစ်ဝိုက်မှာ တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို ဆဲဆိုကြိမ်းမောင်းပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြန်ပါသည်။
    ထိုအချိန်တွင် မြန်မာ့အသံလွှင့်ဌာနအဆောက်အအုံအတွင်းမှာ အရေးပေါ်အခြေအနေ ထိန်းသိမ်းကွပ်ကဲရေး ကော်မတီအဖွဲ့ရှိနေပြီး အခြေအနေစောင့်ကြည့်လျက်ရှိပါသည်။ ထိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်စိုး၊ တပ်မတော်ထောက် လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးမောင်လွင်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးမောင်ကျော်၊ ဗိုလ်မှူးကြီးဘနီ၊ ကျန်းမာရေးဝန်ကြီး ဗိုလ်မှူးကြီးလှဟန်တို့ ပါဝင်ကြပြီး အတူရှိနေခဲ့ကြပါသည်။ အစိုးရအဖွဲ့တွင် ရာထူးတာဝန် ကြီးသူများ ဖြစ်ကြပြီး သီးခြားတာဝန် သတ်သတ်မှတ်မှတ် ခွဲဝေပေးထားခြင်း မရှိသည့် အတွက် လုပ်ပိုင်ခွင့်များ ရောထွေးသည့် အခြေအနေဟု ဆိုရပေမည်။ ၇ ရက်နေ့ ညနေပိုင်းတွင် ဆူပူကျောင်းသားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ပစ်ခတ်နှိမ်နှင်းခဲ့ကြပါသည်။ အင်လျားကန်စောင်းတွင်နေထိုင်သည့် ဗိုလ်ချုပ်ကြီးနေဝင်းက မောင်းပြန်လက်နက်များကို လိုအပ်သည်ထက်ပိုသုံးသဖြင့် ဆူပူကြိမ်းမောင်းပါသည်။ ထို့အပြင်တစ်နေရာတည်းတွင် ရာထူးကြီးသူများ စုပြုံ ရောက်ရှိနေသည်ကို ဘဝင်မကျဘဲ လူစုခွဲပြီးအိမ်ပြန်ရန်၊ အရေးကြုံက ဆုံးဖြတ်ချက်ချမှတ် အမိန့်ပေးနိုင်မည့်သူ တစ်ဦးသာ နေထိုင်ကွပ်ကဲရန် အမိန့်ပေးခဲ့ကြောင်း သိရ ပါ သည်။
    ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြိုခွဲခြင်း နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ဘယ်သောအခါကမှ ကျောင်းသားသမဂ္ဂအဆောက် အအုံကို ဖြိုခွဲပစ်ဖို့ ကျုပ်အမိန့်မပေးခဲ့သလို၊ ဘယ်သူက မှလည်း ဖြိုခွဲပစ်ဖို့ စီမံချက်ရှိကြောင်း ကျုပ်ကိုသတင်းမပို့ခဲ့ဘူး'ဟု ဆိုပါသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးက 'ထိုအချိန်က သူသည် ကုန်သွယ်ရေးဝန်ကြီးသာ ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်မှူးကြီးကျော်စိုးနှင့် ဗိုလ်မှူးကြီးသိန်းစိန် တို့ကသာလျှင် ကိုင်တွယ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ၏  ဆူပူမှုကိုနှိမ်နင်းခြင်းသည် စစ်ဆင်ရေးတစ်ရပ် မဟုတ်သည့်အတွက် သူ့အနေဖြင့် ပါဝင်ပတ်သက်စရာ မရှိကြောင်း ငြင်းဆိုခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးရေး စီမံချက်နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးနေဝင်းကို ကြိုတင်သတင်း ပို့ခြင်းမရှိခဲ့ကြောင်းကို လည်း အတည်ပြုမှတ်တမ်း တင်ခဲ့တာ တွေ့ရပါသည်။
    ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းခွဲဖြိုချခဲ့သူမှာ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး လှမြင့်ဖြစ်ပါသည်။ အမိန့်ပေးစေခိုင်းသူက ဗိုလ်မှူးကြီးကျော်စိုးဖြစ်ပါသည်။ အမိန့်ပေးစေခိုင်းချိန်မှာ ဗိုလ်မှူးကြီးသိန်းစိန်(သမ္မတဟောင်း ဦးသိန်းစိန် မဟုတ်ပါ) ရှိနေသော်လည်း ဝင်ရောက်တားမြစ်ခြင်း၊ အမိန့်ပေးခြင်း မရှိကြောင်းလည်း သိရပါသည်။ ဗိုလ်မှူးကြီးလှမြင့်က ဖောက်ခွဲရန် မိုင်းမဆင်မီ ဖောက်ခွဲရန်မသင့်ကြောင်း သုံးကြိမ်ခန့် တင်ပြခဲ့သော်လည်း လက်မခံခဲ့သဖြင့် နောက်ဆုံး တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 
    မည်သို့ပင်ဆိုစေ။ ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖြိုချခဲ့ခြင်းသည် ထိုစဉ်က တပ်မတော်နှင့် တော်လှန်ရေးကောင်စီအစိုးရတွင် တာဝန်ရှိသည်ဟု ဆိုနိုင်ပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်ကပင် သူစေခိုင်းတာ မဟုတ်သော်လည်း သူ့မှာတာဝန်ရှိသည်ဟု ခံယူထားပြီးဖြစ်ပါသည်။ သူ့ခေတ်သူ့အခါမှာ ဖြစ်ပွားခဲ့သည့် ကိစ္စများသည် သူ့အကြောင်းတရားနှင့်သူ ရှိကြပါသည်။ နောင်မျိုးဆက် တပ်မတော်နှင့် ဆက်စပ် စရာအကြောင်း ဘာမှမရှိပါ။ နောင်လာနောက်သားများအတွက် အမုန်းပွားစေခြင်းထက် သင်ခန်းစာယူဖို့ကိုသာ အဓိကထားမှသာ အမုန်းတရားများ ကင်းပါလိမ့်မည်။ ထိုစဉ်အခါက ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူက ထိုအဆောက်အအုံကို ဖြိုချဖျက်ပစ်လောက်သည်အထိ ဖြစ်ပေါ်လာသည့်စိတ်က မည်သည့်အတွက်ကြောင့် ဖြစ်လာရပါသနည်း။ စဉ်းစားသင့်ပါသည်။ အဆောက်အအုံတစ်ခုကို မည်သူမျှ တမင်သက်သက်ဖြိုချမည်မထင်ပါ။ ကျောင်းသားအမည်ခံ၊ တက္ကသိုလ်ပရဝဏ်အရိပ်ခိုပြီး နိုင်ငံရေးလှုံ့ဆော်မှုဆောင်ရွက်ရာ ဗဟိုချက်၊ တောတွင်း ဗကပများ၏ မြို့ပေါ်ခိုနားရာနေရာ၊ ခိုလှုံရာနေရာ ဖြစ်နေသည့် အချက်များကိုလည်း ထည့်သွင်းစဉ်းစား မှသာ ပြည့်စုံပေလိမ့်မည်ဟု ထင်ပါသည်။
( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Facebook Page

X (Twitter) Channel

Viber Channel

Telegram Channel

Youtube Channel

Tiktok Channel

Total Views ~ 341

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42994

© 2022 - 2025 News. All Rights Reserved.