သယံဇာတ၊ မှောင်ခိုလုပ်ငန်းနှင့် တိုင်းပြည်ကို ဒုက္ခပေးနေမှုများ

၂၀၂၅ မတ် ၁

မျက်နှာ ငယ်မသွားရရှာသူ
    သည်ရက်ပိုင်း အညာက ဉာဏ်ကြီးရှင် သူရဲကောင်းတစ်ယောက်၏ အကြောင်းကို ပြောပြချင်နေမိ၏။ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းတွင်ရှိသည့် ချောင်းမရွာတွင် ဖြစ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုအကြောင်း ပင်ဖြစ်သည်။ ထိုလမ်းပိုင်းတွင်ရှိသည့် ချောင်းမဆိုသည့် ရွာသည် မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းတွင် တောင်ပေါ် အတက်လမ်းကို မတက်ခင် တောင်ခြေရွာလေးတစ် ရွာဖြစ်ပြီး အချက်အချာ ကျသည့် ရွာလေးဟုလည်း ဆိုနိုင်သည်။ အလောင်းတော်ကဿပ ကြိုးဝိုင်းနှင့်လည်း မလှမ်းမကမ်းတွင်ရှိပြီး ဗိုလ်သံမဏိ၏ တပ်ဖွဲ့များက မီးသတ်သမားများပါမချန် သတ်ဖြတ်ခဲ့သည့် နာမည်ကျော် လာပို့ရွာနှင့်လည်း မလှမ်းမကမ်းတွင်ရှိသည့် နေရာဖြစ်သည်။ မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်းက ချင်းတွင်း တံတား၊ မုံရွာဘက်သို့သွားလျှင် လုံခြုံရေးဂိတ်များရှိသောကြောင့် မအို၊ အိုင်တောင်ဘက်သို့ သွားပြီး ချင်းတွင်းမြစ်ကြောင်းကို အသုံးပြု၍ရသည့် နေရာဖြစ်သောကြောင့် အချက်အချာကျသည့် နေရာဖြစ်နေပြီး သည်ဘက်နှစ်များတွင် တော်လှန်ရေးသမားများ အခြေပြု နေထိုင်နေသည်မှာ အတော်ကြာပြီဟု ကြားသိနေရသည်။ ချောင်းမ၊ သမင်ခြံ၊ တရော်ကျင်း စသည့် ရွာစဉ်တိုင်းတွင်လည်း လက်နက်ကိုင်များ ကြီးစိုးရာဒေသ ဖြစ်နေခဲ့သည်မှာ ကာလအတန်ပင် ကြာနေပြီဟု ကြားသိနေရလေသည်။ ထိုကဲ့သို့ လက်နက်ကိုင်များ ကြီးစိုးရာ ဒေသများသို့ လုံ ခြုံရေးတပ်ဖွဲ့ဝင်များက သည်ရက်ပိုင်း နယ်မြေ စိုးမိုးရန် ဆောင်ရွက်လာသည်ဟု ကြားသိရသည်။ နယ်မြေစိုးမိုးရေးအတွက် လုပ်ဆောင်ရာတွင် မြေပြင်ထက် ဝေဟင်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး လတ်တလော ရေပန်းစားနေသည့် Paramotor စက်တပ်လေထီးဖြင့် ဆောင်ရွက်သည်ဟု ကြားသိရသည်။ ထိုသို့ Paramotor စက်တပ် လေထီးဖြင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေစဉ် ချောင်းမရွာတွင်ရှိသည့် ဉာဏ်ကြီးရှင် တော်လှန်ရေးသမားက လက်ဖက် ရည်ဆိုင်မှထပြီး အဆိုပါ Paramotor ကို ထွက်ကြည့်သည်။ ထွက်ကြည့်သည်က ရိုးရိုး ကြည့်သည်မဟုတ် ဂန်းကြီးကို စလွယ်သိုင်းပြီး ကောင်းကင်တွင် ပျံသန်းနေသည့် ပါရာမိုတာကို ဂန်းကြီး ကားရားကားရားနှင့် ဓာတ်ပုံထွက်ရိုက်လေသည်။ အပေါ်မှ ဂန်းကားရားကြီးကို မြင်သောအခါ ဘူးသီးကြော် (ဗုံးသီးကြွေး) လိုက်လေရာ ဉာဏ်ကြီးရှင် တော်လှန်ရေးသမားက တစ်ခါတည်း ကြွသွားလေတော့သည်။
    ထိုပါရာမိုတာကို ဂန်းတကားကားနှင့် ဓာတ်ပုံထွက်ရိုက်သည်ဆိုမှ ကျွန်တော်တို့ ငယ်ငယ်က လူကြီး သူမများပြောသည့်စကား ကြားဖူးနားဝတစ်ခု ဖောက်သည်ချချင်မိသည်။ Helicopter တစ်စင်းက ခပ်နိမ့်နိမ့်လေး ပျံသန်း၍ လာနေချိန်ဖြစ်သည်။ ထိုသို့ ခပ်နိမ့်နိမ့် ခပ်ဖြည်းဖြည်း ပျံသန်းနေသည့် Helicopter ကို ကြည့်ပြီး ရွာသားတစ်ယောက်က ဂန်းကိုင်ထားသည့် ဟန်ဖြင့် ထို Helicopter ကို ပါးစပ်သေ နတ်ဖြင့် ပစ်ချသည့်ပုံစံ လုပ်နေသည်။ ထိုအရာကို အပေါ်ကသူများက မည်သို့ မြင်သွားသည်မသိ။ ဂန်းကိုင်သည့်ဟန်ဖြင့် ချိန်ကာ ပါးစပ်သေနတ်ဖြင့် ပစ်သည့်ရွာကို ရောက်လာပြီး ဂန်းဖြင့် ချိန်သည့် သူကို ရှာဖွေကာ ခေါ်ဆောင်သွားလေသည်။ ရွာသားလည်း ဘာမှ ထူးထူးထွေထွေ လုပ်ထားခြင်း မရှိသောကြောင့် မလိုက်ချင်ကြောင်း ငြင်းဆိုသော်လည်း"လိုက်ခဲ့ပါ မျက်နှာ မငယ်စေရပါဘူး"ဟု အာမခံ၍ ခေါ်သွားသောကြောင့် ယက်ကန် ယက်ကန်နှင့် ပါသွားလေသည်။ ရွာသား ပြန်ရောက်လာ သောအခါ တကယ်ပင် မျက်နှာမငယ်ခဲ့ရပါဘူးတဲ့ဗျာ။ ကျွေးလိုက် မွေးလိုက်တာမှ မျက်နှာကို ဖူးယောင် နေပါရောတဲ့ဗျ။ ချောင်းမရွာက ဉာဏ်ကြီးရှင် တော်လှန်ရေးသမားကတော့ မျက်နှာငယ်စရာမလိုဘဲ ရောရုဝသို့ တိုက်ရိုက်အရောက်ပို့ စနစ်ဖြင့် ရောက်သွားပါလားဟု တွေးမိ၏။ ဒါကိုပင် လုပ်ကြသေး၏။ ပြည်ပရောက် မီဒီယာများက အရပ်သား အပစ်ခံရဟုဆိုကာ ဉာဏ်ကြီးရှင် တော်လှန်ရေး သမား၏ ဂန်းကို ဖျက်ထားလိုက်သေးသည်။ ဒါတော် လှန်ရေးသမားကို သက်သက်သိက္ခာချခြင်းဖြစ်ပြီး ထို ဉာဏ်ကြီးရှင်က ရောရုဝမှသိလျှင် စိတ်ကောင်းမည် မဟုတ်ပေ။

မင်္ဂလာရှိစေသော်
    မန္တလေးမြို့က ရွှေအိုးရ လျောင်းတော်မူ ကျောက်သား ရှေးဟောင်းဘုရား ဆင်းတုတော် ခိုးယူသည့် တရားခံလေးဦးအား ဖမ်းဆီးရမိဆိုသည့် သတင်းကိုတွေ့ရချိန် 'တော်သေးတာပေါ့'ဟု စိတ်ထဲ တွင်ဖြစ်ပေါ်မိသည်။ ထိုလျောင်းတော်မူ ရှေးဟောင်းဘုရား ဆင်းတုတော်သည် ယခု ခိုးယူခံရ သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က ၂၀၀၇ ခုနှစ်ခန့်ကဖြစ်ပြီး ထိုစဉ်က ကျပ်သိန်း ၃၀၀ ပေါက်ဈေးရှိ ပြီး လက်ရှိကာလတန်ဖိုး  ကျပ်သိန်း ထောင်ကြီးပိုင်းထိရှိသည်ဟု သိရသည်။ ထိုလျောင်းတော်မူ ကျောက်သားဆင်းတုတော် ဒုတိယအကြိမ်မြောက် ခိုးယူခံရသည်ဆိုသည့် သတင်းကို တွေ့ရှိချိန် သာမန်ဟုသာ ထင်ခဲ့ပြီး ဘုရားခိုးများကို ဖမ်းမိချိန် ဆင်းတုတော်ကို ဖူးတွေ့ရမိမှ လွန်စွာသပ္ပာယ်သည့် ဆင်းတုတော်ဖြစ်ကြောင်း သိလိုက်ရသည်။ မသမာသူ လက်အတွင်း နှစ်ကြိမ် ခိုးယူခံရသည့် ထိုဆင်းတုတော်ကို မူလနေရာသို့ ပြန်လည်ပူဇော်မည်ဟု ကြားသိရချိန် မင်္ဂလာရှိသောသတင်းပင် ဖြစ်သောကြောင့် စိတ်လက်ကြည်သာ ရှိရပါ၏။
    ရွှေမန်းမြို့က ဘဏ်ဓားပြတိုက်မှုသည်လည်း ပြောမည်ဆိုလျှင် ပြောချင်စရာဟု ဆိုရမည်ဖြစ်သည်။  'ဘဏ်ဓားပြတိုက်ပြီဟေ့'ဟုဆိုလျှင် အနည်းဆုံး လူသုံး၊ လေးယောက်နှင့် လက်နက်အပြည့်အစုံ မော်တော်ကား ဘာညာဖြင့်ဟု ထင်ကြမည်သာ ဖြစ်သည်။ သည်ဓားပြမှာတော့ စူပါကတ်ဆိုင်ကယ် အစုတ်လေးနှင့် သေနတ်အတိုလေးပြကာ ဘဏ်ထဲသို့ သေနတ်ကို ဟိုချိန်သည်ချိန်နှင့် ဓားပြ တိုက်သွားလေသည်။ ဘဏ်လုံခြုံ ရေး အစောင့်ကလည်း သဘောကောင်း မနောကောင်းပုံစံနှင့် ယောက္ခမအိမ်ပြန်မည့် ဇနီးသည်ကို လက်ဆောင်ပစ္စည်းထည့်ပေးသလို လိုလို ချင်ချင် လုပ်ပေးသည့် မြင်ကွင်းများကြောင့် ပြောစရာ ဖြစ်ဟန်တူပါ၏။ သည်နေရာတွင် ထိုဘဏ်လုံခြုံရေးဝန်ထမ်းဘက်က စောဒကတက်သူများလည်း ရှိကြသည်။ ထိုကမ္ဘောဇဘဏ်ကိုပဲ ဇန်နဝါရီ ၁၁ ရက်က တစ်ယောက် တည်း ဓားပြဝင်တိုက်ခဲ့သည်။ ထိုဓားပြကို ဘဏ်မန်နေဂျာအပါအဝင် လုံခြုံရေးနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ဓားပြကို ဖမ်းမိခဲ့ပြီး မန်နေဂျာကို ကျည်ဆန်ထိမှန်ခဲ့သည်။ ထိုဖြစ်စဉ်တွင် ကျည် ထိမှန်သူကို ထိုက်သင့်သည့် ချီးမြှောက်မှု မရှိခြင်း၊ လက်နက်မရှိသူများက လက်နက်ရှိသူကို မတွန်း လှန်ရဲခြင်းနှင့် ဖမ်းဆီးခံရသည့် ဓားပြအဖွဲ့ထဲမှ အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံရခြင်းမျိုးများ ကြောင့် စသဖြင့် ထင်မြင်ချက်များနှင့် စောဒကတက်ကြသည်။ သည်ကြားထဲ ပြည်ပြေး မီဒီယာများကပါ ဝင်ငြှောင့်ကြသေးသည်။ ပျူများကို ပေါ်တင် ထောက်ပံ့လျှင် မကောင်းသောကြောင့် ဘဏ်ဓားပြတိုက်သည့်ပုံစံဖြစ်ကြောင်း ပေါ်ပေါ်တင်တင် ရန်တိုက်ပေးလေသည်။ စဉ်းစားကြည့်ပါဦး။ သူတို့ပြောသလို ထောက်ပံ့ချင်သည်ဆိုလျှင် မည်သူသိစရာလိုမည်နည်း။ သည်ကောင်တွေ၏ စိတ်ကူး အကြံအစည်များ ထဲတွင် မည်သည့်အသင်းအဖွဲ့မဆို ရန်တိုက်ပေးရန် အစဉ်တွေးနေသည့် အကုသိုလ်စိတ် ကိန်းနေသူများသာဟု တွေးမိသည်။ ဘဏ်ဓားပြကို ဖမ်းမိသည့်အချိန်မှာပင်လျှင် လက်ရှိအစိုးရ၏ ဇာတ်ညွှန်း လိုလို၊ လုပ်ဇာတ်လိုလို ပုံဖော်နေရာ အဝေးက ထင်ရာရေးနေသူများဖြစ်ကြောင်း မပြောလဲသိနိုင်ပေသည်။ ဘဏ်ဓားပြက ဓားပြအလုပ် လုပ်သွားသည်။ သက်ဆိုင်ရာက ဖမ်းဆီးရမည့် အလုပ် ဖမ်းဆီးနိုင်ခဲ့သည်။ ဟိုကောင်များသည်လည်း အာချောင်ရမည့်အလုပ် အာချောင်ကြပြီး အများပြည်သူများ အနေဖြင့် သူတို့ အကုသိုလ်ကို ကိုယ့်အတွေးသဏ္ဌာန်မှာ မကပ်ငြိစေရန် နေရမည် မဟုတ်ပါလော။


သယံဇာတ၊ မှောင်ခိုလုပ်ငန်းနှင့် တိုင်းပြည်ကို ဒုက္ခပေးနေမှုများ
    "လောက၌ ဥစ္စာပစ္စည်း ပေါများသူသည် အရာခပ်သိမ်း၌ အားအစွမ်း ကြီးမားလေသည်။ ဘုရင်ဧကရာဇ်တို့ စိုးမိုးအုပ်ချုပ် မင်းပြုလုပ်နိုင်ခြင်း သည်လည်း ဥစ္စာပစ္စည်းသာလျှင် အခြေခံအကြောင်း အရင်းဖြစ်သည်" (ဟိတောပဒေသ)
    "နိုင်ငံပိုင် သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့် လက်နက်ကိုင် သောင်းကျန်းမှုများကို ထောက်ပံ့နေမှုများအား တိုက်ဖျက်သွားမည်"ဟု နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်ကို တွေ့မြင်ရချိန် ကြိုဆိုပါကြောင်းနှင့် ဟိတောပဒေသတွင်ပါရှိသည် ဟိရညက ကြွက်အကြောင်း သတိရသွားခြင်းဖြစ်သည်။ ဟိရညက ကြွက်အကြောင်းကို ဆက်ရလျှင် တစ်ခါတုန်းက စမ္ပကမြို့ ပရိဗိုဇ် ကျောင်းတစ်ကျောင်း၌ စူဋ္ဌကဏ္ဏအမည်ရှိ ပရိဗိုဇ်တစ်ဦး ရှိသည်။ ထိုပရိဗိုဇ်ကျောင်းသို့ အခြားသော ပရိဗိုဇ်တစ်ဦး အလည်ရောက်ချိန် စကားအတူ ပြောနေ ချိန်တွင် ဖြစ်သည်။ ထိုသို့ စကားအတူပြောနေချိန်တွင် စူဠကဏ္ဏ ပရိဗိုဇ်က ဝါးခြမ်းပြားတစ်ချောင်းနှင့် မြေကို တဖျန်းဖျန်း ရိုက်နေလေရာ ဧည့်သည်ပရိဗိုဇ်က သူ့စကားကို စိတ်မဝင်စားဟု ထင်သဖြင့် မည်သို့ ဖြစ်ရသနည်းဟု ပွင့်ပွင့်လင်းလင်း မေးလေသည်။ စူဠကဏ္ဏက မိတ်ဆွေစကားကို စိတ်မဝင်စားခြင်း မဟုတ်ကြောင်း သူ့သိမ်းဆည်းသို မှီးထားသည့် အစားအစာများကို မည်မျှမြင့်သည့်အမြင့် တွင် ချိတ်ဆွဲထားစေကာမူ ကြွက်တစ်ကောင်က ခုန်ခုန် စားနေသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသည်ဟု ဆိုလေသည်။ "အားခွန်ဗလ သေးငယ်သည့် ဤကြွက်သည် အဘယ့်ကြောင့် ဤမျှအမြင့်ကို ခုန်နိုင်သနည်း၊ အကြောင်းထူး တစ်စုံတစ်ရာ ရှိရမည်"ဟု ဆိုလေသည်။ သို့နှင့် ဧည့်သည်ပရိဗိုဇ်က တူရွင်းဖြင့် ကြွက်နေထိုင်သည့်တွင်းကို တူးလိုက်ရာ အနှစ်နှစ်အလလက စုဆောင်းထားသည့် ပစ္စည်းများကိုတွေ့ရှိပြီး ဖော်ထုတ် ယူဆောင်လိုက်လေသည်။ ထိုအချိန်မှစပြီး ဟိရညက ကြွက်သည် ခွန်အားဗလများ ဆုတ်ယုတ်ပြီး လုံ့လဥဿဟလည်း ကင်းမဲ့သွားကာ အစားအသောက်ထည့်သည့် သပိတ်ကို တစ်တောင်ခန့်မျှ ထားသည်ကိုပင် ခုန်၍မယူ နိုင်တော့အောင် ဖြစ်သွားလေတော့သည်။
    လက်ရှိတွင်လည်း သယံဇာတ၊ မူးယစ်ဆေးဝါးနှင့် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ပြီး ဥစ္စာဓန တောင့်တင်းလာသည့် သူများသည် နိုင်ငံတော်အတွက် အကျိုးရှိရာ အကျိုးရှိကြောင်း လုပ်ကိုင်မည့်အစား နိုင်ငံတော်အစိုးရကို ပုန်ကန်ခြားနားပြီး အများပြည်သူကို စစ်ဘေး ဒုက္ခထဲရောက်အောင် တွန်းပို့နေသည်ဟု ချိန်ထိုး၍စဉ်း စားမိခြင်းပင် ဖြစ်သည်။ ကချင်ပြည်နယ်ဘက်တွင် မြေရှားသတ္တုများ အလွန်အကျွံ တူးဖော်နေမှုများ၊ ကျောက်စိမ်း၊ ရွှေနှင့် သစ်တောထွက်ပစ္စည်းများကို စည်းကမ်းမဲ့ ထုတ်ယူပြီး စစ်ပွဲအတွက် လက်နက်ခဲယမ်း စားရေရိက္ခာ ဖြည့်တင်းပြီး စစ်မီးလောင်စာကို ပို၍ မြှင့်တင်နေကြသည်မှာ အားလုံးအသိပင် ဖြစ်သည်။ ထိုသို့ သဘာဝသယံ ဇာတများ ထုတ်ယူနိုင်ရန် စက်သုံးဆီ များလည်း ရသည့်နည်းလမ်းဖြင့် မှောင်ခို သယ်နေသည်မှာ လူမှုကွန်ရက်တွင် မမြင်ချင်မှအဆုံး ဖြစ်နေလေသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မုဋ္ဌောဆိပ်ကမ်းတွင် ဆီတင်နေသည့် မော်တော်ယာဉ်များကို လေကြောင်းက တိုက်ခိုက်မှုပြုလုပ်ချိန်  ဆီမှောင်ခိုလုပ်ငန်း အနည်းငယ် ရပ်တန့်သွားသည်ဟု သတင်း များ ကြားရသည်။
    ရပ်တန့်သည် ဆိုရာတွင် အနည်းငယ်ဟု သုံးခြင်းမှာ ယနေ့အထိ ဒုံရင်းမှ ဒုံရင်း ပြန်ဖြစ်နေပြီး မြန်မာပြည် အထက်အညာဒေသသို့ ရရာနည်းလမ်းဖြင့် စက်သုံးဆီ မှောင်ခိုပို့နေသည့် လမ်းကြောင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေလေသည်။ သည်ကြားထဲ မူးယစ်ဆေးဝါး မိသည်ဆိုသည့် သတင်းများ ကို ကြည့်လိုက်လျှင်လည်း ဘီလီယံနှင့်ချီ တန်ကြေးရှိသည်များ ဖြစ်နေလေသည်။ သည်အရာများကို ကြည့်လျှင် ထိုငွေကြေးများဖြင့် ဘုရားတည်၊ ကျောင်းဆောက်လုပ်မည့်သူ တစ်ဦးမျှမပါ၊ လက်နက်ဝယ်၊ စားရေရိက္ခာ ဆေးဝါးဝယ်၊ လူသစ်စုဆောင်းပြီး စစ်ပွဲကို ထပ်ဖန်တလဲလဲ ဖန်တီးရန် ဖြစ်သည်မှာ ဗေဒင်မေးစရာမလိုဟု ပြောနိုင်ပါသည်။ ချင်းတွင်းမြစ်တစ်ကြောက ရွှေမျော လုပ်ကွက်များ၊ ကချင်ပြည် နယ်မှ မြေရှားသတ္တု အလွန်အကျွံ ထုတ်ယူနေမှုများ၊ မိုးကုတ်ကဲ့ သို့နေရာတွင် ရတနာ တူးဖော်နေမှုများသည် ပြည်သူ့အတွက် အကျိုးမရှိ၊ တိုင်းနိုင်ငံ အတွက် အကျိုးမရှိ အဆိပ်ပင် ကြီးထွားစေရန် ပံ့ပိုးနေသောအရာများ ဖြစ်ကြောင်းကို နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြ နေကြပြီ ဖြစ်သည်။ ဥပဒေဘောင်အတွင်း နေထိုင်သူများ ပိုမို များပြားနိုင်ကြပါစေဟု။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 139

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42848

© 2022 - 2025 News. All Rights Reserved.