သူတစ်လူငါတစ်မင်း လုပ်မှာလား၊ စစ်နွံအတွင်းက ရုန်းထွက်မှာလား

၂၀၂၄ အောက်တိုဘာ ၁၉
    
    တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကိုယ်ကျိုးအတ္တကို လျှော့ဖို့လိုပါလိမ့်မယ်။ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်မိတတ်တာက ကိုယ်ကျိုးအတ္တကို အခြေခံလို့ပါ။ လူအတော်များများက ကိုယ်လုပ်တဲ့ကိစ္စ ဆိုရင်အမှန်၊ သူများလုပ်ရင်အမှားလို့ ထင်တတ်ကြပါတယ်။ အမှန်အမှားဆိုတဲ့သဘာဝကို အတ္တကဖုံးလွှမ်း သွားတဲ့အခါမှာ အမှန်တွေပျောက်ကွယ်ပြီး အမှားတွေချည်းသာ ကျန်တတ်ပါတယ်။ အဲ့ဒီအခါမှာ ဘုံအကျိုးစီးပွားဆိုတာ တဖြည်းဖြည်းနဲ့ ဝေးကွာသွားတတ်ပါတယ်။ သူ့အပြစ် ကိုယ့်အပြစ်၊ သူ့အမှား ကိုယ့်အမှား ပြစ်တင်နေတတ်ကြတဲ့ သဘာဝအရလည်း ကောင်း ကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေပါတယ်။ 
    လူနဲ့ လူ့ပတ်ဝန်းကျင်မှာ အကောင်းအဆိုး၊ အမှားအမှန်၊ ချစ်ခြင်းမုန်းခြင်းဆိုတာ ဖြစ်မြဲဓမ္မတာ ပါ။ လူ့သဘာဝအရ ကိုယ်ကျင်လည်နေထိုင်ရတဲ့ ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို လူတိုင်းလိုလို ချစ်မြတ်နိုးတတ်ကြပါတယ်။ သို့သော် အတ္တကိုအခြေခံတဲ့ ဒေသစွဲ၊ လူမျိုးစွဲတွေ သိပ်ကြီးမားလာတဲ့အခါ မှာဆိုရင် ဘုံအကျိုးစီးပွားဖြစ်တဲ့  ကိုယ့်နိုင်ငံရဲ့အကျိုးဟာ  နောက်ကို တဖြည်း ဖြည်းနဲ့ ရောက်စေမှာအမှန်ပါ။ ထိုအစွဲတွေကို အာဏာတပ်မက်မှုနဲ့ပါ ပေါင်းစပ်လိုက်တဲ့အခါ ဘုံအကျိုးစီးပွားဟာ ပျက်စီးတဲ့အထိ ဆိုက်ရောက်စေမှာဖြစ်ပါတယ်။ ဒီသဘောသဘာဝကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခါစကာလကပင် စပြီးတွေ့ရမှာ ဖြစ်ပါတယ်။ ထိုသဘာဝ၊ ထိုစိတ်တွေတဖြည်းဖြည်းကြီး ထွားလာခဲ့တာ  အခုချိန်မှာ လူမျိုးစွဲအမုန်းတရားထိပင် ဖြစ်လာနေပြီဖြစ်ပါတယ်။ 
    လူမျိုးစွဲစိတ်နဲ့ပတ်သက်ပြီး ပြောရရင် မြန်မာနိုင်ငံအတွင်းမှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိပါတယ်။ များသောအားဖြင့် ဗမာကလွဲလို့ ကျန်တိုင်းရင်းသားအတော်များများမှာ မြန်မာဆိုတဲ့စိတ် အတော်နည်းပါတယ်။ မျိုးချစ်စိတ်လို့သုံးရင် ဗမာက ၁၃၅ မျိုးလုံးကို အတူတူပဲလို့ ပြေးမြင်ပြီး ကျန်တိုင်းရင်းသား အတော်များများက ကိုယ့်လူမျိုးသီးသန့်ကိုပဲ သတ်မှတ်ကြတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာ အတော်စိတ်မကောင်းစရာကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ထိုကူးစက်မှုတွေကတစ်ဆင့် အခုအခါမှာဆိုရင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကိုအခြေခံပြီး ဗမာ ဗမာချင်း အမုန်းတရားတွေနဲ့ အပြန်အလှန်တိုက် ခိုက်နေကြပြီဖြစ်ပါတယ်။
    အဓိက ဖြစ်ရတဲ့အကြောင်းရင်းက ဗြိတိသျှကိုလိုနီခေတ်က တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ တွန်းလှန်မှာကို စိုးရိမ်လို့သွေးခွဲပေးခဲ့တာက အစပြုပါတယ်။ တကယ်တမ်းပြန်ကြည့်ရင် သီပေါမင်းပါတော် မူသွားပြီးနောက်မှာ ဗမာနဲ့ တိုင်းရင်းသားမျိုးချစ်ပုဂ္ဂိုလ်တွေဟာ ဗြိတိသျှကို အသက်စွန့်ပြီး ရဲရဲဝံ့ဝံ့တော်လှန်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ အလောင်းမင်းတရားကြီး စတင်တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ်မှာ တိုင်းပြည် ဟာစည်ပင်ဝပြောခဲ့သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကလည်း ခိုင်မာစေခဲ့တာ တွေ့ရပါတယ်။ ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းဖို့စတင်တဲ့အခါမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမတိုင်မီ ပထမဆုံးဖဲ့ထုတ် စည်းရုံးသွေးထိုး မြှောက်ပင့်သွေးခွဲခဲ့တာက ရခိုင်ကိုပါ။ အဲ့ဒီအချိန်မတိုင် ခင် တိုင်းရင်းသားလူမျိုးစု အတော်များများကို  ဘာသာရေးနဲ့စည်းရုံးခဲ့တာ တွေ့ရပေမယ့် တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပျက်သေးပါ။ ဗြိတိသျှ ကိုလိုနီဖြစ်သွားတဲ့ အချိန်မှာ စနစ်တကျသွေးခွဲခဲ့တာက တိုင်းရင်းသားတွေ ကို အခွင့်အရေးပေးပြီး ဗမာကိုနှိပ်ကွပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေရာဒေသ သီးခြားစီခွဲလိုမရနိုင်လောက်အောင် ရောထွေးနေတဲ့ ကရင်နဲ့ဗမာကို အခွင့်အရေးနဲ့ဘာသာရေးအရ သွေးခွဲခဲ့တာ အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။
    ဗြိတိသျှတပ်မတော်မှာ တိုင်းရင်းသားတပ်တွေ ဖွဲ့စည်းပေးခဲ့ပြီး ရာထူးနဲ့အခွင့်အရေးပေးခဲ့ပေမယ့်  ဗမာကို လုံးဝအ၀င်မခံခဲ့ပါ။ ဗမာနဲ့ ကျန်တိုင်းရင်းသားတွေကို သွေးခွဲခဲ့ရုံမက တိုင်းရင်းသား အချင်းချင်းကိုလည်း သွေးခွဲခဲ့တာတွေ့ရပါတယ်။ တိုင်းရင်းသားတစ်မျိုးကို ဖိနှိပ်ဖို့လိုလာရင် ကျန်တိုင်း ရင်းသားတပ်တွေကို သုံးတာမျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသမဟုတ်တဲ့ လူမျိုးမတူ၊ ဘာသာဓလေ့မတူတဲ့ နိုင်ငံတစ်နိုင်ငံကို ကျူးကျော်အုပ်ချုပ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ အထူးသဖြင့် စည်းလုံးညီညွတ်နေရင် ဘယ်လိုမှ ကြာကြာထိန်းထားနိုင်မှာ မဟုတ်တဲ့အတွက် အင်္ဂလိပ်က သူ့အလုပ်သူ လုပ်သွားတာပဲဖြစ်ပါတယ်။ ဒီအမြင်၊ ဒီအသိနဲ့ အထင်အမြင်လွဲမှားပြီး သွေးကွဲနေတဲ့အခြေ အနေကို ပြန်လည်စည်းလုံးညီညွတ်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်အသီး သီးမှာ တာဝန်ပိုရှိပါ လိမ့်မယ်။ 
    ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရဖို့ ပင်လုံညီလာခံကတစ်ဆင့် ကြိုးစားခဲ့ရတဲ့ အခြေအနေကို ပြန်ကြည့်ပါ။ သိမ်းတုန်းက ဗမာမင်းသြဇာသက်ရောက်တဲ့ နယ်မြေတွေကို ဘာသဘောတူညီချက်မှမယူဘဲ သိမ်းခဲ့တာ ပြန်ပေးရမယ့်အချိန်ကျမှ တိုင်းရင်းသားတွေရဲ့သဘောယူပါဦးဆိုတာ ဘာသဘောလဲ။ ပင်လုံမှာ ဆွေးနွေးနေချိန်ရော၊ မဆွေးနွေးခင်အချိန်မှာရော 'ဗမာနဲ့အတူ လွတ်လပ်ရေးမယူနဲ့ ဗြိတိသျှ ရဲ့ဓနသဟာယထဲမှာနေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်'ဆိုပြီး အင်္ဂလိပ်တို့စည်းရုံး ခဲ့ကြတာဟာ လွတ်လပ်ရေးမရခင်မှာ ဆူးထိုးပေးခဲ့တာ ပဲဖြစ်ပါတယ်။ ပင်လုံညီလာခံမှာ ဆွေးနွေးသူအဖြစ် မတက်ရဘဲ လေ့လာသူအဖြစ်တက်ခဲ့ရတဲ့ကရင်နဲ့ ကယားတွေကပါ ဓနသဟာယထဲမှာနေဖို့ ကြိုးစားခဲ့ကြ တာတွေရပါလိမ့်မယ်။ လွတ်လပ်ရေးပေးရခါနီးမှာ ကရင်ကို သီးခြားနယ်မြေပေးမသွားဘဲ 'အင်္ဂလိပ်တို့ကို အကူအညီပေးခဲ့တဲ့ ကရင်လူမျိုးကို ကျေးဇူးတင်တယ်။ အမြဲတမ်းသတိတရနဲ့ ကူညီနေမှာပါ'ဆိုပြီး နန်းရင်းဝန် အက်တလီကိုယ်တိုင် ပြောခဲ့တဲ့စကားက ၁၉၄၉ ခုနှစ် ကရင်တော်လှန် ရေးအတွက် အစပျိုးမှုဖြစ်စေခဲ့ပြီး အခုချိန်ထိ နှစ်ပေါင်း ၇၀ ကျော် ရှင်းမရသေးတဲ့ ပြဿနာတစ်ခု အဖြစ် တွေ့ရမှာဖြစ်ပါတယ်။
    တစ်ဆက်တည်းပြောရရင်  ဗမာ ဗမာချင်းအကွဲက နိုင်ငံရေးအာဏာ စားခွက်လုရင်းကွဲခဲ့တဲ့ အကွဲပါ။ အင်္ဂလိပ်နဲ့ပေါင်းပြီး ရာထူးယူတဲ့ နိုင်ငံရေးသမားနဲ့ အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်တဲ့ နိုင်ငံရေး သမားတွေရဲ့ အကွဲ၊ တော်လှန်ရေးအတူလုပ်တဲ့ နိုင်ငံရေးသမားတွေရဲ့ အကွဲ စသဖြင့်တွေ့ရမှာဖြစ်ပါတယ်။  လက်ဝဲလက်ယာ အကွဲနဲ့ လက်ဝဲ လက်ဝဲချင်းအကွဲပါ။ ဒီပြဿနာတွေဟာ အမြစ်မတွယ်ခင်မှာ ကုစားခဲ့ရမယ့် ပြဿနာတွေပဲ ဖြစ်ပါတယ်။ မကုစားခဲ့ကြဘူးလားဆိုတော့လည်း ကုစားခဲ့ ကြတယ်လို့ ပြောလို့ရပါတယ်။ ဒါဆို ဘာလို့မအောင် မြင်ရတာလဲလို့ဆိုရင် အဓိကပြဿနာက ကိုယ်ကျိုးအတ္တလို့ ဆိုရပါလိမ့်မယ်။ အပြန်အလှန်နားလည်မှု၊ သီးခံခွင့်လွှတ်မှု၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ညှိနှိုင်းမှုတွေ နည်းပါးလို့ပါ။ ဖိဖိစီးစီးတစိုက်မတ်မတ်ရှင်းရမယ့် ပြဿနာကို အီရောအီရောနဲ့ အချိန်တွေဆွဲလာခဲ့တာ အခုချိန်မှာ အတော်ရှင်းရခက်တဲ့ပြဿနာဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
    တိုင်းရင်းသားအတော်များများက ဖက်ဒရယ် စနစ်မမှန်လို့ ဖက်ဒရယ်မပေးလို့ ဒီပြဿနာတွေ ဖြစ်နေရတာလို့ ဆိုကြတယ်။ ဒီအပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေကဘာ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးက ဘယ်လို၊ ဘယ်ကိစ္စကတော့မဖြစ်သင့်ဘူး၊ မဖြစ်နိုင်ဘူး စသဖြင့် ရှင်းလင်းဆွဲဆောင် စည်းရုံးဖို့တာဝန်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကပင်လျှင် ဝေဝါးဝါးနဲ့ ကိုယ့်ဘက်ပါအောင် အမုန်းမခံဘဲ မြှောက်ပင့်ပေးနေတာကလည်း  သွေးစည်းညီညွတ်ရေးရဲ့ အန္တရာယ်တစ်ခုပဲဖြစ်ပါတယ်။ 
    ဖက်ဒရယ်ဆိုတာဘာလဲ။ သေသေချာချာရော နားလည်ကြရဲ့လားမသိ။ ဗဟိုအစိုးရရှိမယ်။ သက်ဆိုင်ရာ ပြည်နယ်မှာ အစိုးရရှိမယ်၊ လွှတ်တော်တစ်ရပ်ရှိမယ်၊ တရားစီရင်ရေးရှိမယ်ဆိုရင် ဒါဖက်ဒရယ်ပဲ။ ပြည်ထောင် စုစနစ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုဟာကို ဖက်ဒ ရယ်အဖြစ် သတ်မှတ် နေကြသလဲမသဲကွဲဘူး။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာကဒါပဲ။ အဓိကလိုချင်တာက အာဏာ။ ဘယ်လိုမှမဖြစ်နိုင်တဲ့၊ ပေးလို့မရနိုင်တဲ့ ကွန် Confedreation အဆင့်ကို လိုချင်ခဲ့ကြတာ။ အစကတည်းက ယတိပြတ် ပြတ်ပြတ်သားသား ဆွေးနွေးသဘောတူခဲ့ရမယ့်ကိစ္စ၊ မဖြစ်နိုင်တဲ့ကိစ္စ ဘာကြောင့် မဖြစ်နိုင်သလဲ၊ အာဏာခွဲဝေမှု ဘယ်အတိုင်းအတာအထိရမယ် စသဖြင့် ရှင်းရှင်းလင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့ကြရမှာကို ဝေ့နေခဲ့ကြလို့ တဖြည်းဖြည်းချင်း ပြဿနာကပိုကြီးထွား လာတာလို့ မြင်တယ်။
    ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးနဲ့ လက်နက်ကိုင်လမ်းစဉ် ပပျောက်ရေးကို နိုင်ငံရေးသမားတွေအနေနဲ့ ထဲထဲဝင်ဝင်ကြိုးစားခဲ့တာ မရှိခဲ့ကြပေမယ့် တပ်မတော်ကတော့ အမြဲတမ်းလိုလို ကြိုးစားပေးနေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ အထူးဒေသနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကို ခွင့်ပြုလို့မရပါ။ ဥပဒေအရ လက်နက်ကိုင်အဖွဲ့အနေနဲ့ ရပ်တည်မယ်ဆို ရင် ပြည်သူ့စစ်ဖြစ်ဖြစ်၊ နယ်ခြားစောင့်တပ်အဖြစ်ဖြစ်ဖြစ် အသွင်ပြောင်းမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ထိုလက်နက်ကိုင်အဖွဲ့တွေဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းပြည်ကို ကာကွယ်ချင်စိတ်ရှိရင် တိုင်းပြည်ရဲ့အင်အားဖြစ်စေမှာပါ။ သို့သော် အထူးဒေသအဖြစ် ရပ်တည်ခဲ့ကြတဲ့ အဖွဲ့အတော်များများ က သီးခြားနယ်မြေရပြီး လက်နက်ကိုင်ထားဖို့ကိုသာ လိုလားကြတာ တွေ့ရပါတယ်။ ခွင့်မပြုရင်၊ လက်မခံရင်၊ မပေးရင် တိုက်ဖို့ ဝန်မလေးဘူးဆိုတဲ့ အခြေအနေမှာရှိခဲ့တာပဲဖြစ်ပါတယ်။     
    ဒီပြဿနာတွေ ပြေလည်ပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့ ကိုက်ညီအောင် ထည့်သွင်းပြောင်းလဲနိုင်ဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တပ်မတော်သားအ သွင်ပြောင်း ရွေးချယ်ခံအစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရနဲ့  တပ်မတော်က ကြိုးစားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ တစ်ကျော့ ပြန်တိုက်ပွဲတွေဖြစ်လာပြီး အထူးဒေသတချို့က တိုက်ပွဲအတွက် ပြင်ဆင်လာကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တိုက်ပွဲတွေမဖြစ်စေဘဲ လိုအပ်တာတွေကို နိုင်ငံရေးနည်းအရ ဆွေးနွေးနိုင်ဖို့ NCA လမ်ကြောင်း ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအတွက် ဖြစ်သင့်တာက အထက်မှာဆိုခဲ့သလို ဖြစ်သင့်တာကိုသာ စဉ်းစားရမှာ မဟုတ်ပေဘူးလား။ သို့သော် တကယ့်လက်တွေ့နဲ့ ခံယူချက်တွေက လက်နက်နဲ့ အာဏာကိုဆုတ်ကိုင်ထားလိုကြတဲ့အတွက် ပြည်ထောင်စုအတွက် ရင်လေးစရာလို့သာဆိုရမှာပါ။
    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကို ပိုမိုထင်ရှားစေတာက ၂၀၂၁ ခုနှစ် နိုင်ငံ ရေးအပြောင်းအလဲမှာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးကို အလေးမထားခဲ့တဲ့ နိုင်ငံရေးသမားတွေက ၂၀၂၁ ခုနှစ် အပြောင်းအလဲမှာ တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်ကိစ္စကို အသံကျယ်ကျယ်နဲ့ လူပြိန်းကြိုက် ပြောလာကြတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပေါ်မှာနင်းပြီး တိုင်းရင်း သားလက်နက်ကိုင်တွေရော၊ ဗမာလက်နက်ကိုင်တွေရော ကိုယ်လိုချင်တာရဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆိုတာကို ဇောင်းတင်လာ ကြတာပဲ ဖြစ်ပါတယ်။
    တစ်ဖက်က လက်နက်ကိုင်တိုက်ပွဲတွေ ဆင်နွှဲနေကြပြီး တစ်ဖက်က နိုင်ငံတကာမှာ မျက်နှာပန်းမလှအောင်၊ သိက္ခာကျအောင် အပုပ်ချဝါဒဖြန့်ရေးကို ဆောင်ရွက်နေကြတာ တွေ့ရပါလိမ့်မယ်။ ကိုယ်ကိုယ် တိုင်လုပ်ခဲ့တာတွေကို အမှားအမှန်နဲ့ အနာဂတ်အတွက် အကျိုးရှိ၊ မရှိမသုံးသတ်တော့ဘဲ တပ်မတော်ကို လူမုန်းများရင်ပြီးရော၊ တပ်မတော်ရှုံးရင် ပြီးရောဆိုပြီး လုပ်နေကြတာတွေက အဖွဲ့အစည်းအတွက် အနိုင်ရဖို့  ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သို့သော် ပြည်ထောင်စုအတွက်တော့ ရင်လေးစရာ ရှုံးနိမ့်ခြင်းပါပဲ။ Win Win Situation ဘယ်လိုမှ ဖြစ်လာစရာရှိမှာမဟုတ်ပါ။
    အတိတ်က ဇာတ်လမ်းတွေ၊ သွေးစည်းညီညွတ်မှု ပြိုကွဲခဲ့တဲ့သမိုင်းကြောင်းတွေဟာ နှစ်လိုဖွယ် ကောင်းတဲ့ သမိုင်းမှတ်တမ်း မဖြစ်ခဲ့တာကတော့ သေချာပါတယ်။ ဒီသင်ခန်းစာကိုမယူကြဘဲ သူတစ်လူ ငါတစ်မင်းသာ ဆက်လုပ်နေကြမယ်ဆိုရင် ဆိုးသထက်ညစ်တဲ့ သမိုင်းသာ တွင်သွားပါလိမ့်မယ်။ ဒါတွေ အားလုံး တပ်မတော်က လုပ်တာ၊ စစ်အာဏာရှင်စနစ် အသက်သွင်းလို့ဖြစ်ရတာလို့ တပ်မတော်ကို သမိုင်းတရားခံအဖြစ် ပုံချနေကြတာတွေကလည်း ပြည်ထောင်စုနဲ့ မျိုးဆက်သစ် လူငယ်တွေအပေါ်မှာ မရိုးသားရာကျပါတယ်။ တပ်မတော်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဘယ်တုန်းကမှ မတည်ဆောက်ခဲ့ ပါ။ အာဏာစမန်လုကြတဲ့ နိုင်ငံရေးသမားတွေရဲ့ အလိုမပြည့်ခဲ့ရတဲ့အပေါ် အပုပ်ချရုံသက် သက်သာ ဖြစ်ပါလိမ့်မယ်။ သမိုင်းကို အရောင်မဆိုးကြဘဲ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အနာဂတ်သမိုင်းကို ယမ်းနံ့၊ သွေးညှီနံ့တွေနဲ့ တည်ဆောက်ကြမယ့်အစား ငြိမ်းချမ်းစွာ အတူလက်တွဲ တည်ဆောက်ပေးကြမှာသာ  သမိုင်းလှပါလိမ့်မယ်။ စစ်နွံအတွင်းက ရုန်းထွက်နိုင်မှသာ တိုင်းပြည်ကိုအေးချမ်းစွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43005

© 2022 - 2025 News. All Rights Reserved.