၂၀၂၅ ဖေဖော်ဝါရီ ၈
မြန်မာ့နိုင်ငံရေး သမိုင်းအစဉ်အဆက်တွင် တပ်မတော်၏ အခန်းကဏ္ဍသည် ယနေ့အချိန်ထိ အဘယ်ကြောင့်ရှိနေသနည်းဟူသော မေးခွန်းကို နိုင်ငံရေးသမားတိုင်း ဖြေကြည့်ရန် လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့် နိုင်ငံရေးစနစ်ကိုသွားရန် လိုသနည်းနှင့် နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ကိုမည်သို့ ထူထောင်မည်နည်းဟူသော မေးခွန်းကလည်း တစ်ဆက်တည်းပေါ်လာသည်။ဦးစွာ ပထမဆုံးမေးခွန်းကို ဖြေရလျှင် အမျိုးသားနိုင်ငံရေးကို ဦးတည်လုပ်ဆောင်နေသော တပ်မတော်အ နေဖြင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍတွင် ကာလရှည်စွာ ရပ်တည်နေရသော အကြောင်းအရင်းက မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်ဆန်သော နိုင်ငံရေးသမားအရေအတွက် နည်းပါးခြင်းကြောင့်ဟု အားမနာတမ်း ပြောဆိုရ မည်ဖြစ်သည်။ နိုင်ငံရေးဟာ ညစ်ပတ်ခြင်းမဟုတ် နိုင်ငံရေးကို လုပ်စားသူတို့ကြောင့် ညစ်ထေးသွားရသည်ဟု တပ်မတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ စကားကို ယူသုံးရမည် ဖြစ်သည်။ မြန်မာနိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှုဖြင့် တပ်မတော်အစိုးရအဆက်ဆက် နိုင် ငံတော်၏တာဝန်ကိုရယူပြီး ထမ်းဆောင်နေသမျှ ကာလပတ်လုံး နိုင်ငံရေးသမားတို့၏ တောင်းဆိုချက်မှာ ဒီမိုကရေစီ ရရှိရေးဖြစ်သည်။ ဒီမိုကရေစီဟူသော နိုင်ငံရေးစနစ် တောင်းဆိုမှုကို ရေလဲသုံးကာ ဒီမိုကရေစီတိုက်ပွဲ၊ ဒီမိုကရေစီအရေး တောင်းဆိုမှုပေါင်းများစွာက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးသမားတို့၏ ထင်ရှားသော ကြိုးပမ်းမှုများပင် ဖြစ်သည်။ သို့သော် တောင်းဆိုမှု၊ လူထုလှုပ်ရှားမှုများ ဖြင့်သာ ဒီမိုကရေစီကို ကလေးမုန့် တောင်းသလို တစာစာ တောင်းခဲ့ကြသော်လည်း နိုင်ငံရေးသမား အများစုက ဒီမိုကရေစီ၏ အနှစ်သာရနှင့်ပတ် သက်၍ ကိုယ်တိုင်နားလည်ရန်၊ အများပြည်သူ သိရှိနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့မှု မရှိသလောက် နည်းပါးခဲ့ကြသည်။ ထို့ကြောင့်လည်း ဒီမိုကရေစီအရေး လူထုအုံကြွမှုများ၊ အရေးအခင်းများ စသဖြင့် မည်သို့မည်ပုံ တောင်းဆိုခဲ့ကြသော်လည်း ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ရေးက အရာမရောက်ခဲ့ကြခြင်း ဖြစ်သည်။ ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ် မရှိ၊ အခြေခံအဆောက်အအုံမရှိ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနတ္တိဖြင့်သာ အော်ဟစ်တောင်းဆိုခဲ့ကြပြီး ဒီမိုကရေစီ ဟစ်ကြွေးသံများက အရာမရောက်ခဲ့ကြပေ။
၁၉၈၈ ကာလမတိုင်ခင်ကတည်းက နိုင်ငံရေး သမားအများစု၏ ဒီမိုကရေစီ ဟစ်ကြွေးသံများဖြင့် အများညီ ဤ ကျွဲဖတ်ဆိုသလို ဒီမိုကရေစီကို တစာစာ တောင်းခဲ့ကြသည်။ ပြည်သူလူထုကလည်း နိုင်ငံရေးသမားတို့၏ ပါးစပ်ဖျားက ဒီမိုကရေစီဆိုသည့် စကားလုံးကို အခြေခံကာ ဒီမိုကရေစီသံ ဟစ်ကြွေးခဲ့ကြသော်လည်း ဒီမိုကရေစီဆိုသည်မှာ ဖြူသလား မည်းသလားဆိုတာ ခွဲခြားလေ့လာနိုင်စွမ်း အားနည်းခဲ့ကြသည်။ ထို့ကြောင့်လည်း ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား အားနည်းခဲ့ခြင်းကြောင့်ဟု ကနဦး ပြောကြားရခြင်းဖြစ်သည်။ ယင်းကာလကတည်းက မြန်မာ့နိုင်ငံရေးသမား အများစုမှာ တစ်ဦးတစ်ယောက်အပေါ် အခြေခံကာ နိုင်ငံရေးလှုပ်ရှားမှုကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတို့နှင့် အစပြုခဲ့ကြသည်။ မိမိကိုယ်တိုင် နိုင်ငံရေးသဘောတရားတို့ကို စေ့ငုစွာလေ့လာခြင်းမရှိ ခေါင်းဆောင် လုပ်သူက ဒီမိုကရေစီဟုဆိုလျှင် ဒီမိုကရေစီ၊ ဆန့်ကျင်ကန့်ကွက်ကြဆိုလျှင် ဆန့်ကျင်ကြ၊ သပိတ်မှောက်ကြဆိုလျှင် သပိတ်မှောက်ကြ စသဖြင့် သံပတ်ပေးထားသည့် စက်ရုပ်များသဖွယ် နိုင်ငံ ရေးကို လှုပ်ရှားခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများက အပြောင်းအလဲ တစ်ကြိမ်ဖြစ်ရန် အချိန်များ စွာယူရသည်။ ထိုအချက်ကပင် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်က အချိန်တော်တော်ကြာကြာ ရှိနေရခြင်းဖြစ်သည်။ ဒီမိုကရေစီ တောင်းဆိုကြသော နိုင်ငံရေးသမားအချင်းချင်း သဘောထားကွဲရင် ပါတီခွဲထွက် တစ်စင်ထောင်၊ အချင်း ချင်း မတည့်ရင် ပါတီသစ်ထောင်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတည့်လျှင် အဖွဲ့သစ်မြောက်မြားစွာ ပေါ်လာပြီး ပါတီတွင်း၊ နိုင်ငံရေး လောကသားအချင်းချင်း ဒီမိုကရေစီ မတူကွဲပြားမှုကို လက်ခံရမည့် ဒီမိုကရေစီ အနှစ်သာရကို အသုံးမချတတ်သလို ကြက်တူရွေးနှုတ်တိုက် ဒီမိုကရေစီ တောင်းဆိုမှုများဖြင့်သာ အချိန်ကုန်ခဲ့ကြသည်။ ထိုသို့သော နိုင်ငံရေးသမားတို့ ကိုယ်တိုင်ပင် ပရော်ဖက်ရှင်နယ် မဆန်ကြသည့်အခြေအနေတွင် နိုင်ငံရေးအသိပညာ အားနည်းသော ပြည်သူများ နိုင်ငံရေးစနစ်တစ်ခုကို သေသေချာချာ မသိခြင်းက အပြစ်တော့ မဟုတ်ချေ။
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး တောင်းဆိုခဲ့ကြသူများ၏ အခန်းကဏ္ဍနှင့် ဒီမိုကရေစီ စနစ်ဖြစ်စေရေး အခြေခံလိုအပ်ချက်များ ဖော်ဆောင်ခဲ့ရမှုသမိုင်းက သီးခြားစီဖြစ်သည်။ တပ်မတော်အစိုးရလက်ထက် နိုင်ငံတော်ကို စနစ်ပြောင်းရန် ကြိုးပမ်းမှုများဆောင် ရွက်ရာတွင် ကနဦးအနေ ဖြင့် အမျိုးသားညီလာခံများမှတစ်ဆင့် ခိုင်မာအားကောင်းသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ထွန်ရေး ကြိုးပမ်းခဲ့ရသည်။ တပ်မ တော်အစိုးရမှ ဦးဆောင်ကျင်းပခဲ့သော ဖွဲ့စည်းပုံစတင်ပေါ်ပေါက်ရေး ကြိုးပမ်းမှုဖြစ်သည့် ညီလာခံအပေါ်ကိုလည်း ကဖျက်ယဖျက် သပိတ်မှောက် အင်အားစုများကလည်း ပေါ်ထွက်ခဲ့သည်။ ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာပြီးနောက် ဖွဲ့စည်းပုံဥပဒေ၏ မာတိကာပင် လှန်မကြည့်သော နိုင်ငံရေးသမားများက ကန့်ကွက်ခဲ့ကြပြန်သည်။ ၂၀၀၈ အလိုမရှိဟူသော ကြွေးကြော်သံများကို သံပတ်စက်ရုပ်များသဖွယ် အော်ဟစ်ခဲ့ကြပြန်သည်။ မိမိကိုယ်ကိုယ် နိုင်ငံရေး သမားဟု ခံယူထားကြသူများ ကိုယ် တိုင် နိုင်ငံတော် ဒီမိုကရေစီ စနစ်သွားရန် ခိုင်မာအား ကောင်းသော ဖွဲ့စည်းပုံဥပဒေလိုအပ်ကြောင်းကို မသိသလို၊ ပေါ်ထွန်းလာရေး ကြိုးပမ်းရမည့်အစား သပိတ် မှောက်လုပ်ရပ်များဖြင့်သာ အချိန်ကုန်နေပြီး ကြက်တူရွေးနှုတ်တိုက် နိုင်ငံရေးသမားတို့က တစာစာ ဒီမိုကရေစီ အစာတောင်းခဲ့ကြသည်။ ထိုကာလအထိ မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် ဒီမိုကရေစီစနစ်သည် မည်သို့မည် ပုံရှိသည်၊ မည်သို့သော အခင်းအကျင်းများကို လိုအပ်သည်ဟု ပရော်ဖက် ရှင်နယ်ဆန်စွာ ရှင်းပြမည့် နိုင်ငံရေးသမား တစ်ယောက်တလေမျှ ပေါ်ထွန်းခဲ့ခြင်း မရှိသည်ကို တွေ့ရမည်။ အများပြည်သူအား နိုင်ငံရေးစနစ်တစ်ခိုကို မည်သို့မည်ပုံ နည်းမှန်လမ်းမှန်ဖြင့် သွားရမည်ဆိုသည့်အစား လမ်းပေါ်ထွက် ဆန္ဒပြသည့် လမ်းပေါ်နိုင်ငံရေး လမ်း ကြောင်းကိုသာ အာရုံစိုက်ခဲ့ကြသည်။
ယင်းနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံရေး အလှည့် အပြောင်းအတွက် ပေါ်ထွက်လာခဲ့သည်။ ထိုသို့ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံရေးစနစ်သစ်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ပြည်စုံသည့် အချိန်တစ်ခုအရောက်တွင် ၂၀၁၀ ရွေးကောက်ပွဲဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရောင်နီသန်းခဲ့ရသည်။ ထိုအလှည့်အပြောင်းသည် သံပတ်စက်ရုပ် နိုင်ငံရေးသမားတို့၏ ကြက်တူရွေးနှုတ်တိုက် တောင်းဆိုမှုကြောင့် ရရှိလာခြင်း မဟုတ်သလို လိုအပ်သော အခြေခံအဆောက်အအုံ၊ လိုအပ်သောဥပဒေတစ်ရပ် ပေါ်ပေါက်လာပြီး အခြေအနေ အချိန်အခါသင့် လာခြင်းဖြစ်သည်။ ထိုအချိန်ထိ သံပတ်စက်ရုပ် နိုင်ငံ ရေးသမားများ မည်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နေသနည်းဟု မေးခွန်း ထုတ်လေ့လာ သင့်သည်။ ထိုစဉ်က နိုင်ငံရေးသမားအများစုနှုတ်ဝယ် ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိကြောင်း၊
၂၀၁၀ ရွေးကောက်ပွဲပြည်သူများ မဲမပေးရေး၊ တပ်မတော်က ရေးဆွဲသည့် ဥပဒေအောက်က ကျင်းပသည့် ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သပိတ် မှောက်ကြရေးစသည့် လှုပ်ရှားမှုနှင့်ပင် အချိန်ကုန်ခဲ့ကြသည်။ ထိုသို့ ပြောဆိုခဲ့ကြသော ယင်းနိုင်ငံရေးသမားများ လက်ဝယ် ၂၀၀၈ ဖွဲ့စည်းပုံထက်သာ သော မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အပံ့ဖြစ်သော ဖွဲ့စည်းပုံတစ်ရပ်ထုတ် ပြစရာမရှိဘဲ အတိတ်ကာလက နိုင်ငံရေး ရေခံမြေခံမကောင်းစဉ်က ရွေးကောက်ပွဲရလဒ်များ ကိုင်စွဲကာ သပိတ်မှောက် ဆန္ဒပြခြင်းများဖြင့်သာ အချိန်ကုန်ခဲ့ကြသည်။
ထိုသို့ ပုဂ္ဂိုလ်ရေးကိုးကွယ်သော နိုင်ငံရေးသမားတို့၏ နိုင်ငံရေးသမားစဉ်က ခေါင်းဆောင်ဆို သူတို့၏ သံပတ်ပေးရသော စက်ရုပ်များထက် မပိုခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲများ အလိုမရှိဟု ပြောကြားခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် နိုင်ငံရေး ရွေးချယ်စရာ လမ်းက ရွေးကောက်ပွဲလမ်းဟုဆိုတာ ပြောင်ပြောင်တင်းတင်းဖြင့် ရွေးချယ်ခဲ့ပြီး ဒီမိုကရေစီကို စတင် မြည်းစမ်းခဲ့ကြသည်။အလိုမရှိဟုဆိုကာ ပြည်သူကို လမ်းပေါ်ဆွဲတင်ခဲ့ကြသည့် အတိတ်ဖြစ်ရပ်များကို ပြည်ဖုံးကားချကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ ကျင်းပသော ၂၀၁၅ ရွေးကောက်ပွဲကို ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လူထုထောက်ခံမှုနှင့် တိုင်းပြည်တာဝန်ကို နဖူးတွေ့ ဒူးတွေ့ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ တာဝန်ထမ်းဆောင် ရချိန်တွင် ပုဂ္ဂိုလ်စွဲ နိုင်ငံရေးသမားတို့၏ ပင်ကိုအရည် အချင်းက ပိုမိုပေါ်လွင်လာခဲ့သည်။ ၎င်းတို့ အလိုမရှိကြောင်း မကြာခဏ ဟစ်ကြွေးလာခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည်ကလည်း အလုပ် မဖြစ်သလို၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေကသာ အသွင်ကူးပြောင်းဆဲ နိုင်ငံတစ်နိုင်ငံအတွက် အကောင်းဆုံး ဆိုခြင်းကိုလည်း ဝန်မခံဘဲ နိုင်ငံတော်တာ ဝန်ကို ဖွဲ့စည်းပုံ အသုံးပြုကာ ထမ်းဆောင်ခဲ့ကြသည်။ တိုင်းပြည်အာဏာ ရယူလိုသူတို့ တိုင်းပြည်အာ ဏာလက်ဝယ်ရချိန်တွင် ဆောင်ရွက်ချက်များကို လေ့လာရာတွင် ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား အရေအတွက် လက်ချိုးရေတွက်လို့ ရသည်အထိ ပေါ်ထွက်လာခဲ့သည်။
ထိုသို့သော အရည်အချင်းမဲ့ ဆောင်ရွက်ချက်များဖြင့် ပုဂ္ဂိုလ်ရေး ယီးလေးခို လိုက်ပါလာသော နိုင်ငံရေး ဆောင်ရွက်ချက်များက ကြာရှည်တွင် စကားပြော လာခဲ့ကြသည်။ အာဏာသည် ဓားသွားထက်က ပျားရည်ဆိုသည်ကို မေ့လျော့ကာ အာဏာတည်မြဲရေးအတွက် ဆက်လက်ကြိုးပမ်းရာတွင် မသမာမှုများကို လုပ်ဆောင်ခဲ့ကြသည်။ ပြည်သူ့မျက်နှာထက် အာဏာရမ္မက်ကိုသာ အသားပေး လုပ်ဆောင်ခဲ့ကြခြင်း၏ အကျိုးဆက်က ယနေ့ အခင်းအကျင်းပင် ဖြစ်သည်။ ၂၀၂၀ ရွေး ကောက်ပွဲ၏ အခင်းအကျင်း မလှပမှုများကို နိုင်ငံရေး ပါတီများက ဖြေရှင်းပေးရေး တောင်းဆိုသံများကို လျစ်လျူရှုခြင်း၊ တပ်မတော်၏ နိုင်ငံရေး အခန်းကဏ္ဍကို မေ့လျော့ကာ တပ်မတော်၏ မဲစာရင်း စစ်ဆေးတင်ပြမှု များကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုဘဲ ရေငုံနှုတ်ပိတ် နေခဲ့ကြသည်။ အစိုးရအဖြစ် တာဝန်ယူထားသည့် ပါတီအကြီးအကဲများကိုယ်တိုင် ယင်းဖြစ်ရပ်ကို နှုတ်ဆိတ်နေခဲ့ခြင်းက ဆိတ်ဆိတ်နေခြင်းက ဝန်ခံသလိုဖြစ်ခဲ့ရပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ရပြီး တရားမျှ တသော ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းရေးပြန်လည် ကြိုးပမ်းနေရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲ၌ NLD ပါတီမှ မဲမသမာမှု ပြုလုပ်သူများအနေဖြင့် မဲစာရင်းများကို ဖောင်းပွအောင် ဖန်တီးပြီး ၎င်းင်းတို့နှင့် သက်ဆိုင်သည့် ရွေးကောက်ခံမဲဆန္ဒနယ် တစ်ခုတည်း၌သာ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး တရားမဲ့ အနိုင်ရရှိအောင် မဲမသမာမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရှိသည့် မြို့နယ် အားလုံးတွင် မဲမသမာမှုများအတွက် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များ ဖြစ်သည်ကို တွေ့ရကြောင်း၊ CEC ဖြစ်သည့် သူများသည် NLD ပါတီကို ကိုယ်စားပြုသူများပင် ဖြစ်သောကြောင့် မဲမသမာမှုကို ပါတီလိုက် ကျူးလွန်ခဲ့သည်ဟု ယူဆနိုင် ကြောင်း။"
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅)တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။
အထက်ပါ နိုင်ငံတော်အကြီးအကဲ၏ ပြောကြားချက်ကို လေ့လာကြည့်ပါက ပုဂ္ဂိုလ်ရေးကိုးကွယ် လွန်းသော နိုင်ငံရေးသမားတို့၏ ပြည်သူ့အရေးထက် ပါတီအကြီးအကဲအရေးကိုသာ အလေးထား ကြောင်း ပေါ်လွင်ခဲ့ရသည်။ ထိုစဉ်က နိုင်ငံတော်အစိုးရတာဝန် ယူထားသူများက မဲမသမာမှု ဖြစ်စဉ်ကို နှုတ်ဆိတ်ပါက အစိုးရတာဝန်ကို ရယူရမည့် ပါတီထိပ်ပိုင်းခေါင်းဆောင် များကိုယ်တိုင် တာဝန်ရှိ သော်လည်း နောက်ဆုံး အခြေအနေအထိ နှုတ်ဆိတ်ကာ တိုင်းပြည်၏ ဒီမိုကရေစီကို နောက်ပြန်လှည့် စေခဲ့သည်။ ယင်းတို့၏ အမှားအယွင်းကို ဝန်မခံဘဲ မြန်မာ့နိုင်ငံရေးသမိုင်းတွင် နောင်ပြန်ပြောရင် ရှက်ဖွယ်ဖြစ်သည့် အခြေအနေဆိုးများကို ဖန်တီးခဲ့ကြသည်။ လူငယ်ထုကို လမ်းပေါ်ဆွဲတင်ကာ ဆန္ဒပြ ပွဲများမှ တစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ပို့ဆောင်ခဲ့ကြသည်။ နိုင်ငံရေးအတ္တသမားတို့၏ ဝါဒမှိုင်းကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရပြီး တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးအတွက် တာဝန်ယူထားသော အစိုးရက မူလအခြေအနေမှန် ပြန်လည်ရောက်ရှိစေရေး အားကုန်ထုတ်ရသည့် အခြေအနေကို ဆိုက်ရောက်စေခဲ့သည်။ တစ်ဖက်တွင်လည်း လက်နက်ကိုင် အရေးကိစ္စများကလည်း မြွေပူရာ ကင်းမှောင့်ဆိုသလို တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပြီး အများပြည်သူ လိုလားတောင့်တသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး နှောင့်နှေး ကြန့်ကြာ နေခဲ့ရသည်။ သို့သော် နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ ရည်မှန်းထားသော အခြေအနေတစ်ရပ်ကို ပြည်သူ့အတွက် ဖန်တီးပေးရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။
"နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ် ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် စစ်မှန်သည့် ပြည်သူ့ဆန္ဒကို ဖော်ပြ နိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲမည်မျှပေးမှသာ ရွေး ကောက်ပွဲဖြစ် မြောက်မည်ဟု ပြဋ္ဌာန်းထားခြင်း မရှိသည်ကိုလည်း တွေ့ရပါကြောင်း၊ ပြည်သူလူထု၏ စစ်မှန်သည့် လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကသာ စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ စည်းစနစ် ကျနမှုရှိပြီး လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲ ဖြစ်ရန်၊ သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရန် လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရအောင် အဖြစ် နိုင်ဆုံး ဆောင်ရွက်ပေးရန်လည်း လိုကြောင်း၊ လာမယ့် မတ်လကုန် နောက်ပိုင်းမှသာ အစီရင်ခံစာ ထုတ်ပြန်နိုင်ပါမယ်။ နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိရန် အရေးကြီးခြင်းကြောင့် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများအနေဖြင့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိတို့ရည်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာဖြင့် လျှောက် လှမ်းနိုင်ရန် ရပ်ရွာဒေသများ အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးရေးကို ပြည် သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်လိုကြောင်း။ "နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၅)တွင် ထည့်သွင်း ပြောဆိုခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ယူကတည်း က ချမှတ်ထားသည့်အတိုင်း တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွက်လာရေး ကြိုးပမ်းနေခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေ ဖန်တီးရန် လိုအပ်ချက်အရ အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို ခြောက်လထပ်တိုးချိန်နှင့် တိုက်ဆိုင်စွာ ယခုရက်ပိုင်းတွင် သံပတ်စက်ရုပ် နိုင်ငံရေးသမားတို့ထံမှ တိုက်ဆိုင်စွာ "အစိုးရက ကျင်းပသည့် ရွေးကောက်ပွဲကို ကန့်ကွက်ရန်၊ လက်မခံရန်"ဟူသော အသံများက တညီတညွတ်တည်း ထွက်ပေါ်လာသည်။ "အတိုက်အခံလို့ ခံယူထားတဲ့ ပြည်ပက လူတွေကတော့ ဒီလိုပဲ ပြောကြမှာပဲလေ။ ပြည်တွင်းက လူတွေကတော့ တိုင်းပြည်အတွက် ဘာလိုအပ်တယ်ဆိုတာ သိကြတာပဲ။ ဒီလိုပဲ အော်ကြ ဟစ်ကြ၊ ကန့်ကွက်ကြနဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့ကြတာပဲ။ ခုလည်း ကန့်ကွက်ကြရင်း ရွေး ကောက်ပွဲက အားလုံး မျှော်လင့်သလို ဖြစ်လာမှာပဲ။ပြည်ပက လူတွေကတော့ ထုံးစံအရ အချိန်တန်ရင် အခုလို ထထပြောကြတာပဲ"ဟု NLD ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်အတူ ဒီမိုကရေစီစနစ် ပြန်လည် ပေါ်ထွန်းလာရေးသည် နိုင်ငံ သူနိုင်ငံသားတို့၏ ရင်တွင်းဆန္ဒမှန်ပင်ဖြစ်သည်။ အစိုးရတစ်ရပ်သည် အစိုးရတာဝန် ကျေပွန်ရမည် ဖြစ်သလို ပြည်သူကလည်း ပြည်သူ့တာဝန် ကျေပွန်ရမည်ဖြစ်သည်။စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းလာရေး ပြည်သူတို့၏ အခန်းကဏ္ဍက အရေးပါအရာရောက်ပြီး ပြည်သူ့ဆန္ဒဖြင့် အစိုးရတစ်ရပ် ပေါ်ထွန်းရေးက အရေးကြီးပါလှသည်။ ထို့ကြောင့် သံပတ်စက်ရုပ် နိုင်ငံရေးသမားတို့၏ ခါတော်မီ စကားများ၊ အချိန်ကိုက် အသံလွှင့်မှုများကို နားယောင်နေပါက တိုင်းပြည်တည် ငြိမ်အေးချမ်းရေးသည် ကြန့်ကြာနိုင်သလို၊ ပြည်သူများလို လားသော အခြေအနေ တစ်ရပ်သည်လည်း ဝေးကွာနေမည်ဖြစ်သည်။ ထိုကြောင့် မိမိတို့ လိုလားတောင်းတသော နိုင်ငံ တော်တစ်ရပ် ပေါ်ထွန်းလာရေးသည် ပြည်သူတို့၏ တာဝန်သိစိတ်ဖြင့်သာ တည်ဆောက်ရမည် ဖြစ်သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )