အကြမ်းဖက်မည့်အရေး ပေါ်တင်ကြွေးကြော် ကြသူများ

၂၀၂၄ အောက်တိုဘာ ၅

မုဒိတာ မပွားနိုင်ကြသူများ
    ကိုယ်မြတ်နိုးတန်ဖိုးထားရသည့် ပစ္စည်းကိုစွန့် လွှတ်လှူဒါန်းခြင်းသည် သာမန်တော်ရုံစိတ် ဓာတ်ဖြင့် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ သို့သော် မြန်မာပြည်တွင်းနေထိုင်ကြသည့် မြန်မာစိတ်ရင်း မြန်မာ့ရှုခင်းဆိုသည့်အတိုင်း မြန်မာနိုင်ငံသားတို့သည် ကိုယ့်နိုင်ငံအတွင်း နေထိုင်ကြကုန်သောသူတို့ ဒုက္ခတွေ့ကြုံရသည့်အခါ မျက်နှာလွှဲခဲပစ် မနေနိုင်ရက်ကြဆိုသည်ကို အခက်အခဲကြုံတိုင်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပြီဟု ဆိုနိုင်ပါသည်။ ယခုလည်းကြည့် ရာဂီမုန်တိုင်းအရှိန်ကြောင့်  ရေမကြီးခဲ့ဖူးသည့် တောင်ပေါ်ဒေသနှင့် နေရာအချို့တို့တွင် မကြုံစဖူး ရေဘေးဒုက္ခသင့်ခဲ့ကြရသည်။ သည်ရေ ဘေး ဒုက္ခကို မြင်တွေ့ရပြီး မြန်မာနိုင်ငံသားတို့ စိတ်နှလုံးညှိုးချုံးခဲ့ကြရသည်။ မြန်မာနိုင်ငံသားတို့သည် ထိုကဲ့သို့ ရေဘေးဒုက္ခသင့်သည်ကို စိတ်နှလုံးညှိုးချုံးသည့်နေရာတွင်ပင် ရပ်တန့်၍မသွားဘဲ ရေဘေးဒုက္ခသင့်သူတို့ကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ချိန်တွင် ဆောင်ရွက်ပေးကြသူများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရမည့်အချိန်တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရန် နည်းမျိုးစုံ အားထုတ်ဆောင်ရွက်နေကြသည်ကို  အတိုင်းသား မြင်တွေ့နေရသည်လေသည်။ ဒုက္ခရောက်သူကို ဖေးကူနေသည့် လက်အစုံစုံကို ကြည့်ပြီးလည်း သာဓုအကြိမ်ကြိမ် ခေါ်မိပါ၏။
    အထက်တွင်ဆိုခဲ့သည့်အတိုင်း မိမိအမြတ်တနိုး တန်ဖိုးထားသည့် ပစ္စည်းများကိုပင် စွန့်လွှတ်၍ ရေဘေးအတွက် ကူညီသည့်လုပ်ရပ်မျိုးသည် တော်ရုံစွန့် လွှတ်ခြင်းမျိုးဖြင့် ဆောင်ရွက်ရန်ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။ မြန်မာလက်ဝှေ့သမား ထွန်းထွန်းမင်းဆိုလျှင် သူအမြတ်တနိုးထားသည့်  ရွှေခါးပတ်ကိုပင် လေလံတင်၍ ရေဘေးအတွက် လှူဒါန်းခဲ့ခြင်းသည် တော်ရုံစွန့်လွှတ်ခြင်း မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ တေးသံရှင်များကလည်း ကိုယ်စွမ်းနိုင်သည့် အသံအလှူဖြင့် လမ်းမအလယ်တွင် ထွက်၍အလှူခံသကဲ့သို့ ထင်ရှားကျော်ကြားသူများကလည်း တတ်နိုင်သည့်ဘက်က အလှူခံပေးခြင်း၊ ပြန်လည်လှူဒါန်းပေးခြင်း၊ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းမှုများကို မြင်တွေ့ရာသည် ခေတ်သည်ကာလကြီးတွင် မြန်မာ့စိတ်ရင်း၊ မြန်မာ့စေတနာ အငွေ့အသက်များကို ပြန်မြင်တွေ့ရခြင်းအတွက် အဆိုးထဲမှအကောင်းအဖြစ် ဝမ်းသာပီတိလည်း ဖြစ်ရသည်။
    သည်ခေတ်သည်ကာလကြီးဟု ပြောရာတွင် လက်နက်ကိုင်ပြီး ပြည်သူ့အတွက်ဟု ကြွေးကြော်သူများက သူတို့ကိုမလှူလျှင် ရန်သူ၊ သူတို့ကိုမထောက်ပံ့လျှင် ဒလန်ဟုစွပ်စွဲပြီး ရေဘေးကူညီ ကယ်ဆယ်ထောက်ပံ့သူများကိုပင် ရန်ရှာခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြောရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူ့အတွက်ဟု ကြွေးကြော်ပြီး အမျိုးဇာတ်ပျက်များဟုဆိုလျှင် ရနိုင်ပါသည်။ ယခု ရေဘေးဒုက္ခကို ပြည်သူများ ကြုံတွေ့နေရချိန်တွင် ထိုပြည်သူ့အတွက်ဆိုသူများ ကိုယ်၏မစွမ်း ဆောင်နိုင်လျှင်ပင် နှုတ်ဖြင့်ကူညီရန် ဆော်သြပေးကြပါရဲ့လား။ နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ ဆောင်မခြင်းဆိုသည့် မြန်မာစကားရှိရာ ထိုပြည်သူ့အတွက်ဟု ဆိုသူများက ကိုယ်တိုင်လည်း မကူညီသည့်အပြင် ကူညီသူများကိုပါ နှုတ်ဖြင့် အထပ်ထပ်စော်ကားခြင်းကိုသာ ပြုလုပ်နေကြလေသည်။
    လူမြတ်ကျော်ဆိုသည့် ငတိတစ်ကောင်ကို ကြည့်ပါဦး။ လက်ရှိရေဘေးအတွက် ဘုန်းကြီးရဟန်း သံဃာကစပြီး အနုပညာရှင် ထင်ရှားကျော်ကြားသူများကိုပါ စွပ်စွဲပြစ်တင် ပုတ်ခတ်နေလေသည်။ လက်ရှိ အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သူများဟု ကင်ပွန်းတပ်ပြီး  လှူဒါန်းသည့် ငွေကြေး ပမာဏများကိုကြည့်ကာ လက်ရှိအစိုးရက တစ်ဖက်လှည့်နှင့် အထက်ပါပုဂ္ဂိုလ်များကို ငွေကြေးဖြင့် စည်းရုံးထားသည်ဟု တစ်ဖက်သတ်စွပ်စွဲ လေသည်။ မြန်မာတို့၏ စိတ်ရင်းအမှန်ဖြင့် လှူဒါန်းမှုကိုပင် အရောင်ဆိုးကာ မျက်စိပျက်မျက်နှာပျက်ဖြင့် သူများကူညီလှူဒါန်းနေသည်ကို မုဒိတာပင် မပွားနိုင်ရှာသည့် သနားစရာ ငတိသတ္တဝါဟုသာ မျက်လုံးတွင်မြင်မိသည်။
    ထိုငတိပြောပုံကိုကြည့်ဦး။ 'အတည်မပြုနိုင်တဲ့ သတင်းအရ၊ အတည်မပြုနိုင်တဲ့သတင်းအရ' ဆိုသည်ကို ပါးစပ်ကမချဘဲ သူ့စိတ်ထဲရှိရာ ကရားရေလွှတ် တတွတ်တွတ် ရေရွတ်နေလေသည်။ သူပြောနေသည်ကိုကြည့်ပြီး ပြန်ပြောသူများထဲက "အဲဒီလိုပြောမှ ထမင်းစားရတဲ့ကောင်"ဆိုသူက တစ်မျိုး၊ "အခုပြောနေတဲ့မင်းကရော ရေဘေးအတွက် ဘာလုပ်ပေးပြီးပြီလဲ"ဟု ညာဝိုက်လက် သီးမှတ်ချက်မျိုးကိုလည်း တွေ့ရသည်။ သူပြောနေသည် ကိုကြည့်ပြီး သူများကုသိုလ်ကို မုဒိတာမပွားနိုင်သည့် ဒင်းကို ဒင်းအကုသိုလ်နှင့်ဒင်း သွားလိမ့်မည်ဟု သဘောထားကာ မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။


လုပ်ငန်းပြောင်းချင်နေသူ
    ဖုန်း Second ရောင်းဝယ်ရေးလုပ်သည့် သူငယ်ချင်းဖြစ်သူက သူ့လုပ်ငန်းကို စွန့်ခွာတော့မည့်အကြောင်း ရင်ဖွင့်လေသည်။ ဘယ်လိုဖြစ်ရတာလဲဟု စပ်စုကြည့်ရာ အရောင်းအဝယ်များ မကောင်းတော့သော ကြောင့်ဟုသာ ဆိုလေသည်။ ထိုသူငယ်ချင်းက မန္တလေးတွင် ဖုန်းအဟောင်းများကို ဝယ် ရောင်းလုပ်နေသူဖြစ်ပြီး လက်ရှိအခြေအနေတွင် ဖုန်းအသစ်ပင်မပြောနှင့် ဖုန်းတစ်ပတ်ရစ်သုံးပြီးသား ဖုန်းအရောင်းအဝယ်ပင် အဆင်မပြေဖြစ်နေကြောင်း ရင်ဖွင့်ခြင်းဖြစ်သည်။ အကြောင်းအရင်းကို စေ့ငုကြည့်ရာ ဝယ်လိုအား သိသိသာသာကျ ဆင်းသွားခြင်းကြောင့် ရပ်တည်၍မရတော့ဟု ဆိုလေသည်။ အစစအရာရာ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းနှင့်အတူ ဖုန်းအဟောင်းသည်ပင် ကျပ်သုံး၊ လေးသိန်းပေးမှ တူတူတန်တန်သုံး၍ ရနိုင်တော့မည်ဟု ဆိုလေသည်။
    အခြေခံဝင်ငွေနှင့် အလုပ်အကိုင်ရှားပါးမှုများကြောင့် ဖုန်းအဟောင်းကိုပင် ဝယ်ယူရန်ခက်ခဲလာသည့် အခြေအနေက ဖုန်းအဟောင်းရောင်းချသူများကိုတိုက်ရိုက် ထိခိုက်လာခြင်းဖြစ်လာရာ သူ့လုပ်ငန်းကို စွန့်ခွာတော့မည်ဟု ဆိုလေသည်။ သူ့နှိုင်းယှဉ်ချက်အရ ယခင်နှင့်စာလျှင် ရောင်းအား ရာခိုင်နှုန်း ၆၀၊ ၆၅ ရာခိုင်နှုန်းကျဆင်းသွားရာ ရပ်တည်၍မရတော့ဟု ဆိုလေသည်။သူပြောပြမှ ရန်ကုန်မြန်မာပလာဇာတွင် ငွေသွင်းပြီးသား နောက်ဆုံးပေါ် အိုင်ဖုန်း ၁၆ ကိုလက်ဝယ်ရရန် တန်းစီတိုးနေသည့်သူများကိုလည်း သတိရမိသည်။ သူငယ်ချင်းကတော့ ပြောရှာသည်။ တစ်လုပ်မကောင်းလျှင် တစ်လုပ်ပြောင်းရမည်ဟု ဆိုသော်လည်း လက်ရှိဘာလုပ်ရမည် မသိသေးကြောင်းဆိုသည်။ သူငယ်ချင်းကိုတော့ ပြောလိုက်သည်။ ဖုန်း Second ရောင်းမည့်အစား အလုအယက် တန်းစီဝယ်နေကြ သည့် နောက်ဆုံးပေါ်အိုင်ဖုန်း နှင့်စားအုန်းဆီ ရောင်းပါလားဟု အကြံပြုဖြစ်သည်။
အကြမ်းဖက်မည့်အရေး ပေါ်တင်ကြွေးကြော်ကြသူများ
    ဤဘဒ္ဒကမ္ဘာတွင် သန်းခေါင်စာရင်းကောက်ယူမည်ကို အသေအကျေ ရေရေလည်လည် ကြောက်နေသူများရှိသည်ဟု ကမ္ဘာကိုပြောရလျှင် ကမ္ဘာ့နိုင်ငံတိုင်းက အံ့သြဘနန်းဖြစ်ကုန်ကြလိမ့်မည်။ သန်းခေါင်စာရင်းကောက်မည်ကို ဘာမို့လို့ သည်လောက်ကြောက် နေကြရတာလဲဟု ထိုကမ္ဘာ့နိုင်ငံများကမေးလျှင် မဟုတ်မမှန်လုပ်သူများက ကြောက်ကြသည်ဟုသာ အတိုချုံ့၍ ဖြေရမည်ဖြစ်သည်။ လက်ရှိ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်ကိုလည်း တတ်နိုင်သမျှ ဖျက်ဆီးမည်ဟု ဟစ်ကြွေးနေကြသူများမှာ မည်သူများ ဖြစ်ကြသနည်း။ မေမေ့သားသမီးများခေါ် CRPH,NUG  လက်အောက်ခံ PDF လက်နက်ကိုင်များနှင့် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်နေသည်ကို မည်သူ့ကိုမျှ လက်တို့၍ မေးစရာမလိုဟု ပြောရမည်ဖြစ်သည်။
    နိုင်ငံတိုင်းတွင် လူဦးရေနှင့် အိမ်ရာစာရင်းကောက်ယူပြီးမှ နိုင်ငံ၏အားသာချက်၊ အားနည်းချက် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များ၊ ချမှတ်အကောင် အထည် ဖော်ရမည်များ စီမံကိန်းများ ဆောင်ရွက်နိုင်ရမည်ကို လူပြိန်းမှစနားလည်ကြသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ထားသူများကတော့ ထိုသို့ မဟုတ်။ သူတို့မဟုတ် တာလုပ်မည်ကို ရှင်းရှင်းဘွင်းဘွင်း ပေါ်မည်စိုး၍ထင်။ နောက်တစ်နည်းက ရွေးကောက်ပွဲ ဖြစ်ပေါ်မည်ကိုလည်း သေမှာထက်ပို၍ ကြောက်သောကြောင့် အသက်ကိုစွန့်၍ အဖျက်လုပ်ငန်း လုပ်နေကြလေသည်။ ယခုလည်း ကြည့်ပါဦး စက်တင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ပူးပေါင်းဆောင်ရွက်သည့် ကြံ့ခိုင်ရေးရုံးကို ရန်ကုန် UG များက ဗုံးနှစ်လုံးခွဲခဲ့ကြောင်း ကြေညာမောင်း ခတ်နေလေသည်။
    ထားဝယ်တွင်လည်း သန်းခေါင်စာရင်း ကောက်မည့်သူများကို အရေးယူမည့်အကြောင်း Dawei Defense Team(DDT) က ကြေညာမောင်းခတ်ထား၏။မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေး အမှတ်(၁)တပ်ရင်းဆိုသည့် အဖွဲ့ကလည်း အားကျမခံ ကြေညာချက်ထုတ်ထား ၏။ သူ့ကြေညာချက်က ခမ်းခမ်းနားနားထုတ်ပြန်ထားသည်ဟု ဆိုရမလိုဖြစ်သည်။ ကြည့်ကြပါဦးဗျ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း ၂၀၂၄ စက်တင်ဘာ ၂၅ ရက် သတင်းထုတ်ပြန်ချက်ဟု ခပ်တည်တည် လုပ်ထားလေသည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကန့်ကွက်ရာတွင် သာမန်ရိုးရိုးကန့် ကွက်ခြင်းမဟုတ် အပြင်းအထန် ငြင်းဆန်ကာ ကန့်ကွက်ခြင်းဖြစ်လေသည်။
    သန်းခေါင်စာရင်းကောက်ယူသူများကိုလည်း အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထား လေသည်။ ဆိုလိုရင်းကို ခြုံငုံကြည့်လျှင် သန်းခေါင်စာရင်း ကောက်မည့်အရေး ပြည်ပြေး ြ့ွ နှင့် နောက်လိုက် တစ်သိုက်တို့က အကြမ်းဖက်၍ မဖြစ်ဖြစ်သည့်နည်းနှင့် ဖျက်ဆီးမည်သာ အဓိပ္ပာယ်ရလေသည်။ သူတို့ကြွေးကြော်သံက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးဟု ပါးစပ်က အမြှုပ်ထွက်မတတ် အော်ခဲ့ကြရဲ့ မဟုတ်လား။သည်သန်းခေါင်စာရင်းသည် ရွေးကောက်ပွဲအတွက် အခြေခံဆိုသည်ကို သူတို့မသိမဟုတ်။ သို့ဖြင့် ဘာ့ကြောင့် ကန့်ကွက်ကြသနည်းဟုမေးလျှင် သူတို့တွင် အဖြေရှိပြီးသား ဖြစ်သည်။
    နောက်ရွေးကောက်ခံ အစိုးရတက်လာလျှင် ပြည်ပြေးပြီးသူတို့ဘာသာ သူတို့ဖွဲ့ထားသည့် အစိုးရဆိုသူများ လမ်းဘေးမြောင်းထဲရောက် ခွေးဖြစ်မည်ကိုသိသောကြောင့်ဟုသာ တိုတိုတုတ်တုတ် ပြောရမည်ဖြစ် သည်။ ခွေးဖြစ်မည့်အကြံ သူတို့ဘယ်လက်ခံမလဲဟုသာ ဆိုရမလို ဖြစ်နေသည်။ သူတို့လုပ်နေသည့် တော်လှန်ရေး ဆိသည်မှာ ပြည်သူ့အတွက်ကြွေးကြော်ရုံသာရှိပြီး ပြည်တွင်းစစ်မီး တောက်မှ သူတို့ဝမ်းမီး ငြိမ်းကြမည်ဖြစ်သည်။ထို့ကြောင့် ဤသို့ ပေါ်ပေါ်တင်တင် အကြမ်းဖက်ဖျက်ဆီးရေး အရှိန်အဟုန်မြှင့်ရန် ကြွေးကြော်ကုန်ကြ၏။
ရွှေထီး

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.