အကြောင်းတရားမွဲသည့် သူတောင်းစားပြပွဲ

၂၀၂၄ ဩဂုတ် ၁၀

    'ကမ္ဘာလုံးဆိုင်ရာ သူတောင်းစားပြပွဲကြီး'ဆိုသည့် ခမ်းနားထည်ဝါလှသော ဆိုင်းဘုတ်ကြီးကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ့်မြို့တွင် ကျင်းပနေသည်။နိုင်ငံတကာက အလှည့်ကျစနစ်ဖြင့် ကျင်းပနေသော ထိုပြပွဲကြီးကို ၂၀၂၄ ခုနှစ် အိမ်ရှင်အဖြစ် အမေရိကန်နိုင်ငံက လက်ခံကျင်းပနေပြီး နိုင်ငံအသီးသီးက အိမ်ခြေရာမဲ့များ၊ တောင်းစားနေကြသူများ သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားပြု လာရောက်ကြပြီး လာရောက်ကြည့်ရှုသူ အထူးများပြားလေ့ရှိသည်။ ကမ္ဘာကြီးက ရွာဖြစ်လာသည် နှင့်အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှုကူးလူးဆက်ဆံရေးကလည်း ပိုမိုတိုးတက်လာသည်။ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ စားသောက်နေထိုင်မှုကို အခြားမည်သည့် နိုင်ငံမဆို အလွယ်တကူ မြည်းစမ်းကြည့်လို့ရသည်။ ဒါကြောင့်လည်း ယနေ့ခေတ်တွင် မည်သည့်နိုင်ငံတွင်မဆို အာရှအစားအစာ၊ အိန္ဒိယအစားအစာ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်အစားအစာဆိုင်တွေကို လက်ညှိုးထိုး မလွဲရှိကြသည်။ မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတောင် အမေရိကားကြက်ကြော်၊ ဟမ်ဘာဂါဆိုင်တွေ၊ ကိုရီးယား အစားအသောက်တွေ၊ ဂျပန်ဆူရှီထမင်းလိပ်စတာတွေက ရပ်ကွက်ထဲတွေအထိ ခြေဆန့်လာနေပြီဖြစ်သည်။ ဒါကြောင့်လည်း တစ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အစားအသောက် အသုံးအဆောင်များကို အခြားနိုင်ငံတွေသိအောင် ပရိုမိုးရှင်းတွေဆင်းကာ ဈေးကွက်အပြိုင်ချဲ့နေ ကြခြင်းဖြစ်သည်။
    ခုလည်း လော့အိန်ဂျလိစ့်မြို့တွင် နိုင်ငံတကာက သူတောင်းစားများ သက်ဆိုင်ရာ နိုင်ငံအလိုက် တောင်းစားပုံ တောင်းစားနည်းများကို လာရောက်သရုပ်ပြ တောင်းရမ်းနေကြခြင်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားတွေကလည်း မိမိနိုင်ငံနှင့် အခြားနိုင်ငံများ တောင်းရမ်းစားသောက်ပုံတူမတူကို လာရောက်လေ့လာကြသဖြင့် 'ကမ္ဘာလုံးဆိုင်ရာ သူတောင်းစားပြပွဲကြီး'က စည်ကားနေခြင်းဖြစ်သည်။ ပြပွဲဖွင့်ပွဲအခမ်းအနား စတင်သည်နှင့်  ဥက္ကဋ္ဌအဖြစ် အလှည့်ကျတာဝန်ယူထားသော အမေရိကန်သူ တောင်းစားက အဖွင့်အမှာစကား ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်တာကြောင့် အိမ်ခြေရာမဲ့များ ရှိသော်လည်း တစ်ကမ္ဘာလုံး သူတောင်းစားများနှင့်ယှဉ်ပါက ချမ်းသာကြောင်း ထုံးစံအတိုင်း ခပ်ကြွားကြွားလေးပြောကြားလိုက်သည်။ ပြပွဲကိုလာရောက်ကြသော နိုင်ငံတကာသူတောင်း စားများကလည်း အိမ်ရှင်အလိုကျ လက်ခုပ်လေးတီးပေး လိုက်ကြသည်။
    သူတောင်းစားပြပွဲဟု ဆိုသော်လည်း သူတောင်းစားပြိုင်ပွဲနှင့် ခပ်ဆင်ဆင်ဖြစ်ပြီး မည်သည့် နိုင်ငံက သူတောင်းစား ပိုချမ်းသာကြောင်း ပြသသည့်ပွဲ လည်းဖြစ်သည်။ လူတန်းစားကွဲပြားမှုက ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ရှိခြင်းကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှသည် အချမ်းသာဆုံးနိုင်ငံအထိ သူ တောင်းစားပမာဏအနည်းအများရှိကြသည်။ ထို့ကြောင့်လည်း မည်သို့မည် ပုံတောင်းစားကြသည်ကို သိရှိလိုကြသဖြင့် ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ သူတောင်းစားပြပွဲကို ကျင်းပရတာဖြစ်သည်။ ယခုနှစ်အိမ်ရှင်အဖြစ် အမေရိကားက လက်ခံကျင်းပတာကြောင့် အမေရိကန်စတိုင် တောင်းစားပုံ တောင်းစားနည်များကို ဦးစွာစင်မြင့်ပေါ်တက်၍ သရုပ်ပြကြလေတော့သည်။ အမေရိကန်သူတောင်းစားမှာ ကောင်းဘွိုင်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး လူမိုက်ပုံစံဖြင့် ခွက်တစ်လုံးချကာ ဆိုင်းဘုတ်တစ်ခုကို ဘေးချထားသည်။ ဆိုင်းဘုတ်ကို ပြပွဲလာရောက်သူများ ဖတ်ကြည့်ရာ 'ငါ့ကို ကြက်ဆင်သား ဟမ်ဘာဂါတစ်လုံးဖိုးလောက် မင်းဆန္ဒရှိရင်ပေးခဲ့ကွာ သမ္မတလည်းသောက် ဂရုမစိုက်ဘူး ဒီကောင်အသုံးမကျလို့ ငါထိုင်တောင်းတာကွ"ဟု ခပ်ရင့်ရင့် စာသားရေးထားသည်။ အင်မတန်မှ အထက်စီးဆန်လှသော တောင်းရမ်းမှုပုံစံဖြစ်သော်လည်း အနောက်နိုင်ငံများမှ ခရီးသွားများက ဒီမိုကရေစီနည်းအရ တောင်းရမ်းသည်ဟုဆိုကာ ဟမ်ဘာဂါဖိုးဝိုင်းထည့်ကြရာ  တစ်ခဏအတွင်း ဒေါ်လာ ရာဂဏန်းရရှိသွားလေသည်။
    ထပ်မံ၍ လတ်တလော လူမှုကွန်ရက်တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လမ်းမများပေါ်တွင် လူများထံမှ ငွေများတောင်းရမ်းနေသည့် ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား တစ်ဦးဖြစ်ကြောင်း ဖော်ပြနေသည့် Bharat Jain က စင်မြင့်ပေါ်သို့ ခေါင်းလေးတရမ်းရမ်းဖြင့် တက်လာသည်။ ဘောလီဝုဒ်ဇာတ်ကားများထဲက သူတောင်းစားစတိုင်ဖြင့် အများသနားအောင် မျက်နှာဘေးဖြင့် တောင်ရမ်းပြကာ ၎င်း၏ ဝင်ငွေမှာ နေ့စဉ်ရူပီး ၂၀၀၀ မှ ၂၅၀၀ ကြားရရှိကြောင်း ခပ်ကြွားကြွားပြော လေသည်။ အသားတင်ပိုင်ဆိုင်မှုမှာ ရူပီး ၇ ဒသမ ၅ ကုဋေဝန်းကျင်ရှိပြီး မွမ်ဘိုင်းတွင် ရူပီး ၁ ဒသမ ၂ ကုဋေ တန်ဖိုးရှိ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းနှင့် Thane မြို့တွင် တစ်လလျှင်ရူပီး သုံးသောင်းဖြင့် ငှားရမ်းနေသည့် ဆိုင်ခန်းနှစ်ခန်းလည်း ပိုင်ဆိုင်ကြောင်း ၎င်း၏ကလေးများကို ၎င်း၏ခြေရာအတိုင်း မနင်းစေဘဲ ကျောင်းတက်စေခဲ့ကာ ဘွဲ့ရရှိပြီး အလုပ်အကိုင်များ ရရှိနေပြီဖြစ် ကြောင်း ကမ္ဘာသိ ကြေညာလိုက်သည်။ ပြပွဲကို လာရောက်ကြည့်ရှုသူများကလည်း ပရော်ဖက်ရှင်နယ် အိန္ဒိယကိုယ်စားပြု သူတောင်းစားကြီးကို လက်ခုပ်သြဘာ  ပေးလိုက်ကြသည်။
    ထပ်မံ၍ ကမ္ဘာ့နိုင်ငံအသီးသီးက သူတောင်းစားများက သက်ဆိုင်ရာနိုင်ငံအလိုက် စင်ပေါ်တက်ကာ ပါဖောမန့်မျိုးစုံဖြင့် တောင်းရမ်းပြကြသည်။ ပြင်သစ် ကိုယ်စားပြုသူ တောင်းစားများကလည်း ရိုးရာအတီးအမှုတ်အကအခုန်များ၊ အင်္ဂလန်ကလည်း ဘောလုံးဂျာစီဝတ် သူတောင်းစားများ၊ အီတလီ ကလည်း ရိုးရာတောင်း နည်းတောင်းဟန်များဖြင့် တောင်းရမ်းပြကာ သက်ဆိုင်ရာ နိုင်ငံ့ဂုဏ်ကို မြင့်တင်ကြလေသည်။
    နောက်ဆုံးအနေဖြင့် နိုင်ငံအမည် ကြိုတင်မကြေညာထားသော သန့်သန့်ပြန့်ပြန့် ဝတ်စား ဆင်ယင်ထားသော သူတောင်းစားတစ်သိုက် စင်ပေါ်တက်လာခြင်းကြောင့် ပြပွဲလာရောက်သူ တစ်ယောက်မျက်နှာတစ် ယောက်ကြည့်ကာ အံ့သြနေကြသည်။ ထိုအဖွဲ့ထဲမှအမျိုး သမီးတစ်ယောက်က ရှေ့ထွက်လာကာ ဖုန်းတစ်လုံးကို ထောင်ကာ 'ကြွရောက်လာကြသော နိုင်ငံတကာ ဧည့်သည်တော်များနှင့် နိုင်ငံတကာ သူတောင်းစားများရှင့် ကျွန်မရဲ့ ဖေ့စ်ဘုတ်အကောင့်လေးကို ဖော်လိုး လုပ်ထားပြီး ခုတင်မယ့် စတေးတပ်လေးကို ကျေးဇူးပြု၍ ဖတ်ပေးပါ'ဟု ပြောလေသည်။ ပြပွဲလာရောက်ကြသည့်ဧည့်သည်များနှင့် နိုင်ငံတကာက သူတောင်းစားများကလည်း ဖုန်းကိုယ်စီထုတ်ကာ ဖေ့စ်ဘုတ်အကောင့်ကိုရှာကာ စတေးတပ်တွေ ဝင်ဖတ်ကြသည်။ 'အမေရိကန်က ချစ်တို့ရေ ပရောဂျက်လေးစပြီနော် ဝင်ကူကြပါဦး'ဟုရေးထားတာကြောင့် ပြပွဲလာဧည့်ပရိသတ်များက ဒေါ်လာတွေဝင် လှူလိုက်ကြပြီး ခဏအကြာတွင် စတေးတပ်တစ်ခုထပ်မံ ရေးသားလိုက်ပြန်သည်။
    'ပရောဂျက်ကို တစ်တပ်တစ်အားဝိုင်းကူလို့ ပြည့်သွားပါပြီ'ဟု ရေးသားပြီး ရုတ်တရက်မျက်လှည့်ပြသလို ဖေ့စ်ဘုတ်အကောင့်ကြီး ပျောက်ချင်းမလှပျောက် သွားလေသည်။ ထိုအခါမှ စင်ပေါ်က အမျိုးသမီးက'လူကြီးမင်းတို့ လှူဒါန်းထားတဲ့ ငွေကြေးပမာဏကို ထုတ်ပြန်ချင်ပေမယ့် အကောင့်က ရီပို့ထုခံရလို့ ကျသွားပါတယ်။ ခဏနေရင် အကောင့်သစ်ကနေထပ်လာပါ့မယ်'ဟု ပြောလေရာ ပရိသတ်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်လှူလိုက်ကြသလဲ မေးမြန်းရင်း အလှူငွေ ပမာဏကို စိတ်ဖြင့်ခန့်မှန်းနေကြလေတော့သည်။ ထပ်မံ၍ စင်မြင့်ပေါ်က လူတစ်သိုက်ထဲက  နှဖူးပြောင်ပြောင်နှင့် လူတစ်ယောက်ရှေ့ထွက်လာကာ 'လက်နက်ချပါ၊ လက်နက်ချပါ'ဟုအော်ဟစ် ကာ လက်သုံးချောင်း ဦးဆောင် ထောင်ကာ 'အရေးတော်ပုံ'ဟု ကြွေးကြော်လိုက်သည်နှင့် နောက်မှ လူတစ်သိုက်က 'အောင်ရမည် အောင်ရမည်'ဟု ကြွေးကြော်လေရာ ပရိသတ်အပေါင်းကလည်း ကိုယ် စားပြုနိုင်ငံကို သိရှိသွားပြီး တစ်ပြိုင်နက် 'မီယန်မာ မီယန်မာ မီယန်မာ'ဟု အားပေးကြလေတော့သည်။
( ထူးမြတ်) 

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(  ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 414

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.