၂၀၂၄ စက်တင်ဘာ ၃၀
'၁၈၈၅ ခု သြဂုတ်လ ၁၂ ရက်တွင် မြန်မာဘုရင်အစိုးရက ဘုံဘေဘားမားသစ်ကုမ္ပဏီသည် အခွန်အကောက်မဆောင်ဘဲ ကျွန်းသစ်လုံးရေ ငါးသောင်း ကျော်(၅၇၉၅၅)ကို ထုတ်ယူသည်ဟု မြန်မာအကောက်ဌာန၏ အစီရင်ခံစာအရအမှုကို စုံစမ်းစစ်ဆေးသောအခါ သက်သေအထောက်အထား လုံလောက်၍ မြန်မာလွှတ်တော်ရုံးက ဒဏ်ငွေ ၂၃ သိန်း ပေးဆောင်စေဟု အမိန့်ချလိုက်၏။ ၁၈၈၅ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဗြိတိသျှအောက်မြန်မာနိုင်ငံ ကော်မရှင်နာမင်းကြီးထံမှ သစ်မှုနှင့် စပ်လျဉ်း၍ ဗြိတိသျှတို့၏ ဖျန်ဖြေမှုကို လက်ခံရန် မြန်မာဘုရင်ထံ ရာဇသံပို့၏။ ဘိလပ်ရှိ အိန္ဒိယအတွင်း ဝန်ထံမှလည်း ကြေးနန်းဖြင့် အထက်မြန်မာပြည် ဘုရင့်အစိုးရသည် ကျေနပ်လောက်အောင် မရွက်ဆောင်ဟု အကြောင်းပြ၍ ဗိုလ်ချုပ်ပရင်ဒါဂတ်အား ပြည်သိမ်းတပ်ကို ကွပ်ကဲစေ၍ စစ်တိုက်သိမ်း ယူစေဟု ၁၈၈၅ ခု နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ပေး၏။' (၂၀၁၂ ဇန်နဝါရီ၊ စာပေလောကထုတ်၊ ဦးလေးမောင်၏ မြန်မာ့နိုင်ငံရေးသမိုင်း၊ စာ-၅၁)
နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ အထက်မြန်မာပြည်သိမ်း ပိုက်ရေးအစီအစဉ်မှာ ဘုံဘေဘားမား သစ်ကုမ္ပဏီရဲ့ ပယောဂပါဝင်နေကြောင်း ထင်ရှားပါတယ်။ ဘုံဘေဘား မားသစ်ကုမ္ပဏီရဲ့ အမှုထမ်းတစ်ဦးဖြစ်တဲ့ NIBS (Hugh Nisbet) က (The Experiences of a Jungle-Wallah) (တောသားတစ်ဦး၏ အတွေ့အကြုံများ) စာအုပ်ကို ၁၉၃၆ ခုနှစ်လောက်က ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကို ဆရာမောင်ဆုရှင်က 'အင်္ဂလိပ်-မြန်မာစစ်ပွဲခေတ် ကိုယ်တွေ့များ'အမည်နဲ့ မြန်မာပြန်ခဲ့ပြီး ၁၉၆၉ မှာ ပထမ အကြိမ် ထုတ်ဝေခဲ့ပြီး ယခု ၂၀၂၄ သြဂုတ်လမှာ သုနန္ဒာစာပေတိုက်က ထပ်မံပုံနှိပ်ထုတ်ဝေလိုက်တာ ပါဖြစ်ပါတယ်။
ဒီစာအုပ်မှာ ခေတ်နောက်ခံအချက်အလက်များ၊ သမိုင်းကွင်းဆက်များကို ဖော်ပြထားတယ်လို့ ဆရာမောင်ဆုရှင်က ဆိုပါတယ်။ သို့သော် မျက်နှာဖြူအင်္ဂလိပ် တစ်ယောက်ရဲ့ရှုထောင့်မှ တင်ပြထားခြင်းဖြစ်လို့ မြန်မာစာဖတ်ပရိသတ်အနေနဲ့ 'ရောင့်ရဲတင်းတိမ်ဖွယ်ရှိချင်မှ ရှိပါလိမ့်မည်'လို့လည်း ဖော်ပြထားပါတယ်။ ဟုတ်ပါတယ်။ ဟယူးနစ်စဘက်ဟာ ဘုံဘေဘားမားသစ်ကုမ္ပဏီရဲ့ အမှုထမ်းဆို တာထက် ဗြိတိသျှအုပ်ချုပ်ရေးသမား ဆန်ဆန်ရေးထားတာတွေ မကြာခဏ တွေ့ခဲ့ရပါတယ်။ ဗြိတိသျှ အင်္ဂလိပ်တို့ရဲ့ ကျူးကျော်နယ်ချဲ့မှုကို ခုခံတော်လှန်တဲ့ မြန်မာမျိုးချစ်တွေ၊ တိုင်းရင်းသားတွေကို သူခိုးဓားပြအသွင်သာ ရှုမြင်ရေးသားသွားခဲ့ပါတယ်။
ဒါကြောင့်လည်း ဆရာနတ်မောက်ဘုန်းကျော်ရဲ့ အမှာစာမှာ အရှေ့ကရင်နီနယ်ကို အုပ်ချုပ်ခဲ့တဲ့ 'စောလှဖော်' (စောလှဘော်လို့လည်း ရေးတာတွေ့ရ) အကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ပြထားပါတယ်။ မူရင်းစာအုပ်မှာ စောလှဖော်အကြောင်း ခပ်မှိန်မှိန်သာ တို့ထိရေးသားခဲ့ပေမယ့် ဆရာနတ် မောက်ဘုန်းကျော်က ခပ်ထိန်ထိန် မီးမောင်းထိုးပြကာ တိုင်းရင်းသားတော်လှန် ရေးသမားအဖြစ် ဂုဏ်ပြုထားပါတယ်။
'ငွေတောင်ပြည်၏ အကြီးအကဲဖြစ်သော စောလှဘော်မှာ ယိုးဒယားဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားပြီသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်နေရာတွင် ပုန်းအောင်းနေခြင်းသော်လည်း ဖြစ်နိုင်ပေသည်။ ကာနယ်အဖို့မှာကား ထိုသူကို ထွက်လာအောင် မလုပ်နိုင်ခဲ့ပေ။' (စာ-၁၂၇)
မူရင်းစာရေးသူ နစ်စ်ဘက်က စောလှဘော်လို အထင်ကရ တိုင်းရင်းသား မျိုးချစ်ခေါင်းဆောင်တစ်ယောက်ကို ဘာမှအရေးမပါလေဟန် ခပ်ပေါ့ပေါ့ရေးခဲ့ပေမယ့် ဆရာနတ်မောက်ဘုန်းကျော်က တခမ်းတနား မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
'၁၈၆၆ ခုနှစ်တွင် စောလှဖော်သည် အရှေ့ ကရင်နီနယ်ကို စိုးမိုးခွင့်ရခဲ့၏။ ၁၈၆၈ ခုနှစ်တွင် မန္တလေးနေပြည်တော်သို့ သွားရောက်ပြီး မင်းတုန်းဘုရင်ကို ဖူးမြော်ကန်တော့လေသည်။ မင်းတုန်းမင်းသည် စောလှဖော်အား 'ကန္တာရဝတီစား' ဘွဲ့ကို ပေးအပ်လိုက်သည်။ နီးစပ်ရာ နယ်မြေအချို့ကိုလည်း ချဲ့ထွင်သိမ်းယူခဲ့၏။ ထိုအချိန်မှ သီပေါပါတော်မူချိန်အထိ စောလှဖော်သည် အရှေ့ကရင်နီနယ်ကို အေးချမ်းစွာ ထိန်းသိမ်းအုပ်ချုပ်ခဲ့လေသည်။ ရှမ်းပြည်နယ်နှင့် ကရင်နီနယ်များသို့ ဗြိတိသျှများ ချီတက်လာသောအခါ ဗြိတိသျှတို့ကို သစ္စာမခံဘဲ တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားလိုက်၏။ (စာ-၁၃)
၁၈၈၇ နိုဝင်ဘာ ၂၂ ရက်၊ အင်္ဂလိပ်အရာရှိ မစ္စတာဟေးလ်ဒီဘရမ်းက စော်ဘွားမြို့စားများကို ဆင့်ခေါ်ခန့်အပ်ပွဲ၊ နောက်တစ်ခါဒါဘာဆုနှင်းပွဲတွေ ကျင်းပခဲ့ရာ စောလှဖော်ကို ဖိတ်ပေမယ့် မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့တယ်။ (အနောက် ကရင်နီနယ်စား ဖိုးပြာကတော့ တက်ရောက်ရုံမက ဗြိတိသျှတွေဆီမှာ သစ္စာခံခဲ့တယ်။)
'စောလှဖော်သည် ဤသို့ ရှမ်းပြည်နယ်အုပ်ချုပ်ရေးအရာရှိ၏ ဆင့်ခေါ်ချက်များကို ပမာမခန့် အလေးဂရုမထားရုံမျှသာမက ၁၈၈၈ ခုနှစ် မတ်လ ၂ ရက်တွင် ဗြိတိသျှတို့ထံ သစ္စာခံထားသော မောက်မယ်စော် ဘွားနေထိုင်ရာ မောက်မယ်မြို့ကို အလုံးအရင်းဖြင့် ဝင်တိုက်ပြီးလျှင် မြို့ကို မီးရှို့ဖျက်ဆီးခဲ့လေသည်။ မောက်မယ်စော်ဘွား ခွန်မှုန်မှာ လက်လွတ်ထွက်ပြေး၏။ စောလှဖော်သည် မောက်မယ်တွင် ခွန်နော်ကြူကို စော်ဘွား အဖြစ် သစ္စာပေးခန့်အပ်ပြီးလျှင် အရှေ့ကရင်နီသို့ ပြန် ဆုတ်သွားခဲ့သည်။' (စာ-၁၄)
အဲဒီမှာ ကော်မရှင်နာမင်းကြီးကိုယ်တိုင် မောက်မယ်ကို ပြန်လည်သိမ်းယူဖို့ အမိန့်ပေးစီစဉ်ခဲ့ပါတယ်။ ၁၈၈၈ ခု မေလမှာ ဗြိတိသျှတို့ မောက်မယ်ကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် ဇူလိုင် ၃ ရက်မှာ စော်လှဖော်နဲ့ သူ့တပ်တွေက မောက်မယ်ကို ထပ်မံတိုက်ခိုက်ပြီး ဆုတ် ခွာခဲ့ပါတယ်။ မောက်မယ်မှ ဗြိတိသျှတပ်များ ဆုတ်ခွာသွားရန် ဇူလိုင်လမှာ တစ်ကြိမ်၊ သြဂုတ်လမှာ တစ်ကြိမ် စာရေးပြီး ဗြိတိသျှတပ်မှူးကို သတိပေးခဲ့ပါတယ်။ နောက်ဆုံးမှာ ဗြိတိသျှတွေဟာ စောလှဖော်ကို သုတ် သင်ရှင်း လင်းဖို့ အရှေ့ကရင်နီနယ်ဆီ စစ်ကြောင်းချီခဲ့ ကြပါတယ်။ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ချီခဲ့ရာမှာပင်မ စစ်ကြောင်းကို ဗိုလ်ချုပ်အိပ်ချ်-ကော်လက်ကိုယ်တိုင်ဦးစီးပြီး အင်အား ၅၀၀ ပါဝင်ပါတယ်။ ဗိုလ်မှူးကြီးဟာဗီး ဦးစီးတဲ့စစ်ကြောင်းက စောလှဖော်ဖောက်ထွက်လာရင် ပိတ်ဆို့ တိုက်ခိုက်ဖို့ တာဝန်ပေးထားပါတယ်။
လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်တယ်။ စောလှဖော်တပ်တွေ ဆုတ်ရတယ်။ အဲဒီနောက် ဗြိတိသျှတပ်များကို ပွန်ချောင်းအကူးမှာ တစ်ကြိမ်၊ စခန်းကြီးရွာ အနီးမှာတစ်ကြိမ် ဆီးကြိုတိုက်ခိုက်ပြီး စောလှဖော်တို့ ဆုတ်ခွာသွားခဲ့ရပြန်တယ်။ နောက်ရှစ်လခန့်အကြာမှာ စောလှဖော် ဝမ်းရော ဂါနဲ့ ဆုံးသွားတယ်လို့ ဆိုပါတယ်။ နစ်စဘက်ရဲ့ မူရင်းစာအုပ်မှာ ဖျောက်ဖျက်မေ့ချန်ထားခဲ့တဲ့ စောလှဖော်ရဲ့ သူ့ကျွန်မခံဇာတိမာန်ကို ဆရာနတ် မောက်ဘုန်းကျော်က အတော်ပြည့်စုံအောင် အမှာစာမှာ ဖော်ထုတ်ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဆရာနတ်မောက်ကျော်ရော မြန်မာပြန်သူ ဆရာမောင်ဆုရှင်တို့နှစ်ယောက်လုံးဟာ မူရင်းစာအုပ်ရဲ့ အမှားများကို အမှန်ပြင်ပေးခဲ့တာလည်း တွေ့ရပါတယ်။
'ပျဉ်းမနားမှ မျိုးချစ်တော်လှန်ရေး ခေါင်းဆောင်များအကြောင်း ဖော်ပြရာ၌ မူလစာရေးသူက 'ဗိုလ်နှံ'ဟု ဖော်ပြထားရာ အမှန်မှာ 'ဗိုလ်နန်' သာဖြစ်ပါသည်။ ပျဉ်းမနားနယ်မှ တော်လှန်သော မျိုးချစ်ခေါင်းဆောင်များမှာ စုစုပေါင်း ၁၂ ဦးမျှ ရှိသည်တွင် ဗိုလ်နန်လည်း တစ်ဦးအပါအဝင်ဖြစ်သည်}လို့ ဆရာ နတ်မောက်ဘုန်းကျော်က အမှန်ပြင်ပေးခဲ့ပါတယ်။ မူရင်းစာအုပ်မှာ 'ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်သည် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးသို့ စစ်တပ်ကြီးနှင့်အတူ ချီတက်သွားသောအခါ မြန်မာနိုင်ငံအောက်ပိုင်း၌ အနည်းနှင့်အများဆိုသလို စစ်တပ်ဦးရေက ကျန်ရစ်စေခဲ့လေသည်'လို့ ဖော် ပြခဲ့တာကို 'မူလစာရေးသူအမှတ်မှားပါသည်။ ဗိုလ်ချုပ် ပရင်ဒါဂတ်၏ ပြည်သိမ်းတပ် သရက်မြို့မှ နိုဝင်ဘာ ၁၄ တွင် ထွက်ခွာသွားပါသည်။ ဒီဇင်ဘာမဟုတ်'လို့ ဆရာမောင်ဆုရှင်က အမှန်ပြင်ပေးခဲ့ပါတယ်။ မူရင်းစာအုပ်မှာ ...'ပဲခူးခရိုင်တွင် မဲနမ်ချောင်းနှင့် ကျောက်ကလပ်ဟူသော ရွာများမှ ဘုန်းတော် ကြီးနှစ်ပါးသည် စတင်၍ သူပုန်ထကြလေသည်'လို့ ရေးထားရာ ဆရာမောင်ဆုရှင်က 'မဲနမ်ချောင်း' မဟုတ်၊ 'မရမ်းချောင်း'လို့ အမှန်ပြင်ပေးခဲ့ပါတယ်။
ကိုယ့်နိုင်ငံအကြောင်း နိုင်ငံခြားသားက မှားယွင်းရေးသားခဲ့တာတွေကို ဆရာမောင်ဆုရှင်တို့လို့ အမှန်ပြင်ပေးရဲဖို့လိုပါတယ်။ ဘုံဘေဘားမားသစ်ကုမ္ပဏီရဲ့ အမှုထမ်း နစ်စဘတ်ဟာ သစ်ကုမ္ပဏီရဲ့ အလုပ်တာဝန်တွေသာမက မြန်မာမျိုးချစ်များကို နှိမ်နှင်းရာမှာ တက်ကြွပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းတွေထဲမှာ မြန်မာမျိုးချစ်တို့ရဲ့ ရဲရင့်ပြောင်မြောက်တဲ့ ခုခံစစ်ပွဲဆိုင်ရာ အကြောင်းအရာများ တွေ့ခဲ့ရပါတယ်။ အင်္ဂလိပ်တွေ အထက်မြန်မာပြည်ကို သိမ်းပြီးစ ၁၈၈၅ ခုနှစ်မှာ မြန်မာမျိုး ချစ်စစ်သားအနည်းငယ်က ဗြိတိသျှ တို့ရဲ့ 'ချင်းတွင်း'အမည်ရှိ သင်္ဘောတစ်စင်းကို အပိုင်းစီး ခဲ့ကြောင်း သူ့မှတ်တမ်းများအရ သိခဲ့ရပါတယ်။
'ယခုအခါ ချင်းတွင်းသင်္ဘောပေါ်တွင် အင်္ဂလိပ်အမျိုးသား ခုနစ်ဦးနှင့် ပန်ချာပီ ဒရဝမ် ခုနစ်ဦး တို့ပါလာကြလေသည်။ ၎င်းတို့တွင် လက်နက်ကိုယ်စီနှင့် ခဲယမ်းမီးကျောက်များ အလျှံပယ်ပါ၍လာလေ သည်။ ပေါ်တူဂီအမျိုးသားဖြစ်သော ဒါဂွိုင်းမှာ အင်ဂျင်နီယာ ဖြစ်လေသည်။ ကင်းတပ်မှ အောက်သို့ ခုန်ဆင်းလာသောအခါ ချင်းတွင်းသင်္ဘောကို နေရာအတော်များများမှ လှမ်း၍ပစ်ခတ်ခြင်းကို ခံရလေသည်။ ထို့အပြင် ကံဆိုးမိုး မှောင်ကျဖွယ်ဖြစ်လာသည်ကား ကလေးဝမြို့သို့သောအခါ သင်္ဘောတွင် တပ်ဆင်ထားသော ဒုံကင်အင် ဂျင်စက်ပျက်သွားပြီးနောက် အင်ဂျင်နီ ယာကိုယ်တိုင် လည်း ပြင်၍မ ရတော့ချေ။' (စာ-၅၁)
အဲဒီမှာ ကမ်းပေါ်က အသင့်စောင့်နေတဲ့ မြန်မာတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အင်္ဂလိပ်လေးပေဘက် ကမ်းပေါ်တက်လာပါတယ်။ 'ထိုသူလေးဦးကမ်းပေါ်သို့ ရောက်သွားသောအခါ ၎င်းင်းတို့အား သံခြေကျင်းခတ် ထားလိုက်ကြလေသည်။ မြန်မာများ၏ အဆိုအရ ဤသို့လုပ်ရသည်မှာ သင်္ဘောပေါ်ရှိ လူများက ပစ်ခတ်ကြမည် စိုးသည့်အတွက် ဓားစာခံအနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုကြ၏။ ထို့နောက် မြန်မာစစ်သား တော်တော်များများသည် သင်္ဘောပေါ်သို့ တက်၍လာကြပြီးနောက် အရက်များကိုယူ၍ သောက်ကြသည်။ ကြမ်းကြမ်းတမ်းတမ်းမောက်မောက်မာမာ ဖြစ်လာလေသည်။ ထိုစဉ်တွင် ရုတ်တရက်အားဖြင့် စစ်သားတချို့သည် သင်္ဘောခန်းတွင်းသို့ ဝင်စီးကြလေသည်။ မြန်မာစစ်သားတစ်ဦးသည် အခန်းတွင်း၌ ထိုင်လျက်ရှိသော အယ်လင်အား ပြတင်းပေါက်မှလှမ်း၍ ခုတ်လိုက်ရာ လည်ပင်းတိတိပြတ် သွားလေသည်။ ဤအခြင်းအရာကိုမြင်၍ မွန်ကာသည် သင်္ဘောခန်းထဲမှ ထွက်ပြေးသောအခါ အခြားမြန်မာတစ်ဦးက ခုတ်သဖြင့် ကုန်းပတ်ပေါ်၌ လဲကျပြီး ရေထဲသို့ကျ သွားလေသည်။ ရောဘတ်မှာ သူထိုင်နေသော နေရာမှာပင် သေဆုံးနေပြီဖြစ်ရာ အခြေအနေမှာ ရှုပ်ထွေးဆူညံ သွားပေတော့၏။ မြန်မာများသည် သင်္ဘောကိုအပိုင်စီး လိုက်ကြပြီးသော် အင်ဂျင်နီယာဖြစ်သူ ဒါဂွိုင်း၏အသက်ကို ချမ်းသာပေးထား၏။ အကြောင်းမှာ သူသာလျှင် စက်မောင်းတတ်သော ကြောင့်ဖြစ်သည့်အပြင် သူကိုယ်တိုင်က 'မျက်နှာဖြူမဟုတ်ပါ'ဟု ဖော်ထုတ်ပြောသော ကြောင့်ဖြစ်၏။' (စာ-၅၂)
ပျဉ်းမနားမှာ နောက်လိုက်အင်အားနှစ်ထောင် ခန့်ရှိတဲ့ 'ဗုဒ္ဓရာဇာ'အမည်ခံ တော်လှန်ပုန်ကန်သူ ကို ဖြိုခွင်းခဲ့ပုံကိုလည်း မြိန်ရေယှက်ရေ ဖော်ပြထားတယ်။ ဒါပေမယ့် တောင်တွင်းကြီးနယ်မှာ နောက်ထပ် 'ဗုဒ္ဓရာဇာ'တစ်ဦးပေါ်လာပြန်တယ်။ သူကတော့ ရဟန်းပျို တစ်ပါးဖြစ်ပြီး နောက်လိုက်ဗိုလ်ပါခိုင်မာတဲ့ အင်အားရှိသူဖြစ်တယ်။ ဒီနေရာမှာ မြန်မာမျိုးချစ်ခေါင်းဆောင်တွေက 'ဗုဒ္ဓရာဇာ'လို့ အမည်ခံလေ့ရှိတာ မျက်နှာဖြူ အင်္ဂလိပ်တွေကို မိစ္ဆာဒိဋ္ဌိလို့ သတ်မှတ်ပြီး သူတို့ရဲ့ ဘေး ရန်မှ ဗုဒ္ဓဘာသာကို ကာကွယ်ရန်ဖြစ်တယ်လို့ နားလည် နိုင်ပါတယ်။ အင်္ဂလိပ်တွေ မန္တလေးကို မသိမ်းမီ အောက် မြန်မာနိုင်ငံမှာ ဘုန်းကြီးနှစ်ပါးဦးဆောင်ပြီး ပြင်းပြင်းထန် ထန်တိုက်ပွဲဝင်ခဲ့ကြတယ်။
'ပဲခူးခရိုင်တွင် မဲနမ်ချောင်း(မရမ်းချောင်း)နှင့် ကျောက်ကလပ်ဟူသော ရွာများမှ ဘုန်း တော်ကြီးနှစ်ပါးသည် စတင်၍ သူပုန်ထကြသည်။ ထိုရွာနှစ်ရွာမှာ စစ်တောင်းမြစ်ပေါ်တွင်ရှိလေသည်။ ထိုဘုန်းတော်ကြီးနှစ်ပါး၏ အကြံအစည်မှာ ပဲခူးမြို့ကိုစီးပြီးလျှင် ရန်ကုန်မြို့ကို ဆက်လက်သိမ်းယူ ရန်ဖြစ်လေသည်။ တောင်ငူမှ ကျိုက်ထိုအထိ မြို့နှစ်မြို့၏ တောင်ဘက်ရှိ ကျေးရွာများမှ လူပေါင်းနှစ် ထောင်ခန်တို့သည် ဗိုလ်ဝင်ခံကြလေသည်။ မြန်မာအမျိုးသား မြို့အုပ်များ၊ တရားသူကြီးများသည် ထိုအရေးအခင်းကို ကူညီရိုင်းပင်းလိုကြသည့်အလျောက် လက်နက်များရရှိအောင် ကူညီပေးကြသည်။ ပထမတွင် ယိုးဒယားပြည်မှ လက်နက်များကို ယူငင်၍ နောက်ပိုင်း၌ ပုလိပ်ကင်းများကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်များကို ယူလေသည်။'
'ထိုအချိန်တွင် စစ်တောင်းမြစ်၏ အောက်ဘက်ပိုင်းရှိ ဒေသကြီးတစ်ခုလုံးမှာ ပုန်ကန်ထကြွ သူများ၏ လက်ထဲ၌ ရောက်လျက်ရှိ၏။ ပဲခူးမြို့ကိုလည်း ဝိုင်းရံထားသကဲ့သို့ဖြစ်နေရာ အစိုးရက မည်သည့်ဥရောပတိုက်သားမှ ထိုခရိုင်အတွင်းသို့ သွားခွင့်မပြုပေ။' (စာ-၅၇)
ဘုန်းကြီးနှစ်ပါးဦးဆောင်တဲ့ မြန်မာတို့ရဲ့ ခုခံစစ်ပွဲဟာ အဲဒီလိုပြင်းထန်ခဲ့ပါတယ်။ အထက်မြန်မာ ပြည်ကို အင်္ဂလိပ်တို့ သိမ်းပြီးချိန်မှာ နိုင်ငံတော်အနှံ့အပြား ခုခံစစ်ပွဲပေါ်ပေါက်ခဲ့ရာ တောင်တွင်းကြီးနယ်မှာ 'ဗုဒ္ဓရာဇာ'ဆိုသူ ပေါ်လာပြန်တယ်။ ဘုံဘေဘားမားသစ် ကုမ္ပဏီမှာ အမှုထမ်းတစ်ဦး အဖြစ်လုပ်ကိုင်နေတဲ့ 'မောင်နန်'ဆိုသူဟာလည်း ဗုဒ္ဓရာဇာရဲ့ တပ်ဖွဲ့ထဲပါသွားတယ်။ ဗုဒ္ဓရာဇာက မောင်နန်ဟာ သူ့အပေါ် သစ္စာရှိမရှိ စမ်းသပ်တဲ့အနေနဲ့ မျက်နှာဖြူတစ်ဦးရဲ့ ဦးခေါင်းကိုဖြတ်လာ ခဲ့ရမယ်လို့ ဆိုတယ်။ အဲဒီမှာ ကံဆိုးသူကတော့ ဘုံဘေဘားမားသစ်ကုမ္ပဏီက အရာရှိငယ်တစ်ဦး ဖြစ်တဲ့'ဘရုစ်' ဆိုသူပါပဲ။ ဘရုစ်ဟာ သစ်ထုတ်ရေးကိစ္စနဲ့ သစ်ဆုံရွာ သို့ရောက်နေစဉ် လူဆိုးဓားပြသုံးရာလောက် ရောက်လာတယ်။ (မူရင်းစာရေးသူက မြန်မာမျိုးချစ်တွေကို လူဆိုးဓားပြလို့ပဲရေးတယ်။) 'ထို့နောက် အပြန်အလှန်ပစ်ခတ်နေကြရာ ဘရုစ်သည် ကျည်ဆန်ကုန်သွား၍ အိမ်လှေကားပေါ်မှဆင်းလာရာ ထိုနေရာတွင် အသတ်ခံရလေသည်။ နောက်ဆုံးတွင် သူ၏ ဦးခေါင်းကိုဖြတ်သွားကြသည်။
ခေါင်းဖြတ်သူများထဲတွင် မောင်နန်လည်း အပါအဝင်ဖြစ်သည်။ ထိုဦးခေါင်းကို ဗုဒ္ဓရာဇာထံသို့ ယူဆောင်သွားကြရာ မောင်နန်အား ဗုဒ္ဓရာဇာက 'ဗိုလ်နန်'ဟူ၍ ဘွဲ့ပေးလိုက်လေသည်။' (စာ-၁၀၁)
'ဗိုလ်နန်သည် ဝရမ်းပြေးဘဝဖြင့် သုံးနှစ်ကြာမျှ လှည့်လည်နေပြီးနောက် သစ်တောသမားများ ထံမှ ဖြတ်တောက်၍ ကောက်ခံစားသောက်နေခဲ့လေသည်။ သူသည် ညနေ နေဝင်ရီတရောအချိန်၌ နောက်လိုက် နောက်ပါများနှင့်အတူ ရောက်ရှိလာတတ်၍ သယ်နိုင်သမျှသော ဆန်အစရှိသည့် စား နပ်ရိက္ခာများကို ယူဆောင်၍ ထွက်သွားတတ်သည်။' (စာ-၁၀၂)
အဲဒီသစ်တောသမားတွေထဲမှာ ဘုံဘေဘား မားမှာ အလုပ်လုပ်နေတဲ့ မြန်မာငါးယောက်လည်း ပါဝင်တယ်။ ဗိုလ်နန်က အနိုင်ကျင့်ရိက္ခာတွေလုသွားတာကို သူတို့လည်း မကျေနပ်၊ ဗိုလ်နန်ရဲ့ အားနည်းချက်က ဘိန်းစွဲနေတာပါပဲ။ ဗိုလ်နန်ကို ဘိန်းကျွေးပြီးဖမ်းသင့် တယ်လို့ သစ်တောအမှုထမ်းများနဲ့ မူရင်းစာရေးသူ နစ်စဘတ်တို့ အကြံရခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ကြပါတယ်။ တစ်ညနေမှာ ဗိုလ်နန် ဘိန်းမူးနေကြောင်း သတင်းရပါ တယ်။
'ကျွနု်ပ်လည်း ချက်ချင်းပင် ကရင်အမျိုးသား လက်နက်ကိုင် ခြောက်ဦးကို စေလွှတ်လိုက်၏။ ထိုသူတို့လည်း အလျင်အမြန်သွားရောက်ကြ၍ ဗိုလ်နန်အားဖမ်း ဆီးခေါ်ဆောင်လာခဲ့သည်။ ကျွနု်ပ်လည်း စစ်ပုလိပ်များလက်သို့ ဗိုလ်နန်ကို အပ်လိုက်လေသည်။ ဗိုလ်နန်ကို ပျဉ်းမနားသို့ ပို့ပြီး နောက် ရုံးတင်စစ်ဆေး၍ သေဒဏ်အမိန့်ချမှတ်လိုက်လေသည်။ သူ့အား ကြိုစင်ပေါ်သို့တင် ပြီးသောအခါ 'ဘာဆုများတောင်းချင်ပါသေးသလဲ'ဟု မေးမြန်းသည်၌ ဗိုလ်နန်က 'ဒီဘဝမှာ ကျုပ်ခင်ဗျားတို့ကို တိုက်ခဲ့တယ်။ နောက်ဘဝရှိသေးလို့ ခင်ဗျားတို့နဲ့ရင်ဆိုင် ရဦးမယ်ဆိုရင်လည်း ထပ်ပြီးတိုက်ဦးမှာပဲ'ဟု ပြောသွား သည်ကို သိရလေသည်။' (စာ-၁၀၃)
ဗိုလ်နန်လို အညတရ သူရဲကောင်းတစ်ဦးရဲ့ အာဇာနည်စိတ်ဓာတ်ကို ဘုံဘေဘားမား သစ်ကုမ္ပဏီရဲ့ အမှုထမ်းအရာရှိတစ်ဦးကိုယ်တိုင် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်နန်လို မျိုး ချစ်သူရဲကောင်းတွေ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အများကြီးပေါ်ပေါက် ခဲ့ပါတယ်။ မျိုး ချစ်သူရဲကောင်းတို့ရဲ့ ဝိညာဉ်ဟာ သူတို့ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကို ထာဝစဉ်စောင့်ရှောက် နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )