အမည်သစ်ရသွားသည့် အရူးကြီးတို့၏တော်လှန်ရေး

၂၀၂၄ ဧပြီ ၂၆

ဘာတွေထူးလဲ
    သင်္ကြန်တွင်း ရုံးပိတ်ရက်ရှည် ကြုံကြိုက်ခြင်း ပူပြင်းလွန်းသည့် နွေခေါင်ခေါင်ကို အကျိုးရှိရှိအသုံးပြု လိုခြင်းနှင့် မိမိ၏စိတ်ကို Restart ပြုလိုခြင်း စသည့်အကြောင်းပေါင်းစု စုံသောကြောင့် တရားစခန်းဝင်မည်ဟု ဆုံးဖြတ်ကာ ၁၀ ရက်တရားစခန်းဝင်မည်ဟု ရွေးချယ် ဆုံးဖြတ်ခဲ့သည်။ လူမျိုးတိုင်း၊ ဘာသာတိုင်း နှစ်သစ်ကူးကို  ပျော်ရွှင်စွာ ဆင်နွှဲကြသည့် ထုံးစံအတိုင်း မြန်မာနှစ်သစ်ကူးကို ကုသိုလ်စိတ်ဖြင့် ဖြတ်သန်းမည်ဟု ရည်ရွယ်ချက်လည်း ပါပါသည်။ ထို့အတူ အကုသိုလ်လွှမ်းမိုးနေသည့် သတင်းစကားများကြောင့် ညစ်နွမ်းနေသည့်စိတ်ကို ကုသိုလ်ရေးဘက်မှ ပြန်လည်လန်းဆန်း စေရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် တရားစခန်းဝင်ရခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၁၀ ရက် တရားစခန်းဝင်သည့် အချိန်တွင် လက်ကိုင်ဖုန်းများ အသုံးမပြုရခြင်း၊ မည်သူနှင့်မျှ အဆက်အသွယ်မပြုလုပ်ရခြင်းများကြောင့် မိမိ၏ပတ်ဝန်းကျင်လောကနှင့် အဆက်အသွယ်ပြတ်တောက်သွား သကဲ့သို့ ဖြစ်နေသောကြောင့် ဘာထူးလဲဟု စိတ်ထဲက သိလိုခြင်းဖြစ်သည်။ တရားစခန်းဆိုသည်မှာ ထုံးစံအတိုင်း လူစုံ၊ စရိုက်စုံရှိကြရာ ကိုယ်သန်ရာသန်ရာ စိတ်တွင် စွဲနေသည့် လူများလည်း အများအပြား ပါဝင်ကြသည်။ တရားစခန်းထွက်ခါနီး လက်ကိုင်ဖုန်းများကို ပြန်ပေးသည့် အချိန်တွင် နီနီတို့ အဖွဲ့ကလည်း နီနီတို့၏ ထုံးစံအလျောက်၊ ပြည်ပြေးပြည်ဖျက်တို့ကို မကျေနပ်သည့်သူများကလည်း ပြည်ပြေးပြည်ဖျက်များ၏ မဟုတ်မမှန်လုပ် ကြံဝါဒဖြန့် သတင်းများအလျောက် အပါးဝနေပြီဖြစ်ကြရာ ကိုယ်သန်ရာသန်ရာ တီးတိုးသဖန်းပိုးနေသည်များကို တစ်စွန်းတစ်စ ကြားရသည်များလည်း ရှိကြသည်။ ဦးစွာ  နီနီတို့ဘက်က မေမေ့သားဟုဆိုသောသူက မိုလ်ဘိုင်းဖုန်းကိုစဖွင့်ပြီး သူဖတ်ရသည့် သတင်းများအရ စိတ်တွင် မျိုသိပ်မထားဘဲ ဖွင့်ဟပြောသည့်စကားက "သတင်းတွေက ကောင်းနေတဲ့ အရွေ့ဘက်ကို သွားနေပြီဟေ့"ဟုဆိုလေသည်။ ထိုသူက အသက်ခပ်ရွယ်ရွယ် ဗလခပ်တောင့် တောင့်နှင့်ဖြစ်ပြီး သူ၏အကြောင်းကို သီးသန့်ဖော်ပြချင် ပါသေးသည်။ ဗလခပ်တောင့်တောင့်မို့သူ့ကို ကျွန်တော်က ကိုဗလဟုခေါ်ပြီး သူသည်လည်း ထိုအမည်ကို ကျေနပ်ပါ၏။ ကိုဗလက 'မြန်မာ့နိုင်ငံရေး အတွက် ထိုင်းက ဖိအားပေးနေပြီဆိုတဲ့ သတင်းတွေ့လို့ပါဗျာ"ဟုဆိုသဖြင့် "ကိုဗလကျေနပ်ရင် ကောင်းပါတယ်ဗျာ"ဟုသာ ပြန်လည်မှတ်ချက်ပြုလိုက်သည်။ ထိုနီနီတို့အဖွဲ့သည် တစ်ပတ်အတွင်း နိုင်တော့ မည်ဟုဆိုလည်း ပျော်လိုက်ကြ၊ အခုပဲ ဟိုဟာဖြစ်တော့မယ်ဆိုလည်း ယုံကြည်ပျော်ရွှင်ကြ တစ်နေ့ တစ်မျိုး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်အာသာဖြေမှ ကျေနပ်နေကြသူများ မဟုတ်လား။ သို့မို့ ကြောင့် ဘာများထူးလဲဟုမေးပြီး သူတို့ကျေနပ်လျှင် ကောင်းသည်ဟုသာ မှတ်ချက်ပြုပြီး နောက်ကျလျှင် ဘာမှလည်း ဖြစ်သွားသည်ဟု တိတိပပ ပြောမရသည်ကို သိသောကြောင့် ထိုမှတ်ချက်ကို ပေးလိုက်ခြင်း ဖြစ်သည်။ စိတ်ထဲကတော့ "ဘာမှလည်းဟုတ်တာ မဟုတ်ဘူး"ဟု ရေရွတ်မိလေသည်။


မေမေပေးသည့်ဒုက္ခနှင့် အမေ့၏ဒုက္ခအိုးလေး
    တရားစခန်းက ကိုဗလအကြောင်းဆက်ကြစို့။ တရားစခန်းဆိုသည်မှာ လူစုံသည်ဟုဆိုခဲ့ရဲ့ မဟုတ်လား။ထိုအထဲက ကိုဗလကို မှတ်မှတ်သားသားပြောချင်သည်ဆိုသည်က ကိုဗလ၏ ထူးခြားချက်များကို သတိထားမိခြင်းကြောင့်ဖြစ်သည်။ တရားစခန်းသည် နံနက် ၃နာရီခွဲ ခန့်တွင် အိပ်ရာထကာ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး သူချိုး စသဖြင့် နံနက်ခင်းပြုဖွယ်ကိစ္စများကို ဆောင်ရွက်ပြီး နံနက် ၄ နာရီကစတင်တရားထိုင်ရသည်။ ထို့ကြောင့် အိပ်ရာထချိန် တူညီပြီး ပြုဖွယ်ကိစ္စများလည်း တူညီကြသည်။ ရေမချိုးလိုသူက မျက်နှာသစ်သွားတိုက် ကိုယ် လက်သန့်စင်ပြီး အဝတ်အစားလဲကာ တရားထိုင်မည့် နေရာသွားကြသည်။ ကိုဗလက အများသူငါ ရေချိုးမျက် နှာသစ်လျှင် သူက တဘက်ကြီး ခြုံကာ ဟိုဒီလမ်းသလားနေ၏။ တရားစခန်းရောက်ခါစ ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး မရင်းနှီးသေးဘဲ တစ်ယောက်အကြောင်းတစ် ယောက် စကားမပြောဘဲ အကဲခတ်နေကြဟန်ရှိသည်။ သည်လိုနှင့်သူသည် အများရေချိုးသည့်အချိန်တွင်လည်း တဘက်ကြီး ကိုယ်တွင်ပတ်၍ ဟိုဒီလမ်း သလားနေသည်။သူဘာကြောင့် သူများပြုဖွယ်ကိစ္စများ ဆောင်ရွက်တိုင်း တဘက်ကြီးပတ်ပြီး လမ်းသလားနေရလဲဟု သတိထားမိ သည်။
    သို့နှင့် ကိုယ့်ပြုဖွယ်ကိစ္စများကို ဆောင်ရွက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့သည်။ တရားစခန်းဝင်အပြီး သုံး၊ လေးရက်အကြာတွင် ကိုဗလဘာ့ကြောင့် တဘက်ကြီးပတ်ပြီး လမ်းသလားနေသည့်အကြောင်းကို သိလိုက်ရသည်။ ထိုနေ့က တရားစခန်းဝင်ချိန်လည်း နီးကပ်နေပြီး အိပ်ရာထလည်း များသောအားဖြင့် နောက်ကျသည့် နေ့ဖြစ်သည်။ ထို့ကြောင့် တရားစခန်းဝင်မည့် ယောဂီများက ပြုဖွယ်ရှိသည်များကို ကတိုက်ကရိုက် ဆောင်ရွက်ကြရသည်။ ကတိုက်ကရိုက်ဆောင်ရွက်ကြရသည့် အချိန်တွင် ကိုဗလလည်း တဘက်ကြီးတကားကားနှင့် လမ်းမသလားနိုင်တော့ပေ။ ကျွန်တော်သည်လည်း အင်္ကျီအဝတ်အစား အမြန်လဲနေချိန် ကိုယ်ဗလလည်း အင်္ကျီအဝတ်အစား အမြန်လဲလေ သည်။ ထိုသို့ အင်္ကျီ အမြန်လဲသောအချိန်မှ ကိုဗလတဘက်ကြီးနှင့် လူအများထဲ ရေချိုးမျက်နှာသစ် မပြုလုပ်သည်ကို သိလိုက်ရသည်။ သူ၏ဝဲဘက်လက်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တက်တူး ကြီးထိုးပြီး လူမြင်မှာစိုးသောကြောင့် လူအများကို ရှောင်ရှားနေခြင်းဖြစ်သည်ဟု သိလိုက်ရသည်။
    သြော် ဒါကြောင့်လူအများထဲ ရေမချိုးရဲ၊ အဝတ်စား မလဲရဲဘဲ ဖြစ်နေရသည်ကို သဘောပေါက် လိုက်မိလေသည်။ မေမေပေးသည့်ဒုက္ခနှင့် အမေ့ရဲ့ဒုက္ခ အိုးလေးက တရားစခန်းဝင်သည့်အချိန်၌ပင် မလွယ်ပါလားဟု အတွေးပေါက်မိပြီး ရယ်ချင်ပက်ကျိပင်ဖြစ်သွားကာ ကိုဗလအနေခက်မည်စိုး၍ မမြင်ချင်ယောင်ဆောင် နေလိုက်လေသည်။ 


ဒီပုပ်ထဲက ဒီပဲများ
    တရားစခန်းဝင်သည်ဆိုရာဝယ် လောကီကာ မဂုဏ်အာရုံကို စိတ်ပျက်ငြီးငွေ့၍မဟုတ်ဘဲ ဗုဒ္ဒဘာသာ ဖြစ်သည့်အလျောက် ကမ္မဋ္ဌာန်းဝိပဿနာနှင့် မယဉ်ပါးဖူးသောကြောင့် ယဉ်ပါးစေလို၍ဝင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တရားထူးတရားမြတ်ကြီးရရန်ဟု အမှန်တကယ် မရည်ရွယ်ရဲခဲ့ပါ။ တရားထူးတရားမြတ် ဆိုသည်မှာ ကျွန်တော်တို့ကဲ့သို့ ပုထုဇဉ်အတွက် ထို ၁၀ ရက်တည်းနှင့် အေးတိအေးလျော့ ပေါ့ပေါ့ပါးပါး ကျင့်ကြံသူအဖို့ လွယ်လွယ်မရဟုလည်း သိထားပါသည်။ ကမ္မဋ္ဌာန်း ဝိပဿနာနှင့် ယဉ်ပါးလိုစိတ်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လောဘမကြီးဟု ဆိုလိုက ဆိုနိုင်ပါသည်။ ရှေ့က ကမ္မဋ္ဌာန်းဆရာ ညွှန်ကြားချက်အတိုင်း အတတ်နိုင်ဆုံး လိုက်နာနိုင်ရန်သာ မှတ်သားနာယူပြီး အားထုတ်ခဲ့သည်။ သည်နေရာတွင် ကိုဗလအကြောင်းနှင့် တိုက်ဆိုင်၍ ပြောလိုခြင်းကြောင့် အထက်ပါ အကြောင်းအရာများကို ရှင်းပြရခြင်းဖြစ်သည်။
    ကျွန်တော်တို့သည် ရက်အနည်းငယ် ကြာလာသည့်အချိန်တွင် ယောဂီအချင်းချင်းလည်း အတော်အတန် ရင်းနှီးကြပြီဖြစ်သည်။ ထို့ကြောင့် တရားတစ်ကြိမ် ထိုင်ပြီးတိုင်း ယောဂီအချင်းချင်း သည်တစ်ကြိမ်အခြေအနေများကို မေးမြန်ဖြစ်ကြသည်။ အချို့ကလည်း သမာဓိရ၍ အချိန်နာရီကုန်မှန်း မသိကုန်ခဲ့ကြောင်း ကြည်နူးဝမ်းသာစိတ်ဖြင့် ဝေမျှပြောဆိုကြသည်။ ကိုဗလကိုမေး ကြည့်မိသည့် အချိန်များတွင် "ဟာ ဒီတစ်ကြိမ်သေချာပြင် ဆင်ပြီးမှ သွားထိုင်တာဗျာ၊ နာရီဝက်လောက်ထိ အရှူ ဈာန်ရနေတာ၊ ဘယ်ကောင်က လေလည်လိုက်မှန်းမသိ ဘူး အာရုံစိုက်လို့မရဘူး"ဟု ပြောလေသည်။ ထိုတစ် ကြိမ်တည်းမဟုတ် တစ်ကြိမ်တရားထိုင်ပြီးပြန်လာလျှင် သည်တစ်ကြိမ်က တင်ပါးရိုးကနာ သဖြင့် အာရုံမစိုက်နိုင်ကြောင်း၊ သည်တစ်ကြိမ်ကဖြင့် ခါးကနာလာ၍ တရားတွင် အာရုံမရှိကြောင်း၊ သည်တစ်ကြိမ်က ချွေးထွက်လွန် သဖြင့် တရားထိုင်မကောင်းကြောင်း၊ သည်တစ်ကြိမ်က ခေါင်းမူးနေ၍ မှတ်၍မကောင်းကြောင်း စသဖြင့် ၁၀ ရက်လုံး တရားထိုင်သည့်ထဲတွင် နောက်ဆုံးရက်မတိုင် မီ တစ်ရက်တည်းက တစ်ချိန်သာ အာရုံစိုက်နိုင်သည်ဟု ဆိုလေသည်။ တရားထိုင်သည့် ယောဂီအများ စုသည် သူဖြတ်သန်းသကဲ့သို့ အားလုံးအတူတူသာ ဖြတ်သန်းရ သူများသာဖြစ်ကြသည်။ မည်သူကမျှ ပိုမိုသာယာသည့် အခွင့်အရေးကို ရကြသူများမဟုတ်ဘဲ သည်အတိုင်း အားထုတ်ကြရသူများအနက် သူကသာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်ဟုဆိုကာ အခြားသူကို လက်ညှိုးထိုးပြီး အပြစ်တင်နေလေသည်။
    ယောဂီအချင်းချင်း သည်ကဲ့သို့ အတူတူတရား အားထုတ်ရချင်းအတူတူကို သူ့ကြမှ ဟိုလူ့ကြောင့်၊ သမာဓိမရဟု ဆိုသလိုဆို၊ သည်လူ့ကြောင့် တရားအာရုံမ စိုက်နိုင်ဟုပြောလိုပြောနှင့် သူ၏အပြစ် တစ်စက်ကလေး မှမရှိပေ။ မေမေတို့၏ နီနီများ၏ စရိုက်သဘောသဘာ၀ သည်မည်သည့် အခါမျှ သူတို့အပြစ်မရှိ သူတို့သာအကောင်း၊ သူများဆိုလျှင် အပြစ်သား၊ သူတို့သာလျှင် အရိယာသူတော်ကောင်းကြီးသဖွယ် ကျန်သူများသည်က သူတို့ကို နှောင့်ယှက်သူများဟု ထင်နေတတ်ကြ ပါလားဟု အတွေးပေါ်မိလေသည်။ သြော်...သည်ပုပ်ထဲကပဲများသည် သည်ကဲ့သို့ သူများသာ များကြပါပေသည်ဟုသာ မှတ်ချက်ပြုမိပါသည်။


ကြုံရဆုံရ ဘုံဘဝ
တရားစခန်းဝင်ချိန် တရားအကြောင်းအရာတွေ မပြောဘဲ တရားစခန်းက အမြီးအမောက်မ တည့်တာတွေ ပြောနေသလားလို့ အပြစ်တော်တင်မစောပါနဲ့။ တရားအလုပ်ဆိုသည်မှာ ကိုယ်အား ထုတ်သလောက်သာ ကိုယ်ရမှာဖြစ်ပြီး တရားအလုပ်ကို မတရားလိုချင်၍မရ ဟု၍လည်း သဘော ပိုက်ထားမိခြင်းကြောင့် ဖြစ်သည်။အမြီးအမောက်မတည့်သည်များကို ပြောရခြင်းက သည်နိုင်ငံတွင် သည်လိုလူမျိုးများရှိနေခြင်းက မငြိမ်းအေးခြင်း အကြောင်းတရားထဲက အကြောင်းတစ်ခုပင်ဖြစ်မည်ဟု ထင်သောကြောင့် ထိုအမြီးအမောက်မတည့်သည်များကို ဖောက်သည်ချလိုရင်းဖြစ်ပါသည်။ သင်္ကြန်တွင် နွေနေသည် ပြင်းစွာပူလှ၏။ ထိုကဲ့သို့ ပြင်းစွာပူလောင်သည့် အချိန်တွင် ဝိပဿနာအားထုတ်ရခြင်း သည် အပူနှင့် အအေး လွန်စွဲရသည့်ပမာ ကိုယ်ရော၊ စိတ်ပါ ချမ်းမြေ့ရန်အတွက် သတိဉာဏ်ပညာကို အခြေခံ၍ အားထုတ်ရ ခြင်းမဟုတ်လား။ နွေနေပူပူ တရားအားထုတ်ချိန် လေပူများကလည်း ဝှေ့ယမ်းနေချိန်ဖြစ်သည်။ ထိုသို့နွေနေ ပူ၊ လေပူဝှေ့ချိန်တရားကို စူးစိုက်ရှုမှတ်နေချိန် မည်သည့်နေရာ ကမသိ မိုးချိန်သံလား၊ တံခါးပေါက်များ ပိတ်သံ လား စသည့် အသံတို့က စစ်ဘေးရှောင်ခဲ့သော သူများအတွက် လက်နက်ကြီးသံ ထင်မှတ်နေကြသည်များလည်း ရှိသည်။ ခဲမှန်ဖူးခဲ့သည့် စာသူငယ်ကဲ့သို့ ထိုအသံများကိုပင် လက်နက်ကြီးသံထင်မှတ်နေသည့် စစ်ဘေးရှောင်များထဲက တရားအားထုတ်သူ အချို့က တရားအားထုတ် ပြီးချိန်တွင် "တရားအားထုတ်တုန်း လန့်လိုက်တာဗျာ၊ အသံတွေက မိုင်း ကွဲသံတွေမှတ်နေတာ"ဟု ဆိုကြလေသည်။ ထိုအခါကြမှ"ကျွန်တော်လည်းကြားတယ်၊ ပေါက် ကွဲသံမှတ်ပြီး လန့်မိပါရဲ့၊ ဒါနဲ့ ကိုယ့်လူကဘယ်ကမို့ လက်နက်ကြီးသံ ထင်ရတာလဲ"ဟုမေးရာ "ကျွန်တော်တို့က ပခုက္ကူဘက်ကဆိုတော့ လက်နက်ကြီးသံ ခဏခဏ ကြားနေရတာ၊ အခုလည်း အဲဒါထင်နေတာ"ဟု သူ၏ လက်ရှိအတွေ့အကြုံနှင့်ယှဉ်၍ ပြောလေသည်။ ဟုတ်ပါ၏။ တရားအား ထုတ်သူများထဲတွင် လက်ရှိအခြေအနေအရ ဘဝတွင်မသေချာမရေရာဟု ခံစားရနေသည့် စစ်ဘေး ရှောင်များလည်း အများအပြား ပါဝင်ကြသည်။ ဂန့်ဂေါ၊ ယော၊ ဆော၊ ကောလင်း၊ ရွှေဘို၊ မုံရွာ စသည့် မငြိမ်းချမ်းသည့် အရပ်မှသူများက ဖြစ်လိုရာဖြစ် တရားနှင့်ဖြစ်လျှင် သာလွန်ကောင်းမွန်သည်ဟု စိတ်ထားကာ ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် လာရောက်အား ထုတ်ကြ၏။ သူတို့ကိုကြည့်ပြီး ကိုယ်လည်း သူတို့နှင့်အတူတူပဲဟူ၍ ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေဟု နှလုံးသွင်းထားသူများသာ ဖြစ်ကြသည်။ သူတို့၊ ကိုယ်တို့၏ ဘဝသည်လည်း လေတိုက်၍ တံခါး ပိတ်သံကိုပင် သည်ဘုံဘဝတွင် ပေါက်ကွဲသံဟု ထင်မှတ်ကြောက်ရွံ့ကြသူများလည်း ရှိနေကြလေ သည်။ ကြုံရဆုံ ရသည့်အထဲတွင် ရန်ကုန်က အဘိုးတစ်ဦးအ ကြောင်းလည်း ဖောက်သည်ချလိုသည်။ သူနှင့်ကျွန်တော်က ဘေးချင်းကပ်အိပ်သောကြောင့် သူ၏အကြောင်းများ ပြောပြရင်းသိရသည်။ "မောင်ရင်ရ ဒီနေ့ခေတ်ရဲ့အခြေ အနေကိုသိချင်ရင် ခေတ်သစ်သတင်းသာဖတ်ဟေ့"ဟု သူကဆိုလေ သည်။ သည်လိုစကတည်းက ဂျင်းကြိုက်သူ ဟုသိသော်လည်း "ဟုတ်ကဲ့အဘိုး ကျွန်တော်ကတော့ သတင်းတွေ စိတ်ပျက်လို့ဖတ်ပါဘူးဗျာ။ ကျွန်တော့်ဖုန်းထဲမှာ တရားတော်တွေပဲထည့်ပြီး စိတ်ငြိမ်းချမ်း အောင်နေတာပါ။ အဲဒီလိုသတင်းတွေစိတ်မဝင်စားပါဘူး"ဟုပြောမိ၏။ တရားစခန်းက ပြီးခါနီးအချိန် ဖုန်းများပြန်ပေးသောအခါ ထိုအဘိုးက "သတင်းလေးဘာလေးကြည့်ချင်လို့ Kpay လေးရှိရင် Mytel ဖုန်းဘေလ်နှစ်ထောင်ဖိုးလောက် ရောင်းစမ်းပါဦး"ဟုဆိုလေသည်။ ခေတ်သစ်သတင်း ကြည့်ချင်၍ Mytel
 ဖုန်းဘေလ်နှစ်ထောင်ထည့်ခိုင်းသည်ကို မေမေ့ပုံ တက်တူးထိုးသူက မျက်စောင်းထိုး၍ကြည့် လေသည်။ ကြုံရဆုံရဘုံဘဝမှာသည်ကဲ့သို့ အမြီးအမောက် မတည့်သည်များလည်းရှိကြောင်း ရင်ထဲ တွင် ကလိကလိ ဖြစ်စရာ မဟုတ်ပေဘူးလား။
အရူးကြီးပါ
    တရားစခန်းပြီး၍အိမ်ပြန်ချိန် ကားငှား၍ပြန်လာခဲ့သည်။ တရားစခန်းဝင်နေသည့်အချိန် သတင်းစကားများနှင့် အဆက်ပြတ်နေသောကြောင့် ကားဆရာကို "သင်္ကြန်စည်ရဲ့လား"ဟုမေးမြန်းဖြစ်သည်။ ကားဆရာက "အိုး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ တောင်ကြီး စည်လိုက်တာ တိုးမပေါက်ဘူး" ဟုဆိုလေသည်။ သူက ပင်ဆက်၍ နိုင်ငံရေးကနိုင်ငံရေးပဲ၊ လူဆိုတာ ကိုယ့်ယဉ်ကျေးမှုပွဲကို ပျော်ချင်ကြတဲ့သူတွေကြီးပါပဲဟုဆို၏။ သင်္ကြန်တွင်း ဘားအံဘက်သို့ပင် ရောက်ရှိခဲ့ကြောင်း ထို ခရီးတွင် ခရီးစဉ်လမ်းတစ်လျှောက် ရေကစားသူများလွန်း၍ ရေကစားသူများအတွက် မော်တော် ယာဉ်ကိုပင် မကြာခဏ ရပ်ပေးထားရသည်ဟု ဆိုလေသည်။ သူပြောသည်က "တော်လှန်ရေး လို့ပြောပြီး တိုင်းရင်းသားတွေက သူတို့ဒေသကို သူတို့တိုက်ပွဲဖော်တာဗျ။ NUG က တစ်နိုင်ငံလုံး အုပ်ချုပ်ချင်တာ၊ ဘယ်လိုလုပ်ရလိမ့်မလဲ ပြည် နယ်ခုနစ်ခုက တိုင်းရင်းသားတွေ နေတယ်ဆိုရင်တောင် တိုင်းဒေသကြီးတွေက ဗမာတွေအများဆုံးနေတာလေ၊ အဲဒါကိုသူတို့က အကုန်အုပ်ချုပ်ချင်တယ်ဆို တာ NUG က စိတ်ကူးယဉ်နေတဲ့ အရူးကြီးပါဗျာ"ဟု သူ၏ဒဿနကို ရှင်းပြလေသည်။ ထိုကားဆရာပြော သည့်စကားလည်း မမှား NUG သည်ပင်လျှင် နာမည်အသစ်အရူးကြီးဖြစ် သွားပါရောလားဟု ပြုံး ပင်ပြုံးမိပါသည်။

ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 414

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42968

© 2022 - 2025 News. All Rights Reserved.