အမေရိကန်တွေရဲ့ လေ့လာသုံးသပ်မှုထဲက 'ဝ' တပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး ပြဿနာ

၂၀၂၄ ဇန်နဝါရီ ၂၂

    ၂၀၂၃ ခုနှစ်အတွင်းမှာ ဗွီအိုအေက ထုတ်လွှင့်ခဲ့တဲ့ သမိုင်းပညာရှင် ဦးအောင်ခင်ရဲ့ 'မြန်မာ့အရေး သုံးသပ်ချက်'မှာ 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အကြောင်း မီးမောင်းထိုးပြ ထားပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း ကျေးလက်အဆင့်ကနေ လက်နက်ကိုင် မြို့တော်အဖြစ် ရောက်ရှိလာတာ တရုတ်ကူညီမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 'ဝ'စစ်တပ်ဆိုတာ တရုတ်မွေးစား တပ်ပါပဲတဲ့။ 'ဝ'တွေရဲ့ ရှေးဟောင်းယဉ် ကျေးမှုဓလေ့ကို နိဂုံးချုပ်ပေးခဲ့တာ ဗကပဖြစ်ပြီး၊ အချင်းချင်း တိုက်ခိုက်နေတဲ့ 'ဝ'တွေကို စုစည်းပေးခဲ့တာလည်း ဗကပပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဗကပတွေကို ပုန်ကန်ခြားနားပြီးမှ UWSP နဲ့ 'ဝ'တပ်တွေရယ်လို့ သီးခြားဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ 'ဝ'တပ်ဖွဲ့ရဲ့ ရန်ပုံငွေဟာ မူးယစ်ဆေးဖြစ်တယ်လို့ ဦးအောင်ခင်က ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဉာဏ်ဝင်းအောင်ကလည်း 'ဝ'ဒေသမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ထားပေမယ့် စိတ်ကြွဆေးမျိုးစုံ ထုတ်လုပ်နေ တယ်လို့ စွပ်စွဲထားပါတယ်။
    ဝါရှင်တန် အရှေ့အနောက်ဗဟိုအဖွဲ့အစည်းရဲ့ ပေါ်လစီလေ့လာရေး အမှတ်စဉ် (၃၈) အဖြစ် (The United Wa State Party by Tom Kramer) ကို ၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာတမ်းကို ဆရာအောင်အေး (ရန်ကုန်တက္ကသိုလ်)က 'ဝ'ပြည်နယ် သွေးစည်းညီ ညွတ်ရေးပါတီ (လူမျိုးစု အမျိုးသားရေးဝါဒီ ပါတီလား ...မူးယစ်ဆေးဝါးစစ်တပ်လား)'ဆိုတဲ့အမည်နဲ့ ဘာသာပြန်ခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာမှာ လွင်ဦး စာပေက ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်းကို ထုတ်ပြန်တဲ့ 'အရှေ့အနောက်ဗဟိုအဖွဲ့အစည်း' ဆိုတာ ၁၉၆၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်က ထူထောင်လိုက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု ပညာရေးနဲ့ သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ စာတမ်းရေးသူ 'တွမ်ခရမ်မာ'ဟာ မြန်မာနိုင်ငံအတွင်းက လူမျိုးစုပဋိပက္ခနဲ့ မြို့ပြ၊ လူ့အဖွဲ့အစည်းအထူးပြု အလွတ်တမ်း အတိုင်ပင်ခံဖြစ်ကြောင်း သိရပါတယ်။ UWSP အကြောင်း ရေးနိုင်ဖို့ 'ဝ'နယ်ကို အကြိမ်ကြိမ်သွား ရောက်နေထိုင်လေ့ လာခဲ့တယ်လို့ ဆိုပါတယ်။
    ဘာသာပြန်သူ ဆရာအောင်အေး(ရန်ကုန်တက္ကသိုလ်)ကတော့ ဗကပတောပြန်တစ်ဦး ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဗကပဟောင်းတစ်ဦးဖြစ်တဲ့ ဆရာသန်းစိုးနိုင်က အမှာစာ ရေးပေးထားပါတယ်။ အောင်အေးဟာ ဗကပမှာရှိစဉ်က 'ရဲဘော်ထွန်းသိန်း' အမည်ကိုယူခဲ့ပြီး 'ဝ'တပ်ဖွဲ့ရဲ့ ရှားရှားပါးပါး ဗမာခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ 'ဝ'တပ်ဖွဲ့မှာ ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ 'တရုတ်လို အမိန့်ပေးတတ်ရမယ်၊ ရှမ်းလိုတရား ဟောနိုင်ရမယ်၊ 'ဝ'ခေါင်ရည် ပြင်းပြင်းတစ်ခွက် သောက်ပြီး ခွေးခေါင်းဆန်ပြုတ်ကို အားရပါးရ စားပြနိုင်ဖို့လည်း လိုပါလိမ့်မယ်လို့ ရည်ညွှန်းထားပါတယ်။
    ဘာသာပြန်သူရဲ့ အမှာစာမှာတော့ မူရင်းစာတမ်းအပေါ် ဝေဖန်ထားတာလည်း တွေ့ရပါတယ်။ 'ဝ'တွေက ဗကပကို ပုန်ကန်ခဲ့တာနဲ့ပတ်သက်လို့ တရုတ်ပြည်ကိုတောင် အသိမပေးရဲဘူးဆိုတဲ့ စကားကို ဆရာအောင်အေးက ငြင်းဆိုထားပါတယ်။ 'တရုတ်ပြည်က ကျောထောက် နောက်ခံပြုမပေးဘဲနဲ့ ဒါမှမဟုတ် မျက်စိတစ်ဖက်မှိတ်မပေးထားဘဲနဲ့တော့ ဗကပရဲ့ ပြည်သူ့တပ်မတော်အတွင်းက ဘယ်'ဝ'၊ ဘယ်ကိုးကန့်၊ ဘယ်ကချင်မှ ဗကပကို မပုန်ကန်ရဲပါဘူး'လို့ အတိအလင်း ဆိုပါတယ်။ စာတမ်းရဲ့ နိဒါန်းမှာပင် 'ဝ'နဲ့ ဘိန်းကို ယှဉ်တွဲ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
    '၁၉၈၉ ခုနှစ်မှာ 'ဝ'လူမျိုးစုတပ်ဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ခွဲထွက်ပြီး 'ဝ' ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ'ရယ်လို့ ဖွဲ့စည်းလိုက်နိုင်ကတည်းက 'ဝ'ဒေသရဲ့ မဟာဗျူဟာမြောက် အနေအထားဟာ အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းလဲလာခဲ့ပါတယ်။ 'ဝ'ပြည်နယ် သွေးစည်းညီညွတ်ရေးစစ်တပ် UWSA ဟာ အင်အားအတောင့်တင်းဆုံး လူမျိုးစုစစ်တပ် ဖြစ်နေပါတယ်။ ရှမ်းပြည် (အရှေ့မြောက်ပိုင်း) တရုတ်ပြည် နယ်စပ်တစ်လျှောက်က သီးသန့်နယ်မြေတစ်ခုကို ချုပ်ကိုင်ထားပါတယ်။ အဲဒီနယ်မြေအတွင်းမှာ 'ဝ' လူမျိုး အများစု မှီတင်းနေထိုင်နေသလို လားဟူ၊ အခါ၊ ပလောင်၊ ရှမ်း၊ တရုတ် အစရှိတဲ့ တခြားလူမျိုးစုအုပ်စု အများအပြားလည်း မှီတင်းနေထိုင်နေကြပါတယ်။ ၁၉၉၀ ပိုင်း နှစ်ကာလတွေရဲ့ အလယ်ပိုင်းကာလမှာ UWSA ဟာ ထိုင်းနိုင်ငံနယ်စပ်အနီးက မဟာဗျူဟာမြောက် ဒေသတစ်ခုကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။'
    'လတ်တလောမှာတော့ မြောက်ဘက်က 'ကိုးကန့်' ဒေသနဲ့ ဆက်စပ်တည်ရှိနေတဲ့ 'ဝ'ဒေသဟာ မြန်မာနိုင်ငံအတွင်းက ဘိန်းစိုက်ပျိုးထုတ် လုပ်ရေးအဓိက ဒေသတွေထဲက ဒေသတစ်ခုအဖြစ် တည်ရှိ နေတုန်းပါပဲ။ UWSP ဟာ ထိုင်းဈေးကွက်ထဲကို 'အဖက်တမင်းစိတ် ကြွဆေးပြား'တွေ အကြီးအကျယ် တင်ပို့ရောင်းချနေတယ်လို့လည်း အစွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက အရှေ့တောင်အာရှမှာ အင်အားအတောင့်တင်းဆုံး မူးယစ်ဆေး ဝါးမှောင်ခို ကုန်ကူးနေတဲ့ စစ်တပ်'အဖြစ် တံဆိပ်ကပ် ထားပါတယ်' (စာ-၃၀)
    ဒါပေမဲ့ သူတို့မှာ 'ဝ'ပြည်နယ် ထူထောင်သွားမယ်ဆိုတဲ့ အမျိုးသားရေး ရည်ရွယ်ချက်ရှိနေပါ တယ်။ ၁၉၈၉ မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီး ဒေသဖွံ့ဖြိုးရေးတွေ ဦးစားပေးလုပ်ဆောင်လာခဲ့ရာ ဘိန်းစိုက်ပျိုးမှုကို တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ အစားထိုး သီးနှံစိုက်ပျိုးမှုကို လုပ်မပေးနိုင်ခဲ့ပါဘူး။ ဘိန်းကို မှီခို အားထားနေရတဲ့ လူတွေဟာ 'ဝ'ခေါင်းဆောင်တို့ရဲ့ တားမြစ်မိန့်ကို ဆန့်ကျင်ကြပါတယ်။ ဘိန်းတိုက်ဖျက်ရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေကို 'ဝ'တပ်ဖွဲ့ရဲ့ တောင်ပိုင်းတိုင်းရှိရာသို့ ပြောင်း ရွှေ့ဖို့ အမိန့်ချခဲ့ပြန်ပါတယ်။ အဲဒီမှာ မူလ ပထမဒေသခံ လားဟူ၊ အခါ၊ ရှမ်း လူထုတွေနဲ့ တင်းမာမှုတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
    'UWSP'ဝ'ပါတီဟာ အပြစ်ကင်းစင်တာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းအတွင်းက မနည်းလှတဲ့ လူပုဂ္ဂိုလ်တွေဟာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ဖောက် ကားမှုတချို့နဲ့ ပတ်သက်နေခဲ့ပါတယ်။ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ဖောက်ကားမှုနဲ့ ကင်းတဲ့အဖွဲ့အစည်း တွေကလည်း အတော်နည်းပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကူမင်တန်တွေ တည်ရှိခဲ့တဲ့ အချိန်ကတည်းကရှိနေတဲ့ ကွန်ရက်တွေ အတွင်းက တရုတ်လူမျိုးတွေ အများစုဦးစီးနေတဲ့ အင်အားကြီး အဖွဲ့အစည်းတွေဟာ တိုင်းပြည်အတွင်းမှာ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေဖြစ်နေတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေကြတာပါ။' (စာ-၃၁)
    'အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှာ အစိုးရက 'ဝသပ UWSP' ကို ထိုင်းနယ် စပ်ရှိရာဘက်ကို တပ်ဖွဲ့တွေ ရွှေ့ပြောင်းပြီး ခွန်ဆာရဲ့ မော်ထိုင်းစစ်တပ်(အမ်တီအေ)ကို တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်ခွင့် ပြုလိုက်ပါတယ်။ အဲဒီလို ဝင်တိုက်ပေးရင် ပြန်ရမယ့် အခွင့်အရေးကိုလည်း သဘောတူထားပုံရပါတယ်။ 'ဝ'တပ်ဖွဲ့ဟာ သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေအားလုံးကို ချုပ်ကိုင်ထား လိုက်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ခွန်ဆာ(အမ်တီအေ)က အစိုးရဆီမှာ လက်နက်ချလိုက်တော့ 'ဝ'တပ်ဖွဲ့ ဟာ အခွင့်ကောင်းယူပြီး အမ်တီအေရဲ့ ကျန်တဲ့နယ်မြေအများစုကို အလျင်အမြန် သိမ်းပိုက်လိုက်ပါတော့တယ်။' (စာ-၃၃)
    'ဝသပ UWSP'နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းကတော့ 'မူးယစ်ဆေးဝါး မှောင်ခိုကူးနေတဲ့ စစ်တပ်'လို့ သတ်မှတ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုက ဝသပ UWSP ခေါင်းဆောင်ရှစ်ယောက်ကို မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ စွဲချက်တင်ထားပါတယ်။  UWSP ဥက္ကဋ္ဌ 'ပေါက်ယိုချန်း'နဲ့ ညီအစ်ကိုတွေ အပါအဝင်ဖြစ်ပါတယ်။ အဲဒီ ရှစ်ယောက်ထဲမှာ 'ဝေလျှောင်ခန်း'နဲ့ ညီအစ်ကိုတွေလည်း ပါဝင်ပါတယ်။ ဝေလျှောင်ခန်းက ကူမင်တန်အဆက်အသွယ်နဲ့ မြန်မာနိုင်ငံအတွင်းရောက်လာတဲ့ တရုတ်လူမျိုးဖြစ်ပြီး အရင်က ခွန်ဆာရဲ့ အမ်တီအေကပါ' (စာ-၃၃)
    ၁၉၈၅ မှာ ဝေလျှောင်ခန်းဟာ ခွန်ဆာရဲ့ လက်ထောက်တွေနဲ့ ပဋိပက္ခဖြစ်လာပြီးနောက် သူဟာ (ဒဗလျူအင်စီ WNC) 'Wa National Council'  နဲ့ ဆက်သွယ်ခဲ့ပါတယ်။ WNC က UWSP မပေါ်မီကတည်းက ရှိနေတာပါ။ WNC ကို 'ဝ'ခေါင်းဆောင်တစ်ဦးဖြစ်တဲ့  'မဟာစန်း'က တည်ထောင်ခဲ့တာပါ။ မဟာစန်း ဆိုတာ ၁၉၆၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဖွဲ့စည်းပေးခဲ့တဲ့ ကာကွယ်ရေး(ကကရ) တပ်တွေထဲမှာ 'ဝ'ပြည်သူ့စစ်ခေါင်း ဆောင်အနေနဲ့ ပါဝင်ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေဟာ ဘိန်းလုပ်ငန်းမှာ အကြီးအကျယ် ပါဝင်လာတဲ့အတွက် ၁၉၇၃ မှာ ကကရအစီအစဉ်တွေကို စွန့်လွှတ်လိုက်တဲ့အခါ မဟာစန်းဦးဆောင်တဲ့ 'ဝ'ကာကွယ်ရေးအဖွဲ့ငယ်တု့ိဟာ ထိုင်းနယ်စပ်ကို ဆုတ် ခွာလာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ မဟာစန်းက 'ဝ' အမျိုးသားစစ်တပ် Wa National Army(WNA) ကို ဖွဲ့စည်း လိုက်ပါတယ်။
    တပ်အနေနဲ့ WNA ဖြစ်ပြီးတော့ နိုင်ငံရေး ပါတီပုံစံအားဖြင့်တော့ 'ဝအမျိုးသားကောင်စီ Wa Natio-nal Council) (WNC) ကို တည်ထောင်ခဲ့တာပါ။ ကေအမ်တီ (တရုတ်ဖြူ)ဟောင်းတစ်ဦးဖြစ်တဲ့ ဝေလျှောင်ခန်းဟာ ခွန်ဆာရဲ့လူတွေနဲ့ ပြဿနာဖြစ်လာတဲ့အခါ မဟာစန်းရဲ့ WNC ကို ခုန်ကူးလိုက်ပါတယ်။ ဝေလျှောင်ခန်း (wei hsuch long) နဲ့အတူ ဝေလျှောက်လုံ (wei hsuch long)၊ ဝေလျှောက်ယင် (wai hsuch ying) ဆိုတဲ့ ညီ အစ်ကိုတွေဟာ WNC နဲ့ နီးနီးကပ်ကပ် ပတ်သက်ပြီးသား ဖြစ်နေပါပြီ။' (စာ-၆၉-ရှု)
    အဲဒီအချိန်မှာ ပန်ဆန်းမှာရှိတဲ့ 'ဝ'အုပ်စုဟာ မဟာစန်းရဲ့ WNC နဲ့ မဟာမိတ်အဖြစ် ချိတ်ဆက်ထားပါတယ်။ နောက်ပိုင်းမှာ ဗကပကို ပုန်ကန်ပြီး 'ဝ'ပြည် နယ်သွေးစည်းညီညွတ်ရေးပါတီ UWSP ပေါ်လာတဲ့အခါ ဝေလျှောင်ခန်းဟာ UWSP ကို ရောက်လာပြီး အရေးပါအရာရောက်လာပါတယ်။ ဝေလျှောင်ခန်း (ဝေလျှောက်ခန်းလို့လည်း ရေးကြတယ်)ရဲ့ အစဉ်အလာတစ်ခုကတော့ ၁၉၈၀ ပိုင်း နှစ်ကာလတွေရဲ့ နှောင်းပိုင်းကာလတွေမှာ ဝေလျှောင်ခန်းဟာ တရုတ်နဲ့ ထိုင်းလုပ်ငန်းရှင်တွေရဲ့ ချဉ်းကပ်မှုခံရပြီးနောက် ထိုင်းနိုင်ငံမှာ 'ယာဘ (yaba)'လို့ ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးဖြစ်တဲ့ 'မက်သမ် ဖက်တမင်း'ဆေးပြားတွေကို ပထမဆုံး စတင်ထုတ်လုပ် သူဖြစ်လာပါတယ်။ ခွန်ဆာရဲ့ အမ်တီအေ စစ်တပ်က ယာဘနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်မှုဟာ ခွန်ဆာ လက်နက်မချမီ ၁၉၉၅ ခုနှစ်မှာ ဖြစ်ပါတယ်။ အမ်တီအေ လက်နက်ချသွားပြီးနောက် အုပ်စုတွေပြိုကွဲသွားတာမို့ တချို့ယာဘထုတ်လုပ်သူတွေဟာ 'ဝ'ဒေသဆီ၊ တချို့က ကိုးကန့်ဒေသဆီ ပြောင်းရွှေ့သွားကြပါတယ်။' (စာ-၇၄-ရှု)
    ၂၀၀၃ ခုနှစ်မတိုင်မီအထိ မြန်မာနိုင်ငံရဲ့ ဘိန်းခင်းအားလုံးရဲ့ ရာခိုင်နှုန်း ၉၀ ဟာ ရှမ်းပြည်နယ်မှာ တည်ရှိခဲ့ပါတယ်။ 'ဝ'အထူးဒေသနဲ့ ကိုးကန့် အထူးဒေ သမှာတင် ရာခိုင်နှုန်း ၄၀၊ ၅၀ လောက်ရှိပါတယ်။ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အုပ်စုအများစုဟာ ဘိန်းကုန်သွယ်ရေးကရ တဲ့ ဝင်ငွေအပေါ်မှာ မှီခိုနေကြရတာပါ။ နှစ်ပေါင်းများစွာကြာတဲ့တိုင်အောင် တချို့လက်နက်ကိုင် အုပ်စုတွေဟာ သူတို့ရဲ့ မူလပထမ နိုင်ငံရေးရည်မှန်းချက်တွေထက် ဘိန်းကုန်သွယ်ရေးမှာ ပိုပြီးအာရုံစိုက်လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။
    မျက်မှောက်အခြေအနေမှာ 'ဝသပ UWSP'ဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးနေတဲ့ စစ်တပ်အဖြစ် တံဆိပ်အကပ်ခံထားရပါတယ်။ 'ဝ'အဖွဲ့ဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုအတွင်း သူတို့ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ 'ပွင့်ပွင့်လင်းလင်းပြောရရင် ၁၉၉၈ ခုနှစ်အထိ ကျွန်တော်တို့ရဲ့ 'ဝ'ဒေသအတွင်းမှာ ဟီးရိုးအင်း သန့်စင်စက်ရုံတွေနဲ့ 'အဖက်တမင်း' ထုတ်လုပ်တဲ့ စက်ရုံတွေရှိခဲ့ပြီး အဲဒီစက်ရုံတွေဆီကနေ အခွန်စည်း ကြပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဟီးရိုးအင်းနဲ့ အဖက်တမင်း စက်ရုံတွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။ အခုအချိန်မှာ နိုင်ငံတကာ မီဒီယာတွေက ကျွန်တော်တို့ ပတ်သက်မှု ရှိနေတုန်းပဲလို့ ပြောဆိုရေးသား နေတာဟာ မမျှတဘူးလို့ ခံစားရပါတယ်' (စာ-၇၇)
    ဒါပေမဲ့ ၂၀၀၅ စက်တင်ဘာလအတွင်း 'ဝ'တပ်ဖွဲ့ရဲ့ တပ်မဟာမှူးနဲ့ တပ်ဖွဲ့ဝင် ၄၉ ဦးတို့ကို ဟီးရိုးအင်း ၅ ရာကီလိုဂရမ် သယ်ဆောင်လာတုန်း မြန်မာအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာကို အကြောင်းပြုပြီး ဝသပခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်မှာ မှတ်ချက်ပြုခဲ့ပါတယ်။ 'ဝသပ UWSP'ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဟီးရိုးအင်း ထုတ်လုပ်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းလုပ်နေတဲ့ အုပ်စုအဖြစ် ဖော်ပြခြင်းခံရပါတယ်။ ဝသပကတော့ ရှည်လျားတဲ့ ကြေညာချက်တစ် စောင်ထုတ်ပြန်ပြီး ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ (စာ-၁၃၁-ရှု)
    'ဝေလျှောက်ခန်းကိုလည်း ၁၉၉၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု တရားရုံးတစ်ရုံးက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။ သူဟာ ၁၉၉၉ ခုနှစ် နိုင်ငံခြားမူး ယစ်ဆေးဝါး ခေါင်းဆောင်သတ်မှတ်ခြင်းဆိုင်ရာ အက်ဥပဒေအရ ၂၀၀၀ ပြည့်နှစ်မှာ မူးယစ်ဆေးဝါး ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု မူးယစ်ဆေး ဝါးတိုက်ဖျက်ရေး အေဂျင်စီ(ဒီအီးအေ)က သူ့ကို ဖမ်းဆီးရမိအောင် သတင်းပေးနိုင်ရင် အမေရိကန်ဒေါ် လာ နှစ်သန်းဆုချမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအက်ဥပဒေနဲ့ပဲ 'ဝသပ UWSP' ဟာ မူးယစ်ဆေးဝါး အဖွဲ့အစည်းဖြစ်တယ်လို့ ၂၀၀၃ ခုနှစ်မှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ စွဲဆိုချက်ဟာ 'ဝ'ခေါင်း ဆောင်ရှစ်ဦးကို 'ဟုန်ပမ်း'အုပ်စုနဲ့လည်း ချိတ်ဆက်ပေးထားခဲ့ပါတယ်။ 'ဟုန်ပမ်း'ကုမ္ပဏီဟာ တရားခံတွေရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ လှုပ်ရှားမှုတွေကို စီစဉ်ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ ကြေညာချက်မှာ ဖော်ပြထားတာကတော့ ဟုန်ပမ်း ကုမ္ပဏီခွဲတွေကို တရားခံတွေက စီမံခန့်ခွဲခြင်း၊ လှုပ်ရှားဆောင်ရွက်စေခြင်း၊ ချုပ်ကိုင်ခြင်းတို့ ပြုလုပ်တယ်ဆိုတာပါပဲ။ (စာ-၁၃၂)
    'ခွန်ဆာ လက်နက်ချသွားပြီးနောက်ပိုင်း 'ဝသပ UWSP'ဟာ ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ နယ်မြေအတော်များများကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာ 'ဝ'နေရာပြောင်းရွှေ့ နေထိုင်သူ တွေ ထောင်နဲ့ချီရောက်လာတာကို ဘန်ကောက်က သံသယ ရှိပါတယ်။} (စာ-၁၃၉)
    'မြောက်ပိုင်း 'ဝ'တောင်ကုန်းတွေပေါ်က ထောင်သောင်းချီတဲ့ 'ဝ'ကျေးရွာသူ ကျေးရွာသားတွေကို ဝသပ(UWSP)တောင်ပိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ပိုင်းရှမ်းပြည်ဆီ ရွှေ့ပြောင်းနေရာချထားရေးကိစ္စဟာ အငြင်းပွားဖွယ်ရာဖြစ်နေပြီး အနာဂတ်မှာ ပဋိပက္ခအသွင် ဆောင်လာနိုင်ပါတယ်။ နေရာရွှေ့ပြောင်းမှုကြောင့် ဘိန်းစိုက်တောင်သူတွေအတွက် တခြားနည်းနဲ့ အသက်မွေးဝမ်းကျောင်းနိုင်မှုကို အထောက်အကူဖြစ်စေ လိမ့်မယ်လို့ ဝသပက ပြောပါတယ်။ ဝသပလိုချင်တဲ့ 'ဝ'ပြည်နယ်မှာ တောင်ပိုင်းစစ်ဌာနချုပ်နယ်မြေလည်း အပါအဝင်ဖြစ်ပါတယ်။ 'ဝ' တွေရောက်လာလို့ ဒေသခံ ရှမ်းတွေ၊ အခါတွေ၊ လားဟူတွေ ထွက်ပြေးသွားရတဲ့ ကိစ္စဟာလည်း အနာဂတ်မှာ လူမျိုးစုရေးတင်းမာမှုတွေ ပေါ် ပေါက်လာနိုင်သလို နိုင်ငံရေး ပယောဂတွေလည်း ဝင်လာနိုင်ပါတယ်။' ဒ့ါအပြင် ထိုင်းနိုင်ငံက သူ့နယ်စပ်အနားမှာ ဝသပ(UWSP)ရောက်လာတာကို သဘောမကျပါဘူး။ ဝသပဟာ သူတို့နိုင်ငံထဲကို 'အေတီအက်စ်'ဆေးပြား အမြောက်အမြား မှောင်ခို တင်သွင်းနေတယ်လို့ စွပ်စွဲထားပါတယ်။' (စာ-၁၅၁)
    'မူးယစ်ဆေးဝါးပြဿနာဟာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာမသိမ်းမီကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး နောင်အနာဂတ်မှာလည်း ဘယ်အစိုးရတက်လာလာ ဆက်လက်တည်ရှိနေဦးမယ့် စိုးရိမ်ဖွယ်ပြဿနာ ဖြစ်ပါတယ်။ UWSP လိုမျိုး လက်နက်ကိုင်မထားတဲ့ တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းစု ဆင်ဒီကိတ် (Syndi-cate)ကြီးတွေ ချုပ်ကိုင်ထားတာပါ။ အင်အားကြီးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ ဖြစ်တာမို့ မြန်မာနိုင်ငံရဲ့ နိုင်ငံတည်ဆောက်မှုကို အကြီးအကျယ် အန္တရာယ်ပေးနိုင်တဲ့ အဖွဲ့အ စည်းကြီးတွေ ဖြစ်ပါတယ်။ ဝသပအဖို့ အဲဒီလို အဖွဲ့အစည်းကြီးတွေအပေါ် ပိုပြီး မှီခိုလာနိုင်ပါတယ်။ ဝသပအတွင်းက 'ဝေလျှောက်ခန်း'တို့လို အချို့ အစိတ်အပိုင်းတွေဟာ ဒီလိုအခြေအနေမျိုးကနေ အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။ သူတို့အတွက် ဘာတစ်ခုမှ အကျိုးရှိမှာမဟုတ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအားထုတ်မှုတွေကို အနှောင့်အယှက် ပေးဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒီ ဆင်ဒီကိတ်ခေါင်းဆောင် တွေဟာ ဝသပ(UWSP)ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို မျှဝေခံစားဖို့ မလိုအပ်လို့ မျှဝေခံစားမှာလည်း မဟုတ်ပါဘူး။ အဓိကကတော့ သူတို့အလုပ် သူတို့ဆက်လုပ်သွား ကြမှာဖြစ်ပါတယ်' (စာ-၁၅၃)
    ၂၀၀၇ ခုနှစ်က တွမ်ခရမ်မာ ရေးသားပြုစုခဲ့တဲ့ 'ဝ'ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ၊ လူမျိုးစု အမျိုးသားရေးဝါဒီ ပါတီလား၊ မူးယစ်ဆေးဝါးစစ်တပ်လား'ဆိုတဲ့ စာတမ်းဟာ 'ဝ'တိုင်းရင်းသားတို့ရဲ့ ခေတ်ပြိုင်သမိုင်း အပိုင်းအစတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီစာတမ်းထွက်ပေါ်ပြီး ၁၆ နှစ်အကြာ ဒီနေ့ခေတ် ၂၀၂၃ မှာလည်း 'ဝ'တပ်ဖွဲ့ရဲ့ ရန်ပုံငွေဟာ မူးယစ်ဆေးဝါးဖြစ်တယ်လို့ သမိုင်းပညာရှင်ဦးအောင်ခင်က ဗွီအိုအေကနေ အသံလွှင့်သုံးသပ်သွားပါတယ်။ သတင်းထောက်ကို ဉာဏ်ဝင်းအောင်ကလည်း 'ဝ'ဒေသမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ထားပေမယ့် စိတ်ကြွဆေးမျိုးစုံ ထုတ်လုပ်နေတယ်လို့ ပြောကြားသွားတာကို နားသောတ ဆင်ခဲ့ရပါကြောင်း တင်ပြလိုက်ရပါတယ်။        ။ ( မြတ်ဘုန်းသစ် )


( TREND News ဂျာနယ်အတွဲ (၃)၊ အမှတ် (၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 331

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42899

© 2022 - 2025 News. All Rights Reserved.