အမေရိကန်ပြန် ဒေါ်အလှူခံတို့ရဲ့ဒုက္ခ

၂၀၂၄ ဧပြီ ၅

    ခေါင်ဆောင်ကြီးတွေ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး နွေဦးကာလ ဆော်ပလော်မတီးခင်ကတည်းက ထွက်သွားလိုက်တာ ခုဆိုရင်သုံးနှစ် သုံးမိုးတောင် ကြာပြီဖြစ်သည်။ ခေါင်းဆောင်ကြီးတွေကတော့ ပြည်ပကိုထွက်သွားပြီး လကုန်ထိ တောင့်ခံကြ၊ ဒီနှစ်ကုန်ရင်ပြီးပြီ၊ ဒီနှစ်ကတော့ အောင်ပွဲ၊ အဆုံးအဖြတ်နှစ်၊ အဆုံးသတ်နှစ်ဆိုပြီး အလီလီပြောလာလိုက်တာ၊ ထူးမြတ်တို့လည်း ဟုတ်နိုးဟုတ်နိုးနဲ့ စောင့်လာလိုက်တာ ခုဆိုရင် သုံးနှစ်ကျော်လို့ လေးနှစ်ထဲ ရောက်လာတော့ ခေါင်းဆောင်ကြီးတွေများ ဘာကိုတော်လှန်နေကြတာလဲ ဆိုပြီး သံသယဖြစ်လာ သည်။ ဒီကြားထဲခေါင်းဆောင်ကြီးတွေက လမ်းအားလုံး နေပြည်တော်သို့ဆိုပြီး အော်တဲ့လူ ကအော်၊ ရာခိုင်နှုန်း ၆၀ နိုင်နေပြီလို့ ပြောတဲ့သူကပြော ဆိုတော့ နက်ဖြန်၊ သန်ဘက်လောက်များ ခေါင်းဆောင် ကြီးတွေ ကိုယ်တိုင်စစ်ကြောင်းကြီးရှေ့က ခေါင်းဆောင်ပြီး လာလေမလားလို့ မျှော်လိုက်ရတာ ထူးမြတ်တစ်ယောက် လည်ပင်းရှည်လာသည်။ အမေရိကားနိုင်ငံက တော်လှန်ရေးအလှူခံတဲ့ ခေါင်းဆောင်မကြီးကလည်း စည်တော်တီးပြီး ပြည်တော်သိမ်းမှာတို့၊ ပြည်တော်ဝင်ဖို့ ဘာလုပ်စို့ဆိုပြီး ခေါင်းစဉ်တွေအမျိုးမျိုးပြ တောင်းရမ်းအလှူခံနေတော့ ခေါင်းဆောင်ကြီးတွေ ပြန်လာခါနီးပြီ တောင့်ထားကြ လို့ အချင်းချင်း သတိတွေပေးနေရသည်။
    ခေါင်းဆောင်ကြီးတစ်ယောက်ဆိုရင် ဖေ့စ်ဘုတ်ပေါ်မှာ လက်နက်တွေ အတင်းချခိုင်းနေတော့ တော်လှန်ရေးကြီးကနေ့ပဲ အောင်တော့မှာလိုလို၊ ညပဲပြီး တော့မှာလိုလိုဆိုတော့ ခေါင်းဆောင်ကြီးတွေ ပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်မိသေးသည်။ ခေါင်း ဆောင်ကြီး တစ်ယောက်ဆိုရင်လည်း မြန်မာနယ်စပ်တွေမှာ ဟိုနေရာဓာတ်ပုံရိုက်၊ ဒီနေရာဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်မှာ တင်တာတွေ့မိတော့ အရင်လိုအရက်တွေ မသောက်တော့ဘဲ တော်လှန်ရေးကို အာရုံစိုက်နေတော့ ခေါင်းဆောင်ကြီးတွေ အားလုံး မြန်မာပြည်ပြန်ပြေး ၂၀၂၄ များဖြစ်မလား၊ အမေရိကားဆက်သွား၂၀၂၅ များဖြစ်မလား၊ ငါတို့လက်မြောက် ၂၀၂၆ များဖြစ်မလားဟု စိတ်ဝင်စားမိသေးသည်။
    အခုတလော ထူးမြတ်စိုးရိမ်မိတာက ခေါင်းဆောင်ကြီးတွေ ပြန်လာမှာကို ပြည်တွင်းက လူတချို့သတင်းမရတာကိုပင် ဖြစ်သည်။ ခေါင်းဆောင်ကြီးတွေရဲ့ ဆွေနီးမျိုးစပ် ယောက္ခမ၊ ခမည်းခမက်၊ သမက်၊ သားသမီးတို့လည်း အချင်းချင်း အဆက်အသွယ်လေး၊ ဘာလေး လုပ်ကြစေချင်သည်။ အမေရိကားက ခေါင်းဆောင် ကြီးတွေက မြန်မာပြည်လွတ်လပ်ရေးရဖို့ ကြိုးပမ်းပြီး မြန်မာပြည် ပြန်လာ မယ်ဆိုတာကို ခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးနီးစပ်တွေ ဖေ့စ်ဘုတ်မသုံးတာကြောင့် မသိတာ ဖြစ်နိုင်သည်။ အခုတလော ဟိုဘက်ရပ်ကွက်က သတင်းတွေ သိုးသို့သန့်သန့် ထွက်လာသည်။ ဟိုလူကြီးကတော့ မဲဆောက်ကနေ ချင်းမိုင်ကိုထွက်သွား၊ ဟို အဒေါ်ကြီးတစ်ယောက်ကလည်း အမေရိ ကားကိုရောက် သွားတယ်ဆို တဲ့သတင်းတွေကြောင့် ထူးမြတ်တစ်ယောက် စိုးရိမ်မိတာဖြစ်သည်။ တော်ကြာ မလည်မဝယ်တွေနဲ့ အမေရိကားလို မြို့ကြီးပြကြီးတွေ၊ ယိုးဒယားလို တစ်နယ်တစ်ကျေးတွေ ရောက်သွားပြီးမှ ခေါင်းဆောင်ကြီးတွေနဲ့ အသွားအပြန်လွဲသွားမှာ စိုးရိမ်မိတာဖြစ်သည်။ ဒါကြောင့် ခေါင်း ဆောင်ကြီးတွေနဲ့ မိသားစုမိတ်ဆွေ သူငယ်ချင်းအချင်းချင်း အဆက်အသွယ်မပြတ်ဖို့ အကြံပေးလိုတာဖြစ်သည်။ တော်ကြာအမေရိကား ရောက်ပြီးမှ လေဆိပ်မှာတင် မျက်စိသူငယ်နားသူငယ်နဲ့ လမ်းဘေးရောက်နေမှာ စိုး ရိမ်မိသည်။
    အမေရိကားရောက်ရင် ခေါင်းဆောင်ကြီးတွေနဲ့ အသွားအပြန် တေ့လွဲလေးမလွဲဖို့လိုသည်။ နောက်ပြီး ခေါင်းဆောင်ကြီးတွေရဲ့ အိမ်လိပ်စာလေးဘာလေးကလည်း အတိအကျသိထားဖို့လိုသည်။ ဒါကလည်း နည်းပညာခေတ်မှာ အခက်အခဲတော့ မဟုတ်ပေ။ ဖေ့စ်ဘုတ် မှာက ခေါင်းဆောင်ကြီးတွေ ဟိုတလောက အရစ်ကျ စနစ်နဲ့ ဝယ်ထားတဲ့ အိမ်တွေရဲ့ တည်နေရာကို ဂူဂဲလ်မှာ ခေါက်ရှာလို့ရသည်။ ရှာလို့တွေ့ရင် အမေရိကားလေ ဆိပ်ကတက္ကစီတွေကို လိုက်ပို့ခိုင်းလို့ ရနိုင်သည်။ ဟိုရောက်တော့လည်း ခေါင်းဆောင်ကြီးတွေ ပြည်တော်မဝင်သေးရင် အခန့်သားတွေနိုင်သည်။ ပြည်တော်ဝင်ရင်တော့ ခေါင်းဆောင်ကြီးတွေအိမ်မှာ တစ်ပတ်၊ ၁၀ ရက် လောက်နေပြီး အမေရိကားကို ရောက်ဖူးတယ်ရှိ အောင်နေလို့ ရသေးသည်။ လမ်းစရိတ်၊ ခရီးစရိတ်အခက်အခဲ ဖြစ်ရင်လည်း ပူစရာတွေမရှိချေ။ အမေရိကားမှာ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဖွင့်ထားသည့် နွေဦးဘဏ်တို့၊ ဘာတို့ရှိတော့ ထုတ်သုံး လို့ရနိုင်သည်။ နောက်ပြီး အစားအသောက်အတွက်ကလည်း ပူစရာမလိုပေ။ ကိုယ်ဒူးကိုယ်ချွန် အလှူခံထားပြီး ဖွင့်ထားတဲ့ စတိုးဆိုင်ကြီးမှာ မြန်မာအစားအသောက်တွေရှိသည်။ အဓိကကတော့ ခေါင်းဆောင်ကြီးတွေနဲ့ အဆက်အသွယ်မပြတ်ဖို့သာလို သည်။
    ခေါင်းဆောင်ကြီးတွေကလည်း ကိုယ့်ဆွေမျိုး သားချင်း၊ မိတ်ဆွေရင်းတွေကို တော်လှန်ရေး အစီအမံတွေ ပြောထားသင့်သည်။ ခေါင်းဆောင်ကြီးတွေက လမ်းအားလုံးနေပြည်တော်သို့လို့ ပြေား ထားတာကို သူတို့တစ်တွေမသိကြဘဲ ခေါင်းဆောင်ကြီးတွေကို တွေ့ချင်ရင် နေပြည်တော်လောက်မှာ သွားစောင့်လို့ရရဲ့သားနဲ့ အမေရိကားထိလိုက်လာပြီး ခရီးစရိတ်ကုန်၊ လူပန်းဖြစ်မှာလည်း စိုးရိမ်ရသည်။ ဒီကြားထဲ ဟိုလူကြီးတစ်ယောက် ဆိုရင် မဲဆောက်ကနေ ချင်းမိုင်ဘက်ကို ရောက်သွားသည်ဟု ကြားမိ သေးသည်။ ယိုးဒယားက ခေါင်းဆောင် ကြီးတွေလည်း အဲဒီ့လူကြီးနဲ့ အဆက်အသွယ် လုပ်သင့် သည်။ တော်ကြာယိုးဒယားမှာ မျက်စိလည်လမ်းမှားမှာ စိုးရိမ်ရသည်။ တွေ့မိကြရင်လည်း ဘန်ကောက် လောက် အရောက်ပို့ပေးပြီး အမေရိကားက ဟိုဘက်မှာ ဟိုဘက်မှာဆိုပြီး လမ်းညွှန်ပေးကြစေလိုသည်။ မဟုတ်ရင် ခေါင်းဆောင်သစ်ကြီးတွေ ယောင်လည်လည်ဖြစ်နေမှာ စိုးရိမ်ရသည်။ လမ်းကြုံ ရင်လည်းအမေရိကားက ခေါင်းဆောင်ကြီးတွေ ချမှတ်ထားတဲ့လမ်းစဉ်တွေကို ဖေ့စ်ဘုတ်ဖွင့်ပြီး သူတို့ကို ပြစေလိုသည်။ လမ်းအားလုံး အမေရိကားသို့လို့ထင်ပြီး အလုံးအရင်းအမေရိကားကို သွားကြ ရင် ခေါင်းဆောင်ကြီးတွေ ပြည်တော်ဝင်ရင် လမ်းချင်းမတူရင် လူချင်းမစုံကြမှာ စိုးရိမ်မိသေးသည်။
    ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကြီးတွေ အားလုံး အမေရိကား ရောက်သွားတော့လည်း တစ်မျိုး ကောင်းသည်။ နာမည်ရှေ့မှာ ကိုယ်ရောက်ဖူးတဲ့ နိုင်ငံလေးထည့်ပြီး မှည့်လို့ရသေးသည်။ ထူးမြတ်တို့ ငယ်ငယ်က အနုပညာရှင်ကြီးတွေဆိုရင် အင်္ဂလန်ပြန်ဘယ်သူ၊ ဆိုဗီယက်ပြန် ဘယ်သူဆိုပြီး နာမည် ရှေ့မှာ ဂုဏ်ပုဒ်တစ်ခု ထည့်ကြသည်။ ခုလည်း ခေါင်းဆောင်ကြီးတွေက နိုင်ငံတကာသွားနေကြတော့ အခန့်မသင့်လို့ ပြည်တော်များ ပြန်လာရင် LA ပြန် ဒေါ်ထွက်ပြေး၊ မဲဆောက်ပြန် ဦးခိုပြေး၊ အမေရိကန်ပြန် ဒေါ်အလှူခံ စသဖြင့် ဂုဏ်ပြုလို့ရသေးသည်။ ထူးမြတ်ကတော့ ရေခြားမြေခြားဆိုရင် ဒလလောက်သာ ရောက်ဖူးတော့ ဒလပြန်ထူးမြတ်လို့ နာမည်ပေးဖို့ ကြိုစဉ်းစားထားသည်။ အခုတော့ ခေါင်း ဆောင်ကြီးတွေနောက်ကို လက်ကျန်ခေါင်းဆောင်ကြီးတွေ လိုက်သွားတော့ ပြည်တော်ဝင်ဖို့ အချိန်နှောင်းမှာစိုးရိမ်မိသေးသည်။ ဒါကြောင့် မြန်မာပြည်ကိုသိမ်းချင်ရင် မြန်မာနိုင်ငံက ဒီဘက်မှာနော်၊ ဒီဘက်မှာလို့ သတင်း စကားလေးတော့ ပါးလိုက်ချင်ပါသည်။    

( ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 695

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.