အမျိုးသမီးစစ်မှုထမ်းများကို ဦးစားပေးခေါ်နေသည့် PDF လက်နက်ကိုင်များ

၂၀၂၅ ဖေဖော်ဝါရီ ၈

တမာပင်စိုက်၍ သရက်သီးစားချင်ကြသူများ
    'ပွင့်ဖြူ' အမည်လေးက လှသလောက် အညာနယ်မြို့များတွင် သာယာလှပသော ဒေသတစ်ခုဟု အတိအကျ ပြောနိုင်ပါသည်။ ပူပြင်းခြောက်သွေ့သည့် အညာဒေသ အပူပိုင်းဇုန်ထဲတွင် ရှိသော်လည်း ထိုပွင့်ဖြူဆိုသည့် မြို့လေးသည် အညာမဆန် ကဗျာဆန်ဆန်လှသည့် မြို့လေးဟု ဆိုလျှင်လည်း ရနိုင်ပါသည်။ မြို့လေး၏ နံဘေးတွင် ရစ်ခွေစီးဆင်းနေသည့် မုန်းချောင်းကလည်း ကဗျာဖွဲ့ချင်သူ၊ စာဖွဲ့ချင်သူတို့အတွက် သာယာလွန်းလှသည်။'မုန်းချောင်းကိုကျော်တဲ့အခါ ရောက်ပါတော့မယ် ကျွန်မတို့ ကုန်းဇောင်းရွာ'ဆိုသည့် သီချင်းသည်လည်း နိုင်ငံကျော် မဟုတ်လား။ 'ပြောင်းပြန်စီးသော မြစ်လိုပဲ တို့ရဲ့ဘဝဟာ' ဆိုသည့် စံလင်း၏ သီချင်းနှင့်ပတ်သက်လျှင်လည်း ပွင့်ဖြူသားတို့က သူတို့ မုန်းချောင်းကို ဖွဲ့နွဲ့သလား ခံစားသီဆိုတတ်ကြသည်။ဘာကြောင့်ဆို ပွင့်ဖြူအနီး မုန်းချောင်းက တောင်မှမြောက်ကို စီးဆင်းသွားသော ကြောင့်ဖြစ်သည်။ မှတ်မှတ်ရရ မန်ချက်စတာယူနိုက်တက် ချန်ပီယံလိဂ်ဖလားရစဉ် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည့် ၂၀၀၈ ခုနှစ်ခန့်က ဖြစ်သည်။ လူငယ်ဘ၀ ဖြစ်လေ့ဖြစ်ထဟု ဆိုရမလား၊ အိမ်နှင့်စိတ်ဆိုးပြီး အိမ်ပြေးအဖြစ်နှင့် သူငယ်ချင်းရှိရာ ပွင့်ဖြူမြို့ကို ရောက်သွားဖြစ်ခဲ့သည်။
    အညာသား ကျွန်တော့်အနေဖြင့် ပွင့်ဖြူသည် ကိုယ့်ဒေသလို အညာဆန်နေမည်ဟု အထင်ရှိခဲ့သည်။ ပွင့်ဖြူကိုရောက်မှ မြို့လေးသည် သစ်ကြီးဝါးကြီးများဖြင့် စိမ်းစိုနေပြီး မြို့ပတ်ဝန်းကျင်သည်လည်း နွေခေါင်ခေါင် ဖြစ်လင့်ကစား စိုက်ပျိုးမြေယာများနှင့် စိမ်းစိုနေလေသည်။ မုန်းချောင်းပတ်ဝန်းကျင်က သရက်ဥယျာဉ်ခြံကြီးများ၊ ငှက်ပျောဥယျာဉ်ခြံကြီးများနှင့် စားသောက်စရာ အသီးအနှံလည်း အလွန် ပေါလှသည်။ နယ်မြို့လေးဖြစ် သည်နှင့်အညီ မြို့ထဲက လူများသည်လည်း တစ်ဦးကိုတစ်ဦး မသိသူ မရှိ၊ ချစ်ချစ်ခင်ခင်နှင့် မြို့ထဲ အလည်သွားလိုက်၊ ဥယျာဉ်ခြံများဘက် ထန်းရည်သောက်သွား လိုက်နှင့် အိမ်နှင့်စိတ်ဆိုးပြီး ထွက်လာခဲ့သည့် ပူပန်မှုများပင် မေ့သွားလောက်အောင် သာယာသည့် မြို့လေးဟု ဆိုနိုင်ပါသည်။ ထိုတစ်ခေါက်သာ ရောက်ဖူးသော်လည်း ပွင့်ဖြူဆိုသည့် မြို့လေးကို ရင်ထဲက နှစ်နှစ်ကာကာ သံယောဇဉ်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ မိုးတွင်းအခါ ပွင့်ဖြူမြို့လေး ရေဘေးသင့်သည့် သတင်းများ ဖတ်ရလျှင် လည်း ရောက်ဖူးခဲ့သည့် သံယောဇဉ်နှင့် စိုးရိမ်ခဲ့ရဖူး သည်။ ပွင့်ဖြူနှင့်ပတ်ဝန်းကျင် မီးလောင်ရေကြီးစသည့် သတင်းများကြားမိလျှင်ပင် ခေါင်းထောင်၍ သတိထား ဖြစ်ခဲ့ပါသည်။
    ထိုကဲ့သို့ အေးချမ်းသာယာစွာရှိခဲ့သည့် ပွင့်ဖြူမြို့လေးသည် ယခုအခါ ယခင်ကကဲ့သို့ မအေးချမ်းနိုင်တော့ဆိုသည့် သတင်းများကြား သိမြင်တွေ့ရပြီးများစွာ စိတ်မကောင်းခြင်းလည်း ဖြစ်ရသည်။ အကြောင်းက လက်နက်ကိုင်များကို လက်ခံထားပြီးချင်းနှင့် ရခိုင်ဘက်က လက်နက် ကိုင်များပါ ခိုဝင်နေကြသည်ဆိုသည့် သတင်းများကြောင့်ဖြစ်သည်။ လက်နက်ကိုင်များကို နေထိုင်ခွင့်ပေးပြီ ဆိုကတည်းက ထိုကဲ့သို့ နေရာဒေသများ မအေးချမ်းတော့ပြီဆိုတာ ပစ္စက္ခ မြန်မာနိုင်ငံအခြေအနေကို သိနေကြပြီ ဖြစ်သည်။ သို့သော် ပွင့်ဖြူမြို့လေးက လွန်ခဲ့သည့် နှစ်များထက်သည် ၂၀၂၅ တွင် အသံစုံ ကြားလာရသည်။ ရဲကင်းစခန်းကို တိုက်ခြင်း၊ လက်နက်ကိုင်များက အုပ်ကြီးများကို ဒလန်တံ ဆိပ်ကပ်ကာ သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့ကြသည်။ ထိုလုပ်ရပ်များကြောင့်ပင် သာယာအေးချမ်းခဲ့သည့် ပွင့်ဖြူမြို့လေးသည် မငြိမ်း ချမ်းခြင်းများကို လက်ယက်ခေါ်နေသကဲ့သို့ ဖြစ်နေလေသည်။ ကိုယ့်ဒေသကို တည်ငြိမ်အေးချမ်းချင်သူနှင့် မတည်ငြိမ် မအေးချမ်းချင်သူ အချိုးချကြည့်လျှင် တည် ငြိမ်အေးချမ်းသူသာ များပါလိမ့်မည်။
    သို့သော်လည်း တည်ငြိမ်အေးချမ်းချင်သူများ၏ လက်ဝယ်တွင် လက်နက်မရှိ၊ မတည်ငြိမ်ချင်သူများထံတွင် လက်နက်ရှိပြီး လက်နက်ရှိသူများ၏ လိုရာကြိုးဆွဲပြီး ထင်ရာလုပ်မှုများကြောင့် တည်ငြိမ်မှုက ထိခိုက်လာရစမြဲဖြစ်သည်။ တိုက်ပွဲဖော်ဆောင်ခြင်း၊ တံတားချိုးခြင်း၊ ဒလန်တံဆိပ်ကပ် သတ်ဖြတ်ခြင်းများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးခြင်း ဖြစ်သည်ဆိုသည်ကို လက်နက်ကိုင်ထားသူများ မသိမ ဟုတ်ပါ။ သိသိကြီးနှင့် သူတို့ အဆင်မပြေသကဲ့သို့ လူအများကိုလည်း အဆင်မပြေ စေချင်သည့်စိတ်ရှိနေကြရာ ဖျက်ဆီးမည့်လမ်းနှင့် ပျက်စီးမည့်လမ်းကို လက်နက်ကိုင်ထားသူများက လျှောက်လှမ်းကြလေသည်။ လည်တော့လည်၏ တစ်ပတ်မပြည့်ဟု ဆိုရမည်ဖြစ်သည်။ မြို့နှင့် မြို့ပတ်ဝန်းကျင်တွင် ခပ် မြင့်မြင့် တောင်ကုန်းတောင်တန်းမရှိ၊ လျှိုမြောင်ချိုင့်ဝှမ်း မရှိ၊ သစ်တောအုပ် ကျယ်ကျယ်မရှိဘဲ လက်နက်ကိုင် သူပုန်ထသည့် လမ်းစဉ်ကို ဟိုအထက်အညာကို အားကျကာ လုပ်ဆောင်ကြလာကြ လေသည်။ ထိုလုပ်ရပ်က ဉာဏ်ကြီးသည့်လုပ်ရပ်လား၊ ဉာဏ်နည်းသူတို့၏ လုပ်ရပ်များလားဆို သည်ကို ထိုဒေသခံများ ကိုယ်တိုင်ကြုံမှ သိလာရမည်ဖြစ်သည်။ လက်နက်များလုပ်၊ တံတားမိုင်းခွဲ၊ အုပ်ကြီးများကို ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်ပြီး တက်ကြွသည့် ကြက်ဖကြီးစတိုင် ဖြစ်နေလေသည်။ ထိုသို့ လုပ်နေစဉ် နယ်ခံအချို့နှင့် ပြန်လည်ဆက်သွယ် ကြည့်မိသေးသည်။ ထိုအခါကျမှ ရေလည်သွား တော့သည်ဟု ဆိုနိုင်သည်။ လက်နက်ကိုင်အောင်၊ လူသတ်အောင် မြှောက်ပေးသူများက ထိုင်းနိုင်ငံ လောက် ထွက်ပြေးနေကြပြီး မြို့ခံအနီကြောင်များကို မြှောက်ပေးထားခဲ့ကြသည်ဟု ဆိုလေသည်။ မြှောက်ပေးသူ ကိုယ်တိုင်က အရေးတော်ပုံအောင်မှ ပြည်တော်ဝင်မည်ဟု ကြွေးကြော် ထားသတဲ့ဗျာ။ သို့နှင့် သူတို့ ပြည်တော်ဝင်နိုင်အောင် ကြိုးစားနေလိုက်ပုံများ မီးခိုးပင် မတိတ်တော့။ တမာပင် စိုက်ပြီး သရက်သီး စားချင်၍မရ ကိုယ်စိုက်ပျိုးသည့်အပင် ကိုယ်ရိတ်းရရဲ့ မဟုတ်လား။ အကြောင်းမရှိဘဲ အကျိုးဟူ၍ မဖြစ်။ မည်သူ့ကိုမှ အပြစ်မတင်ဘဲ ကိုယ့်လုပ်ရပ်အတွက် ကိုယ်ကျေနပ်နိုင်ပါစေဟုသာ။


ကိုယ့်ဒေသကို ကျေးဇူးပြုနေကြပုံများ
    သည်ရက်ပိုင်း မကွေးဘက်က အသံနည်းနည်း ထွက်လာသည်ဟု ဆိုနိုင်ပါသည်။ ဖေဖော်ဝါရီ ၂ ရက်က မန်းရွှေစက်တော်ဘုရားပွဲ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။ မန်းရွှေစက်တော် ဘုရားပွဲဆိုသည်မှာ မြန်မာနိုင်ငံရှိ ဘုရားပွဲတော်များအနက် ရက်အရှည်ဆုံးကျင်းပသည့် ပွဲတစ်ပွဲဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာသူများနှင့် အစဉ်စည်ကားသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။ ပူးပြင်းသည့် အညာနွေခေါင်ခေါင်တွင် မန်းချောင်းရေဖြင့် ဆော့ကစား ပျော်ပါးရသည့်ပွဲတော်ဖြစ်သဖြင့် လာရောက်လည် ပတ်သူများ အလွန်ပျော်ရွှင်ရသည့် ပွဲတော်လည်း ဖြစ်သည်။ ထိုပွဲတော်ကို အမှီပြုပြီး ဒေသခံပြည်သူများလည်း အလုပ်အကိုင် အခွင့်အလမ်းပွင့်လန်းပြီး များစွာ အဆင်ပြေကြသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။ ထိုကဲ့သို့ ဘုရားဖူးလာသူနှင့် ဒေသခံပြည်သူများ အဆင်ပြေသည့် ပွဲတော်ကို တော်လှန်ရေးသမားဆိုသူများနှင့် ပြည်ပရောက် ပြည်ပျက်လိုသူများက လုံး၀ နှစ်မျို့နိုင်ခြင်း မရှိကြပေ။ သို့မို့ကြောင့် ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီနှစ်လ ဝန်းကျင်ခန့်ကတည်းက မန်းရွှေစက်တော်ရာ အနီးတွင် တော်လှန်ရေးအမည်ခံသူများက ထိုဒေသကို သေနတ်ဖောက် ဗုံးခွဲ၊ အုပ်ကြီးများ သတ်ဖြတ်၊ ရဲစခန်းများကို ဝင်တိုက်ကာ တိုက်ပွဲ ဖော်ဆောင်လာကြလေသည်။
    သူတို့ ကြေညာချက်ကိုလည်း တစ်ချက်ကြည့်ပါဦးဗျာ။ 'အကြမ်းဖက် စစ်ကောင်စီက အတင်းအဓမ္မ  ကျင်းပနေသည့် မန်းရွှေစက်တော် ဘုရားပွဲကို လာရောက်ဖူးမြော်ခြင်း မပြုဘဲ ကျွန်တော်တို့နှင့်ပူးပေါင်း ကူညီပေးသည့် ပြည်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်'ဟူ၍ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းက ထုတ်ပြန်ထားသည်။ စားစရာမရှိလျှင်သာ မျက်နှာငယ်လေးများနှင့် ကူပါဦး၊ လှူပါဦးဆိုပြီး ပြည်သူ့ထံ အလှူခံနေကြသူများက ပြည်သူများ အေးအေးချမ်းချမ်း လုပ်ကိုင်စားမည့်နေရာများကို လုပ်ကိုင်မစားနိုင်အောင် မျိုးစုံခြိမ်းခြောက် ကဖျက်ယဖျက် လုပ်နေကြလေသည်။ ရွှေစက်တော်ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေ ခြင်းများကို လက်နက်ကိုင်များက လုံးဝမရှုဆိတ် မနာလိုဖြစ်နေကြသည်။ နောက်ဆုံး ရှင်းရှင်းပြောရလျှင် ရွှေစက်တော်ဘုရားပွဲကို ထိုကဲ့ သို့ ခြိမ်းခြောက်နေသောကြောင့် အန္တရာယ်ရှိသည်ဟုဆိုကာ ဘုရားဖူးများ မလာကြလျှင် ရွှေစက် တော်ဘုရားကြီးလည်း ထိခိုက်မည်မဟုတ်။ ဘုရားပွဲဖြစ်မြောက်ရေး ဂေါပကလည်း ထိခိုက် မည်မဟုတ်။ လက်ရှိအစိုးရလည်း ထိခိုက်မည်မဟုတ်။ အဓိက ထိခိုက်နစ်နာရမည်မှာ မင်းဘူးရွှေစက်တော် အနီးဝန်းကျင်က ဒေသခံများပင် ဖြစ်သည်။ ထိုဘုရားပွဲ ကို အမှီပြုပြီး လုပ်စားရသည့် ဒေသခံများသာ ခက်ခဲကြမည်ဖြစ်သည်။ ရွှေစက်တော်ဘုရားပွဲကို မလာစေချင်သူများသည် မည်သည့်ဒေသက လက်နက်ကိုင်များမှမဟုတ်၊ မင်းဘူးဒေသခံလက်နက်ကိုင်များသာဖြစ်သည်။ မင်းဘူး ဒေသခံလက် နက်ကိုင်များက ကိုယ့်ဒေသကို အကျိုးပြုနေသည့် လုပ်ရပ်ဟုသာ မှတ်ယူကြပါကုန်။ ကိုယ့်ဒေသကို ဒုက္ခနှင့် လှလှတွေ့စေရန် ကျေးဇူးဆပ်နေခြင်း ဖြစ်သည်ဟုသာ ဆိုပါရစေ။
    အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူနေသည်ဆိုသည့် သတင်းက အုတ်အော်သောင်းတင်း ဖြစ်နေသည့် ကိစ္စက အမျိုးသမီး စစ်မှုထမ်းများ ခေါ်ယူနေသည်ဆိုသည့် သတင်းပင်ဖြစ်သည်။ ထုံးစံအတိုင်း လျှာအရိုးမရှိ ပြောနေကြသူများက သက်ဆိုင်ရာက အမျိုးသမီးစစ်မှု ထမ်းများ ခေါ်ယူတော့မည်ဟူသော ကောလာဟလကို စတင်ဖွကြသည်။ သက်ဆိုင်ရာက အမျိုးသမီးစစ်မှုထမ်းများ မခေါ်သေး ကြောင်း တရားဝင် ထုတ်ပြန်ထားပြီး အမျိုးသမီး စစ်မှုထမ်းများကို အမှန်တကယ် ခေါ်ယူနေ သူများက PDF များက ခေါ်ယူနေခြင်းဖြစ်ကြောင်း သိလာရသည်။ သည်တစ်ခါ အမျိုးသမီးများကို စစ်မှုထမ်းရန် ခေါ်ဆောင်သည့်အဖွဲ့များက အညာသားများ မဟုတ်ဘဲ ဧရာဝတီတိုင်းက PDF လက်နက်ကိုင်အဖွဲ့က ဖြစ်နေလေသည်။
 ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာဆိုသည့်အဖွဲ့က  အသက်(၁၈)နှစ်မှ (၄၀)အတွင်း အမျိုးသမီးများကို အထူး ဦးစားပေး ခေါ်ယူနေသည်ဟု ထုတ်ပြန်ထားလေသည်။ ထိုထုတ်ပြန်ချက်တွင် ချေမှုန်းရေး၊ စနိုက်ပါ၊ ဒရုန်း၊ ထုတ်လုပ်ရေး၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့၊ ဆက် သွယ်ရေး၊ ရုံးလုပ်ငန်း စသည့်ကဏ္ဍများတွင် တာဝန်ပေး အပ်မည်ဟု ကြေညာထားသည်။
    သူငယ်ချင်းဖြစ်သူကတော့ ပြောရှာပါသည်။ "ဘက်စုံသုံးလေးတွေ ခေါ်နေတာ"ဟုဆိုသဖြင့် "ဘာကို ဘက်စုံသုံးလဲ"ဟု မေးဖြစ်သည်။ သူရှင်းပြသည်က PDF များသည် ဘာစည်းမျဉ်း စည်းကမ်း ဥပဒေကိုမှ လိုက်နာသူများ မဟုတ်သကဲ့သို့ သူတို့ရှေ့က အဖွဲ့များပင် အဓမ္မမှုများ မရေတွက်နိုင်အောင်၊ မဖြေရှင်းနိုင်အောင် ကျူးလွန်ထားကြသည်။ ကျူးလွန်သူများက PDF များတင်မ ဟုတ်ဘဲ NUG နောက်ဆွဲ ပသုံးလုံးအဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့က မျိုးစုံ ကျူးလွန်ထားသည်မှာ တိုင်းသိပြည်သိ၊ ကမ္ဘာသိ ဖြစ်နေသည်ဟု ဆိုလေသည်။ ထိုအထဲက သူတို့နှင့် အသွင်မတူသူများက ပြန်လည်ဖော်ထုတ်သောကြောင့်သာ ပြန်လည် သိရှိရခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ယခုအမျိုးသမီးများကို ခေါ်ယူခြင်းသည် သူတို့ အတွက် ဘက်စုံသုံး ဆိုသည့်နေရာ၌ ဖျော်ဖြေရေးအတွက်ပါ ခေါ်ယူခြင်း ဖြစ်သည်ဟု ဆိုလေသည်။ PDF ကလေးမလေးတစ်ယောက်ကတော့ ပြောရှာသည်။ "ရှိပြီးသား လူတောင် နပ်မှန်အောင် မကျွေးနိုင်ဘဲ ဘာလို့ အသစ်ခေါ်နေလဲ"ဟု ဆိုလေသည်။ သူထပ်ပြောသည်က "အမေက ငိုပြီး ပြောရှာတယ်၊ သူ့အတွက်ဘာမှ မပူနဲ့တဲ့၊ PDF တစ်ယောက်ရဲ့အမေကို ဘယ်သူကမှ ပေးကမ်းမှာ မဟုတ်ဘူးတဲ့။ မှန်တယ်ဗျာ ကျုပ်တို့ ဘဝတွေက လစာမရဘဲ အများကောင်းစားဖို့ လုပ်နေ၊ ပေးဆပ်နေ ရတယ်"ဟု သူတို့ကိုယ်တိုင် ငတ်ပြတ် ဒုက္ခရောက်နေကြောင်း ရေးသားထားလေသည်။ အများပြည်သူကလည်း ဝိုင်းပြီး ပြောကြရှာပါသည်။ 'အဆိပ်ပင် ရေမလောင်းဘူး၊ အဆိပ်ပင် ရေလောင်းတာကမှ သူ့အသီးကိုစားတဲ့သူသာ  ဘေးဖြစ်မှာ။ PDF သာ ထောက်ပံ့မိရင် ဆရာဆရာမနဲ့ ရဟန်းသံဃာ၊ အပြစ်မဲ့ပြည်သူတွေပါ ဒီ့ထက်အသတ် ခံရနိုင်တယ်"ဟု ဝိုင်းသြဘာပေးကြလေသည်။ ငိုပြလည်း သည်တစ်ခါ ဘာမျှမရတော့ဘူးဟု ဝိုင်းပြောနေကြပြီး ကိုယ့်ဒုက္ခကိုယ်ရှာချင်လျှင် PDF ထဲသာ သွားကြ ပါဟု စေတနာကောင်းနှင့် အကြံပြုနေသည်ကို တွေ့မြင်နေရ လေသည်။ ပြည်သူ့အသံ အစစ်အမှန်ကို သိနိုင်ကြပါစေဟုသာ ဆိုပါရစေ။ 
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.